“ဒီကလေးက တိုက်ခိုက်ရေးစွမ်းရည် တော်တော်ကောင်းတာပဲ။”
“ဟုတ်တယ် ။ ငယ်ငယ်လေးနဲ့ တိုက်ခိုက်ရေးပညာမှာ တော်တော်လေး နှံ့စပ်နေတာပဲ။”
“တကယ့်ကို မျိုးစေ့ကောင်းလေးပဲ။”
ကျောင်းအုပ်ကြီး၏ ဘေးတွင်ရပ်နေသော ပရော်ဖက်ဆာများမှာ ချီးကျူးစကားများဖြင့် ပြည့်နှက်နေသည်။ မှော်ပညာတွင် ပါရမီပါရုံတင်မကဘဲ တိုက်ခိုက်ရေးတွင်ပါ ထူးချွန်သည့် ကျောင်းသားမျိုးမှာ အလွန်ရှားပါးလှသည်။ တိုက်ခိုက်ရေးပညာဆိုသည်မှာ များသောအားဖြင့် အချိန်ကြာမြင့်စွာ လေ့ကျင့်မှသာ ရရှိနိုင်သောအရာ ဖြစ်သည်။ လက်ရှိရောက်ရှိနေသော ကျောင်းသားသစ်များအားလုံးမှာ အသက် ၁၅ နှစ်အရွယ်များသာ ရှိသေးသည်ကို သတိပြုရမည်။
အခြားကျောင်းသားများမှာ အတုယောင်မှော်အင်းကွက်အတွင်း ဘာဖြစ်နေသည်ကို မမြင်ရသော်လည်း၊ အစွမ်းထက်သော မှော်ဆရာကြီးများဖြစ်သည့် ရော်ဖက်ဆာများကမူ ကျောင်းသားတိုင်း၏ တိုက်ပွဲအခြေအနေကို အသေးစိတ် မြင်တွေ့နေရသည်။ ကျောင်းအုပ်ကြီး ပရော်ဖက်ဆာ ဂေါ့ဒ်ဖရေးပင်လျှင် ရွှေရောင်ဆံပင်နှင့် မိန်းကလေး၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကြည့်ကာ သဘောကျစွာ ခေါင်းညိတ်မိသည်။
“ဒီကလေးရဲ့ နောက်ခံအကြောင်းကို ငါ့ကို တစ်ခါလောက် ပြန်ပြောပြစမ်း” ဟု ကျောင်းအုပ်ကြီးက ဆိုသည်။
သူမဘေးမှ အမျိုးသားတစ်ဦးက ရိုသေစွာဖြင့် - “ဟုတ်ကဲ့ပါ ပရော်ဖက်ဆာ။ ဒီမိန်းကလေးနာမည်က လီဆာ ဒီကလဲရ်ပါ။ အရည်အချင်းက Grade-A၊ နားလည်နိုင်စွမ်းက Grade-B ဖြစ်ပါတယ်။ သူမက ဖေးဘားပြည်နယ် က လာတာပါ။”
ပရော်ဖက်ဆာ ဂေါ့ဒ်ဖရေးက သိသွားဟန်ဖြင့် ရေရွတ်လိုက်သည်။ “ဖေးဘားပြည်နယ်... ဒါဆိုရင် သူမက ‘ဒီကလဲရ်’ မှော်ဆရာမိသားစုကပေါ့။ ”ဟု ရေရွတ်လိုက်သည်။
“မှန်ပါတယ် ပရော်ဖက်ဆာ။” အမျိုးသားက ခေါင်းညိတ်သည်။
‘ဒီကလဲရ် မိသားစုခေါင်းဆောင်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အခြားမှော်ဆရာမိသားစုဖြစ်တဲ့ ဂရေစီ မိသားစုနဲ့ အငြင်းပွားရာကနေ အသတ်ခံလိုက်ရတာပဲ’ ဟု ပရော်ဖက်ဆာ ဂေါ့ဒ်ဖရေးက လီဆာ အတုယောင်ကမ္ဘာထဲတွင် သားရဲအုပ်ကို တိုက်ခိုက်နေသည်ကို ကြည့်ရင်း စိတ်ထဲမှ တွေးနေမိသည်။ ‘ပျက်စီးလုနီးပါး အခြေအနေမှာ ဒီကလဲရ်မိသားစုက ဒီလိုပါရမီရှင်မျိုး ထွက်ပေါ်လာတာပဲ။ ငါမမှားဘူးဆိုရင် လီဆာဟာ ကွယ်လွန်သွားတဲ့ မိသားစုခေါင်းဆောင်ရဲ့ သမီးဖြစ်ရမယ်။’
