"နှစ်စဉ်နှစ်တိုင်း ကလိုဗာ အကယ်ဒမီဟာ အိမ်နီးချင်းနိုင်ငံတွေကနေ အလားအလားရှိတဲ့ မှော်ဆရာလောင်းလျာတွေကို စုဆောင်းဖို့အတွက် ဝင်ခွင့်စာမေးပွဲ ကျင်းပလေ့ရှိတယ်" အဲလက်စ်က စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။ "အောင်မြင်ဖို့အတွက် စုစုပေါင်း စစ်ဆေးမှု သုံးခုကို ဖြတ်ကျော်ရမယ်။ ပထမတစ်ခုက ဘက်စုံအရည်အချင်း စစ်ဆေးမှု၊ ဒုတိယက ဝေဖန်ပိုင်းခြားနိုင်စွမ်း စစ်ဆေးမှုနဲ့ နောက်ဆုံးတစ်ခုကတော့ တိုက်ခိုက်ရေး စစ်ဆေးမှုပဲ။"
"တိုက်ခိုက်ရေး စစ်ဆေးမှုတောင် ရှိတာလား?" အာဒမ် အနည်းငယ် အံ့သြသွားသည်။
အဲလက်စ်က ခေါင်းညိတ်ပြ၏။ "ဟုတ်တယ်၊ အဲဒီစာမေးပွဲမှာ မင်း ကောင်းကောင်း စွမ်းဆောင်နိုင်ရင် အကယ်ဒမီကနေ ဆုလာဘ်တွေတောင် ချီးမြှင့်လိမ့်မယ်။"
"အို!" အာဒမ်၏ မျက်လုံးများ တောက်ပသွားသည်။ သူ စစ်ဆေးမှုများအကြောင်း ထပ်မေးချင်သော်လည်း မှော်ဆရာကို အလွန်အကျွံ အနှောင့်အယှက် မပေးချင်သဖြင့် ဆုံးဖြတ်ချက် ပြောင်းလိုက်သည်။ ထို့နောက် သူက ရိုးသားစွာပင်... "ဒီအချက်အလက်တွေကို ဝေမျှပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆရာမှော်ဆရာ။"
"မလိုပါဘူး" အဲလက်စ်က လက်ခါပြလိုက်သည်။ ရုတ်တရက် သူ တစ်ခုခုကို သတိရသွားဟန်ဖြင့် ထပ်ပြောလိုက်သည်မှာ "အော်... နောက်တစ်ခု ရှိသေးတယ်။ ကျောင်းဝင်းထဲမှာ လူသတ်တာကို လုံးဝ တားမြစ်ထားတယ်၊ လမင်းမြို့တော်အတွင်းမှာတောင် ဒီလိုရာဇဝတ်မှုမျိုးဟာ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ့် အမှုတွေပဲ။"
အာဒမ် မှင်တက်သွားစဉ်မှာပင် အဲလက်စ်က ဆက်ပြောသည်- "ဒါပေမဲ့ မြို့ပြင်မှာ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်ချက်တွေဖြေရှင်းဖို့ ရွေးချယ်မယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။"
အဲလက်စ်သည် အာဒမ်နှင့် ဂျက်ဖရီတို့ကြားက ပြဿနာကို ရိပ်မိပြီးသား ဖြစ်သလို အာဒမ်အပေါ် အထင်ကြီးမှု ရှိနေသဖြင့် ဤကဲ့သို့ အကြံပေးစကား ပြောလိုက်ခြင်းပင်။
"နားလည်ပါပြီ ဆရာ၊ ကျေးဇူးတင်ပါတယ်" အာဒမ်က ပြန်ဖြေလိုက်ပြီးနောက် စခန်းချနေရာသို့ ပြန်လာခဲ့သည်။ အပြန်လမ်းတွင် ကလေးအချို့နှင့် စကားပြောနေသော ဂျက်ဖရီကို အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ဘာစကားမှ မပြောဘဲ သူ့ဘေးမှ ဖြတ်ကျော်လိုက်ခဲ့သည်။
ဂျက်ဖရီကမူ အာဒမ်ကို မြင်လိုက်ရသည့် ခဏ၌ သူ၏ မျက်ဝန်းများမှာ မုန်းတီးမှုအရိပ်အယောင်များ ဖြင့် ပြည့်နှက်သွားသည်။ သူ အံကြိတ်ကာ စိတ်ထဲမှ ရေရွတ်လိုက်သည်...
