တာနာအိမ်တော်သို့ ရောက်ရှိသောအခါ ဗစ်တာသည် သူ၏ဇနီးဖြစ်သူ၏ အခန်းတည်ရှိရာ အိမ်တော်၏ သီးသန့်ဆိတ်ငြိမ်သော အပိုင်းသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ဤနေရာသည် အလွန်တိတ်ဆိတ်ပြီး အစေခံများပင် သိပ်မရှိချေ။ အာဒမ်သည် မှောင်မည်းနေသော စင်္ကြံလမ်း ကို ကြည့်ရင်း 'ဒါက အိမ်နဲ့ထက် ထောင်နဲ့ ပိုတူနေသလိုပဲ' ဟု တွေးကာ မျက်မှောင်ကြုတ်လိုက်မိသော်လည်း ထုတ်မပြောခဲ့ပေ။
အီလီယာ၏ အခန်းအဝင်ဝသို့ ရောက်သောအခါ သံချပ်ကာဝတ် ဆင်ထားသော စောင့်ကြပ်သူနှစ်ဦးက တံခါးဝတွင် စောင့်နေသည်ကို တွေ့ရသည်။ အာဒမ်၏ နှုတ်ခမ်းများ တွန့်သွားသည်။ 'တကယ်ကြီး ထောင်များလား?' သူက ဗစ်တာကို စူးစမ်းစွာ မေးလိုက်သည်။ "ဘာလို့ ဒီလောက်အထိ လုံခြုံရေး တင်းကျပ်ထားရတာလဲ?"
"အီလီယာရဲ့ ဘေးကင်းရေးက ငါ့အတွက် အရေးအကြီးဆုံးပဲ" ဟု ဗစ်တာက အေးစက်စွာ ပြန်ဖြေသည်။ ၎င်းကို ကြားသောအခါ အာဒမ်က မျက်လုံးလှန်ပြလိုက်သည်။ 'ဦးလေးကတော့ တကယ့်ကို စိုးရိမ်စိတ် လွန်ကဲနေတာပဲ' ဟု သူ တွေးလိုက်သည်။
အစောင့်များက ဗစ်တာ့ကို ဦးညွှတ်ကာ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ပေးလိုက်သည်။ အခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ခန်းလုံး မှောင်အတိ ကျနေပြီး ပြတင်းပေါက်မှ ဝင်လာသော အလင်းရောင် အနည်းငယ်သာ ရှိသည်။ နေဝင်ချိန်ဖြစ်၍ အလင်းရောင်က အလွန်ပင် အားနည်းနေသည်။
အာဒမ် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။ 'ဒါက... ရင်ခွဲရုံနဲ့ တူနေတာပဲ' သူ ဗစ်တာ့ကို ကြည့်ကာ မေးလိုက်သည်။ "အခန်းက ဘာလို့ ဒီလောက် မှောင်နေတာလဲ?"
"အလင်းရောင် အရမ်းများရင် အီလီယာ နေမကောင်းဖြစ်တတ်လို့ပါ" ဟု ဗစ်တာက အတိုချုံးဖြေသည်။
"မဟုတ်ဘူး၊ ဒါက မမှန်ဘူး။" အာဒမ်က ခေါင်းခါလိုက်သည်။ "ဒီလို ပတ်ဝန်းကျင်မျိုးက သူမ ကျန်းမာရေးအတွက် မကောင်းဘူး။"
ဗစ်တာက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သော်လည်း ဘာဂါက ဘာမှ ဝင်မပြောဘဲ စောင့်ကြည့်နေသည်ကို တွေ့ရသဖြင့် အာဒမ်ကို ပြန်မဖြေတော့ဘဲ ငြိမ်နေလိုက်သည်။ သူတို့အားလုံး အီလီယာ၏ ခုတင်ဘေးသို့ အသံမထွက်စေဘဲ ရောက်ရှိလာကြသည်။ အီလီယာမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေသော်လည်း သူမ၏ အသက်ရှူသံမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။ သူမ၏ အသားအရေမှာ ဖျော့တော့နေပြီး မျက်တွင်းများလည်း ဟောက်ပက် ဖြစ်နေသည်။ သူမသည် အလွန်ပင် ပိန်ချုံးနေပြီ ဖြစ်သည်။
"သူမ အစားမစားတာ ကြာပြီလား?" အာဒမ်က မေးလိုက်ရာ သူ၏ မျက်မှောင်ကြုတ်မှုမှာ ပို၍ပင် သိသာလာသည်။
"သူမရဲ့ အစားအစာက များသောအားဖြင့် ဗိုက်ဝစေပြီး အာဟာရဖြစ်စေတဲ့ ဆေးရည်တွေပဲ။ အဲဒါအပြင် သူမ အားရှိတဲ့ အချိန်တွေမှာတော့ သစ်သီး ဒါမှမဟုတ် မုန့်အနည်းငယ်ကို တစ်ခါတစ်ရံ စားလေ့ရှိတယ်" ဟု ဗစ်တာက ဖြေသည်။
၎င်းကို ကြားသောအခါ ဘာဂါပင် မျက်မှောင်ကြုတ်သွားသည်။ "အစားအစာအစား ဆေးရည်တွေကို အလွန်အကျွံ မတိုက်ဖို့ ငါ ပြောထားတယ် မဟုတ်လား?"