မိနစ်အနည်းငယ်အကြာတွင် အတုအယောင်စက်ဝန်း(အင်းကွက်) အတွင်းရှိ သားရဲများမှာ အရေအတွက် များပြားလွန်းသဖြင့် လီဆာမှာ တောင့်မခံနိုင်တော့ဘဲ အပြင်သို့ လွင့်ထွက်လာခဲ့သည်။ သူမသည် မျက်လုံးဖွင့်လိုက်ပြီး တည်ငြိမ်စွာပင် ဖျာပေါ်မှ ဆင်းလာခဲ့သည်။
“ဝါး! သူမက အထဲမှာ ဒီလောက်တောင် ကြာကြာနေနိုင်တာလား!”
“၅ မိနစ်တောင်! ဒါ စံချိန်သစ်ပဲ မဟုတ်လား?”
“သူမကတော့ ငါတို့ထဲမှာ အတော်ဆုံး တိုက်ခိုက်ရေးသမားပဲ။”
ခန်းမထောင့်တွင် ရပ်နေသော လီဆာကိုကြည့်ပြီး ကျောင်းသားသစ်များက အံ့အားသင့်စွာ ပြောဆိုနေကြသည်။ နောက်ဆုံးနှစ် ကျောင်းသားများပင်လျှင် သူမ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သဘောကျသွားကြသည်။ သားရဲအုပ်စုတစ်စုကို ၅ မိနစ်ကြာအောင် ရင်ဆိုင်နိုင်ခြင်းမှာ အထင်ကြီးစရာ ကောင်းလှသည်။ များသောအားဖြင့် အရေအတွက်သာလွန်သော ရန်သူနှင့် ရင်ဆိုင်ရပါက ၁ မိနစ်ခန့်သာ ခံနိုင်ရည်ရှိတတ်ကြသောကြောင့် ဖြစ်သည်။
"ဟွန်း... မာနကြီးလိုက်တာ..." အက်ဒဝပ်က အေးစက်စက်နိုင်လှသော လီဆာကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“အင်း” အာဒမ် ခေါင်းညိတ်လိုက်သည်။ ပထမအသုတ် ကျောင်းသားများထဲမှ လီဆာကဲ့သို့ သန်မာသော တိုက်ခိုက်ရေးသမားတစ်ဦး ထွက်ပေါ်လာခဲ့ပြီ။ ဒုတိယအသုတ် ကျောင်းသားများ မည်သို့ရှိမည်ကို သူ သိချင်နေမိသည်။ ဒုတိယအသုတ်တွင် ဖျာပေါ်၌ ထိုင်နေသော ဂျက်ဖရီကို တွေ့လိုက်ရသောအခါ အာဒမ်၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားသည်။
အက်ဒဝပ်က ၎င်းကို သတိထားမိပြီး စူးစမ်းစွာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ အာဒမ်? မင်း ကြည့်ရတာ... စိတ်တိုနေသလိုပဲ။”
“ဘာမှမဟုတ်ပါဘူး” အာဒမ်က အေးစက်သောလေသံဖြင့် ပြောလိုက်သည်။ “ရွံစရာကောင်းတဲ့ အမှိုက်ကောင်တစ်ကောင်ကို မြင်လိုက်ရလို့ပါ။”
အာဒမ်၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် အက်ဒဝပ် အံ့သြသွားသည်။ အာဒမ် ကြည့်နေသောဘက်သို့ ကြည့်လိုက်ရာ ရွှေရောင်ဆံပင်နှင့် လူငယ်လေးတစ်ဦး ဖျာပေါ်တွင် မောက်မာစွာ ထိုင်နေသည်ကို တွေ့ရသည်။ သူတို့နှစ်ဦးကြားတွင် ရန်ငြိုးတစ်ခုခု ရှိလိမ့်မည်ဟု အက်ဒဝပ် ရိပ်မိလိုက်သည်။
အာဒမ်က စကားလမ်းကြောင်းလွှဲကာ အကယ်ဒမီထဲ ရောက်ကတည်းက သိချင်နေသော အရာကို မေးလိုက်သည်။ “ဒါနဲ့... အကယ်ဒမီမှာ ဘာလို့ အယ်လ်ဖ်တွေ၊ ဒွါ့ဖ်တွေ ဒါမှမဟုတ် တခြားမျိုးနွယ်စုတွေကို မတွေ့ရတာလဲ?”
