တောင်ဘက်ရပ်ကွက်ရှိ ကျောက်သားအဆောက်အဦးများနှင့် စိမ်းလန်းသော သစ်ပင်များကို ကျော်လွန်လျှင် မြောက်ဘက်ရပ်ကွက်နှင့် ဆက်သွယ်ထားသော မှော်တံတားကြီးတစ်ခု ရှိသည်။ နေဝင်သွားပြီဖြစ်သဖြင့် ကောင်းကင်ယံမှာ ကတ္တီပါရောင် အမှောင်ထု လွှမ်းနေပြီ ဖြစ်သည်။ ဆယ်လင်းနှင့် လူနာ ဟုခေါ်သော အမြွှာလမင်းနှစ်စင်းမှာ ကောင်းကင်ယံတွင် မြင့်မားစွာ ပေါ်ထွန်းလာပြီး အောက်ဘက်ရှိ မြေပြင်ကို ထူးဆန်းသော အလင်းရောင်များဖြင့် လွှမ်းခြုံထားသည်။
လမင်းတံတားမှာ လမင်းမြို့တော်၏ အထင်ရှားဆုံး အမှတ်အသားဖြစ်ပြီး အမြွှာလမင်း၏ အလှကို ရောင်ပြန်ဟပ််ကာ တောက်ပနေသည်။ အာဒမ်သည် သူ၏ ဝရန်တာမှနေ၍ ဤရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ကြည့်ရင်း အံ့သြမဆုံး ဖြစ်နေမိသည်။
“တကယ် လှတာပဲ!” တံတားကြီးမှာ ရေတွက်မကုန်နိုင်သော ကြယ်ပွင့်လေးများဖြင့် ပြုလုပ်ထားသည့်အလား ထင်မှတ်ရသည်။ အာဒမ်သည် သူ၏ ဘဝတွင် ဤမျှ ခမ်းနားထူးခြားသည့်အရာကို တစ်ခါမှ မမြင်ဖူးပေ။ သူသည် မိနစ်အနည်းငယ်ကြာ ငေးကြည့်နေပြီးနောက် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ "မှော်လောကက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ..."
သူသည် အခန်းထဲသို့ ပြန်ဝင်ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် သူ၏ ဘယ်ဘက်လက်မောင်းမှ သွေးစွန်းနေသော ပတ်တီးကို နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ရင်း ဖြည်းဖြည်းချင်း ဖြည်လိုက်သည်။ ဆက်လက်၍ အနာကျက်ဆေးရည်ကို ထုတ်ကာ အဆို့ကိုဖွင့်ပြီး တစ်ကျိုက်တည်းနှင့် သောက်ချလိုက်တော့သည်။ ချိုမြိန်သော အရသာက ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီးနောက် ခါးသက်သက် အရသာက လိုက်လာသည်။
မိနစ်ပိုင်းအတွင်းမှာပင် သူ၏ ဘယ်ဘက်လက်မောင်းတွင် တစ်စက္ကန့်ထက် တစ်စက္ကန့် ပို၍ ယားယံလာသော ခံစားချက်ကို ခံစားလိုက်ရသည်။ အာဒမ်သည် ဒဏ်ရာရထားသော လက်မောင်းကို အာရုံစိုက်ရင်း အံကြိတ်ထားလိုက်သည်။ တဖြည်းဖြည်းချင်း အရိုးများ ပြန်ဆက်လာပြီး အကြောများနှင့် ကြွက်သားများမှာလည်း ပြန်လည် နဂိုအတိုင်း ဖြစ်လာသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် အရေပြားမှာလည်း အသစ်ပြန်ဖြစ်လာတော့သည်။ ခဏချင်းအတွင်းမှာပင် တစ်သက်လုံး ဒုက္ခိတဖြစ်သွားနိုင်သည့် သူ၏ လက်မောင်းမှာ လုံးဝ ဥဿုံ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။
“တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားစေနိုင်တဲ့ ဒဏ်ရာက မိနစ်ပိုင်းအတွင်းမှာ ပျောက်သွားတာပဲ!” အာဒမ်သည် ယခင်က ဒဏ်ရာရခဲ့သော လက်မောင်းကို လှုပ်ရှားကြည့်ရင်း မျက်လုံးများ တောက်ပနေသည်။ ဆေးရည်၏ အစွမ်းကို စမ်းသပ်ပြီးနောက် သူသည် ရေချိုးခန်းသို့သွားကာ အကြာကြီး ရေချိုးလိုက်သည်။ ထို့နောက် ကုကုတင်ပေါ်သို့ တက်ကာ ခုန်ပေါက်ကြည့်နေမိသည်။
“တကယ့်ကို အိစက်ညက်ညောပြီး... ခမ်းနားတာပဲ၊ ဟားဟား!” သူသည် ခဏမျှ ကလေးတစ်ယောက်လို ဆော့ကစားပြီးနောက် ကုတင်ပေါ်တွင် လှဲချလိုက်ကာ သစ်သားမျက်နှာကျက်ကို စိုက်ကြည့်နေမိသည်။ “နောက် ခုနစ်ရက်ဆို စာမေးပွဲ စတော့မယ်။ အကယ်ဒမီကို တက်ဖို့ ငါ မစောင့်နိုင်တော့ဘူး!” အာဒမ်သည် အတွေးပေါင်းစုံဖြင့် နောက်ဆုံးတွင် အိပ်ပျော်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ပတ်ကုန်ဆုံးသွားခဲ့ပြီး ကလိုဗာ အကယ်ဒမီ၏ ဝင်ခွင့်စာမေးပွဲနေ့သို့ ရောက်ရှိလာခဲ့ပြီ။ အာဒမ်သည် စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် တောင်ဘက်ရပ်ကွက်၏ လူစည်ကားလှသော ကျောက်သားလမ်းမများပေါ်တွင် လျှောက်လှမ်းလာသည်။ သူသည် အဖြူရောင် အနားသတ်များပါသော အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ အင်္ကျီလက်များကို တံတောင်ဆစ်အထိ လိပ်တင်ထားသဖြင့် သူ၏ သန်မာသော လက်မောင်းများကို မြင်တွေ့နေရသည်။ အဖြူရောင် ဝါဂွမ်းဘောင်းဘီနှင့် အနက်ရောင် ဝါးဖိနပ်တို့ကိုလည်း ဝတ်ဆင်ထားသည်။ သူ၏ ဝတ်စုံမှာ သပ်ရပ်သော်လည်း အကြိမ်ကြိမ် လျှော်ဖွတ်ထားသဖြင့် အတော်လေး ဟောင်းနွမ်းနေပြီ ဖြစ်သည်။
သူ၏ကတ္တရာစေးကဲ့သို့ နက်မှောင်သော အနက်ရောင်ဆံပင်မှာ အလယ်ခွဲထားပြီး ဇာတိမြို့မှ ထွက်လာကတည်းက အတော်လေး ရှည်လာသဖြင့် ပုခုံးအထိ ရောက်နေပြီ ဖြစ်သည်။ ရှာမန်းတည်းခိုခန်းမှ အကယ်ဒမီအထိမှာ မီတာ ရာဂဏန်းခန့်သာ ဝေးသည်။ မကြာမီမှာပင် အာဒမ်သည် စကျင်ကျောက် မုခ်ဦးဝင်ပေါက်ကြီးကို လှမ်းမြင်လိုက်ရသည်။ ဤသည်မှာ အကယ်ဒမီ၏ အဝင်ဝပင်။ သို့သော်လည်း မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ မှင်တက်သွားရ၏။
“လူတွေ အများကြီးပဲ!” သူ အံ့သြတကြီး ရေရွတ်လိုက်မိသည်။
ရာပေါင်းများစွာသော ကလေးများသည် အကယ်ဒမီ အဝင်ဝတွင် စနစ်တကျ တန်းစီနေကြသည်။ အကြမ်းဖျင်း တွက်ကြည့်လျှင်ပင် ကလေး ၅၀၀ ခန့် ရှိနေပြီ ဖြစ်သည်။ ‘နိုက်တင်ဂေးလ် ဘုရင့်နိုင်ငံတင်မကဘဲ တောင်ပိုင်းဖက်ဒရေးရှင်းရဲ့ တခြားနိုင်ငံတွေက ကလေးတွေပါ အကယ်ဒမီတက်ဖို့ ရောက်လာကြပုံပဲ’ ဟု အာဒမ် စိတ်ထဲမှ တွေးရင်း တန်းစီနေသော လူတန်း၏ အဆုံးသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။
“ဟေ့... အားလုံး ဒီကောင့်ကို ကြည့်စမ်း!”
