ကလေးများသည် သူတို့၏ ပစ္စည်းကိုယ်စီကို သယ်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လှည်းပေါ်မှ ဆင်းလာကြသည်။ အားလုံးက အကယ်ဒမီ၏ ဝင်ပေါက်ရှေ့တွင် စုရုံးနေကြပြီး အတွင်းသို့ဝင်ရန် စိတ်မရှည်နိုင်အောင် ဖြစ်နေကြ၏။ သို့သော်လည်း သူတို့နှင့်အတူ ခရီးနှင်လာခဲ့သော မှော်ဆရာသုံးဦးက ကလေးအုပ်စု၏ ရှေ့တွင် ပိတ်ရပ်လိုက်ကြသည်။
အလယ်တွင် ရပ်နေသော အဲလက်စ်က တည်ကြည်သော လေသံဖြင့် စကားစပြောသည်။
"လွန်ခဲ့တဲ့ သုံးလအတွင်းမှာ မင်းတို့အားလုံးဟာ အခက်အခဲများစွာကို အံတုခဲ့ကြတယ်၊ အသက်အန္တရာယ်ရှိတဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ခဲ့ကြတယ်၊ နောက်ဆုံးတော့ လမင်းမြို့တော်ကို ရောက်လာခဲ့ကြပြီ။ အားလုံး တော်ကြတယ်!"
ကလေးများသည် စိတ်လှုပ်ရှားမှုများ ပြင်းထန်လာပြီး ကျယ်လောင်စွာ အားပေးကြွေး ကြော်လိုက်ကြသည်။ ချမ်းသာကြွယ်ဝစွာ မွေးဖွားလာသော ဤကလေးများအတွက် လွန်ခဲ့သော သုံးလတာမှာ အမှန်တကယ်ပင် ငရဲခန်းတစ်ခုကဲ့သို့ပင်။ ယခု ဤနေရာတွင် ရပ်နေသူအများစုမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျနေကြတော့သည်။
"ဒါပေမဲ့!" အဲလက်စ်က သူတို့၏ ပျော်ရွှင်စရာအခိုက်အတန့်ကို ရေအေးဖြင့် ပတ်လိုက်သလို ကြားဖြတ်ပြောလိုက်သည်။ "မင်းတို့အားလုံးဟာ ကလိုဗာ အကယ်ဒမီရဲ့ ကျောင်းသားတွေ မဖြစ်သေးဘူး။ ဒါကြောင့် ကျောင်းဝင်းထဲကို ဝင်ခွင့်မရှိသေးဘူး။"
"ဗျာ?!" "ဘယ်လိုဖြစ်နိုင်မှာလဲ?" "ဒါက ဘာကို ဆိုလိုတာလဲ?" "ဒါဆို ကျွန်တော်တို့ ဘယ်သွားရမှာလဲ?!"
ချက်ချင်းပင် ကလေးများကြားတွင် ဆူညံပွက်လောရိုက်သွားသည်။ အချို့မှာမူ လောကကြီးက မတရားကြောင်း အော်ဟစ်ငိုယိုကြတော့သည်။
"တိတ်စမ်း!" အိုင်ဗင်၏ ဟိန်းဟောက်သံက လူတိုင်းကို ချက်ချင်း ပါးစပ်ပိတ်သွားစေသည်။
အဲလက်စ်က ဆက်ပြောသည်။ "အကယ်ဒမီ ဝင်ခွင့်စာမေးပွဲက နောက်ထပ် ခုနစ်ရက်နေမှ ကျင်းပမှာ။ အဲဒီအချိန်အထိ မင်းတို့အားလုံး ရှာမန်း တည်းခိုခန်း'မှာ တည်းခိုရမယ်။" သူသည် အလယ်တွင် အလွန်မြင့်မားသော သစ်ပင်ကြီးတစ်ပင်ကို ဝန်းရံထားသည့် အဝေးက အဆောက်အဦးမြင့်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒီတည်းခိုခန်းက ကလိုဗာ အကယ်ဒမီရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး မင်းတို့က အကယ်ဒမီတက်မယ့် ကျောင်းသားလောင်းတွေ ဖြစ်တဲ့အတွက် အထူးလျှော့စျေး ရလိမ့်မယ်" ဟု အဲလက်စ်က ထပ်လောင်းပြောကြားသည်။
"ဘာ?!" " ပိုက်ဆံပေးရဦးမှာလား?!" "မတရားဘူး!" "ဒါက အနိုင်ကျင့်တာပဲ!"