“ဪ... အဲဒါက မျိုးနွယ်စုတစ်ခုချင်းစီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ မတူညီကြလို့ အခြေခံ မှော်စွမ်းအင်လေ့ကျင့်ခန်းတွေက မတူကြဘူးလေ။ အယ်လ်ဖ်တွေမှာ ကိုယ်ပိုင်ကျောင်းတွေရှိသလို ဒွါ့ဖ်တွေနဲ့ ဂနုမ်းတွေမှာလည်း ရှိကြတယ်။ ကလိုဗာ အကယ်ဒမီကတော့ လူသားတွေအတွက် သီးသန့်ပဲ” ဟု အက်ဒဝပ်က ပြန်ဖြေသည်။
"ဪ... နားလည်ပြီ" အာဒမ် ခေါင်းညိတ်လိုက်သည်။
မကြာမီ ဒုတိယအသုတ် ကျောင်းသားများ အတုယောင်အင်းကွက်ထဲသို့ ဝင်ရောက်သွားကြပြီး ပထမ ၁၀ စက္ကန့်အတွင်းမှာပင် လူအများအပြား အပြင်သို့ ပြန်ရောက်လာကြသည်။ အာဒမ်က ဂျက်ဖရီကို စောင့်ကြည့်နေသော်လည်း ၁ မိနစ်ပြည့်ပြီး စက္ကန့်အနည်းငယ်အကြာမှာပင် ဂျက်ဖရီ ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသဖြင့် အံ့သြသွားသည်။
“ဟင်?” အာဒမ် ခေတ္တမျှ မှင်တက်သွားပြီးနောက် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ “ဒီကြွက်စုတ်ဆီကနေ ငါ ဘာတွေ မျှော်လင့်နေတာလဲ? ဟားဟားဟား!” ခရီးစဉ်တစ်လျှောက်လုံးတွင်လည်း ဂျက်ဖရီမှာ သိသာထင်ရှားသော တိုက်ခိုက်ရေးစွမ်းရည်မျိုး တစ်ခါမှ မပြသခဲ့ဖူးပေ။ အာဒမ်ကို လာပြဿနာရှာသည့် အခါတိုင်းတွင်လည်း လူအုပ်နှင့်သာ လာတတ်ပြီး ပင်ကိုယ်စရိုက်မှာ အလွန် သူရဲဘောကြောင်သူ ဖြစ်သည်။
“မင်း ဒီကောင့်ကို တကယ် မုန်းနေတာပဲနော်” ဂျက်ဖရီ အရှက်တကွဲဖြင့် ဆင်းလာသည်ကိုကြည့်ပြီး အက်ဒဝပ်က မေးလိုက်သည်။
"မုန်းတာလား?" အာဒမ်က နှာခေါင်းရှုံ့လိုက်သည်။ "ငါ သူ့ကို နာကျည်းတာ! ထားလိုက်ပါတော့၊ ငါတို့အကြောင်းကို နောက်မှ ငါပြောပြမယ်။ အခုတော့ ငါတို့အလှည့် ရောက်တော့မှာမို့ ပြင်ထားရအောင်။"