“သူ့ကိုယ်သူ ဘယ်နေရာရောက်နေတယ် ထင်နေတာလဲ?”
“ဟားဟား၊ တကယ့် လူပြက်ပဲ။ သူ လမ်းမှားလာတာလား?”
“လယ်တောထဲပဲ ပြန်သွားစမ်းပါ လယ်သမားလေးရဲ့!”
အနီးနားရှိ ကလေးများသည် တန်းစီနေသော အာဒမ်ကို မြင်သောအခါ လှောင်ပြောင်ကြတော့သည်။ အာဒမ် ဝတ်ထားသော အဝတ်အစားများမှာ သန့်ရှင်းသော်လည်း အရည်အသွေး အလွန်ညံ့ဖျင်းသည်မှာ သိသာလှသည်။ ထို့ကြောင့် သူသည် ဤနေရာနှင့် လုံးဝ မအပ်စပ်သူကဲ့သို့ ဖြစ်နေသည်။
အာဒမ်ကမူ သူတို့ကို ဂရုမစိုက်ဘဲ လက်ပိုက်ကာ မျက်လုံးမှိတ်လျက် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ သူတစ်ပါး၏ ရိုင်းစိုင်းသော စကားများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း လောလောဆယ်တွင် သူတို့နှင့် စကားနိုင်လုရန် ဆန္ဒမရှိချေ။ သူ၏ အာရုံအားလုံးမှာ စာမေးပွဲပေါ်တွင်သာ ရှိသည်။
အာဒမ်၏ ရှေ့တည့်တည့်တွင် ရပ်နေသော မှဲ့ခြောက်အပြည့်နှင့် လူငယ်လေးတစ်ဦးမှာ အာဒမ်ကို မြင်သောအခါ နောက်ပြောင်ချင်စိတ် ပေါ်လာသည်။ သူသည် လှည့်ကြည့်ကာ အာဒမ်ကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ “ဟေ့... ဆင်းရဲသားလေး။ မင်း နွားကျောင်းဖို့ပဲ သွားသင့်တာ မဟုတ်ဘူးလား?”
ထိုစကားကြောင့် အခြားကလေးများမှာ ဟားတိုက် ရယ်မောကြတော့သည်။ သို့သော် အာဒမ်မှာ တည်ငြိမ်နေဆဲပင်။ ၎င်းကို မြင်သောအခါ ထိုလူငယ်မှာ အနည်းငယ် စိတ်တိုသွားသည်။ သူသည် အာဒမ်၏ ပုခုံးကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်ပြီး ထပ်ပြောလိုက်သည်။ “ဒီကောင်... ငါပြောတာ မကြားဘူးလား? ပြန်သွားတော့လို့—”
သို့သော် သူ၏ စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် တစ်သွားသည်။ အာဒမ်သည် ချောက်နက်ကြီးကဲ့သို့ နက်မှောင်သော သူ၏ မျက်လုံးအစုံကို ဖွင့်ကာ ထိုကောင်လေးကို စိုက်ကြည့်လိုက်သည်။
“ထွက်သွားစမ်း!”
