ပုရစ်တွန်သံများနှင့် ဇီးကွက်အော်သံများ ဆူညံနေသည့် တောအုပ်အလယ်ရှိ မြေကွက်လပ်လေးတစ်ခုတွင်... အသားညိုညို၊ ကြွက်သားအမြောင်းမြောင်းနှင့် လူငယ်လေးတစ်ဦးသည် ဓားရေးလေ့ကျင့်နေလေသည်။သူ၏ ကိုယ်အထက်ပိုင်းတွင် အဝတ်အစားမပါရှိဘဲ ချွေးများဖြင့် ရွဲနစ်နေလေသည်။ သံချေးတက်နေသော ဓားအိုကြီးကို မြှောက်လိုက်၊ ခုတ်ချလိုက်တိုင်း မြက်ခင်းပေါ်သို့ ချွေးစက်များ တဖျောက်ဖျောက်ကျဆင်းနေသည်။ သူ၏ ဓားကွက်များက မကျွမ်းကျင်သေးသော်လည်း ဓားတစ်ချက်ဝှေ့ယမ်းတိုင်းတွင် ပြင်းပြသော ဇွဲလုံ့လကို အထင်းသား ခံစားရသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် သူသည် လေ့ကျင့်မှုကို ရပ်နားလိုက်ပြီး မောဟိုက်နွမ်းနယ်စွာဖြင့် မြေပြင်ပေါ်သို့ လှဲချလိုက်တော့သည်။ ညကောင်းကင်ယံရှိ လနှစ်စင်းကို ငေးကြည့်နေစဉ် သူ၏ ရင်ဘတ်မှာလည်း မောပန်းမှုကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။
‘ကော်မီယာ ဘုရင့်နိုင်ငံကနေ ထွက်လာခဲ့တာ တစ်လကျော်သွားပြီပဲ…’ ဟု ထိုလူငယ်လေးက တွေးလိုက်မိသည်။ လွန်ခဲ့သော တစ်လအတွင်း ခရီးသွားအဖွဲ့သည် ဘုရင့်နိုင်ငံ နှစ်ခုကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ ကြမ်းတမ်းသော သားရဲတိရစ္ဆာန်များ၏ တိုက်ခိုက်မှုကို အကြိမ်အနည်းငယ် ကြုံခဲ့ရသော်လည်း လှည်းတန်းကို စောင့်ရှောက်လာသည့် ကြေးစားစစ်သည်များကြောင့် ဘေးကင်းခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် မှော်သားရဲများ သို့မဟုတ် တောရိုင်းထဲတွင် ကျက်စားတတ်သည့် အသိဉာဏ်မဲ့ ဘီလူးကြီးများ (အော့ဂါ) (Ogre) များနှင့် ထရိုး (Troll) (လူသားစား ဘီလူးတစ်မျိုး) များ၏ တိုက်ခိုက်မှုကိုမူ မကြုံခဲ့ရပေ။
လူငယ်လေးသည် ခေါင်းကိုစောင်းကာ တောအုပ်အစပ်ရှိ မီးပုံကြီးကို ဝိုင်းရံထားသော လှည်းတန်းရှည်ကြီးကို လှမ်းကြည့်လိုက်သည်။
‘တခြားကလေးတွေ ပြောတာ ကြားရသလောက်တော့ လမင်းမြို့တော်(Moon City)ကို ရောက်ဖို့ နောက်ထပ် နှစ်လလောက် လိုသေးတယ်တဲ့...’
