“ဟီးဟီး၊ မင်းပုံစံက ထင်သလောက်တော့ မအဖူးဘဲ။” ဂနုမ်းအဘိုးကြီးက ပြုံးစိစိဖြင့် ပြောလိုက်သည်။ “ဒီအနာကျက်ဆေးရည်အတွက် အလဲအလှယ်အနေနဲ့... မင်းကို ဆေးဖက်ဝင်အပင်ပညာသင်ပေးတဲ့ ဆရာနဲ့ ငါ့ကို မိတ်ဆက်ပေးစေချင်တယ်။”
ဂနုမ်း၏ အမြင်တွင် အာဒမ် ယခုလေးတင် လုပ်ဆောင်သွားသော အပြုအမူမျိုးမှာ တစ်ဘဝလုံး စိတ်နှစ်ပြီး လေ့ကျင့်မှသာ တတ်မြောက်နိုင်သည့် အရာဖြစ်သည်။ ဆေးရည်ထဲတွင် ပါဝင်သော ပစ္စည်းများကို တစ်ချက်ကြည့်ရုံ၊ တစ်ချက်နမ်းရုံဖြင့် ခွဲခြားနိုင်ခြင်းမှာ အလွန်မလွယ်ကူလှပေ။ ၎င်းမှာလည်း မှော်စွမ်းအင်မရှိသော သာမန်လူတစ်ယောက်အနေနှင့်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ!
ထို့ကြောင့် အာဒမ်ကို သင်ကြားပေးခဲ့သော မှော်ဆရာမှာ ထူးခြားပြောင်မြောက်သည့် ဆေးပင်ပညာရှင်တစ်ဦး ဖြစ်ရမည်ဟု ဂနုမ်းက ယုံကြည်သွားသည်။ ထို့ပြင် အာဒမ်ကိုယ်တိုင်မှာလည်း ဤပညာရပ်တွင် ပါရမီပါလွန်းသည့် ပါရမီရှင်တစ်ဦး ဖြစ်ရမည်။ မှော်ဆရာမဖြစ်ခင်ကတည်းက ဤမျှ အံ့အားသင့်ဖွယ် စွမ်းဆောင်နိုင်လျှင်၊ မှော်ဆရာလမ်းစဉ်ကို အမှန်တကယ် လျှောက်လှမ်းပြီး ဆေးရည်များ စတင်ဖော်စပ်ချိန်တွင် မည်မျှအထိ ဖြစ်လာမည်နည်း?
ဂနုမ်းအနေဖြင့် အာဒမ်၏ဆရာကို တွေ့ချင်ရသည့် အကြောင်းရင်းမှာလည်း ရိုးရှင်းပါသည်။ ဗဟုသုတကို ရှာဖွေလိုခြင်းပင်! မှော်ဆရာလောကတွင် ဆေးပင်ပညာရှင်နှင့် လက်မှုပညာရှင် များမှာ အလွန်ရှားပါးလှသည်။ ထို့ကြောင့် ဂနုမ်းသည် အခြားသော ပညာရှင်တစ်ဦးနှင့် တွေ့ဆုံကာ ဗဟုသုတများ ဖလှယ်နိုင်မည့် အခွင့်အရေးကို လက်လွတ်မခံလိုခြင်း ဖြစ်သည်။
‘ဟင်? ကျွန်တော့်ရဲ့ ဆေးပင်ပညာဆရာ? အဲဒါ ဘယ်သူလဲ ငါတောင် မသိပါလား...’ အာဒမ်မှာ ဂနုမ်းအဘိုးကြီး ဘယ်လိုတွေ တွေးပြီး ဒီလို ကောက်ချက်ချလိုက်သလဲဆိုသည်ကို စဉ်းစားရင်း ကြောင်တောင်တောင်ကြီး ရပ်နေမိသည်။
ဖောက်!
ဂနုမ်းသည် သူ၏ ဆေးတံဖြင့် အာဒမ်၏ နဖူးကို ထပ်မံ ထုလိုက်ပြန်သည်။ “အရူးလို ငေးမနေနဲ့၊ ပြန်ဖြေစမ်း ကောင်လေး!”
“အား!” အာဒမ်သည် ရောင်ကိုင်းလာသော သူ၏နဖူးကို ပွတ်လိုက်ရသည်။ သူသည် မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ဂနုမ်းကို ကြည့်ကာ... “ကျွန်တော် အဲဒီအလဲအလှယ်ကို သဘောမတူနိုင်လို့ပါ... ဘာလို့လဲဆိုတော့...”