‘မင်း ပြီးခဲ့တဲ့တစ်ခေါက်က ကံကောင်းသွားတာ။ ငါ မှော်ဆရာ ဖြစ်လာတဲ့အထိ စောင့်နေလိုက်ဦး၊ အဲဒီကျမှ မင်းကို ငါ အပြတ်ရှင်းမယ်။’
မှော်ဆရာ အဲလက်စ်၏ သွယ်ဝိုက်သော သတိပေးမှုကြောင့် ဂျက်ဖရီသည် အာဒမ်ကို လက်ရှိတွင် မထိရဲတော့ချေ။ ကောင်လေးနှစ်ဦးစလုံးမှာ တစ်ဦးကိုတစ်ဦး အဆုံးသတ်ချင်နေကြသော်လည်း မလုပ်နိုင်ကြသေးပေ။ အနည်းဆုံးတော့ အခုလောလောဆယ်တွင်ပေါ့။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်ပတ် ကုန်ဆုံးသွားခဲ့ပြီး ခရီးသွားအဖွဲ့မှာလည်း ခရီးစဉ်၏ အဆုံးသတ်သို့ ရောက်ရှိလုနီးပြီ ဖြစ်သည်။ အဝေးတစ်နေရာတွင် လမင်းမြို့တော်၏ ပုံရိပ်လွှာကို လှမ်းမြင်နေရပြီ။ အဖွဲ့သည် အရှေ့တောင်ဘက်မှ ခရီးနှင်လာခြင်းဖြစ်သဖြင့် မြို့၏ တောင်ဘက်ရပ်ကွက်မှတစ်ဆင့် မြို့ထဲသို့ ဝင်ရောက်ကြမည် ဖြစ်သည်။
"ဝါး! အဲ့ဒါ လမင်းမြို့တော်ကြီးလား?!"
"ဘုရားရေ! တော်တော်ကြီးတာပဲ!"
"ဒီလောက်အကွာအဝေးကနေကြည့်တာတောင် အဆောက်အဦးတွေက အမြင့်ကြီးတွေပဲ!"
"ဟယ်! မြို့ထဲမှာ သစ်ပင်ကြီးတွေလည်း အများကြီးပဲ!"
ကလေးများသည် လှည်းပြတင်းပေါက်မှ ခေါင်းများကို ပြူထွက်ကြည့်ရင်း အံ့သြနေကြသည်။ သူတို့၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်များဖြင့် တောက်ပနေပြီး စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ကြပေ။ ဤမြို့မှာ တောင်ပိုင်းတိုက်ငယ်၏ အကျော်ကြားဆုံးမြို့ဖြစ်ကာ 'တောင်ပိုင်း၏ ရတနာ' ဟု လူသိများသည်။ သူတို့သည် ရှေ့လျှောက် ဤမြို့တွင် နေထိုင်ရတော့မည်ဖြစ်ရာ အဘယ်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
အာဒမ်သည်လည်း ပြတင်းပေါက်မှ လှမ်းကြည့်ရင်း မပြုံးဘဲ မနေနိုင်တော့ချေ။ ‘အံ့သြစရာပဲ! မြို့ရဲ့ တောင်ဘက်ရပ်ကွက်လေးတင် ငါ့ဇာတိမြို့ထက် အဆပေါင်းများစွာ ကြီးနေတာ။ မြို့တစ်မြို့လုံးဆိုရင် ဘယ်လောက်တောင် ကြီးမားလိုက်မလဲ။’
တစ်နာရီအတွင်းမှာပင် ခရီးသွားအဖွဲ့မှာ တောင်ဘက်ရပ်ကွက်၏ ပင်မတံခါးကြီး နှစ်ခုအနက် တစ်ခုဆီသို့ ရောက်ရှိလာသည်။ မြို့ကို ကာကွယ်ထားသော မြင့်မားလှသည့် မြို့ရိုးကြီးများကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီ ဖြစ်သည်။ ထိုမြို့ရိုးမှာ ခိုင်ခံ့ထူထဲသော အလွှာသုံးလွှာဖြင့် ဖွဲ့စည်းထားသည်။ အပြင်ဘက်ဆုံး မြို့ရိုးမှာ အနိမ့်ဆုံးဖြစ်ပြီး အတွင်းသို့ ရောက်လေ မြင့်မားလေ ဖြစ်သည်။ မြို့ရိုးပေါ်တွင် ငွေရောင်ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသော သူရဲကောင်းများက ကင်းလှည့်နေကြသည်။ နေရောင်အောက်တွင် သူတို့၏ ပုံစံမှာ အလွန်ပင် ခန့်ညားလှပေသည်။