ကျော်ကြားလှသော လမင်းမြို့တော်သည် နိုက်တင်ဂေးလ် ဘုရင့်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ ခရီးသွားအဖွဲ့၏ ဦးတည်ရာမှာလည်း လမင်းမြို့တော်ရှိ နာမည်ကျော် မှော်သင်တန်းကျောင်း ဖြစ်သည့် ‘ကလိုဗာ အကယ်ဒမီ’ ပင် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အိမ်နီးချင်းနိုင်ငံများမှ ကလေးငယ်များသည် ဂုဏ်သတင်းကျော်စော်လှသော ကလိုဗာ အကယ်ဒမီတွင် ပညာသင်ကြားခွင့်ရရန်နှင့် ‘မှော်ဆရာ’ တစ်ယောက်ဖြစ်လာမည့် လမ်းစဉ်ပေါ်သို့ လျှောက်လှမ်းနိုင်ရန် လမင်းမြို့တော်သို့ လာရောက်ကြလေ့ရှိသည်။
ဤလူငယ်လေးသည်လည်း ထိုသူများထဲမှ တစ်ဦးပင်။ သူ၏အမည်မှာ အာဒမ် ကွန်စတန်တိုင်းဖြစ်ပြီး ကော်မီယာ ဘုရင့်နိုင်ငံမှ သာမန်အရပ်သားတစ်ဦးဖြစ်သည်။ ငယ်စဉ်က လှည့်လည်သွားလာနေသော မှော်ဆရာတစ်ဦးနှင့် ဆုံတွေ့ခဲ့ရာမှ သူ၏ကိုယ်ထဲတွင် မှော်စွမ်းအင် ကျင့်ကြံနိုင်သော ပါရမီရှိကြောင်း သိခဲ့ရသည်။ ထိုအချက်ကို သိလိုက်ရချိန်တွင် အာဒမ်တစ်ယောက် အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်ခဲ့ရသည်။ အကြောင်းမှာ သူနေထိုင်သော ကမ္ဘာတွင် မှော်ဆရာများဆိုသည်မှာ လူအများ၏ ရိုသေလေးစားမှုကို ခံရသည့် တန်ခိုးစွမ်းအားကြီးမားသော ပုဂ္ဂိုလ်များဖြစ်သောကြောင့်ပင်။ ၎င်းတို့သည် သဘာဝတရား၏ အစွမ်းသတ္တိများကို စိတ်ကြိုက်ထိန်းချုပ်နိုင်ပြီး အံ့ဖွယ်ထူးဆန်းမှုများကို ဖန်တီးနိုင်သော ပညာရှိ အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ၎င်းအပြင် ဤကမ္ဘာသည် အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သည့် လောကတစ်ခုဖြစ်ရာ လုံလောက်သော ခွန်အားမရှိပါက မည်သည့်အခါမျှ အရာရောက်မည်မဟုတ်ပေ။
အာဒမ်သည် သူ၏ ဘဝတစ်ခုလုံးကို သာမန်ကာလျှံကာဖြင့် မကုန်ဆုံးလိုပေ။ ထိုအချိန်မှစ၍ သူသည် နေ့စဉ်မပြတ် ကြိုးစားအားထုတ်ကာ မှော်ဆရာတစ်ဦး ဖြစ်လာရန်နှင့် ကမ္ဘာပေါ်ရှိ ထူးဆန်းအံ့သြဖွယ်ရာများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့နိုင်ရန် သန္နိဋ္ဌာန်ချခဲ့သည်။ သို့သော် ခရီးသွားအဖွဲ့ထဲမှ အခြားသော မှူးမတ်မျိုးနွယ်များနှင့်မတူဘဲ အာဒမ်သည် မိဘမဲ့တစ်ဦးဖြစ်ရာ မိမိကိုယ်ကိုယ်သာ အားကိုးရရှာသည်။ ကျောင်းဝင်ကြေးအတွက် ငွေစုနိုင်ရန် သူသည် ရရာအလုပ်ကို ကျရာနေရာမှ လုပ်ကိုင်ခဲ့ရသည်။ သို့သော်လည်း သူစုဆောင်းထားသော မပြောပလောက်သည့် ငွေကြေးမှာ လုံလောက်ပါ့မလားဟု စိုးရိမ်နေမိသည်။ ငွေကြေးအခက်အခဲကို တွေးမိရင်း အာဒမ်မှာ သက်ပြင်းတစ်ချက်ကို မချိတင်ကဲ ချလိုက်မိတော့သည်။
‘လမင်းမြို့တော်ကို ရောက်ပြီးရင်တော့ ကျောင်းဝင်ခွင့်စာမေးပွဲ စဖို့ အချိန်နည်းနည်း ကျန်ဦးမှာပဲ။ အဲဒီအချိန်ကျမှ ငွေရှာဖို့ နည်းလမ်းတစ်ခုခု စဉ်းစားရမယ်။ ဘာပဲဖြစ်ဖြစ် ငါ အကယ်ဒမီကို ဝင်ခွင့်ရအောင်လုပ်ပြီး မှော်ဆရာတစ်ယောက် ဖြစ်ကိုဖြစ်စေရမယ်!’
