မှော်ဆရာအုပ်စု - "..." ဂေါ်ဗလင်အုပ်စု - "..."
ခဏတာမျှ တိုက်ပွဲသံများ ရပ်တန့်သွားပြီး စစ်တလင်းပြင်ရှိ လူတိုင်းမှာ ဆွံ့အသွားကြသည်။ မှော်ဆရာများကို ထားလိုက်ဦး၊ ဂေါ်ဗလင်များပင်လျှင် အာဒမ်က သူတို့ကို ပစ်ပယ်ပြီး ထွက်ပြေးသွားလိမ့်မည်ဟု ထင်မထားမိကြပေ။
"သူ... သူ ထွက်သွားတာလား" လူသားမှော်ဆရာတစ်ဦးက မယုံကြည်နိုင်လောက်အောင် ရေရွတ်လိုက်သည်။
ဘေးနားရှိ အမျိုးသမီးမှော်ဆရာမှာလည်း မှင်သက်နေဆဲပင်။ "သူ ငါတို့ကို ဘယ်လိုလုပ် ထားခဲ့နိုင်တာလဲ။ ငါတို့က လူမျိုးတူတွေလေ။ သူမှာ အသည်းနှလုံးမရှိဘူးလား—"
"ကီး... အီး... အီး!"
ဂေါ်ဗလင်များက တိုက်ခိုက်မှု ပြန်စလိုက်သဖြင့် သူမ၏စကားသံမှာ ရုတ်ချည်း ပြတ်တောက်သွားရသည်။
"တောက်!" အာဒမ်ကို ဦးစွာမြင်ခဲ့သော အက်ဖ်မလေး မီရာက ကြိတ်၍ ကျိန်ဆဲလိုက်သည်။ "သူတို့ အရေအတွက်က အရမ်းများလွန်းတယ်။ ငါတို့ အခုအတိုင်း ဆက်တိုက်လို့ မရတော့ဘူး။"
ဒွါ့ဖ်ကလည်း ခေါင်းညိတ်ထောက်ခံသည်။ "နောက်ထပ် အုပ်စုတွေလည်း လာနေပြီ။"
"ဒါဆို နည်းလမ်းတစ်ခုပဲ ရှိတော့တယ်" လူသားမှော်ဆရာက တည်ငြိမ်စွာ ဆိုလိုက်သည်။ "အားလုံးပဲ... ကိုယ့်မှာရှိတဲ့ လှုပ်ရှားမှုစွမ်းရည်တွေကို သုံးပြီး အရပ်မျက်နှာအသီးသီးကို ခွဲပြေးကြမယ်။ ဘယ်သူ အသက်ရှင်မလဲ၊ ဘယ်သူ သေမလဲဆိုတာ ကံတရားကိုပဲ ပုံအပ်လိုက်ရတော့မယ်။"
အက်လ်ဖ်အမျိုးသားက လူတိုင်းကို ညွှန်ကြားလိုက်ပြီးနောက် မီရာကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ "ကံကောင်းပါစေ မီရာ။"
ဂေါ်ဗလင်များ ပစ်ခတ်လိုက်သော မြားမိုးများကြားတွင် မှော်ဆရာများသည် လမ်းကြောင်းငါးခုခွဲ၍ ထွက်ပြေးကြလေသည်။ ထိုအခါ ဂေါ်ဗလင်များကလည်း ငါးအုပ်စုခွဲကာ နောက်မှ လိုက်လံအမဲလိုက်ကြတော့သည်။
အက်လ်ဖ်မလေး မီရာသည် ဂေါ်ဗလင်များ၏ တိုက်ခိုက်မှုကို ရှောင်ကွင်းရင်း ထွက်ပြေးနေစဉ် အာဒမ်က သူမကို ကူညီရန် ငြင်းဆန်သွားသည့်ပုံရိပ်ကို ပြန်လည်မြင်ယောင်လာသည်။ သူမသည် ထိုလူငယ်၏ ရုပ်သွင်ကို မှတ်ဉာဏ်ထဲတွင် အသေသေချာချာ စွဲမှတ်ထားလိုက်၏။
"ညစ်ပတ်တဲ့ လူသားကောင်၊ နင်က ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့လေ!" သူမက အံကြိတ်ကာ ရေရွတ်လိုက်သည်။ သူမ၏ လှပသော မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေပြီး ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
"ငါ အသက်ရှင်မလွတ်လာဖို့ပဲ ဆုတောင်းထားလိုက်။" ထွက်ပြေးနေစဉ် သူမ၏ မျက်လုံးများတွင် အဆိပ်အတောက်ကဲ့သို့ ပြင်းထန်သော အမုန်းတရားများ ယှက်သန်းနေသည်။ "အကယ်၍ ငါသာ လွတ်သွားရင်တော့... နင့်ကို ငါကိုယ်တိုင် သတ်ပစ်မယ်!"
