သူ့ထံသို့ ဟက်ခနဲ ပြေးဝင်လာသော ကြောက်မက်ဖွယ် ပါးစပ်ကြီးကို မြင်လိုက်ရသဖြင့် အာဒမ်မှာ ကြောက်လန့်တကြား အေးခဲသွားရသည်။ ဤအရာမှာ လုံးဝကို မထင်မှတ်ထားသော အခြေအနေပင်။ တစ်ခဏချင်းမှာပင် အတွေးပေါင်းစုံ သူ၏ခေါင်းထဲသို့ ရောက်လာသည်။ ‘ဒီသားရဲက ငါ့ကို ဘာလို့ တိုက်ခိုက်တာလဲ? မြို့ထဲမှာ လူသတ်တာ တားမြစ်ထားတယ် မဟုတ်လား? ဒါတွေက ငါ့ကို ဘာလို့ လာဖြစ်နေတာလဲ? ငါ သေတော့မှာလား?’
ရုတ်တရက်... သူ၏ ဝိညာဉ်အတွင်းပိုင်းတွင် အဖြူရောင်ကြာပန်းသည် သက်ဝင်လာသကဲ့သို့ ဖြည်းညှင်းစွာ စတင်လည်ပတ်လာပြီး ငြိမ်သက်အေးချမ်းသော အငွေ့အသက်များကို ထုတ်လွှတ်ပေးလိုက်သည်။ ထိုခဏမှာပင် အာဒမ်၏ စိတ်အာရုံမှာ ချက်ချင်း ကြည်လင်သွားတော့သည်။ သူ၏ မျက်ဝန်းထဲမှ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး သူကိုယ်သူ ချက်ချင်း ပြန်ထိန်းလိုက်နိုင်သည်။
သူ့ရှေ့မှ ခေါင်းနှစ်လုံးရှိသော လင်းတကြီးမှာ မီးခိုးရောင် မြူခိုးရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် သူ အံ့သြသွားရ၏။ အာဒမ် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ "အတုကြီးလား?"
နောက်တစ်စက္ကန့်တွင် ထိုခြိမ်းခြောက်နေသော လင်းတကြီးသည် သူ၏ခန္ဓာကိုယ်ကို အလွယ်တကူ ဖြတ်သန်းသွားပြီး လေထဲတွင် ပျောက်ကွယ်သွားတော့သည်။ အာဒမ်မှာ ဘာဖြစ်သွားသည်ကို စဉ်းစားရင်း ထိုနေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေမိဆဲ ဖြစ်သည်။
"အို? မင်းက ဒီမျက်လှည့်ကို မြင်သာအောင် ကြည့်နိုင်တာလား?" ဆိုင်အတွင်းမှ အနည်းငယ် အံ့သြနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်သူလဲ?" အာဒမ် လန့်ဖျန့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပေ။
"ဒီအောက်မှာကွ၊ အရူးလေးရဲ့။"
"ဒါ... ဒါက ဘာကြီးလဲ?" အာဒမ် အောက်သို့ ငုံ့ကြည့်လိုက်ရာ လူပုလေးတစ်ယောက်ပေါ်သို့ အကြည့်ရောက်သွားသည်။ ထိုသူမှာ အသားဖြူဖြူ၊ ပြောင်လက်နေသော ထိပ်ပြောင်ခေါင်း၊ ချွန်ချွန်နားရွက်များနှင့် ထူထဲသော မုတ်ဆိတ်ဖြူကြီး ရှိသည့် အဘိုးကြီး လူပုလေးတစ်ဦး ဖြစ်သည်။ ထိုလူပုလေးမှာ အရပ် ၄ ပေခန့်သာရှိပြီး အနက်ရောင် ဘွတ်ဖိနပ်၊ အညိုရောင် ဘောင်းဘီနှင့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။
အာဒမ်က သူ့ကို ကြည့်နေသကဲ့သို့ ထိုလူပုလေးကလည်း အာဒမ်ကို စူးစမ်းစွာ ကြည့်နေသည်။ အကြောင်းမှာ အာဒမ်သည် သူ၏ မျက်လှည့်ကို မြင်သာအောင် ကြည့်နိုင်ခဲ့သည်မှာ အံ့သြစရာဖြစ်ပြီး၊ ပို၍ အံ့သြစရာကောင်းသည်မှာ အာဒမ်သည် မှော်စွမ်းအင်နှင့် လုံးဝ ထိတွေ့ဖူးခြင်းမရှိသော သာမန်လူတစ်ယောက် ဖြစ်နေခြင်းပင်!