သူသည် မြေပြင်မှ ပြန်ထလိုက်ပြီး ခန္ဓာကိုယ်ကို အကြောဆန့်လိုက်သည်။ ဓားနှင့် အခြားပစ္စည်းများကို ကောက်ယူကာ ကိုယ်လက်သန့်စင်ရန် အနီးအနားရှိ ရေကန်ဆီသို့ လျှောက်လာခဲ့သည်။ လနှစ်စင်း၏ ငွေရောင်အလင်းတန်းများသည် ရေပြင်ပေါ်တွင် ထင်ဟပ်နေ၏။ ရံဖန်ရံခါ ကြားရသော ငှက်ကလေးများ၏ တေးဆိုသံနှင့်အတူ အေးချမ်းလှသော ပတ်ဝန်းကျင်ကြောင့် အာဒမ်မှာ အလိုအလျောက်ပင် စိတ်လက်ပေါ့ပါးသွားရသည်။ သို့သော်လည်း သူသည် ဘေးအန္တရာယ် ရှိ၊ မရှိကို သတိဖြင့် ဝေ့ဝဲကြည့်ရှုပြီးမှသာ အဝတ်အစားများကို ချွတ်ကာ ရေကန်ထဲသို့ ဖြည်းညှင်းစွာ ဆင်းသွားခဲ့သည်။ အေးစက်လှသော ရေနှင့် ထိတွေ့လိုက်ရသဖြင့် ကိုယ်ခန္ဓာမှာ တုန်တက်သွားသော်လည်း ခဏအကြာတွင်အသားကျသွားကာ ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်လေတော့သည်။
အာဒမ်သည် နွမ်းနယ်နေသော ကြွက်သားများကို အနားပေးရင်း ရေကန်ထဲတွင် ငြိမ်သက်စွာ လှဲလျောင်းနေမိသည်။ ရေပြင်ပေါ်တွင် သူ၏ နုပျိုသော မျက်နှာလေးမှာ ပေါ်လွင်နေ၏။ သူ၏ နက်မှောင်သော မျက်လုံးများထဲတွင် ကလေးငယ်တစ်ဦး၏ အပြစ်ကင်းစင်မှုနှင့်အတူ ထိုမျက်ဝန်းများတွင် သူ၏အရွယ်နှင့်မလိုက်အောင် ခိုင်မာသော ဇွဲသတ္တိများကို မြင်တွေ့နိုင်သည်။လည်ပင်းအထိ ရှည်သော ဆံပင်အနက်ရောင်ကို အလယ်ခွဲ ထားသည်။ အာဒမ်၏ ရုပ်ရည်မှာ သာမန်မျှသာဖြစ်ပြီး အလွန်အမင်း ချောမောခြင်းလည်း မရှိသလို ရုပ်ဆိုးခြင်းလည်း မရှိပေ။ အမှန်အတိုင်း ပြောရလျှင် သာမန်အောက်ပင် အနည်းငယ် ရောက်နေသည်ဟု ဆိုရမည်။
ရုတ်တရက် သူ၏ ဝမ်းဗိုက်ထဲမှ အသံမြည်လာသဖြင့် သူ၏ဗိုက်ကို သူ ပြန်ပွတ်လိုက်မိသည်။‘'ညစာစားဖို့ အချိန်တန်ပြီပဲ... ပြန်မှဖြစ်မယ်'
ပြင်းထန်လှသော ဓားရေးလေ့ကျင့်မှုကြောင့် အာဒမ်မှာ အတော်လေး ဆာလောင်နေပြီဖြစ်သည်။ သူ ရေထဲမှတက်ရန် ပြင်လိုက်စဉ်မှာပင် မျက်လုံးထောင့်မှ ထူးဆန်းသော အရာတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။
“ဟင်?”
