ကလေးများဆီမှ ကျယ်လောင်သော အောင်ပွဲခံကြွေးကြော်သံများ ထွက်ပေါ်လာသည်။ အားလုံးမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြ၏။ အဘယ်ကြောင့်ဆိုသော် ကလိုဗာ အကယ်ဒမီသည် တိုက်ကြီး၏ တောင်ဘက်ပိုင်းတစ်ခုလုံးတွင် မှော်ပညာသင်ကြားရန် အကောင်းဆုံးသော တက္ကသိုလ်ဖြစ်သောကြောင့်ပင်။ ဤဒေသရှိ မှော်ဆရာဖြစ်ချင်သော ကလေးတိုင်းသည် ဂုဏ်သတင်းကျော်ကြားသော ကလိုဗာ အကယ်ဒမီတွင် တက်ရောက်ခွင့်ရရန် အိပ်မက်မက်ကြရစမြဲ။ ယနေ့တွင်တော့ ရင်ပြင်ရှိ ကလေးအားလုံးအတွက် ထိုအိပ်မက်မှာ အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်သည်။
အာဒမ်လည်း ထိုနည်းတူပင်။ အကယ်ဒမီသို့ ဝင်ခွင့်ရပြီဟု သိလိုက်ရသည့် ခဏ၌ သူသည် လက်များကို မြှောက်ကာ ဝမ်းသာအားရ ခုန်ပေါက်တော့သည်။ သူသည် အက်ဒဝပ်ကိုပင် တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး ပျော်လွန်း၍ ခုန်ပေါက်နေမိသည်။
ပရော်ဖက်ဆာ ဂေါ့ဒ်ဖရေးသည် နှစ်စဉ်နှစ်တိုင်း ကျောင်းသားသစ်များကို ကြိုဆိုရသည့် ဤမြင်ကွင်းကို ကြည့်ရသည်မှာ အလွန်ပင် နှစ်သက်မိသည်။ ကလေးများ၏ သိလိုစိတ်နှင့် မှော်ပညာကို သင်ယူလိုသည့် ပြင်းပြသောဆန္ဒများက သူမကို ကျေနပ်ပီတိဖြစ်စေသည်။ သူမသည် ရင်ပြင်ရှိ ကျောင်းသားအားလုံးကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူမ၏ အကြည့်မှာ ရွှေရောင်ဆံပင်၊ စိမ်းဖန်ဖန်မျက်လုံးများနှင့် အနက်ရောင်မျက်မှန်ဝိုင်းလေး တပ်ထားသည့် မိန်းကလေးတစ်ဦးထံတွင် ရပ်တန့်သွားသည်။ ထိုမိန်းကလေးမှာ အခြားကလေးများနှင့်မတူဘဲ အကယ်ဒမီဝင်ခွင့်ရသည်မှာ သူမအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့်အရာဟု ယူဆထားသည့်အလား အေးစက်တည်ငြိမ်စွာ ရပ်နေသည်။
ပရော်ဖက်ဆာ ဂေါ့ဒ်ဖရေး၏ အကြည့်မှာ ဆက်လက်၍ ရွှေရောင်ဆံပင်၊ ပြာလွင်သောမျက်လုံးနှင့် လက်ပိုက်ကာ မာန်တက်နေသော လူငယ်တစ်ဦးထံသို့ ရောက်သွားသည်။ ထိုကောင်လေးမှာ အခြားသူမဟုတ်... ဂျက်ဖရီပင် ဖြစ်သည်!