အာဒမ်သည် ဆေးတံသောက်နေသော လူပုလေးကို ကြည့်ကာ မျက်လုံးများ တောက်ပသွားသည်။ သူသည် ထိုင်ချလိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "ဝါး! ခင်ဗျားက ဒွါ့ဖ် လား? ကျွန်တော် ပထမဆုံး မြင်ဖူး— အား!"
သို့သော် အာဒမ် စကားမဆုံးခင်မှာပင် လူပုလေးသည် သူ၏ ဆေးတံကို ကိုင်ကာ အာဒမ်၏ ခေါင်းကို ထုလိုက်တော့သည်။ "ဟွန်း! ငါက ဂနုမ်း’ ကွ၊ ဒွါ့ဖ် မဟုတ်ဘူး!" ဂနုမ်းအဘိုးကြီးက နှာခေါင်းရှုံ့လိုက်ပြီးနောက် ဆေးတံကို ပြန်သောက်နေပြန်သည်။
အာဒမ်သည် သူ၏နဖူးကို ပွတ်ရင်း ညည်းတွားလိုက်သည်။ "တ... တောင်းပန်ပါတယ် ခင်ဗျာ။"
"အင်း" ဂနုမ်းက ခေါင်းညိတ်လိုက်သည်။ သူသည် အာဒမ်ကို အလေးအနက် ကြည့်ကာ မေးလိုက်သည်။ "ကဲ ပြောစမ်းပါဦး ကောင်လေး။ မင်း ငါ့မျက်လှည့်ကို ဘယ်လို မြင်သွားတာလဲ? ဒါက အသေးစား မျက်လှည့်မှော်အတတ်ဆိုပေမဲ့ မင်းလို သာမန်လူတစ်ယောက်အတွက် မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။"
‘ဪ... ဒါက မျက်လှည့်မှော်အတတ်ပေါ့လေ’ အာဒမ် စိတ်ထဲမှ တွေးလိုက်သည်။ သူသည် ဂနုမ်းကို ကြည့်ကာ အတည်ပြုလိုက်သည်။ 'ဒီလူက... မှော်ဆရာပဲ!'
စောစောက ခေါင်းနှစ်လုံးရှိ လင်းတကြီး သူ့ကို ခုန်အုပ်လိုက်စဉ်က အဖြူရောင်ကြာပန်းမှာ ခဏမျှ တုန်ခါသွားသည်ကို အာဒမ် ခံစားလိုက်ရသည်။ ထိုကြာပန်းကြောင့်သာ သူ မျက်လှည့်ကို မြင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သူ သိသော်လည်း ဂနုမ်းအဘိုးကြီးကို ထိုအတိုင်း ပြောပြ၍ မရပေ။ ထို့ကြောင့် သူက ရိုးသားဟန်ဖြင့် ပြန်ဖြေလိုက်သည်။ "မြင်သွားတယ်ဆိုတာ ဘာကို ပြောတာလဲဟင်? ကျွန်တော်ကတော့ အဲဒီလင်းတကြီးက အတုကြီးမှန်း ဗီဇအရ သိနေတာပါ။"
"ဗီဇ ဟုတ်လား?" ဂနုမ်းသည် အမှန်တရားကို ခွဲခြားရန် အာဒမ်၏ မျက်လုံးများကို ခဏမျှ စိုက်ကြည့်နေသည်။ "ထားလိုက်ပါတော့လေ။" ဂနုမ်းက လက်ကို ဝှေ့ယမ်းပြလိုက်ပြီးနောက် စိတ်ဝင်စားမှု လျော့သွားဟန်ဖြင့် သစ်သားကောင်တာဆီသို့ ပြန်လျှောက်သွားသည်။
အာဒမ်သည် သူ၏နောက်မှ လိုက်သွားကာ မေးလိုက်သည်။ "ဒါနဲ့ ဆရာ... ဘာလို့ အဲဒီမျက်လှည့်ကို လုပ်လိုက်တာလဲ? ကျွန်တော်ဖြင့် ကြောက်လွန်းလို့ သေတော့မလို့ပဲ သိလား?"
"ဟီးဟီး" ဂနုမ်းက ဆေးတံကို တစ်ချက်ခဲရင်း နောက်ပြောင်သလို ရယ်လိုက်သည်။ "ဘဝမှာ ဒီလို ပျော်စရာနဲ့ စိတ်လှုပ်ရှားစရာလေးတွေ မရှိရင် ဘာအဓိပ္ပာယ် ရှိမှာလဲ?"
