ဤကလေးများသည် သူတို့၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကလိုဗာ အကယ်ဒမီ ကျောင်းဝင်းအတွင်းသို့ ခြေချခွင့်ရရှိခဲ့ကြသည်။ သူတို့၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုနှင့် ကြည်နူးမှုများမှာ အတိုင်းသားပေါ်လွင်နေသည်။ ကလေးများသည် မှော်ဆရာအုပ်စုနောက်သို့ ရိုသေစွာ လိုက်ပါသွားကြသည်။ မည်သူမျှ စည်းကမ်းမဲ့စွာ မပြုမူရဲကြပေ။
ကျောင်းဝင်းတစ်ခုလုံးမှာ စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းမန်များဖြင့် ပြည့်နှက်နေသည်။ ထူးခြားဆန်းပြားသော သစ်ပင်ကြီးများ၊ ရေကန်ငယ်လေးများကြားတွင် လှပသော ဗိသုကာလက်ရာများရှိသည့် ကျောက်တိုင်၊ သစ်သားတိုင် အဆောက်အဦးများကို တွေ့မြင်နိုင်သည်။ မိနစ်အနည်းငယ် လမ်းလျှောက်ပြီးနောက် အဖွဲ့သည် တဲပေါင်းများစွာ ထိုးထားသည့် ကျယ်ဝန်းသော ကွင်းပြင်တစ်ခု၌ ရပ်တန့်လိုက်သည်။
ရှေ့ကဦးဆောင်လာသော မှော်ဆရာအဘိုးအိုက လှည့်ကြည့်ကာ ထပ်မံ ကြေညာသည်။"ဒါက မင်းတို့အားလုံး ကျော်ဖြတ်ရမယ့် ပထမဆုံး အတားအဆီးပဲ— အရည်အချင်း စစ်ဆေးမှုပဲ!"
ရာနှင့်ချီသော ကလေးများကြားတွင် ချက်ချင်းပင် ဆူညံသွားသည်။ သို့သော် နောက်တစ်စက္ကန့်တွင် အဘိုးကြီးက ဆက်ပြောပြန်သည်။ သူ၏အသံမှာ သာမန်အတိုင်းပင် ဖြစ်သော်လည်း ထူးဆန်းသည်မှာ ကလေးတိုင်း၏ နားထဲတွင် သူတို့ဘေးနား၌ ကပ်ပြောနေသကဲ့သို့ ရှင်းလင်းစွာ ကြားနေရခြင်းပင်။
"ငါတို့ ကျောင်းသားတွေဆီက မျှော်လင့်ထားတဲ့ အနိမ့်ဆုံး သတ်မှတ်ချက်က Grade-C အရည်အချင်းပဲ။ အဲဒီအောက်ဆိုရင် မင်းတို့ အရည်အချင်းမပြည့်မီလို့ ဖယ်ထုတ်ခံရလိမ့်မယ်။ ကလိုဗာ အကယ်ဒမီဟာ လမ်းခရီးမှာ အဝေးကြီးမသွားနိုင်တဲ့ ပါရမီမရှိတဲ့ မှော်ဆရာတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့အတွက် အချိန်နဲ့ အရင်းအမြစ်တွေကို အလဟဿ အကုန်ခံမှာ မဟုတ်ဘူး။"
ကလေးအားလုံးမှာ သိသိသာသာ တုန်လှုပ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် အရည်အချင်း စစ်ဆေးမှုတွင် အဆင့်သတ်မှတ်ချက်ရှိလိမ့်မည်ကို သူတို့ မသိထားသောကြောင့် ဖြစ်သည်။ ဤနေရာသို့ ရောက်လာသူတိုင်း မိမိတို့၌ မှော်ပညာပါရမီရှိသည်ကို သိကြသော်လည်း မည်သည့်အဆင့်ရှိသည်ကိုမူ အသေအချာ မသိကြပေ။
အာဒမ်သည်လည်း ဤအဆင့်သတ်မှတ်ချက်များအကြောင်းကို ဝေခွဲမရဖြစ်နေသည်။ ထို့ကြောင့် သူသည် အနီးဆုံးရှိသူတစ်ဦးကို မေးလိုက်သည်။ "ခွင့်ပြုပါဦး၊ အရည်အချင်းအဆင့်က စုစုပေါင်း ဘယ်နှစ်ခုရှိတာလဲ?"
အာဒမ်၏အနီးတွင် ရပ်နေသော ရွှေချည်ထိုး အနက်ရောင် ပိုးထည်ဝတ်စုံကို ဝတ်ထားသည့် လူဝကောင်လေးတစ်ဦးက သူ့ကို ထူးဆန်းသလို ကြည့်လိုက်သည်။ "မင်းက... ဒါကိုတောင် မသိဘူးလား?"