“ဘာလို့လဲ?” ဂနုမ်းက စိတ်မရှည်စွာ မေးလိုက်သည်။
အာဒမ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လွယ်လွယ်ကူကူပင် လိမ်ညာလိုက်တော့သည်။ “ဘာလို့လဲဆိုတော့... ကျွန်တော့်ဆရာက ထွက်သွားတာ ကြာပြီမို့လို့ပါ။”
“ထွက်သွားပြီ?” ဂနုမ်း မျက်မှောင်ကြုတ်သွားသည်။ “ဘာကို ဆိုလိုတာလဲ?”
အာဒမ်သည် အတိတ်ကို ပြန်လည်အမှတ်ရနေသည့် ပုံစံမျိုး ဖမ်းလိုက်ပြီး... “လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပေါ့။ အဲဒီနေ့က ကောင်းကင်မှာ မိုးတိမ်မည်းတွေ ဖုံးလွှမ်းနေပြီး မိုးသည်းသည်းထန်ထန် ရွာတော့မယ့် အရိပ်အယောင်တွေနဲ့—"
ဖောက်!
“ငါ့စိတ်ရှည်မှုကို လာမစမ်းနဲ့ ကောင်လေး!” ဂနုမ်းအဘိုးကြီးက အာဒမ်၏နဖူးကို ထပ်ထုရင်း အော်ဟစ်လိုက်သည်။ “လိုရင်းကိုပဲ ပြောစမ်း!”
“ဟုတ်... ဟုတ်ကဲ့ပါ” အာဒမ်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်ကာ ရိုရိုးသေသေပင် ရှင်းပြလိုက်တော့သည်။ “အမှန်တကယ်ကတော့ ကျွန်တော် အသက် ဆယ်နှစ်သားတုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့ရတာပါ။ သူမ ပြန်လည် ကျန်းမာလာတဲ့အထိ ကျွန်တော် ရက်ပေါင်းများစွာ ပြုစုပေးခဲ့ပါတယ်။
ကျေးဇူးဆပ်တဲ့အနေနဲ့ သူမက ကျွန်တော့်ကို သူမသိသမျှ ဆေးပင်ပညာ ဗဟုသုတတွေ သင်ပေးခဲ့သလို၊ ကျွန်တော့်မှာ မှော်ပညာသင်ယူနိုင်တဲ့ ပါရမီ ရှိ၊ မရှိကိုလည်း စမ်းသပ်ပေးခဲ့ပါတယ်။
သူမ ဒဏ်ရာအနာတရတွေ အကုန်သက်သာဖို့ နှစ်အနည်းငယ် ကြာခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာ သူမက ကျွန်တော့်ကို ဆေးပင်ပညာနဲ့ ပတ်သက်တဲ့ စာတွေ့ဗဟုသုတတွေ အကုန်သင်ပေးခဲ့သလို၊ သူမရဲ့ စမ်းသပ်ချက်တွေမှာလည်း ကူညီခိုင်းရင်း ဆေးရည်ဖော်စပ်တဲ့ အတွေ့အကြုံတွေကိုပါ လက်ဆင့်ကမ်းပေးခဲ့တာပါ။
သူမ လုံးဝ ကျန်းမာသွားတဲ့အခါမှာတော့ အဝေးတစ်နေရာကို ထွက်သွားခဲ့ပါတယ်။ ဘယ်ကိုလဲဆိုတာတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ မထွက်သွားခင်မှာ သူမက ကျွန်တော့်ကို ကလိုဗာ အကယ်ဒမီကို တက်ဖို့ အကြံပေးသွားခဲ့တာပါ”
အာဒမ်သည် ဂနုမ်းကို မျက်တောင်မခတ် စိုက်ကြည့်ရင်း အလွန်လှပဆန်းပြားသော လိမ်လည်မှုပုံပြင်တစ်ပုဒ်ကို ဖန်တီးပြောဆိုလိုက်သည်။ အမှန်စင်စစ် ဤပုံပြင်ထဲတွင် အမှန်တရား အချို့လည်း ရောနှောနေပါသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ၏ဇာတိမြို့တွင် လေလွင့်မှော်ဆရာမတစ်ဦးနှင့် တွေ့ဆုံခဲ့သည်မှာ အမှန်ပင်။ သူမက သူ့ကို မှော်စွမ်းအင် စမ်းသပ်ပေးခဲ့ပြီး ကလိုဗာ အကယ်ဒမီသို့ တက်ရောက်ရန် လမ်းညွှန်ပေးခဲ့သည်မှာလည်း အမှန်တရားဖြစ်သည်။ သို့သော် ကျန်သည့်အကြောင်းအရာများမှာမူ... လုံးဝ ဇာတ်လမ်းဆင်ထားခြင်းသာ!