အအာဒမ်သည် မျက်လုံးလှန်ပြချင်စိတ်ကို အောင့်ထားလိုက်သည်။ သူ ဆိုင်ထဲကို ဝေ့ကြည့်လိုက်ရာ ဆိုင်မှာ အပြင်ဘက်က မြင်ရသည်ထက် အများကြီး ပိုကျယ်ဝန်းသည်ကို တွေ့ရသည်။ နံရံများတွင် သစ်သားစင်များဖြင့် ပြည့်နှက်နေပြီး စင်တိုင်းတွင် ဆေးဖက်ဝင်အပင်များ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် ပန်းမျိုးစုံ ရှိနေသည်။ ဆိုင်၏ အလယ်တွင် ဖောက်သည်များအတွက် ဆိုဖာများနှင့် လက်ဖက်ရည်ဝိုင်းများရှိသည့် စောင့်ဆိုင်းခန်းလေးတစ်ခု ရှိသည်။ ဆိုင်တစ်ခုလုံးတွင် ဆေးနံ့သင်းသင်းလေး ပျံ့နှက်နေသဖြင့် စိတ်ကို လန်းဆန်းစေသည်။
စောင့်ဆိုင်းခန်း၏ နောက်ကွယ်ရှိ သစ်သားကောင်တာတွင် နုမ်းကြီး ထိုင်နေသည်။ ကောင်တာ၏ နောက်ဘက်ရှိ စင်ပေါ်တွင်မူ စာအုပ်ပေါင်းများစွာကို စနစ်တကျ စီထားသည်။ အချို့စာအုပ်များမှာ အသစ်စက်စက်ဖြစ်ပြီး အချို့မှာမူ အလွန်ပင် ဟောင်းနွမ်းနေပြီဖြစ်သည်။ အခြားနံရံတစ်ခုတွင်မူ အရောင်မျိုးစုံရှိသော ဆေးရည်များကို စနစ်တကျ စီထားပြီး၊ ဆေးရည်များအပြင် ဆေးဆီနှင့် လိမ်းဆေးများကိုလည်း တွေ့ရသည်။
သူ စုပ်ယူထားသော မှတ်ဉာဏ်များကြောင့် အာဒမ်သည် ဤပစ္စည်းအများစုကို ခွဲခြားနိုင်သည်။ ဤသည်မှာ ပထမထပ်သာ ရှိသေး၏။ ခရုပတ်လှေကားတစ်ခုမှာ ဒုတိယထပ်သို့ ဦးတည်နေသော်လည်း အပေါ်တွင် ဘာရှိမှန်း အာဒမ် မသိပေ။ သူသည် ဆေးရည်များထားသော နံရံဆီသို့ လျှောက်သွားလိုက်သည်။ ဆေးရည်မျိုးစုံကို ဖန်ပုလင်းငယ်လေးများထဲတွင် ဂရုတစိုက် ထည့်ထားသည်။
အနာကျက်ဆေးရည်ဟု ယူဆရသော အရာတစ်ခုကို တွေ့လိုက်ရသောအခါ အာဒမ်၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် ၎င်းထံသို့ သွားကာ ချက်ချင်းပင် ဆွဲယူလိုက်၏။ ထို့နောက် ပုလင်းအဆို့ကို ဖွင့်ကာ အနံ့ကို ရှူကြည့်လိုက်သည်။
အာဒမ်၏ ရိုင်းစိုင်းသော အပြုအမူကို မြင်လိုက်ရသဖြင့် ဂနုမ်းမှာ ဒေါသထွက်သွားသည်။ "ဟေ့ ကောင်လေး... ခွင့်မပြုဘဲနဲ့ လျှောက်မကိုင်—" သို့သော်လည်း သူ၏ စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် ရပ်တန့်သွားသည်။
"ကျားပျားရည်၊ ကာပရိစ် ရေညှိ၊ လင်းလက်နွယ်ပင်ရဲ့ ပင်စည်၊ ပြီးတော့..." အာဒမ်သည် ပုလင်းထဲမှ အနီရောင်အရည်ကို လှုပ်ယမ်းကြည့်ရင်း ဆက်ပြောသည်။ "မြေသားမှုန့်တစ်မျိုး ရောထားပုံပဲ။ အင်း... နောက်ဆုံးတစ်ခုက ဘာလဲဆိုတာတော့ ကျွန်တော် သေချာမသိဘူး။"
သူသည် ဂနုမ်းကို ကြည့်ကာ မေးလိုက်သည်။ "ဆရာ... ဒီမြေသားမှုန့်က ဆရာ့ရဲ့ စမ်းသပ်ချက်တစ်ခုကနေ ရတာ ဖြစ်ရမယ်၊ ဟုတ်တယ်မလား?"