မကြာခင်မှာပင် ဒုတိယအသုတ် ကျောင်းသားများလည်း စစ်ဆေးမှု ပြီးဆုံးသွားသည်။ အကြာဆုံး ခံနိုင်ရည်ရှိခဲ့သူမှာ ဆံပင်တိုတိုနှင့် ထွားကြိုင်းသော လူငယ်လေးတစ်ဦး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ အလွန်ထွားကြိုင်းသော်လည်း မျက်နှာမှာမူ ကြင်နာတတ်ပြီး ဖော်ရွေသောပုံစံ ရှိသည်။ ထိုကောင်လေးမှာ ၄ မိနစ်ခွဲအထိ ခံနိုင်ရည်ရှိခဲ့သဖြင့် လောလောဆယ်တွင် ဒုတိယနေရာ၌ ရှိနေသည်။ ၎င်းက သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မသေးလှကြောင်း သက်သေပြနေသည်။ အာဒမ်သည် ထိုကောင်လေးနှင့် ရွှေရောင်ဆံပင် မိန်းကလေး လီဆာတို့ကို သတိထား မှတ်သားထားလိုက်သည်။
နောက်ဆုံးတွင် ကျောင်းသားသစ် နောက်ဆုံးအသုတ်မှာ လွင့်ပျံနေသော ဖျာများပေါ်တွင် တစ်ယောက်စီ နေရာယူလိုက်ကြသည်။ အာဒမ်နှင့် အက်ဒဝပ်တို့မှာ ဘေးချင်းယှဉ်လျက် ထိုင်လိုက်ကြ၏။ အက်ဒဝပ်မှာ အနည်းငယ် စိုးရိမ်နေသော်လည်း အာဒမ်ကမူ လီဆာ၏ စံချိန်ကို ချိုးဖျက်ရန် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် သူ့ကိုယ်သူ အားပေးနေသည်။
နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက သူတို့ထံသို့ လာကာ ရှင်းပြသည်။ “အတုယောင်မှော်အင်းကွက် စတင်တာနဲ့ မင်းတို့ဟာ သားရဲတွေကို တိုက်ခိုက်ရမယ့် အခြေအနေတစ်ခုထဲကို ရောက်သွားလိမ့်မယ်။ မင်းတို့ သားရဲတွေကို ဘယ်လောက်အထိ သတ်နိုင်သလဲ၊ အထဲမှာ ဘယ်လောက်ကြာကြာ နေနိုင်သလဲဆိုတာပေါ် မူတည်ပြီး အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်မှာပါ။
ပြီးတော့ မင်းတို့ ရင်ဆိုင်ရမယ့် သားရဲတွေဟာ သာမန်သားရဲတွေပဲဖြစ်ပြီး မှော်သားရဲတွေ မဟုတ်ပါဘူး။ နောက်ဆုံးအနေနဲ့... အတုယောင်ကမ္ဘာထဲမှာ မင်းတို့ အသတ်မခံရခင် အချိန်လေးမှာတင် အပြင်ကို အလိုအလျောက် ပြန်ရောက်လာမှာပါ။ ဒါက မင်းတို့ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပြင်းပြင်းထန်ထန် ထိခိုက်မှု မရှိအောင် ကာကွယ်ပေးတာ ဖြစ်ပါတယ်။ ဘာမေးချင်တာ ရှိသေးလဲ?”
အာဒမ်သည် အင်းကွက်၏ အလုပ်လုပ်ပုံကို အံ့သြသွားသည်။ သူက မေးလိုက်သည်။ “ဆိုလိုတာက... အထဲမှာ ဘာပဲဖြစ်ဖြစ် ကျွန်တော် မသေနိုင်ဘူးပေါ့၊ ဟုတ်လား?”
