လျှို့ဝှက်နယ်မြေ ပွင့်သွားပြီးနောက် တစ်ပတ်ခန့် ကြာမြင့်သွားခဲ့သည်။ ထိုအချိန်မှစ၍ တောင်ပိုင်းဖက်ဒရေးရှင်း တစ်ခုလုံးမှာ နိုးကြားသက်ဝင်လာတော့သည်။ ထင်ရှားသော မှော်ဆရာမိသားစုများနှင့် အဖွဲ့အစည်းတိုင်းသည် ပြင်ဆင်မှုများကို စတင်ခဲ့ကြသည်။ အကြောင်းမှာ ဤသည်မှာ အနှစ် ၃၀ လျှင် တစ်ကြိမ်သာ ကြုံရသော ဖြစ်ရပ်ဖြစ်သောကြောင့်ပင်။ ယခုတစ်ကြိမ် ရရှိမည့် ရလဒ်များသည် နောက်ထပ် အနှစ် ၃၀ ကြာလျှင် လျှို့ဝှက်နယ်မြေ ပြန်မပွင့်မချင်း ရှေ့ဆက်ရမည့် အခြေခံအုတ်မြစ်များ ဖြစ်လာပေလိမ့်မည်။ တောင်ပိုင်းဖက်ဒရေးရှင်း၏ ရှည်လျားသော သမိုင်းကြောင်းတွင် မှော်ဆရာမိသားစုများစွာ ပေါ်ထွန်းလာလိုက်၊ ပျက်သုဉ်းသွားလိုက် ရှိခဲ့သော်လည်း "ပျံသန်းသော မြစ်ရေ လျှို့ဝှက်နယ်မြေ" ကတော့ အမြဲတမ်း တည်ရှိနေဆဲပင်။
ယနေ့တွင် တောင်ပိုင်းဖက်ဒရေးရှင်းကို ဖွဲ့စည်းထားသော တိုင်းပြည်များ၊ ဂုဏ်သရေရှိ မှော်ဆရာမိသားစုများ၊ မှော်အကယ်ဒမီများနှင့် အခြားအဖွဲ့အစည်းများမှ ခေါင်းဆောင်များသည် လမင်းမြို့တော် သို့ ရောက်ရှိလာကြသည်။ နိုက်တင်ဂေးလ်တိုင်းပြည်၏ ဘုရင်သည် ထိုခေါင်းဆောင်များကို နန်းတော်အတွင်းရှိ ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီးတစ်ခုတွင် ဧည့်ခံနေသည်။
နန်းတော်အတွင်းရှိ စားပွဲရှည်ကြီးတစ်လုံးကို ဝန်းရံကာ မှော်ဆရာ ဒါဇင်ပေါင်းများစွာ ထိုင်နေကြသည်။ မျိုးနွယ်စုကြီး လေးခုစလုံးမှ မှော်ဆရာများ ပါဝင်ကြပြီး အနိမ့်ဆုံးအဆင့်မှာ အဆင့် (၂) မှော်ဆရာများ ဖြစ်ကြသည်။ ထို့ပြင် အဆင့် (၃) မှော်ဆရာ ၅ ဦးလည်း တက်ရောက်လာကြသည်။ လူသား ၂ ဦးနှင့် ကျန်မျိုးနွယ်စု ၃ ခုမှ တစ်ဦးစီ ဖြစ်သည်။ ဤအဆင့် (၃) မှော်ဆရာများသည် တောင်ပိုင်းဖက်ဒရေးရှင်းရှိ ၎င်းတို့မျိုးနွယ်စုများ၏ ကိုယ်စားလှယ်များဖြစ်ကြောင်း ငြင်းပယ်၍မရပေ။
နိုက်တင်ဂေးလ်နိုင်ငံတော်၏ဘုရင်သည် စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်ကာ တည်ငြိမ်သော မျက်ဝန်းများဖြင့် အားလုံးကို ကြည့်နေသည်။ သူသည် သက်လတ်ပိုင်းအရွယ်၊ အညိုရောင်ဆံပင်များနှင့် သပ်ရပ်သော မုတ်ဆိတ်မွေးများ ရှိသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ဘုရင့်ဝတ်စုံကို ဆင်မြန်းထားပြီး ခေါင်းပေါ်တွင် ရွှေရောင်သရဖူကို ဆောင်းထားသည်။ သူ၏ ပတ်ဝန်းကျင်တွင် အုပ်ချုပ်သူတစ်ဦး၏ ဂုဏ်ဒြပ်သာမက အဆင့် (၃) မှော်ဆရာတစ်ဦး၏ ထည်ဝါသော အရှိန်အဝါများ ကိန်းအောင်းနေသည်။ သူ၏ အမည်မှာ အာနိုးလ်ဒ် နိုက်တင်ဂေးလ် (Arnold Nightingale) ဖြစ်သည်!