ဂနုမ်းမှာ မှင်တက်သွားရသည်။ သူသည် အာဒမ်ကို ကြည့်လိုက်၊ ဆေးရည်ပုလင်းကို ကြည့်လိုက်နှင့် အာဒမ်ကို အံ့သြတကြီး ပြန်ကြည့်နေမိသည်။ ‘ဒီကောင်လေးက သွေးကြောထဲမှာ မှော်စွမ်းအင် လုံးဝမရှိတဲ့ သာမန်လူသားတစ်ယောက်ပဲ... ဒါကို သူ ဘယ်လိုသိတာလဲ?’ သူ တွေးလိုက်မိသည်။
သူသည် မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ "ကောင်လေး... မင်း ဆေးပင်ပညာအကြောင်း ဘယ်လိုလုပ် ဒီလောက် သိနေတာလဲ? မင်းက ဆေးပင်ပညာရှင်တစ်ယောက်ဆိုတာကိုတော့ ငါ လုံးဝ မယုံဘူး။"
အာဒမ်သည် သူ လိုတာထက် ပိုပြောမိသွားပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ ဆေးရည်များကို မြင်လိုက်ရသောအခါ သူ စုပ်ယူထားသော ကျွမ်းကျင်သူ၏ မှတ်ဉာဏ်များမှ ဗဟုသုတများကို အသုံးချချင်စိတ်က ထိန်းမရ ဖြစ်သွားခြင်းပင်။
"ဟီးဟီး" အာဒမ်က ကုတ်ကုတ်ကပ်ကပ် ရယ်လိုက်ပြီး လိမ်ညာလိုက်သည်။ "ကျွန်တော်က စာတွေ့ဗဟုသုတ နည်းနည်းပါးပါးပဲ သိတာပါ။ ကျွန်တော်က ဆေးပင်ပညာရှင် မဟုတ်ပါဘူး ဆရာ။ ကျွန်တော်က မှော်ဆရာတောင် မဖြစ်သေးဘူးလေ။"
ဂနုမ်းအဘိုးကြီးမှာ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ကောင်တာကို ပတ်၍ အာဒမ်ထံသို့ လျှောက်လာခဲ့သည်။ သူသည် လူငယ်လေး၏ လက်ထဲမှ ဆေးပုလင်းကို ယူလိုက်ကာ ခေါင်းညိတ်ပြ၏။ "မင်း မှန်တယ်။ အထဲမှာ ပါတဲ့ ပစ္စည်းတစ်ခုကတော့ ကန်ရေသန်ကောင်ရဲ့ အခွံကနေ ငါရထားတဲ့ အမှုန့်ပဲ။ အဲဒါက ငါ့ရဲ့ စမ်းသပ်ချက်တစ်ခုက ထွက်လာတဲ့ ပစ္စည်းပဲ။"
"ဪ... ဟုတ်ကဲ့" အာဒမ် ခေါင်းညိတ်လိုက်သည်။ သူ စုပ်ယူထားသော မှတ်ဉာဏ်များတွင် ဆေးပင်ပညာ ဗဟုသုတ အမြောက်အမြား ပါဝင်သော်လည်း ကမ္ဘာပေါ်ရှိ ဆေးပင်နှင့် ပစ္စည်းအားလုံး ပါဝင်လိမ့်မည်ဟု သူ မယုံကြည်ပေ။ အဘယ်ကြောင့်ဆိုသော် မတူညီသော နေရာများတွင် မသိသေးသော ပစ္စည်းများစွာ ရှိနေနိုင်သောကြောင့် ဖြစ်သည်။
"ဆရာ... ကျွန်တော် ဒီအနာကျက်ဆေးရည်ကို ဝယ်ချင်ပါတယ်" အာဒမ်က ရိုသေစွာ ပြောလိုက်သည်။
"ပလက်တီနမ်ဒင်္ဂါး ၅ ပြား" ဂနုမ်းက တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။ "ဒါမှမဟုတ် ရွှေဒင်္ဂါး ၅၀ ပေးရင်လည်း ရတယ်။"
အာဒမ် အသက်ရှူမှားသွားသည်။ "ဈေးကြီးလိုက်တာ!"
ဂနုမ်းက နောက်ပြောင်သလို ပြုံးလိုက်ပြီး အကြံတစ်ခု ပေးလိုက်သည်။ "ဒါမှမဟုတ်ရင်တော့... ငါ မင်းကို ဒီအတိုင်း အလကား ပေးလို့ရတဲ့ နည်းလမ်းလည်း ရှိတာပဲ..."
အာဒမ် ချက်ချင်း သတိထားလိုက်သည်။ "ကျွန်တော့်ဆီက ဘာကို ပြန်လိုချင်လို့လဲ?"