မှဲ့ခြောက်နှင့် ကောင်လေးမှာ ဒူးများ တုန်သွားပြီး နောက်သို့ အနည်းငယ် ခြေချော်သွားသည်။ သူ၏ နဖူးတွင် ချွေးစေးများ ထွက်လာတော့သည်။ အာဒမ်၏ မျက်လုံးများကို ကြည့်လိုက်ရချိန်တွင် သူ၏ ခေါင်းမှာ အကြောင်းပြချက်မရှိဘဲ နာကျင်လာသလို ခံစားလိုက်ရသည်။ ၎င်းက သူ့ကို ရင်ထဲအထိ ထိတ်လန့်သွားစေသည်။ သူသည် အာဒမ်နှင့် မျက်လုံးချင်း မဆုံရဲတော့ဘဲ ထိုနေရာမှ ချက်ချင်း ပြေးထွက်သွားတော့သည်။ သူသည် အာဒမ်နှင့် ဝေးရာ လူတန်း၏ အဆုံးသို့ သွား၍ ရပ်နေတော့သည်။
ကျန်ရှိသော ကလေးများမှာ ဘာဖြစ်သွားမှန်း မသိဘဲ မှင်တက်နေကြသည်။ ထိုမှဲ့ခြောက်နှင့် ကောင်လေးမှာ သူရဲဘောကြောင်သူတစ်ဦးဟုသာ သူတို့ ထင်မှတ်လိုက်ကြ၏။ သို့သော်လည်း ဤဖြစ်ရပ်ပြီးနောက် မည်သူကမျှ အာဒမ်ကို ထပ်မနှောင့်ယှက်ရဲကြတော့ပေ။
လွန်ခဲ့သော တစ်ပတ်အတွင်း အာဒမ်သည် ဝိညာဉ်များကို စားသုံးခြင်းနှင့် ဆေးပင်ပညာ ဗဟုသုတများကို လေ့လာခြင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။ သေးငယ်သော အလင်းစက်ပေါင်းများစွာကို စားသုံးပြီးနောက် သူ၏ ဝိညာဉ်မှာ အလွန်အမင်း သန်မာလာခဲ့ပြီဖြစ်သည်။ အာဒမ်၏ ဝိညာဉ်မှာ တစ်ခါတစ်ရံတွင် အလွန်သေးငယ်သော ဖိအား များကို ထုတ်လွှတ်နိုင်သည်။ ထိုမှဲ့ခြောက်နှင့် ကောင်လေး အာဒမ်၏ မျက်လုံးများကို ကြည့်လိုက်ချိန်တွင် ဖြစ်သွားခဲ့သည့် အရာမှာလည်း ၎င်းပင် ဖြစ်သည်။ ထိုကောင်လေး၏ ဝိညာဉ်မှာ အာဒမ်၏ ဝိညာဉ်မှ ထွက်ပေါ်လာသော ဖိအားကို မခံနိုင်ဘဲ တုန်လှုပ်သွားခြင်း ဖြစ်သည်။
အမှန်စင်စစ် အာဒမ်၏ ဝိညာဉ်သန်မာမှုမှာ အဆင့် ၁မှော်ဆရာ ဖြစ်ကာစ လူတစ်ဦး၏ ဝိညာဉ်နီးပါး သန်မာနေပြီ ဖြစ်သည်။ သို့သော်လည်း အဖြူရောင်ကြာပန်း၏ ဟင်းလင်းပြင်ထဲတွင် ဝိညာဉ်ပေါင်းများစွာကို စားသုံးပြီးနောက်တွင် သူသည် ဗိုက်ပြည့်လာသလို ခံစားနေရသည်။ မကြာမီမှာပင် သူသည် အလင်းစက်များကို ထပ်မံစားသုံး၍ မရတော့သည့် အခြေအနေတစ်ခုသို့ ရောက်ရှိတော့မည်ဟု သူ သံသယဝင်နေမိသည်။ ထိုသို့ ဖြစ်လာပါက သူ ဘာဆက်လုပ်ရမည်ကိုမူ သူ မသိသေးပေ။
မကြာမီမှာပင် အင်္ကျီလက်တွင် လေးရွက်ကလိုဗာ အမှတ်တံဆိပ်ပါသော အစိမ်းရင့်ရောင် ဝတ်စုံရှည်များကို ဝတ်ဆင်ထားသည့် လူတစ်စုမှာ အကယ်ဒမီအတွင်းမှ ထွက်လာပြီး ကလေးများ၏ ရှေ့တွင် ရပ်လိုက်ကြသည်။ ထိုအုပ်စု၏ အလယ်တွင်ရှိသော အဘိုးကြီးတစ်ဦးက ကျယ်လောင်စွာ ကြေညာလိုက်သည်။
“ကလိုဗာ အကယ်ဒမီရဲ့ ဝင်ခွင့်စာမေးပွဲကို အခုပဲ စတင်ပါမယ်။ အားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ!”