အားလုံး၏ အာရုံမှာ သူ့ထံသို့ ရောက်လာသည်ကို မြင်သောအခါ အာနိုးလ်ဒ်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ မိတ်ဆွေ မှော်ဆရာတို့... အားလုံး သိကြတဲ့အတိုင်း ပျံသန်းသော မြစ်ရေ လျှို့ဝှက်နယ်မြေဟာ ကျွန်တော်တို့အတွက် တံခါးတွေကို ထပ်ပြီး ဖွင့်ပေးလိုက်ပါပြီ။ ဒါဟာ ဂုဏ်ပြုထိုက်တဲ့ ကိစ္စတစ်ခုပါပဲ။"
"မှန်ပါတယ်!" မှော်ဆရာအားလုံးက ခေါင်းညိတ် ထောက်ခံကြသည်။ လျှို့ဝှက်နယ်မြေသည် ၎င်း၏ပိုင်ရှင် ချန်ထားရစ်ခဲ့သော မရေမတွက်နိုင်သော ရတနာများနှင့် မှော်စာပေများ တည်ရှိရာ နေရာဖြစ်သည်။ အကြိမ်ကြိမ် စူးစမ်းလေ့လာခဲ့ပြီးနောက် ဤနေရာ၏ ပိုင်ရှင်မှာ (Summoning - ဆင့်ခေါ်ခြင်း) ပညာရပ်ကို အဓိကထားသည့် မှော်ဆရာတစ်ဦးဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ မည်သူမဆို ထိုနေရာသို့ ဝင်ရောက်ပါက ကံကောင်းခြင်းများနှင့် ကြုံတွေ့ရမည်မှာ အသေအချာပင်။
သို့သော် ရှေးယခင်ကတည်းက အခွင့်အရေးနှင့် အန္တရာယ်မှာ အမြဲဒွန်တွဲနေတတ်သည်။ ဤလျှို့ဝှက်နယ်မြေတွင် မှော်သားရဲများသာမက ရှေးဦးကတည်းက နေထိုင်လာကြသော အခြားမျိုးနွယ်စုများလည်း ရှိနေသည်။ သို့သော် အကြီးမားဆုံး အန္တရာယ်မှာ ဒေသခံများ မဟုတ်ဘဲ ပြင်ပမှ လာသူများသာ ဖြစ်သည်။ လူသား၊ အယ်လ်ဖ်၊ ဒွါ့ဖ် သို့မဟုတ် ဂနုမ်း ဖြစ်စေ... လောဘနှင့် အတ္တမှာ အကန့်အသတ် မရှိသောကြောင့်ပင်။
အာနိုးလ်ဒ်၏ မျက်နှာမှာ လေးနက်သွားပြီး သူ၏ အရှိန်အဝါမှာလည်း ပြောင်းလဲသွားသည်။ ၎င်းမှာ အဆင့် (၂) မှော်ဆရာများကို ဖိအားပေးနေသဖြင့် သူတို့မှာ စိုးရိမ်တကြီးဖြင့် တံတွေးမြိုချလိုက်ကြရသည်။ "ဒါပေမဲ့ ကျွန်တော်တို့ သတိရှိရပါမယ်။ အန္တရာယ်တွေဟာ နယ်မြေရဲ့ အတွင်းရော အပြင်မှာပါ ရှိနေနိုင်တယ်" ဟု သူက ဆိုသည်။
ခေတ္တရပ်နားပြီးနောက် သူက ဆက်ပြောသည်။ "ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ထားခဲ့တဲ့ သဘောတူညီချက်ကို ကျွန်တော် ပြန်သတိပေးပါရစေ။ လျှို့ဝှက်နယ်မြေထဲမှာ ဘာပဲဖြစ်ဖြစ် အဲဒီထဲမှာပဲ ကျန်ခဲ့ရမယ်။ ကိစ္စတွေ ပြီးဆုံးသွားတဲ့အခါ မလိုအပ်တဲ့ သွေးထွက်သံယိုမှုတွေ မဖြစ်စေချင်ဘူး။ အားလုံး ရှင်းလင်းမယ်လို့ မျှော်လင့်ပါတယ်။"
စကားအဆုံးတွင် အာနိုးလ်ဒ်သည် သူ၏ မှော်စွမ်းအင်များကို စတင်ထုတ်လွှတ်လိုက်ရာ အားလုံးမှာ ချွေးပြန်လာရလောက်အောင် ဖိအားများ ခံစားလိုက်ရသည်။ အခြားမျိုးနွယ်စုမှ အဆင့် (၃) မှော်ဆရာများပင် မျက်နှာပျက်သွားကြသည်။ ဤသည်မှာ ဘုရင်တစ်ပါး၏ အရှိန်အဝါ... အဆင့် (၃) မှော်ဆရာတစ်ဦး၏ အင်အားပင် ဖြစ်သည်!