"ရပ်စမ်း! ဘာကိစ္စနဲ့ လာတာလဲ ပြော!"
တံခါးဝရှိ ငွေရောင်ချပ်ဝတ်နှင့် အစောင့်တစ်ဦးက ရှေ့ဆုံးမှ လှည်းကို တားဆီးလိုက်သည်။ ကြေးစားအဖွဲ့ခေါင်းဆောင်သည် မြင်းပေါ်မှဆင်းကာ သူ၏ သားရေချပ်ဝတ်အောက်မှ လိပ်ထားသော စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။ သူက စာလိပ်ကို အစောင့်ထံ ကမ်းပေးရင်း ရိုသေစွာ ပြောလိုက်သည်။
"ကျွန်တော်တို့က ‘ခရက်ကြေးစားအဖွဲ့’ ကပါ။ ကလိုဗာ အကယ်ဒမီရဲ့ ဝင်ခွင့်စာမေးပွဲဖြေမယ့် ကလေးတွေကို လိုက်လံပို့ဆောင်ပေးတာပါ။"
အစောင့်သည် သူ၏ ငွေရောင်မျက်နှာဖုံးကို ပင့်ကာ စာလိပ်ကို ဖတ်ကြည့်သည်။ ထို့နောက် သူ၏ လူများကို အချက်ပြလိုက်၏။ "လှည်းအားလုံးကို စစ်ဆေးကြ။" သူသည် ဤဒေသခံ ကြေးစားအဖွဲ့ကို သိသော်လည်း သူ၏ တာဝန်ကိုမူ ကျေပွန်စွာ ထမ်းဆောင်ရမည် ဖြစ်သည်။
"ငါတို့ကို ပေးဝင်လိုက်ပါတော့" အိုင်ဗင်က လှည်းထဲမှ ခေါင်းပြူကြည့်ကာ ညည်းတွားလိုက်သည်။ အစောင့်သည် အိုင်ဗင်၏ အဝတ်အစားပေါ်ရှိ ကလိုဗာပုံစံ အမှတ်တံဆိပ်ကို မြင်သောအခါ ရိုသေစွာ ဦးညွှတ်လိုက်သည်။ "ခွင့်လွှတ်ပါ အရှင်မှော်ဆရာ။ ဒါက မြို့ရဲ့ စည်းကမ်းချက်တွေမို့ပါ။"
အိုင်ဗင်နှင့်အတူ ထိုင်နေသော အဲလက်စ်က သူ၏ ပုခုံးကို ပုတ်လိုက်သည်။ "သူတို့လည်း သူတို့အလုပ် သူတို့လုပ်နေတာပါ။ ထားလိုက်ပါ" အိုင်ဗင်က အစောင့်ကို နှာခေါင်းရှုံ့ပြလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။
အစောင့်များသည် လှည်းများကို တစ်စင်းချင်းစီ စစ်ဆေးပြီးနောက် နောက်ဆုံးတွင် ခရီးသွားအဖွဲ့ကို မြို့ထဲသို့ ပေးဝင်လိုက်တော့သည်။ အာဒမ်မှာ နောက်ဆုံးတွဲမှ လှည်းထဲတွင် ပါသဖြင့် သူသည် မြို့ထဲသို့ နောက်ဆုံးမှ ဝင်ရသူများထဲတွင် ပါဝင်သည်။ ၁၈ ပေ မြင့်သော အာဒမန်တိုင်း တံခါးကြီးကို ဖြတ်သန်းချိန်တွင် အာဒမ်မှာ မျက်လုံးအပြူးသားဖြင့် အံ့သြနေမိသည်။ ‘ဝါး! ဒါ ငါ့ဘဝမှာ မြင်ဖူးသမျှ အကြီးဆုံး တံခါးကြီးပဲ!’