‘ဒီနှစ်ယောက်က Grade-A ပါရမီရှင်တွေပေါ့...’ သူမ စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
နောက်ဆုံးတွင် သူမ၏ အကြည့်မှာ လူကောင်ထွားထွားကောင်လေး တစ်ယောက်ကို ဖက်ကာ မျောက်တစ်ကောင်လို ခုန်ပေါက်နေသည့် အာဒမ်ထံသို့ ရောက်ရှိသွားသည်။ သူ၏ အပြုအမူကို မြင်သောအခါ ပရော်ဖက်ဆာ ဂေါ့ဒ်ဖရေးမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ ‘ဒါကတော့ ကြောက်စရာကောင်းတဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ ပါရမီရှင်လေးပေါ့... ဘာဂါတစ်ယောက် သူ့ကို စိတ်ဝင်စားနေတာ မဆန်းပါဘူးလေ။’
သူမသည် ကလေးများကို ဤထူးခြားသော အခိုက်အတန့်အား ပျော်ရွှင်ခွင့်ပေးထားပြီး အားလုံး ပြန်လည် တည်ငြိမ်သွားမှသာ စကားပြန်ပြောလိုက်သည်။ "အားလုံးပဲ ငါ့နောက်ကိုလိုက်ပြီး ပင်မအဆောက်အဦးထဲက ခန်းမကြီးထဲကို လာခဲ့ကြ။ အဲဒီမှာ မင်းတို့ တိုက်ခိုက်ရေးစွမ်းရည် စစ်ဆေးမှုကို ဖြေဆိုရမယ်။
ဒါက မင်းတို့ရဲ့ ပထမနှစ် အဆင့်သတ်မှတ်ချက် (Rankings) ကို ဆုံးဖြတ်ပေးလိမ့်မယ်။ ဒါ့အပြင် ပထမ၊ ဒုတိယနဲ့ တတိယရတဲ့ ကျောင်းသားတွေကတော့ အထူးဆုလာဘ်တွေကို ရရှိမှာပါ။ အဲဒီဆုတွေက အရမ်းကို တန်ဖိုးရှိပြီး ရှားပါးတာမို့ အားလုံး အစွမ်းကုန် ကြိုးစားကြဖို့ ငါ တိုက်တွန်းချင်တယ်။"
ကလေးများသည် ပရော်ဖက်ဆာများဖြစ်ကြသော မှော်ဆရာ တစ်ဒါဇင်ခန့်၏ နောက်သို့ လိုက်ပါသွားကြသည်။ သူတို့သည် ပင်မအဆောက်အဦးအတွင်းသို့ စနစ်တကျ ဝင်ရောက်ခဲ့ပြီး မကြာမီမှာပင် ခန်းမကြီးအတွင်းသို့ ရောက်ရှိသွားသည်။ ကျောင်းဝင်းထဲရှိ အခြားအရာများကဲ့သို့ပင် ဤခန်းမကြီးမှာလည်း အလွန်ပင် ကြီးမားခမ်းနားလှသည်။ ခန်းမ၏ အဆုံးတွင် မြင့်မားသော စင်မြင့်တစ်ခု ရှိနေသည်။ ကျန်ရှိသော နေရာများတွင်မူ သစ်သားကြမ်းပြင်ထက် လက်မအနည်းငယ်ခန့် မြင့်ကာ လွင့်ပျံနေသည့် ရှစ်ထောင့်ပုံစံ ထိုင်ခုံဖျာလေး ၁၂၀ ခန့် ရှိနေသည်။
ကျောင်းအုပ်ကြီး အပါအဝင် ပရော်ဖက်ဆာအားလုံးမှာ စင်မြင့်ပေါ်သို့ တက်လိုက်ကြပြီးနောက် ကျောင်းသားများကို ကြည့်လိုက်ကြသည်။ ပရော်ဖက်ဆာ ဂေါ့ဒ်ဖရေးက တည်ကြည်စွာ ပြောလိုက်သည်။ "မင်းတို့ ရှေ့မှာ မြင်နေရတဲ့ ဒီဖျာတွေပေါ်မှာ အတုယောင်မှော်အင်းကွက် တွေကို ထည့်သွင်းထားတယ်။ မင်းတို့ အဲဒီပေါ်မှာ ထိုင်လိုက်တာနဲ့ မင်းတို့ရဲ့ စိတ်အာရုံက တိုက်ပွဲဝင်ရမယ့် ပုံရိပ်ယောင်ကမ္ဘာထဲကို ရောက်သွားလိမ့်မယ်။ ဒါက တိုက်ခိုက်ရေးစစ်ဆေးမှုကို ဆောင်ရွက်မယ့် နည်းလမ်းပဲ!"