သူ့၏ သတင်းစကားကို ရှင်းလင်းအောင် ပြောကြားပြီးနောက် သူ ခပ်အေးအေး ပြုံးလိုက်သည်။ စောစောက ကြောက်မက်ဖွယ် အရှိန်အဝါများမှာလည်း ပျောက်ကွယ်သွားတော့သည်။ သူသည် ဘေးတွင် ထိုင်နေသော ပရော်ဖက်ဆာ ဂေါ့ဒ်ဖရေး ကို ခေါင်းညိတ်ပြလိုက်သည်။ "ကျောင်းအုပ်ကြီး ဂေါ့ဒ်ဖရေး... ဆက်ပြောနိုင်ပါပြီ။"
ကလိုဗာ အကယ်ဒမီ၏ ကျောင်းအုပ်ကြီးမှာ ခေါင်းညိတ်ပြပြီး အားလုံးကို ဝေ့ဝဲကြည့်ကာ စတင်လိုက်သည်။ "လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်ဟာ အဆင့် (၁) မှော်ဆရာ တွေအတွက်ပဲ ကန့်သတ်ထားတယ်ဆိုတာ ပြောနေစရာ မလိုတော့ပါဘူး။ ပြီးတော့ လူဦးရေ ၃၀၀ ထက် ပိုပြီး လက်မခံနိုင်ပါဘူး။"
"အကယ်၍ လူအများကြီး ဝင်သွားရင် ဝင်ပေါက် (Portal) က မတည်မငြိမ် ဖြစ်သွားလိမ့်မယ်။ အတိတ်က အတွေ့အကြုံတွေအရ ကျွန်တော်တို့ အဲဒီလို အဖြစ်မခံနိုင်ဘူး။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ဝင်ပေါက်ကို တတ်နိုင်သမျှ ကြာကြာ တည်ငြိမ်နေအောင် ထိန်းထားဖို့ပဲ။ အဲဒီလိုမှသာ ကျွန်တော်တို့ အကျိုးအမြတ် အများဆုံး ရနိုင်မှာပါ။"
ထို့နောက်တွင်တော့ နေရာခွဲဝေမှုနှင့် ပတ်သက်၍ ရှည်လျားသော ဆွေးနွေးမှုများ ဖြစ်ပေါ်လာသည်။ တောင်ပိုင်းဖက်ဒရေးရှင်းတွင် အဖွဲ့အစည်းပေါင်းများစွာ ရှိနေပြီး လူတိုင်းက ဤကိတ်မုန့်ကြီးကို ခွဲဝေလိုကြသည်။ တစ်နာရီခန့်ကြာ အပြင်းအထန် ငြင်းခုံကြပြီးနောက် (အဓိကအားဖြင့် အဆင့် ၃ မှော်ဆရာ ၅ ဦး) နေရာခွဲဝေမှုမှာ အပြီးသတ်နိုင်ခဲ့သည်။ အားလုံးက ရလဒ်အပေါ် အတိုင်းအတာတစ်ခုအထိ ကျေနပ်ကြသည်။
"ဝင်ပေါက် အပြည့်အဝ ပွင့်ဖို့အတွက် တစ်လခန့် ကြာဦးမယ်။ အဲဒီအချိန်ဟာ ပြင်ဆင်မှုတွေ လုပ်ဖို့ လုံလောက်ပါလိမ့်မယ်။" ပရော်ဖက်ဆာ ဂေါ့ဒ်ဖရေးက ထိုင်ရာမှ ထရပ်ကာ အစည်းအဝေးကို အဆုံးသတ်လိုက်သည်။ "အားလုံးပဲ ကံကောင်းကြပါစေ။ ကိုယ်လိုချင်တာတွေ ရှာဖွေတွေ့ရှိပါစေ။"
ရုတ်တရက် ဒွါ့ဖ်ကိုယ်စားလှယ် (မုတ်ဆိတ်မွေး ကျစ်ဆံမြီးကျစ်ထားသော အဆင့် ၃ မှော်ဆရာ) က အာနိုးလ်ဒ်ကို ကြည့်ကာ အရေးကြီးသော မေးခွန်းတစ်ခု မေးလိုက်သည်။ "ဟို ခွေးကောင် အော့ခ် တွေကော ဘယ်လိုလဲ?"