သူသည် မျက်မှောင်ကြုတ်ကာ အဝေးသို့ စိုက်ကြည့်လိုက်သည်။ “အဲဒါ ဘာကြီးလဲ?”
ရေကန်၏ အလယ်ဗဟိုတွင် ဖြူစင်သန့်ရှင်းလှသော ကြာဖြူတစ်ပွင့်မှာ ပေါလောပေါ်နေပြီး ဘေးပတ်လည်တွင် စိမ်းမြသော ကြာဖက် သုံးခု ရှိနေသည်။ ထိုကြာပန်းသည် သာမန်ဟု ထင်ရသော်လည်း တစ်ချိန်တည်းမှာပင် လူအများ ဦးညွတ်ဂါရဝပြုချင်စိတ် ပေါ်ပေါက်လာစေမည့် သိမ်မွေ့နက်နဲသော နတ်ဘုရားဆန်သည့် အရှိန်အဝါမျိုးဖြင့် လွှမ်းခြုံထားသည်။ အာဒမ်သည် ထိုအဖြူရောင် ကြာပန်းကို ကြည့်ရင်း မှင်တက်သွားမိပြီး မည့်သည့်ကြောင့်ပင်မသိ သူ၏စိတ်မှာလည်း ထူးဆန်းစွာ ကြည်လင်လန်းဆန်းလာသလို ခံစားလိုက်ရသည်။
မိနစ်အနည်းငယ်ကြာမှ သူ သတိပြန်ဝင်လာပြီး ထိုထူးဆန်းသော ပန်းကို အံ့သြတကြီး ကြည့်လိုက်မိသည်။
“ဒါ... ဒါက ဘယ်လိုပန်းမျိုးလဲ?” သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူ၏ စိတ်အာရုံမှာ ဤမျှအထိ လန်းဆန်းတက်ကြွခြင်းမျိုး ဘဝတွင် တစ်ခါမှ မကြုံဖူးချေ။
ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရသွားပြီး.... ‘ဒီကြာပန်းက မှော်ဆေးရည်တွေ ဖော်စပ်တဲ့နေရာမှာ သုံးတဲ့ အဖိုးတန် သဘာဝရတနာစ္စည်းများ ဖြစ်နေမလား?!’
ထိုအတွေးကြောင့် ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်လျှံသွားကာ မသိစိတ်ဖြင့်ပင် ရေကန်အလယ်သို့ ကူးခတ်သွားတော့သည်။
‘ငါသာ ဒီဆေးဖက်ဝင်ပစ္စည်းကို လမင်းမြို့တော်မှာ ရောင်းလိုက်ရရင် အကယ်ဒမီအတွက် ကျောင်းဝင်ကြေး အလုံအလောက် ရနိုင်မှာပဲ!’
အာဒမ်သည် တစ်စုံတစ်ယောက်က သတိထားမိသွားမှာ စိုးသောကြောင့် အသံမထွက်အောင် သတိထားကာ ကူးသွားသည်။ မကြာမီတွင် သူသည် ရေကန်အလယ်သို့ ရောက်ရှိသွားပြီး ကြာပန်းနှင့် လက်တစ်ကမ်း အကွာသို့ ရောက်ရှိလာသည်။ ပြုံးရွှင်သောမျက်နှာဖြင့် သူသည် လက်ကိုဆန့်ထုတ်ကာ ကြာပန်းကို အသာအယာ ဆုပ်ကိုင်လိုက်ရန် ကြိုးစားလိုက်သည်။
သို့သော်…. သူ၏ မျက်နှာမှာ ရုတ်ချည်း တောင့်တင်းသွားရသည်။ သူ၏ လက်ချောင်းလေးများက ဖြူဖွေးသော ပွင့်ချပ်များနှင့် ထိတွေ့လိုက်သည့် ခဏမှာပင် ကြာပန်းမှာ ပျောက်ကွယ်သွားတော့သည်။ ထို့ခဏ၌ပင် သူ၏ မျက်လုံးများ နောက်သို့လန်တက်သွားကာ သတိလစ် မေ့မြောသွားလေတော့သည်။