အာဒမ်က ဆင်ခြေတစ်ခု ပေးရန် ကြိုးစားရင်း အနေခက်စွာ ပြုံးလိုက်သည်။ သို့သော် နောက်တစ်ခဏတွင် ထိုလူဝကောင်လေးက ရှင်းပြလာသည်။ "ထားပါတော့လေ၊ မင်းလာတဲ့နေရာမှာ ဒါက အခြေခံဗဟုသုတ မဟုတ်ဘူး ထင်ပါရဲ့။"
‘ဒီလူက...’ အာဒမ်မှာ လူတစ်ဦးကို အပြင်ပန်းသဏ္ဌာန်ကြည့်ပြီး အကဲမဖြတ်တတ်သော ဖော်ရွေသည့်သူတစ်ဦးနှင့် တွေ့ရသဖြင့် အံ့သြသွားရသည်။ ဤသည်မှာ သူ့အတွက် ပထမဆုံးပင်။
လူဝကောင်လေးက ဆက်ပြောသည်။ "အဆင့် ငါးခု ရှိတယ်— A, B, C, D နဲ့ F ပေါ့။ A က အမြင့်ဆုံးဖြစ်ပြီး F က အနိမ့်ဆုံး—"
"ခဏလေး" အာဒမ်က ကြားဖြတ်မေးလိုက်သည်။ "E က ဘာဖြစ်သွားတာလဲ?"
"စိတ်ဝင်စားစရာ မေးခွန်းပဲ..." လူဝကောင်လေး၏ မျက်တောင်များ လှုပ်ခတ်သွားပြီး သူ အလေးအနက် စဉ်းစားနေသည်။ "ထားလိုက်ပါတော့၊ အသေးအမွှားလေးတွေကို စိတ်မပူနဲ့။ ငါပြောခဲ့သလိုပဲ A က အမြင့်ဆုံး၊ F က အနိမ့်ဆုံး။ အခြေခံအားဖြင့် အရည်အချင်းက မှော်ဆရာတစ်ယောက်ဟာ သူတို့လမ်းစဉ်မှာ ဘယ်လောက်အထိ အဆင့်တက်နိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးတာပဲ။ အဆင့်မြင့်တဲ့ ပါရမီရှိရင် အဆင့်မြင့်တဲ့ မှော်ဆရာဖြစ်ဖို့ အခွင့်အလမ်း ပိုများတာပေါ့။"
"ဪ... နားလည်ပါပြီ" အာဒမ် ခေါင်းညိတ်လိုက်သည်။ သူသည် ထိုလူဝကောင်လေးကို ကြည့်ကာ ပြုံးလျက် လက်ကမ်းပေးလိုက်သည်။ "ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်။ ငါ့နာမည်က အာဒမ်ပါ။"
လူဝကောင်လေးက အာဒမ်၏လက်ကို ပြန်လည်ဆွဲနှုတ်ဆက်လိုက်သည်။ "ငါက အက်ဒဝပ် ပါ။ ဒါနဲ့ မင်းက ဒီနားက မဟုတ်ဘူး ထင်တယ်?"
"မဟုတ်ဘူး၊ ငါက ကော်မီဲယာက—" အာဒမ် ပြန်ပြောရန် ပြင်ဆင်နေစဉ်မှာပင် မှော်ဆရာ၏ အသံကြောင့် သူတို့စကားစ ပြတ်သွားသည်။
"ကဲ... အားလုံး တဲတွေထဲကို တစ်ယောက်ချင်းစီ ဝင်ကြ!" မှော်ဆရာက ညွှန်ကြားလိုက်သည်။
အက်ဒဝပ်က အာဒမ်ကို လက်မထောင်ပြလိုက်သည်။ "ဟိုဘက်မှာ ပြန်တွေ့ကြတာပေါ့။"
အာဒမ် ပြုံးလိုက်သည်။ "ကံကောင်းပါစေ!" သူသည် ဗိုက်ကလေး တုန်တုန် တုန်တုန်ဖြင့် ထွက်ခွာသွားသော လူဝကောင်လေးကို ကြည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားရင်း စိတ်ထဲမှ တွေးလိုက်မိသည်။ ‘အထက်တန်းလွှာ ကလေးတွေအားလုံးကတော့ ရိုင်းစိုင်းမောက်မာတာ တော့ မဟုတ်ဘူးပဲ...’