အော့ခ်များအကြောင်း ပြောလိုက်သည်နှင့် အားလုံး၏ မျက်နှာများမှာ လေးနက်သွားသည်။ မြူထူတောင်တန်းများတွင် နေထိုင်သော အော့ခ်များသည် တောင်ပိုင်းဖက်ဒရေးရှင်းရှိ သူများအတွက် အမြဲတမ်း ပြဿနာပင် ဖြစ်သည်။ မြေယာနှင့် အရင်းအမြစ် ကန့်သတ်ချက်များကြောင့် အငြင်းပွားမှုများ အမြဲရှိနေတတ်သည်။
"အော့ခ်ခေါင်းဆောင် နဲ့ ကျွန်တော် သဘောတူညီမှု ရထားပြီးပါပြီ" ဟု အာနိုးလ်ဒ်က အေးဆေးစွာ ပြန်ဖြေသည်။ "သူတို့ မှော်ဆရာ ၈ ယောက် လွှတ်ပါလိမ့်မယ်။"
ဒွါ့ဖ်ကိုယ်စားလှယ်က မကျေမနပ် တောက်ခေါက်ကာ တိုးတိုးလေး ဆဲရေးလိုက်သော်လည်း ထပ်မံ၍ ကန့်ကွက်ခြင်း မပြုတော့ပေ။ အော့ခ်ခေါင်းဆောင်မှာ အလွန်အစွမ်းထက်သော အဆင့် (၃) မှော်ဆရာ တစ်ဦးဖြစ်သည်။ ဤကမ္ဘာတွင် အင်အားကြီးသူကသာ အမှန်တရားကို ဆုံးဖြတ်နိုင်သည် ဖြစ်ရာ အော့ခ်ခေါင်းဆောင်သည် လျှို့ဝှက်နယ်မြေ ပွင့်တိုင်း သူ၏ လူများအတွက် နေရာများကို အမြဲ ရယူနိုင်ခဲ့သည်။ ၎င်းမှာ အော့ခ်ခေါင်းဆောင်၏ အင်အားနှင့် ဩဇာလွှမ်းမိုးမှုကို ဖော်ပြနေခြင်းပင်။
အရာအားလုံး ပြီးဆုံးသွားသောအခါ မှော်ဆရာများသည် နန်းတော်မှ ထွက်ခွာသွားကြသည်။ ဝင်ပေါက်ကြီး အပြည့်အဝ မပွင့်မီ လုပ်ဆောင်စရာများစွာ ရှိနေသေးသည်။
မြူထူတောင်တန်း၏ တစ်နေရာ...
ကြီးမားသော အော့ခ်ကျေးရွာ၏ အလယ်ဗဟိုတွင် ထည်ဝါသော တဲနန်းကြီးတစ်ခု ရှိပြီး ၎င်းကို ကြောက်မက်ဖွယ် အော့ခ်စစ်သည် ဒါဇင်ပေါင်းများစွာက စောင့်ကြပ်နေသည်။
(Yurt ဆိုတာ မွန်ဂိုလီးယား ဒါမှမဟုတ် အလယ်အာရှက လူမျိုးစုတွေ သုံးလေ့ရှိတဲ့ အဝိုင်းပုံစံ တဲကို ခေါ်တာပါ။ သာမန်တဲတွေထက် ပိုခိုင်ခံ့ပြီး အိမ်တစ်လုံးနီးပါး ကျယ်ဝန်းပါတယ်။)
ဤတဲနန်းအတွင်း၌ ကြွက်သားအမြောင်းမြောင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသော အော့ခ်ကြီးတစ်ဦးသည် မျိုးနွယ်စုကြီး လေးခု၏ အရိုးများဖြင့် ပြုလုပ်ထားသော ပလ္လင်ပေါ်တွင် ထိုင်နေသည်။ သူ၏ မျက်နှာကို သေချာမမြင်ရဘဲ မီးတိုင်များကြောင့် သူ၏ အရိပ်ကိုသာ မြင်နေရသည်။
ထိုအော့ခ်ကြီးသည် သူ့ရှေ့တွင် ဒူးထောက်နေသော လူငယ်လေးကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။ "မင်းရဲ့ တန်ဖိုးကို သက်သေပြရမယ့် အချိန်ရောက်ပြီ၊ စစ်သည်ငယ်။"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်ကြီး!" ဆံပင်ကို မြင်းမြီးပုံစံ စည်းထားသော လူငယ်လေးက စိတ်အားထက်သန်စွာ ပြန်ဖြေသည်။ သူသည် ခေါင်းဆောင်ကြီးကို ရိုသေလေးစားစွာဖြင့် ကြည့်လိုက်သည်။ လူငယ်လေး၏ မျက်နှာတွင် စစ်ထွက်တော့မည့် အော့ခ်များသာ လိမ်းခြယ်လေ့ရှိသော အနီနှင့် အဖြူရောင် ဆေးများ လိမ်းခြယ်ထားသည်။ သူ၏ မျက်ဝန်းများတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်နေသည်။
"ကျွန်တော် မျိုးနွယ်စုအတွက် ဂုဏ်ယူစရာ ဖြစ်စေရပါ့မယ်!"