ကလေးများမှာ အံ့အားသင့်ကာအာမေဍိတ်သံများ ထွက်လာကြသည်။ သူတို့အားလုံးမှာ တိုက်ခိုက်ရေးစစ်ဆေးမှုအတွက် တစ်ဦးနဲ့တစ်ဦး လူကိုယ်တိုင် လက်သီးချင်း၊ ဓားချင်း ယှဉ်ပြိုင်ရမည်ဟု ထင်မှတ်ထားကြခြင်း ဖြစ်သည်။ သို့သော် အတုယောင်ကမ္ဘာထဲတွင် တိုက်ခိုက်ရမည်ဟု မည်သူက ထင်ထားပါမည်နည်း။
"ကဲ... မင်းတို့အားလုံး သိချင်ကြလိမ့်မယ်" ပရော်ဖက်ဆာ ဂေါ့ဒ်ဖရေး စတင်ပြောကြားသည်။ "မှော်ဆရာတွေဟာ အဝေးကနေ မှော်အတတ်တွေနဲ့ တိုက်ခိုက်နိုင်ရဲ့သားနဲ့ ဘာလို့ ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ရေးကို လေ့ကျင့်ရမှာလဲလို့ပေါ့။ ငါ ပြောပြမယ်... အဲဒီလို တွေးတာဟာ လုံးဝကို မှားယွင်းတဲ့ အတွေးအခေါ်ပဲ!"
ပရော်ဖက်ဆာ ဂေါ့ဒ်ဖရေး၏ လေသံမှာ ပို၍ တည်ကြည်လာပြီး အသံမှာလည်း ပို၍ ဟိန်းထွက်လာသည်။ "ရန်သူတွေက မင်းတို့ မှော်ဂါထာ ရွတ်ဖတ်နေတာကို ကြားဖြတ်နှောင့်ယှက်တာမျိုး ဒါမှမဟုတ် မှော်စွမ်းအင်ကို အသုံးမပြုနိုင်အောင် တားဆီးခံရတာမျိုးတွေ ကြုံလာရနိုင်တဲ့ အချိန်တွေ ရှိလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် မင်းတို့ ဘာလုပ်ကြမလဲ?
မှော်ဆရာတစ်ယောက်ဟာ အခြေအနေတိုင်းအတွက် အမြဲတမ်း အသင့်ဖြစ်နေရမယ်။ မှော်ဆရာလမ်းစဉ်ကို လျှောက်လှမ်းတယ်ဆိုတာ ကမ္ဘာကြီးရဲ့ သဘာဝနိယာမတွေကို အံတုတိုက်ခိုက်ရတာပဲ။ ငါတို့ မှော်ဆရာတွေဟာ ပညာရှင်တွေ ဖြစ်ကြတာ မှန်ပေမဲ့ တစ်ချိန်တည်းမှာပဲ ငါတို့ဟာ ရဲရင့်တဲ့ စစ်သည်တော်တွေလည်း ဖြစ်တယ်!
မှော်ဆရာတစ်ယောက် ဖြစ်လာတယ်ဆိုတာ အမှန်တရားကို ရှာဖွေရုံတင်မကဘဲ အခက်အခဲမှန်သမျှကို ရင်ဆိုင်တိုက်ခိုက်ပြီး အရှုံးမပေးဘဲ မတ်မတ်ရပ်တည်နိုင်ရမယ်။ ငါတို့ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်တွေ... ငါတို့ဟာ စစ်သည်တော်တွေ... ငါတို့ဟာ မှော်ဆရာတွေပဲ။ ဒါဟာ ငါတို့ရဲ့ မှော်ပညာလမ်းစဉ်ပဲ!"
"အိုး!!!"