ကလေးများသည် မျက်ရည်စက်လက်ဖြင့် ကန့်ကွက်ကြသော်လည်း မှော်ဆရာသုံးဦးကမူ ဂရုမစိုက်ကြပေ။ ကလေးများသည် မတတ်သာဘဲ ခေါင်းညိတ်ကာ တိတ်တဆိတ် ရှိုက်ငိုကြရတော့သည်။
ဂျက်ဖရီနှင့် အခြားကလေးအချို့၏ မျက်နှာများမှာ အလွန်ပင် ကြည့်ရဆိုးနေသည်။ သူတို့၏ ပိုက်ဆံအားလုံးမှာ အာဒမ်၏ ခြိမ်းခြောက်ငွေညှစ်ခြင်းကို ခံထားရသည် မဟုတ်ပါလား! သူတို့ နောက်အပတ်အတွက် ဘယ်မှာ သွားနေရမည်နည်း? လမ်းဘေးမှာလား?
အာဒမ်သည် ဤအချက်ကို ရိပ်မိလိုက်သဖြင့် ဂျက်ဖရီနှင့် အခြားကလေးများကို လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဖောင်းကားနေသော ငွေအိတ်ကို ထုတ်ကာ 'မင်းတို့ ဘာလုပ်နိုင်ဦးမှာလဲ' ဟု စိန်ခေါ်သည့်အလား လှုပ်ယမ်းပြလိုက်သေးသည်။
ဂျက်ဖရီနှင့် သူ၏အပေါင်းအဖော်များမှာ အံကြိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အာဒမ်ကို မုန်းတီးစွာ စိုက်ကြည့်နေကြသည်။ သူတို့၏ စိတ်ထဲတွင်မူ အာဒမ်နှင့် သူ၏ ဘိုးဘေးဘီဘင်များကိုပါ အဆက်မပြတ် ကျိန်ဆဲနေကြတော့သည်။
သူတို့ကို ခဏမျှ နောက်ပြောင်ပြီးနောက် အာဒမ်သည် အဲလက်စ်ထံသို့ ပြန်အာရုံစိုက်လိုက်သည်။ "မြို့ထဲမှာ ဘေးကင်းပါတယ်။ ဒါပေမဲ့ နေဝင်ပြီးရင် လမ်းပေါ်မှာ လျှောက်မသွားတာကို အလေ့အကျင့် လုပ်ထားကြ။ မင်းတို့ ကြိုက်တာလုပ်နိုင်တယ်၊ ဒါပေမဲ့ နောက် ခုနစ်ရက်နေလို့ နေထွက်ချိန်မှာတော့ ဒီနေရာကို အရောက်လာခဲ့ကြ။ ဒါပါပဲ၊ လူစုခွဲလို့ရပြီ။"
ထို့နောက် အဲလက်စ်၊ အိုင်ဗင်နှင့် ကယ်လီတို့သည် သူတို့၏ တာဝန်ပြီးဆုံးကြောင်း အစီရင်ခံရန် ကျောင်းဝင်းအတွင်းသို့ ဝင်သွားကြသည်။ ကလေးများနှင့်အတူ ရှိနေသေးသော ကြေးစားစစ်သည်များသည်လည်း နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။
ကလေးများသည် အုပ်စုငယ်လေးများ ဖွဲ့ကာ မြို့ထဲသို့ လှည့်လည်ကြည့်ရှုရန် ထွက်ခွာသွားကြသည်။
"ဂျက်ဖရီ... ငါတို့ ဘာလုပ်ကြမလဲ?"
"အဲဒီ မိစ္ဆာကောင်က ငါတို့ပိုက်ဆံတွေ အကုန်ယူသွားတာ၊ ငါတို့ သွားစရာ နေရာမရှိတော့ဘူး။" "အကယ်ဒမီ ဝင်ခွင့်ကြေးက ပလက်တီနမ်ဒင်္ဂါး ၁၀ ပြားတောင်ဆိုပဲ။ ငါ အဲဒီလောက် ပိုက်ဆံ ဘယ်ကရမှာလဲ?"
"ဟုတ်တယ်! ဟုတ်တယ်! ဂျက်ဖရီ... ဒါတွေအားလုံးက မင်းကြောင့် ဖြစ်ရတာ။ မင်း ငါတို့ကို ကူညီရမယ်!"