လူတန်းမှာ တဖြည်းဖြည်း ရှေ့သို့ တိုးလာပြီး မကြာမီ အာဒမ်၏အလှည့်သို့ ရောက်လာသည်။ သူသည် ရှေ့ကလူ စစ်ဆေးမှုပြီးဆုံးသည်ကို စောင့်နေသည်။ ခဏအကြာတွင် တဲအတွင်းမှ နက်ရှိုင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။
"နောက်တစ်ယောက်။"
အာဒမ် အသက်ကို ပြင်းပြင်းရှူကာ အတွင်းသို့ ဝင်လိုက်သည်။ တဲအတွင်းပိုင်းမှာ အပြင်က မြင်ရသည်ထက် များစွာ ကျယ်ဝန်းလှသည်။ အလယ်တွင် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေသည်။ သူသည်လည်း လေးရွက်ကလိုဗာ အမှတ်တံဆိပ်ပါသော အစိမ်းရင့်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။
"မင်း တတ်နိုင်သမျှ ဒီမှော်အင်းကွက်ရဲ့ အလယ်မှာ ရပ်နေပါ" ထိုသူက ကြမ်းပြင်ပေါ်ရှိ ပုံချပ်တစ်ခုကို လက်ညှိုးထိုးရင်း အေးစက်စွာ ပြောလိုက်သည်။ ထိုပုံမှာ အာဒမ် နားမလည်သော ဂျီဩမေတြီ ပုံသဏ္ဌာန်မျိုးစုံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
"ဟုတ်ကဲ့ပါ" အာဒမ် ခေါင်းညိတ်ကာ အင်းကွက်၏ အလယ်တည့်တည့်တွင် ရပ်လိုက်သည်။
နောက်တစ်ခဏတွင် ထိုအမျိုးသားက လက်ဟန်ခြေဟန် အချို့ ပြုလုပ်လိုက်ရာ အင်းကွက်အတွင်းရှိ ဂျီဩမေတြီ ပုံစံများနှင့် လိုင်းများမှာ တောက်ပသော လိမ္မော်ရောင်အလင်းများ ထွက်ပေါ်လာသည်။ အာဒမ် မျက်လုံးမှိတ်ကာ အင်းကွက်ပေါ်တွင် မလှုပ်မယှက် ရပ်နေလိုက်သည်။
၁ မိနစ်... ၂ မိနစ်... ၃ မိနစ်... ၄ မိနစ်...
နောက်ဆုံးတွင် အာဒမ်၏ နဖူးတွင် ချွေးစေးများ ထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှာ စတင်တုန်ရီလာသည်။ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပေါ်တွင် ဖိအားတစ်ခု သက်ရောက်နေသလို ခံစားရ၏။ သို့သော် စိတ်ဝိညာဉ်ပေါ်ရှိ ဖိအားမှာ ခန္ဓာကိုယ်ပေါ်ရှိ ဖိအားနှင့် ယှဉ်လျှင် အလွန်ပင် နည်းပါးလှသည်။ သူသည် ရေအောက် မိုင်ပေါင်း ရာချီတွင် နစ်မြုပ်နေရသကဲ့သို့ ခံစားရပြီး ထိုဖိအားမှာ သူ၏ ခန္ဓာကိုယ်ကို ခြေမွပစ်တော့မည့်အလား ခြိမ်းခြောက်နေသည်။
အာဒမ်သည် နာကျင်မှုကြောင့် အံကြိတ်ကာ အော်လိုက်သည်။ "မ... မရတော့ဘူး!"
နောက်တစ်ခဏတွင် အင်းကွက်မှ အလင်းတန်းများ ပျောက်ကွယ်သွားသည်။ ထိုသူက အင်းကွက်ကို ပိတ်လိုက်ခြင်း ဖြစ်သည်။ သူသည် အချိန်ကို စစ်ဆေးလိုက်ပြီး ခေါင်းညိတ်ပြ၏။ "ကောင်းပြီ! Grade-B အရည်အချင်းပဲ၊ သီသီလေးဆိုပေမဲ့ပေါ့။"
"ဟူး!" အာဒမ်သည် သူ၏ နဖူးမှ ချွေးများကို သုတ်ရင်း သက်ပြင်းချလိုက်သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။ ‘ငါ အောင်သွားပြီ!’