လှည်းသည် တံခါးကို ဖြတ်သွားသည်နှင့်တစ်ပြိုင်နက် ဆူညံသံပေါင်းစုံမှာ အာဒမ်၏ နားထဲသို့ တိုးဝင်လာသည်။ လူသွားလမ်းပေါ်တွင် လူမျိုးစုပေါင်းစုံမှ လူများဖြင့် ပြည့်နှက်နေ၏။ လူသားများအပြင် ချောမောလှပသော အက်ဖ် (Elves)များ၊ သန်မာထွားကြိုင်းသော ဒွါ့ (Dwarves)များနှင့် သေးငယ်ပြီး ရွှင်လန်းသော ဂနုမ်း (Gnomes)များကိုလည်း တွေ့ရသည်။
*ရှင်းလင်းချက်
၁။ အက်ဖ် (Elves)
ရုပ်ရည်: အရပ်ရှည်ပြီး သွယ်လျပြီး နားရွက်လေးတွေက ချွန်ချွန်လေးတွေ ဖြစ်နေတတ်ပါတယ်။ အလွန်လှပပြီး အမြဲတမ်း ငယ်ရွယ်နုပျိုနေပုံ ဖြစ်နေတဲ့ လူမျိုးစုကို ရည်ညွှန်းပါသည်။
ကျွမ်းကျင်မှု: များသောအားဖြင့် လေးအတတ်၊ သဘာဝတရားနဲ့ ပတ်သက်တဲ့ မှော်ပညာတွေမှာ အလွန်တော်ကြပါတယ်။
၂။ ဒွါ့ဖ် (Dwarves)
ရုပ်ရည်: လူတစ်ပိုင်းလောက်ပဲ ရှိတတ်ပေမဲ့ ပုခုံးတွေက အရမ်းကျယ်ပြီး ဗလတောင့်တောင့်နဲ့ သန်မာကြပါတယ်။ ယောကျ်ားလေးတွေဆိုရင် မုတ်ဆိတ်မွေး အရှည်ကြီးတွေ ထားလေ့ရှိပါတယ်။
ကျွမ်းကျင်မှု: မြေအောက်လိုဏ်ဂူတွေမှာ နေထိုင်တတ်ပြီး သံထည်ပစ္စည်း၊ လက်နက်နဲ့ ရတနာတွေကို ထုလုပ်တဲ့နေရာမှာ ကမ္ဘာပေါ်မှာ အတော်ဆုံးလို့ သတ်မှတ်ခံရသူတွေပါ။
၃။ ဂနုမ်း (Gnomes)
ရုပ်ရည်: ဒွါ့ဖ်တွေထက်တောင် ပိုပုတတ်ကြပါတယ်။ ရုပ်ရည်က အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့ ချစ်စရာကောင်းတဲ့ လူပုလေးတွေပါ။
ကျွမ်းကျင်မှု: သူတို့က အလွန်ဉာဏ်ကောင်းပြီး တီထွင်ဆန်းသစ်မှုမှာ အားသန်ကြပါတယ်။ စက်ပစ္စည်းအသေးစားလေးတွေ တီထွင်တာ ဒါမှမဟုတ် ဓာတုဗေဒနဲ့ ပတ်သက်တဲ့ စမ်းသပ်မှုတွေ လုပ်ရတာကို အရမ်းဝါသနာပါတဲ့ လူမျိုးစု ဖြစ်ပါတယ်။
အာဒမ်အနေဖြင့် ဤမျှ များပြားလှသော လူမျိုးစုပေါင်းစုံကို တစ်နေရာတည်းတွင် ပထမဆုံးအကြိမ် အဖြစ်မြင်ဖူးခြင်းဖြစ်သည်။ ဤအရာသည် သူ့အတွက် အမြင်ကျယ်စေသော အတွေ့အကြုံသစ်ပင်။