...
တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အတော်လှမ်းလှမ်းသို့ ရောက်ရှိနေပြီဖြစ်သော အာဒမ်သည် မှိုပင်ကြီးတစ်ပင်ပေါ်တွင် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူသည် နားကို လက်ဖြင့် ကလော်ရင်း နောက်သို့ လှည့်ကြည့်လိုက်၏။
"ဘယ်သူက ငါ့အကြောင်း အတင်းပြောနေတာလဲ"
ထို့နောက် သူသည် ဂေါ်ဗလင်အသိုက်အမြုံကို ခြေရာခံမည့် ရည်မှန်းချက်အတိုင်း ခရီးဆက်လိုက်သည်။ သူထားခဲ့သော မှော်ဆရာများ၏ အသက်အန္တရာယ်ကိုမူ သူ လုံးဝ ဂရုမစိုက်ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်က အာဒမ်သာဆိုလျှင် မိမိကိုယ်မိမိ အနစ်နာခံပြီး နုံအစွာ ကူညီမိကောင်း ကူညီမိလိမ့်မည်။ သို့သော် အတွေ့အကြုံများစွာ ဖြတ်သန်းခဲ့ပြီးနောက်တွင် သူသည် လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
စောစောက မှော်ဆရာအုပ်စုမှာ သူ့ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာပြီး တိုက်ပွဲထဲသို့ သူ့ကို ဆွဲသွင်းရန် ကြိုးစားခဲ့ကြသည်ကို ပြန်စဉ်းစားမိသည့်အခါ အာဒမ် မဲ့ပြုံး ပြုံးလိုက်မိသည်။
"မင်းတို့ကို ငါကူညီရမယ် ဟုတ်လား။ ငါက မင်းတို့ကို သိတောင် မသိတာ!"
သူသည် မှိုပင်တစ်ပင်မှ တစ်ပင်သို့ ခုန်ကူးနေစဉ် သူ့ကို ဦးစွာ အော်ခေါ်ခဲ့သည့် ဆွဲဆောင်မှုရှိသော အက်ဖ်မလေးကို သတိရသွားသည်။ ပြန်စဉ်းစားကြည့်လျှင် ထိုအက်ဖ်မလေးသည် သူမအား ကူညီလာစေရန် သူ့ကို ဆွဲဆောင်ဖြားယောင်းနေခြင်းသာ ဖြစ်ကြောင်း သူ ရိပ်မိလိုက်သည်။
"ဟွန်း!" အာဒမ်က မကျေမနပ် နှာခေါင်းရှုံ့လိုက်သည်။ "မင်းက ငါ့ကို မြှူဆွယ်နိုင်မယ် ထင်နေတာလား... အဝေးကြီးပဲ!"