“မှန်တယ်။” ထိုကျောင်းသားက ခေါင်းညိတ်သည်။ “ဒါပေမဲ့ ဒဏ်ရာရရင် ခံစားရမယ့် နာကျင်မှုကတော့ အပြင်ကအတိုင်း တကယ့်ကို လက်တွေ့ကျကျ နာကျင်မှာပါ။”
“နားလည်ပါပြီ!” အာဒမ်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။ အကယ်၍ အထဲမှာ မသေနိုင်ဘူးဆိုလျှင် သူ အစွမ်းကုန် တိုက်ခိုက်နိုင်သည်။
ကျောင်းသားအားလုံး နေရာယူပြီးနောက် ဖျာများပေါ်ရှိ မှော်အင်းကွက်များမှာ လင်းလက်လာပြီး ကလေးများ၏ အသိစိတ်မှာ အတုယောင်ကမ္ဘာအတွင်းသို့ ရောက်ရှိသွားတော့သည်။
အာဒမ် မျက်လုံးဖွင့်လိုက်သောအခါ ကျယ်ပြောလှသော လွင်ပြင်ကြီးတစ်ခုပေါ်တွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အံ့သြတကြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး... “ဒါ... ဒါက တကယ်ကြီးနဲ့ တူလိုက်တာ!” သူ၏ ခန္ဓာကိုယ်ကို ပြန်စစ်ဆေးကြည့်ရာ အပြင်လောကကအတိုင်း အတိအကျပင် ဖြစ်သည်။ “ဒါက တကယ်ပဲ မျက်လှည့်မှော်အတတ်လား!?” သူ လုံးဝ မှင်တက်သွားရသည်။ တစ်ဆက်တည်းမှာပင် ပညာယောင်(အတုအယောင်)မှော်ပညာ ကို အလွန် စိတ်ဝင်စားသွားတော့သည်။
"ကျေးဇူးပြု၍ လက်နက်တစ်ခု ရွေးချယ်ပါ။"
ရုတ်တရက် စက်ရုပ်ဆန်ဆန် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် သူ၏ရှေ့တွင် လှံ၊ ဓား၊ လေး၊ ဒိုင်း၊ ပုဆိန် စသည့် လက်နက်ပေါင်းစုံ လေထဲ၌ ပေါ်လာသည်။ အာဒမ်သည် တွန့်ဆုတ်မနေဘဲ ဓားရှည်ကို ရွေးချယ်လိုက်သည်။ သူသည် ဓားရေးပညာကို ကျွမ်းကျင်လှသည်မဟုတ်သော်လည်း သူ့အတွက် အကျွမ်းတဝင်အရှိဆုံး လက်နက်ဖြစ်သည်။ သူ ဓားကို ဆုပ်ကိုင်လိုက်သည်နှင့် အခြားလက်နက်များမှာ ပျောက်ကွယ်သွားတော့သည်။
ထို့နောက် အဝေးတွင် ဟိုက်အီးနား(ခွေးအ)၆ ကောင် ပေါ်လာပြီး သူ့ကို ဝိုင်းရန် ဖြည်းဖြည်းချင်း နီးကပ်လာကြသည်။ သို့သော်! ဟိုက်အီးနားများ မလှုပ်ရှားခင်မှာပင် အာဒမ်က ၎င်းတို့ထံသို့ အရင်ဆုံး ပြေးဝင်သွားတော့သည်။ သူသည် ရက်စက်ကြမ်းကြုတ်စွာ ရယ်မောရင်း ဟိုက်အီးနားအုပ်စုထဲသို့ အတင်းတိုးဝင်ကာ တိုက်ခိုက်လိုက်လေတော့သည်။
"ဟားဟားဟား! သတ်စမ်း! သတ်စမ်း! အကုန်သတ်ပစ်မယ်!"