ကလေးအားလုံးမှာ လက်သီးများကို မြှောက်ကာ တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ သူတို့၏ ရင်ထဲတွင် မီးတောက်တစ်ခု ဟုန်းခနဲ တောက်လောင်သွားသကဲ့သို့ စိတ်အားထက်သန်မှုများ ပေါ်ပေါက်လာကြသည်။ ကျောင်းအုပ်ကြီး၏ စကားများက ကျောင်းသားတိုင်း၏ စိတ်နှလုံးကို လှုပ်ခတ်စေခဲ့သည်။ အာဒမ်သည်လည်း ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ကျောင်းအုပ်ကြီး၏ စကားများက သူ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။ ‘ငါတို့ဟာ ပညာရှင်တွေ... ငါတို့ဟာ စစ်သည်တော်တွေ... ငါတို့ဟာ မှော်ဆရာတွေ!’
ခန်းမကြီးအတွင်းသို့ အစိမ်းနုရောင် ဝတ်ရုံများ ဝတ်ဆင်ထားသည့် မှော်ဆရာအုပ်စုတစ်စု ထပ်မံရောက်ရှိလာသည်။ ထိုမှော်ဆရာများမှာ ကျောင်းဆင်းခါနီး နောက်ဆုံးနှစ် ကျောင်းသားကြီးများ ဖြစ်ကြပြီး ကျောင်းသားသစ်များကို အတုယောင်မှော်အင်းကွက်ထဲသို့ ဝင်ရောက်ရာတွင် ကူညီပေးရန် လာကြခြင်းဖြစ်သည်။
ထိုကျောင်းသားများထဲမှ နက်မှောင်သောဆံပင်၊ ပြာလွင်သောမျက်လုံးရှိသည့် လှပသော အမျိုးသမီးငယ်တစ်ဦးသည် အက်ဒဝပ်ထံသို့ လျှောက်လာကာ နောက်ကနေ နွေးထွေးစွာ သိုင်းဖက်လိုက်သည်။ အက်ဒဝပ်မှာ လန့်သွားသော်လည်း လှည့်ကြည့်လိုက်၍ မည်သူမှန်း သိလိုက်သောအခါမှ သက်ပြင်းချရင်း ညည်းတွားလိုက်သည်။
"ဒီ-ဒီလိုကြီး မစပါနဲ့ဗျာ! " သူ တိုးတိုးလေး ဆက်ပြောသည်။ "ပြီးတော့ လူကြားထဲမှာ ဒီလို မဖက်ပါနဲ့….ရှက်စရာကြီး။"
မိန်းကလေးက ပြုံးကာ အက်ဒဝပ်၏ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်လိုက်သည်။ "ဂုဏ်ယူပါတယ် အက်ဒဝပ်လေးရေ။ မမ မင်းအတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။"
ချီးကျူးစကားကို ကြားလိုက်ရသဖြင့် အက်ဒဝပ်က မာန်တက်ကာ ခေါင်းတညိတ်ညိတ်နှင့် "ဟီးဟီး၊ ကျေးဇူးပါ ကျေးဇူးပါ!"
အမျိုးသမီးငယ်က အာဒမ်ကို ကြည့်လိုက်ပြီး အက်ဒဝပ်ကို မေးလိုက်သည်။ "သူငယ်ချင်းအသစ် ရလာတာလား?"
အက်ဒဝပ်က "ဟုတ်တယ်! ဒါက ကျွန်တော့်သူငယ်ချင်း အာဒမ်။ သူလည်း ကျွန်တော့်လိုပဲ Grade-B အရည်အချင်းရှိတာ!"