ရုတ်တရက် လူငယ်လေး၏ နဖူးမှ မီးခိုးရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ဗာလာရီယန်သည် သူ့ခေါင်းပေါ်သို့ ရောက်ရှိလာသည်။
"ဗာလ်... မင်း ဘာလို့ ထွက်လာတာလဲ။ အထဲမှာပဲ နေလို့ ငါ မပြောထားဘူးလား" အာဒမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မြူး..." ဗာလာရီယန်က ကန့်ကွက်သည့်အနေဖြင့် အာဒမ်ကို မျက်ရည်ဝဲလျက် ကြည့်လိုက်သည်။ ထိုအမူအရာကို မြင်သောအခါ အာဒမ်၏ ရင်ထဲတွင် ဗြောင်းဆန်သွားပြီး အသံမှာ ပျော့ပြောင်းသွားတော့သည်။
"မင်းက ဒီမှိုတောအုပ်ကြီးကို ကြည့်ချင်လို့လား"
"မြူး! မြူး!" ဗာလာရီယန်က သူ၏ အမွှေးပွပွ ခေါင်းလုံးလုံးလေးကို အားပါးတရ ငြိမ့်ပြလိုက်သည်။ ထို့နောက် ဧရာမ မှိုပင်ကြီးများကို အံ့သြတကြီး ငေးမောကြည့်နေတော့သည်။
"ဟူး..." ဗာလာရီယန်၏ အပြုအမူကို ကြည့်ရင်း အာဒမ် သက်ပြင်းချလိုက်မိသည်။ ဤနဂါးပေါက်လေးသည် သူ့စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ကြာကြာနေရသဖြင့် ပျင်းနေရှာပြီ ဖြစ်လိမ့်မည်။
"ဒါပေမဲ့ ဗာလ်... နောက်တစ်ခါ ထွက်လာချင်ရင် ငါ့ကို အရင် ပြောဦး၊ ဟုတ်ပြီလား" လူငယ်လေးက ညင်သာစွာ ဆိုလိုက်သည်။
ဗာလာရီယန်က ခေါင်းငုံ့ကာ သူ့ကို ကြည့်လိုက်သည်။ "မြူး~"
အာဒမ်က နွေးထွေးစွာ ပြုံးလိုက်ပြီး— "ကောင်းပြီလေ။ မြဲမြဲကိုင်ထားဦး၊ ငါ ခုန်တော့မယ်။"
"မြူး!" ဗာလာရီယန်သည် အာဒမ်၏ ဆံပင်များကို စိတ်လှုပ်ရှားစွာဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ နောက်တစ်စက္ကန့်တွင် လူငယ်လေးသည် မှိုထိပ်ဖျားတစ်ခုပေါ်မှ နောက်တစ်ခုသို့ ခုန်ကူးကာ ဂေါ်ဗလင်အသိုက်အမြုံရှိရာသို့ ခရီးဆက်ခဲ့ကြသည်။
...
ရက်အနည်းငယ် ကြာပြီးနောက် အာဒမ်သည် နောက်ဆုံးတွင် ဂေါ်ဗလင်အသိုက်အမြုံကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခုအခါ သူသည် မြင့်မားသော မှိုပင်ကြီးတစ်ပင်ပေါ်တွင် ရပ်နေပြီး အောက်ဘက်ရှိ အသိုက်အမြုံဆီသို့ ဦးတည်သွားနေသော ဂေါ်ဗလင်အုပ်စုကို အကဲခတ်နေသည်။
'ငါ ထင်ထားတာထက် ပိုကြာသွားတယ်' လူငယ်လေး စိတ်ထဲမှ တွေးလိုက်မိသည်။ ဤမှိုတောအုပ်ကြီးမှာ သူ ထင်ထားသည်ထက် ပို၍ ကျယ်ပြောလှသည်ကို ယခုမှ ရိပ်မိတော့သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ခြေရာခံရာမှ သူ သိရှိလိုက်ရသည့် နောက်ထပ်အချက်တစ်ခုမှာ ဂေါ်ဗလင် ကင်းလှည့်အဖွဲ့တိုင်းတွင် အနည်းဆုံး အရေအတွက် ဆယ်ဂဏန်းကျော် ပါဝင်နေခြင်းပင်။ ထို့ကြောင့် ဤအသိုက်အမြုံထဲတွင် ဂေါ်ဗလင်ဦးရေ အမြောက်အမြား ရှိနေနိုင်ကြောင်း သူ တွက်ဆလိုက်သည်။
စခန်းဆီသို့ ဦးတည်သွားနေသော ဂေါ်ဗလင်များကို ကြည့်ရင်း သူသည် မေးစေ့ကို ပွတ်သပ်ကာ အလေးအနက် စဉ်းစားနေမိသည်။
'ဂေါ်ဗလင်တွေရဲ့ သက်တမ်းက တိုပေမဲ့ သူတို့က မျိုးပွားနှုန်း အရမ်းမြန်တယ်။ ဒါကြောင့်လည်း ဒီမှာ ဂေါ်ဗလင်တွေ ဒီလောက်တောင် များနေတာ ဖြစ်မယ်။'
အာဒမ်သည် အဝေးသို့ လှမ်းကြည့်လိုက်ရာ ဧရာမ ကျေးရွာကြီးတစ်ခု၏ အရိပ်အယောင်ကို မြင်တွေ့လိုက်ရသည်။ ထို့အပြင် အလွန်ဝေးကွာသော နေရာမှပင် ဆူညံပွက်လောရိုက်နေသံများကို ကြားနေရသည်။
'အင်း... ဘယ်လို စလုပ်ရမလဲ' သူ အကြာကြီး စဉ်းစားနေမိသည်။
သူ့ခေါင်းပေါ်တွင် ထိုင်နေသော ဗာလာရီယန်ကလည်း အာဒမ်ကို အတုယူကာ သူ၏ မေးစေ့လေးကို ပွတ်သပ်ရင်း တိုးတိုးလေး မြည်နေသည်။ "မြူး..."