ကလေးများ၏ ညည်းညူသံများကို ကြားလိုက်ရသောအခါ ဂျက်ဖရီမှာ ဒေါသပေါက်ကွဲသွားသည်။ "မင်းတို့ ငတုံးတွေ! ဒါက ဘာလို့ ငါ့အမှား ဖြစ်ရမှာလဲ?!"
သူ၏ အပေါင်းအဖော်များ စိုးရိမ်နေသည်ကို မြင်သောအခါ သူ လေသံကို အနည်းငယ် လျှော့လိုက်ရသည်။ "ဒီ လမင်းမြို့တော်မှာ 'ကုန်သွယ်ရေးအသင်း' ရှိတယ်။ အဲဒီကိုသွားပြီး ငါတို့ရဲ့ ကျောက်မျက်ရတနာတွေနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ပေါင်နှံလို့ရတယ်။"
ကလေးများ၏ မျက်လုံးများ တောက်ပသွားပြီး သဘောတူလိုက်ကြသည်။ ပစ္စည်းများကို ပေါင်နှံလိုက်လျှင် ဝင်ခွင့်ကြေးနှင့် တည်းခိုခအတွက် လုံလောက်သော ငွေကို ချေးယူနိုင်မည် ဖြစ်သည်။ အာဒမ်အပေါ် ဂျက်ဖရီ၏ မုန်းတီးမှုမှာ ပို၍ပင် တိုးလာခဲ့သည်။ သူ အာဒမ်ကို လိုက်ရှာသော်လည်း လူရိပ်လူယောင်ပင် မတွေ့ရတော့ချေ။
‘မင်း ငါ့ကို ဒုက္ခပေးခဲ့သမျှအတွက်... မင်းကို သေချင်စိတ်ပေါက်သွားအောင် ငါလုပ်ပြမယ်!’ ဂျက်ဖရီမှာ ဒေါသတကြီး ကြုံးဝါးလိုက်သည်။ ထို့နောက် သူ၏ အုပ်စုကို ဦးဆောင်ကာ ကုန်သွယ်ရေးအသင်းသို့ ထွက်လာခဲ့သည်။
ကလိုဗာ အကယ်ဒမီ ကျောင်းဝင်းတစ်ခုလုံးမှာ တောင်ဘက်ရပ်ကွက်၏ ဧရိယာအများစုကို ယူထားသည်။ ကျန်ရှိသော ဧရိယာများမှာ အရက်ဆိုင်များ၊ တည်းခိုခန်းများ၊ စည်ကားလှသော ဈေးနှင့် ကျောင်းသားများအတွက် အိမ်ရာများ ဖြစ်သည်။ ကလိုဗာ အကယ်ဒမီသည် တောင်ဘက်ရပ်ကွက်တစ်ခုလုံးကို လွှမ်းမိုးထားသည်ဟုပင် ဆိုနိုင်သည်။ ဤအချက်မှာ နိုင်တင်ဂေးလ်ဘုရင့်နိုင်ငံတော်၏ မြို့တော်တွင် ဤမျှကျယ်ဝန်းသော ဧရိယာကို ပိုင်ဆိုင်ထားသည့် အကယ်ဒမီ၏ ဂုဏ်သတင်းကြီးမားမှုကို သက်သေပြနေခြင်း ဖြစ်သည်။
ဈေးရပ်ကွက်မှာ အော်ရေးမြစ်ကမ်းပါးပေါ်တွင် ရှိပြီး ဆိပ်ကမ်းနှင့် ကပ်လျက်ရှိသည်။ ဆိပ်ကမ်းတွင် သင်္ဘောများစွာ ဆိုက်ကပ်ထားပြီး သင်္ဘောသားများမှာ ပစ္စည်းများကို အပြေးအလွှား သယ်ယူနေကြသည်ကို တွေ့ရသည်။ စည်ကားလှသော ဆိပ်ကမ်းနှင့် ဈေးကို ကြည့်ပြီး အာဒမ်မှာ ဆွံ့အသွားသည်။ ဤမျှ စည်ကားလှသော လူမှုလှုပ်ရှားမှုမျိုးကို သူ၏ ဇာတိမြို့တွင် လုံးဝ မတွေ့နိုင်ချေ။ကော်မီယာနိုင်ငံ၏ မြို့တော်မှာပင် ရှိမည်မထင်ပေ။