လက်ရှိ သူတို့ ခရီးနှင်နေသော လမ်းမှာ ‘တောင်ပိုင်း လမင်းရိပ်သာလမ်း’ ဖြစ်ကာ တောင်ဘက်ရပ်ကွက်နှင့် မြောက်ဘက်ရပ်ကွက်ရှိ ‘မြောက်ပိုင်း လမင်းရိပ်သာလမ်း’ ကို ဆက်သွယ်ထားသော ‘လမင်းတံတား’ ဆီသို့ ဦးတည်နေသည်။ မြို့တွင်းလမ်းအားလုံးကို ကျောက်သားလမ်းများဖြင့် ခင်းထားပြီး လူသွားလမ်းများမှာလည်း လူများနှင့် ဆိုင်ခန်းများဖြင့် စည်ကားလှသည်။
အာဒမ် သတိထားမိသည့် အချက်တစ်ခုမှာ မြို့ထဲတွင် သစ်ပင်များ အလွန်ပေါများခြင်းပင်။ မြေနံ့သင်းပျံ့သော ရနံ့က မြို့တစ်မြို့လုံးကို ဖုံးလွှမ်းနေသဖြင့် စိတ်ကို လန်းဆန်းစေသည်။ နေရာအနှံ့တွင် စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းမန်များကို တွေ့ရသည်။ အချို့သစ်ပင်များမှာ အဆောက်အဦးများထက် မြင့်နေသလို၊ အချို့အဆောက်အဦးများမှာလည်း သစ်ပင်များထက် မြင့်နေသည်။ သစ်ပင်များကို အဆောက်အဦးအဖြစ် အသုံးပြုထားသည်ကိုပင် တွေ့ရသေး၏။
အာဒမ် ခေါင်းပြူကြည့်လိုက်သောအခါ လမ်းမအထက်တွင် သစ်ကိုင်းများဖြင့် ပြုလုပ်ထားသော တံတားတစ်စင်းကို တွေ့လိုက်ရသည်။ အဆောက်အဦးနှင့် အိမ်များကို ကျောက်တုံး၊ သစ်သားတိုင်များဖြင့် ဆောက်လုပ်ထားသည်။ အဝေးတစ်နေရာတွင် ပြတင်းပေါက်များစွာရှိသော သစ်ပင်ကြီးတစ်ပင်ကို အာဒမ် မြင်လိုက်ရသည်။
စီးပွားရေး အလွန်စည်ကားလှသော မွန်းစီးတီးသည် တောင်ပိုင်းပြည်ထောင်စုတွင် အကြီးဆုံး ကုန်သွယ်ရေးမြို့ကြီးလည်း ဖြစ်သည်။ မိနစ် ၂၀ ခန့်အကြာတွင် ခရီးသွားအဖွဲ့သည် စကျင်ကျောက်ဖြင့် ပြုလုပ်ထားသော မုခ်ဦးကြီးတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ မုခ်ဦး၏ အလယ်တည့်တည့်တွင် လေးရွက်ကလိုဗာ အမှတ်တံဆိပ်တစ်ခု ရှိနေသည်။ အာဒမ်သည် ထိုအမှတ်တံဆိပ်ကို ကြည့်ရင်း အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေမိတော့သည်။
“ငါတို့ ရောက်ပြီ!”