အာဒမ်က သူ့ကို ကြည့်ကာ ပြုံးလိုက်ပြီး— "ဗာလ်... မင်း အထဲကို ပြန်ဝင်တော့။ အခြေအနေက အန္တရာယ်ရှိလာတော့မယ်။"
ဗာလာရီယန်က သူ၏ လက်သည်းလေးများကို ဆုပ်လိုက်ပြီး စိတ်ချင်းဆက်သွယ်ကာ စိုးရိမ်ကြောင်း ဖော်ပြလိုက်သည်။ အာဒမ်က နဂါးပေါက်လေး၏ ခေါင်းကို အသာအယာ ပွတ်ပေးလိုက်ရင်း— "စိတ်မပူပါနဲ့။ ငါ့မှာ ဘာမှမဖြစ်စေရဘူး။"
ဗာလာရီယန်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် မီးခိုးရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အာဒမ်၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရောက်သွားတော့သည်။
ဗာလာရီယန် ဝင်သွားပြီးနောက် အာဒမ်၏ အကြည့်မှာ အသိုက်အမြုံဆီသို့ သွားနေသော ဂေါ်ဗလင်အုပ်စုဆီသို့ ရောက်ရှိသွားသည်။ သူ၏ မျက်ဝန်းများမှာ စူးရှသွားပြီး အမူအရာမှာ တည်ကြည်လေးနက်သွား၏။
'အရင်ဆုံး ကင်းထောက်ကြည့်ရအောင်။'
နောက်တစ်ခဏတွင် သူသည် လက်ဟန်အမျိုးမျိုးကို လျင်မြန်စွာ ပြုလုပ်လိုက်ပြီး လှည့်စားခြင်းပညာရပ် (School of Illusion) မှ မှော်ဂါထာတစ်ခုကို ရွတ်ဆိုလိုက်သည်။
အဆင့် ၁ မန္တန် — ဖုံးကွယ်ခြင်း (Hide)!
အာဒမ်၏ ပုံရိပ်မှာ တဖြည်းဖြည်း ဝေဝါးသွားပြီး ပတ်ဝန်းကျင်နှင့် ရောယှက်သွားတော့သည်။ ဤမန္တန်မှာ သူ့ကို လုံးဝ ပျောက်ကွယ်သွားအောင် မလုပ်နိုင်သော်လည်း ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်အောင် ကောင်းစွာ ဖုံးကွယ်ပေးနိုင်သည်။ အာဒမ်သည် မှိုပင်ပေါ်မှ ခုန်ချလိုက်ပြီး မြေပြင်နှင့် မီတာအနည်းငယ်အလိုတွင် 'အလင်းကျလက်စွပ်' ကို အသက်သွင်းလိုက်သည်။ ထို့နောက် ဂေါ်ဗလင်အုပ်စု၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားလေသည်။
သို့သော် ဘေးကင်းစေရန်အတွက် သူသည် အနည်းဆုံး ၁၅ မီတာမှ ၂၀ မီတာခန့် အကွာအဝေးကို ထိန်းသိမ်းထားသည်။ သူသည် ဂေါ်ဗလင်အသိုက်အမြုံဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားရာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အာဒမ်မှာ လုံးဝ ဆွံ့အမှင်သက်သွားရတော့သည်။