“အင်း...” ဂနုမ်းသည် သူ၏ မုတ်ဆိတ်ဖြူကြီးကို ပွတ်သပ်ရင်း ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။ “ဒါဆိုရင် မင်းရဲ့ ကြင်နာတတ်တဲ့ စိတ်ထားကြောင့်ပဲ မင်းက မှော်ဆရာလမ်းစဉ်ပေါ် ရောက်လာခဲ့တာပေါ့လေ?”
“ဟုတ်ကဲ့ပါ ဆရာ” အာဒမ် ခေါင်းညိတ်ပြလိုက်သည်။
“ပြီးတော့ မင်းက ဆေးပင်ပညာမှာလည်း ပါရမီပါပုံရတယ်” ဂနုမ်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ခဏအကြာတွင် အာဒမ်၏ဆရာကို မတွေ့နိုင်တော့သဖြင့် ဂနုမ်းမှာ စိတ်ပျက်သွားဟန်ဖြင့် ကောင်တာဆီသို့ ပြန်သွားကာ စာအုပ်တစ်အုပ်ကို ဖတ်နေတော့သည်။ “ကဲ... ဒီလိုဆိုရင်လည်း ဘာမှမတတ်နိုင်ဘူးပေါ့။ ပလက်တီနမ်ဒင်္ဂါး ၅ ပြားပေး၊ ဒီဆေးရည်က မင်းအပိုင်ပဲ။”
“နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလားဟင်?” အာဒမ်က တိုးတိုးလေး မေးလိုက်သည်။
ခရီးစဉ်အတွင်း ကလေးအချို့ဆီမှ သူ ခြိမ်းခြောက်ငွေညှစ်ထားသမျှမှာ စုစုပေါင်း ပလက်တီနမ်ဒင်္ဂါး ၁၃ ပြား၊ ရွှေဒင်္ဂါး ၃၂၃ ပြားနှင့် ငွေဒင်္ဂါး၊ ကြေးဒင်္ဂါး အနည်းငယ်သာ ရှိသည်။ အကယ်ဒမီ ဝင်ခွင့်ကြေးမှာ ပလက်တီနမ်ဒင်္ဂါး ၁၀ ပြား ပေးရမည်ဟု သူ သိထားသဖြင့် ယခု ပလက်တီနမ်ဒင်္ဂါးများကို မသုံးဝံ့ပေ။ ထို့အပြင် ပလက်တီနမ်မှာ အလွန်ရှားပါးပုံရပြီး ဂျက်ဖရီ တစ်ယောက်တည်း၌သာ ရှိခြင်းဖြစ်သည်။ အာဒမ်၏ ဇာတိမြို့တွင်မူ ငွေဒင်္ဂါးမှာ အမြင့်ဆုံးဖြစ်ပြီး ပလက်တီနမ်အကြောင်းကိုပင် မကြားဖူးချေ။
အာဒမ် အရှက်မရှိ ဈေးဆစ်နေသည်ကို မြင်သောအခါ ဂနုမ်းက အော်လိုက်သည်။ “အခုချက်ချင်း ထွက်သွားစမ်း!”
“စ... စိတ်လျှော့ပါ ဆရာ၊ စိတ်မဆိုးပါနဲ့။” အာဒမ်သည် ရင်နာနာဖြင့် ရွှေဒင်္ဂါး ၅၀ ကို ထုတ်ယူကာ ဂနုမ်းအား ပေးလိုက်သည်။ “ရော့... ရပါပြီ။”
“ဟွန်း! ကပ်စေးနှဲကောင်လေး” အာဒမ်၏ ဖောင်းကားနေသော ငွေအိတ်ကို ကြည့်ကာ ဂနုမ်းက နှာခေါင်းရှုံ့လိုက်သည်။ အာဒမ်သည် ဆေးရည်ပုလင်းကို ယူကာ အိတ်ကပ်ထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီးနောက် "ကျေးဇူးတင်ပါတယ် ဆရာ၊ နောက်မှတွေ့ကြတာပေါ့!" ဟု နှုတ်ဆက်ကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။
အာဒမ် ထွက်သွားပြီးနောက် ဂနုမ်းအဘိုးကြီး၏ မျက်နှာပေါ်ရှိ စိတ်တိုနေသော ပုံစံမှာ ပျောက်ကွယ်သွားပြီး အပြုံးနုနုလေးတစ်ခု ပေါ်လာသည်။ “တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ။”
“ရှာမန်း တည်းခိုခန်းကနေ ကြိုဆိုပါတယ်။ ဘာကူညီပေးရမလဲရှင်?”