"ကဲ... ဒီဖောင်ကို ဖြည့်ပြီးတော့ နောက်ဘက်တံခါးကနေတစ်ဆင့် နောက်ထပ်တဲကို သွားပါ" ထိုသူ၏ အာဒမ်အပေါ် ထားရှိသော သဘောထားမှာ သိသိသာသာ ပြောင်းလဲကာ ရင်းနှီးဖော်ရွေသွားသည်။ သူသည် လူငယ်လေးအား စာရွက်တစ်ရွက်ကို ကမ်းပေးကာ ထွက်ပေါက်ကို ညွှန်ပြလိုက်သည်။ အာဒမ်သည် မှော်ဆရာထံမှ ကလောင်တံကို ငှားကာ အမည်အပြည့်အစုံ၊ မွေးသက္ကရာဇ်၊ မွေးရပ်မြေနှင့် အရည်အချင်းအဆင့် အစရှိသော အချက်အလက်များကို ဖြည့်စွက်လိုက်သည်။
ထို့နောက် သူသည် တဲအတွင်းမှ ထွက်လာကာ အခြားကွင်းပြင်တစ်ခုသို့ ရောက်ရှိလာသည်။ သူသည် အနီးဆုံးရှိ တဲတစ်ခုဆီသို့ သွားကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ ကလေးဦးရေမှာ ယခင်ကထက် များစွာ လျော့နည်းသွားသည်ကို တွေ့လိုက်ရသည်။
‘သတ်မှတ်ချက်က တကယ့်ကို တင်းကြပ်တာပဲ။ ကလေးထက်ဝက်လောက်က ပထမစစ်ဆေးမှုမှာတင် ပြုတ်သွားပုံရတယ်’
အမှန်တကယ်လည်း ကလေး ၅၅ ရာခိုင်နှုန်းခန့်သာ ပထမစစ်ဆေးမှုကို အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ဤအရေအတွက်မှာ နောက်ထပ် စစ်ဆေးမှုများတွင် ဆက်လက် လျော့နည်းသွားဦးမည် ဖြစ်သည်။
"ဝင်ခဲ့ပါ။"
အမျိုးသမီးတစ်ဦး၏ အသံမှာ တဲအတွင်းမှ ထွက်ပေါ်လာသည်။
အာဒမ် အတွင်းသို့ ဝင်လိုက်သောအခါ ဤတဲမှာ ယခင်တဲထက် များစွာ သေးငယ်သည်ကို တွေ့ရသည်။ အလယ်တွင် ရိုးရှင်းသော သစ်သားစားပွဲတစ်ခုနှင့် ကုလားထိုင်နှစ်လုံး ရှိသည်။ ဝိုင်နီရောင် ဆံပင်နှင့် အမျိုးသမီးငယ်တစ်ဦးမှာ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ့ကို ပြုံးလျက် ကြည့်နေသည်။
"မင်းရဲ့ ဖောင်ကို ပေး။"
"ဪ... ဟုတ်ကဲ့!" အာဒမ်သည် လက်နှစ်ဖက်ဖြင့် ဖောင်ကို အမြန်ကမ်းပေးလိုက်ပြီး မတ်တပ်ရပ်နေဆဲ ဖြစ်သည်။
"ထိုင်ပါ" အမျိုးသမီးက ဖောင်ကို ယူလိုက်ရင်း ညင်သာစွာ ပြောလိုက်သည်။
အာဒမ်သည် ဤစစ်ဆေးမှုမှာ ဘာဖြစ်မည်ကို တွေးရင်း ကုလားထိုင်ပေါ်တွင် စိုးရိမ်တကြီး ထိုင်လိုက်စဉ်မှာပင် ထိုအမျိုးသမီးက သာယာသော လေသံဖြင့် ပြောလာသည်။ "Grade-B အရည်အချင်းလား? တကယ် အံ့သြဖို့ကောင်းတာပဲ အာဒမ်။ ကဲ... အခု ဝေဖန်ပိုင်းခြားနိုင်စွမ်း စစ်ဆေးမှုကို စတင်ရအောင်။"
အမျိုးသမီးက သူမ၏ လက်ချောင်းများကို တောက်တစ်ချက် ခေါက်လိုက်ရာ လှပသော ဂျီဩမေတြီ ပုံစံတစ်ခုမှာ အာဒမ်၏ ရှေ့ တည့်တည့်တွင် ပေါ်လာသည်။ သို့သော် ထိုပုံစံမှာ မပြည့်စုံပေ။ မျဉ်းကြောင်းများ၊ ထောင့်များနှင့် အချို့သော အစိတ်အပိုင်းများ လိုအပ်နေသည်။
"ဒီ ဂျီဩမေတြီ မော်ဒယ်ကို ပြည့်စုံအောင် ဖြည့်စွက်ပေးပါ။"
"ဒါ... ဒါကို ကျွန်တော် ဘယ်လို ဖြည့်ရမှာလဲ?" အာဒမ် စိုးရိမ်တကြီး မေးလိုက်သည်။ သူသည် ဘာလုပ်ရမှန်း လုံးဝ မသိဖြစ်နေသည်။
အမျိုးသမီးက ပြုံးလိုက်ရင်း..."အဲဒါက ဒီစမ်းသပ်မှုရဲ့ အဓိကအချက်ပဲပေါ့။"