သူသည် အရာအားလုံးကို အံ့သြစွာ ငေးမောကြည့်နေမိသည်။ ဆိပ်ကမ်း၏ စည်ကားပုံကို မိနစ်အနည်းငယ်ကြာ အားပါးတရ ကြည့်ပြီးနောက် သူသည် လူအုပ်ကြားမှ တိုးထွက်ကာ ဈေး၏ အတွင်းဘက်ပိုင်းသို့ လျှောက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ငွေအိတ်ကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရန် မမေ့ပေ။ အကယ်၍ သူ 'ပင်ပင်ပန်းပန်း' ရှာထားသော ပိုက်ဆံများ ခိုးခံရလျှင် သူ ဘာလုပ်ရမှန်း သိတော့မည် မဟုတ်ပေ။
ဈေးထဲတွင် ပစ္စည်းပေါင်းစုံကို တွေ့ရသည်။ လူသားများ စိုက်ပျိုးထားသော လတ်ဆတ်သည့် သီးနှံများမှစ၍ ဒွါ့များ သွန်းလုပ်ထားသော လက်နက်များအထိ ရှိသည်။ လမ်းဘေးဆိုင်လေးများသာမက ခမ်းခမ်းနားနား ဆောက်ထားသော ဆိုင်ကြီးများလည်း ရှိသည်။ အာဒမ်သည် စည်ကားလှသော လူအုပ်ကြီးကို စိတ်ဝင်တစား ကြည့်နေမိသည်။ ဈေးဆစ်နေကြသူများ၊ လမ်းကြားထဲတွင် တူတူပုန်းတမ်း ကစားနေကြသော ကလေးငယ်များ၊ ရယ်မောရင်း ပုံပြင်ပြောနေကြသော လူကြီးများနှင့် လူများကို ဖျော်ဖြေနေကြသော လေလွင့်သီချင်းသည်များကို တွေ့ရသည်။
“ဒါဟာ တကယ့်ကို တောင်ပိုင်းရဲ့ ရတနာပဲ” အာဒမ် ပြုံးရင်း ရေရွတ်လိုက်သည်။ အခြားမြို့များကို သူ မရောက်ဖူးသေးသော်လည်း တိုက်ငယ်၏ တောင်ပိုင်းတွင် ဤလမင်းမြို့တော်ထက် ပို၍ ခမ်းနားသောမြို့ မရှိနိုင်ဟု သူ ခံစားနေရသည်။
ဈေးရပ်ကွက် အတော်များများကို လှည့်လည်ကြည့်ရှုပြီးနောက် သူ ရှာနေသည့်အရာကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။ လှပသော ပန်းများနှင့် ထူးဆန်းသော အပင်များဖြင့် အလှဆင်ထားသော ဆိုင်တစ်ဆိုင်၏ ရှေ့တွင် သူ ရပ်လိုက်သည်။ ဆိုင်ဝင်ပေါက်၏ အပေါ်တွင် သစ်သားဆိုင်းဘုတ်တစ်ခု ရှိနေပြီး ၎င်းပေါ်တွင် ဆိုင်အမည်ကို ထွင်းထုထားသည်။
အာဒမ်သည် ထိုအမည်ကို အသံထွက်၍ ဖတ်လိုက်သည်။ ‘ဆေးပင်များနှင့် အခြားအရာများ’
ဒဏ်ရာရထားကာ ပတ်တီးစည်းထားသော သူ၏ ဘယ်ဘက်လက်မောင်းကို အသာအယာ ပွတ်သပ်ရင်း ဆိုင်ထဲသို့ လျှောက်ဝင်သွားလိုက်သည်။ သူ၏ ဒဏ်ရာမှာ တော်တော်လေးကို ခံရခက်နေပြီ ဖြစ်သောကြောင့် ဆေးကုရန် စိတ်ကူးနေသည်မှာ ကြာပြီဖြစ်သည်။
အာဒမ်သည် တံခါးကို ဖွင့်ကာ အထဲသို့ ဝင်လိုက်သော်လည်း ခြေတစ်လှမ်း ချလိုက်သည်နှင့် သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရတော့သည်။
ခေါင်းနှစ်လုံးရှိသော လင်းတကြီးတစ်ကောင်မှာ သူ့ကို ကြောက်မက်ဖွယ်ကောင်းအောင် ဟိန်းဟောက်လိုက်ပြီးနောက် ချက်ချင်းပင် သူ့ထံသို့ ခုန်အုပ်လိုက်လေတော့သည်!