အဖြူရောင် ဝတ်စုံပေါ်တွင် အစိမ်းရောင် ပန်းထိုးများ ပါရှိသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ရွှေရောင်ဆံပင်နှင့် အမျိုးသမီးငယ်လေးတစ်ဦးက အာဒမ်ကို ပြုံးရွှင်စွာဆီးကြို နှုတ်ဆက်လိုက်သည်။ သူမသည် အရည်အသွေးမြင့် သစ်သားဖြင့် ပြုလုပ်ထားသော ဧည့်ကြိုကောင်တာနောက်တွင် ရပ်နေခြင်း ဖြစ်သည်။
ဂနုမ်း၏ ဆိုင်မှ ထွက်လာပြီးနောက် အာဒမ်သည် မှော်ဆရာ အဲလက်စ် ညွှန်းဆိုခဲ့သော တည်းခိုခန်းသို့ တိုက်ရိုက် လာခဲ့ခြင်း ဖြစ်သည်။ မှောင်စပြုနေပြီဖြစ်သဖြင့် အပြင်မှာ ဆက်မနေချင်တော့ပေ။
“အခန်းတစ်ခန်း လိုချင်ပါတယ်။ တစ်ပတ်စာအတွက်ပါ” အာဒမ်က လိုရင်းကိုသာ ပြောလိုက်သည်။
“အကယ်ဒမီ ဝင်ခွင့်စာမေးပွဲ ဖြေမယ့် ကျောင်းသားလားရှင်?”
“ဟုတ်ပါတယ်။” အာဒမ် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါရှင်! လျှော့စျေးနဲ့ဆိုရင် စုစုပေါင်း ငွေဒင်္ဂါး ၁၀ ပြားနဲ့ ကြေးဒင်္ဂါး ၅၀ ကျသင့်ပါမယ်ရှင်။”
“ဈေး... ဈေးကြီးလိုက်တာ!” အာဒမ် လွှတ်ခနဲ ပြောမိသွားသည်။ အမျိုးသမီးငယ်မှာ သူမ၏ အပြုံးကို မပျက်အောင် အားတင်းထားရင်း မျက်တောင်လေးများပင် ခတ်သွားရသည်။ ‘ဒီလို လူဆင်းရဲပုံစံနဲ့ကောင်လေး ဘယ်ကနေ ရောက်လာတာပါလိမ့်’ ဟုပင် တွေးမိသွားသည်။ သို့သော်လည်း သူမက ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်သည် -
“ဒါက အဆင့်မြင့် တည်းခိုခန်းပါရှင်။ ကျသင့်ငွေထဲမှာ တစ်နေ့ သုံးနပ်စာ အဆင့်မြင့် စားသောက်စရိတ်တွေလည်း ပါဝင်ပြီးသားပါ။ အကယ်ဒမီ ကျောင်းသား လျှော့စျေးသာ မရဘူးဆိုရင် အခုထက် သုံးဆပိုပေးရမှာပါရှင်။”
‘နေခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ!’ အာဒမ် စိတ်ထဲမှ အော်ဟစ်လိုက်မိသည်။ သို့သော်လည်း သူသည် ပိုက်ဆံကို ထုတ်ကာ အပြည့်အဝ ပေးချေလိုက်သည်။ အချက်အလက်များ ဖြည့်စွက်ပြီးနောက် အာဒမ်နှင့် အသက်မကွာသော အနက်ရောင်ဝတ်စုံနှင့် ကောင်လေးတစ်ဦးက သူ့ကို အခန်းဆီသို့ လိုက်ပို့ပေးသည်။
“ဒီဘက်ကပါ ခင်ဗျာ။” အာဒမ်သည် ထိုကောင်လေးနောက်သို့ လိုက်ရင်း အဆောက်အဦး၏ အလယ်ရှိ သစ်ပင်ကြီး တည်ရှိရာ ကျယ်ဝန်းသော ရင်ပြင်ကြီးထဲသို့ ရောက်ရှိလာသည်။ အာဒမ် အလွန်အမင်း အံ့သြသွားရသည်မှာ လူများသည် ထိုသစ်ပင်ကြီး၏ အတွင်းပိုင်းတွင် နေထိုင်နေကြခြင်း ဖြစ်သည်။ ကောင်လေးသည် အာဒမ်ကို သစ်ပင်၏ ပင်စည် အလယ်ပိုင်းရှိ အခန်းတစ်ခုသို့ ပို့ဆောင်ပေးကာ ရိုသေစွာ ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
“ဝါး!” အာဒမ်သည် သူ၏ အခန်းကို ကြည့်ကာ မျက်လုံးများ တောက်ပသွားသည်။ “ဒီနေရာက တကယ့်ကို ခမ်းနားတာပဲ။” သူသည် အခန်းကို အချိန်ယူကာ စူးစမ်းကြည့်သည်။ နောက်ဆုံးတွင် ဝရန်တာသို့ ထွက်ကာ ပြင်ပမြင်ကွင်းကို ကြည့်လိုက်ရာ... ထိတ်လန့်မှုကြောင့် သူ၏မျက်လုံးများ ပြူးကျယ်သွားတော့သည်!