"မင်္ဂလာပါ အာဒမ်။" အမျိုးသမီးငယ်က သူမ၏ လက်ကို ကမ်းပေးလိုက်သည်။ "ငါက အီလိန်းပါ၊ အက်ဒဝပ်ရဲ့ အစ်မပေါ့။"
အာဒမ်မှာ သူမ၏ အလှတွင် မိန်းမောသွားရသည်။ ဤမျှ လှပသော မိန်းကလေးမျိုးကို သူ တစ်ခါမှ မမြင်ဖူးပေ။ ထို့ကြောင့် အီလိန်းနှင့် လက်ဆွဲနှုတ်ဆက်သောအခါ အာဒမ်မှာ မျက်နှာလေး ရဲတက်သွားပြီး -
"မ... မင်္ဂလာပါ အာဒမ်... ကျ... ကျွန်မက အီလိန်းပါ"
‘သေစမ်း!’ အာဒမ်သည် သူ၏ ပါးစပ်မှ ထွက်သွားသော စကားကြောင့် ချက်ချင်း နောင်တရသွားပြီး မျက်နှာမှာ ခရမ်းချဉ်သီးတစ်လုံးလို နီရဲသွားတော့သည်။ အီလိန်းကမူ ပါးစပ်လေးပိတ်ကာ တခိခိ ရယ်မောလိုက်သည်။ "မင်းက ချစ်စရာလေးပဲ။" ထို့နောက် သူမသည် သူတို့ကို နှုတ်ဆက်ကာ သူမ၏ အတန်းဖော်များကို ကူညီပေးရန် ထွက်သွားသည်။
ပထမအသုတ် ကျောင်းသားသစ်များ အတုယောင်အင်းကွက်ပေါ်တွင် နေရာယူနေကြစဉ် အာဒမ်က အက်ဒဝပ်ကို သံသယအပြည့်ဖြင့် မေးလိုက်သည်။ "အက်ဒဝပ်... မင်း တကယ်ပဲ မွေးစားခံထားရတာ မဟုတ်ဘူးဆိုတာ သေချာလား?"
"ဟင်?" အက်ဒဝပ်က မျက်မှောင်ကြုတ်လိုက်သည်။ "ဘာလို့လဲ?"
"မင်းအမက အရမ်းချစ်စရာကောင်းပြီး လှတယ်လေ... မင်းကျတော့... ဝဝတုတ်တုတ်နဲ့ ရုပ်ဆိုးဆိုးကြီး" အာဒမ်က ပြောသင့်တဲ့စကားလုံးကို အသေအချာ စဉ်းစားလိုက်သော်လည်း ရှာမတွေ့ပေ။ ထို့ကြောင့် သူက တဲ့တိုးပဲ ပြောချင်ရာကို ပြောလိုက်တော့သည်။
"ဟွန်း!" အက်ဒဝပ်က နှာခေါင်းရှုံ့လိုက်သဖြင့် သူ၏ ပါးဖောင်းဖောင်းလေးများမှာ တုန်ခါသွားသည်။ "ငါက အရပ်ရှည်လာမယ့် အချိန်ကို စောင့်နေတာကွ။ မင်း စောင့်ကြည့်နေလိုက်!"
သူငယ်ချင်း နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် စနောက်နေကြစဉ်မှာပင် ကျောင်းသားသစ် သုံးပုံတစ်ပုံခန့်မှာ အတုယောင်အင်းကွက်ပေါ်သို့ တက်ရောက်သွားကြပြီ ဖြစ်သည်။ မိနစ်ပိုင်းအတွင်းမှာပင် ကျောင်းသား ထက်ဝက်ခန့်မှာ အင်းကွက်ပေါ်မှ ပြန်ဆင်းလာကြရသည်။ သိသာလှသည်မှာ သူတို့သည် အတုယောင်ကမ္ဘာအတွင်း၌ ရှုံးနိမ့ခဲ့ကြခြင်း ဖြစ်သည်။ သူတို့အားလုံး၏ မျက်နှာများတွင် ထိတ်လန့်နေသော အရိပ်အယောင်များ ရှိနေပြီး း အချို့ဆိုလျှင် ကြောက်လွန်း၍ မေ့လဲသွားကြသည်။
သို့သော်လည်း လောလောဆယ် အင်းကွက်အတွင်း၌ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပျက်နေသည်။ Grade-A အရည်အချင်းရှိသည့် ကျောင်းသားများထဲမှ တစ်ဦးဖြစ်သည့် မိန်းကလေးမှာ ထူးခြားပြောင်မြောက်သော စွမ်းဆောင်ရည်ကို ပြသနေခြင်း ဖြစ်သည်။ ပရော်ဖက်ဆာများပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်တက်နေကြရသည်။