"ဒါပေမဲ့ သူမက မာတာတွေကို စားဖို့ ခက်ခဲနေလို့ပါ။ အဲဒါကြောင့် ဆေးရည်တိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ ငါ ယူဆလိုက်တာ" ဟု ဗစ်တာက ငြင်းချက်ထုတ်သည်။
"မဟုတ်ဘူး၊ ဦးလေး အဲဒီလို မလုပ်သင့်ဘူး" ဟု အာဒမ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ "ဆေးရည်တွေက ဘယ်လောက်ပဲ ကောင်းကောင်း၊ မသန့်စင်တဲ့ အဆိပ်အတောက် (ဆေးအနည်အနှစ်၊ ဘေးထွက်ဆိုးကျိုး ) တွေ အနည်းနဲ့အများ ပါဝင်နေမှာပဲ။ ဦးလေးဇနီးရဲ့ ကျန်းမာရေး အခြေအနေအရ ဒီဆေးအနည်အနှစ် တွေကို ဖယ်ရှားနိုင်လောက်အောင် သူမရဲ့ ကိုယ်ခံအားစနစ်က သန်မာတယ်လို့ ထင်လို့လား?"
ဗစ်တာ တိတ်ဆိတ်သွားသည်။ သူ ဤအချက်ကို ထည့်မစဉ်းစားခဲ့မိပေ။ သူ့အတွက်တော့ သူ့ဇနီးကို အနည်းငယ်မျှပင် သက်တောင့်သက်သာ ဖြစ်စေမည့်အရာကိုသာ အကောင်းဆုံးဟု ယူဆခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတော့ သူ၏ အသိပညာ နည်းပါးမှုကြောင့် ပြောင်းပြန်အကျိုးသက်ရောက်မှု ဖြစ်နေပြီမှန်း သူ သိလိုက်ရသည်။
"ဒါက ဘယ်လောက်အထိ စိုးရိမ်ရလဲ?" ဗစ်တာက ဘာဂါ့ကို စိုးရိမ်တကြီး ကြည့်ကာ မေးသော်လည်း ဂနုမ်းအဘိုးကြီးက ပြန်မဖြေချေ။ သူသည် စောင့်ကြည့်သူအဖြစ်သာ နေနေခြင်းဖြစ်သည်။ ထို့နောက် ဗစ်တာက အာဒမ်ကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။
လူငယ်လေးက ခေါင်းခါပြကာ "ကျွန်တော်လည်း အတိအကျ မသိသေးဘူး။ ကိုယ်တိုင် စစ်ဆေးကြည့်ရမယ်။" သူက အိပ်ပျော်နေသော အီလီယာကို ညွှန်ပြကာ ဗစ်တာ့ထံမှ ခွင့်တောင်းလိုက်သည်။ "ကျွန်တော် စစ်ဆေးကြည့်ခွင့် ရမလား?"
ဗစ်တာက ခေါင်းညိတ်ပြသည်။ အာဒမ်သည် အီလီယာ၏ ခုတင်ဘေးတွင် ထိုင်လိုက်ပြီး စောင်အောက်မှ သူမ၏ လက်ကို အသာအယာ ဆွဲထုတ်လိုက်သည်။ ထို့နောက် လက်ကောက်ဝတ်ပေါ်တွင် လက်ချောင်းနှစ်ချောင်း တင်ကာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ မှော်စွမ်းအင် (Mana) အမျှင်လေး တစ်မျှင်ကို ထည့်သွင်းလိုက်သည်။
မှော်စွမ်းအင်အမျှင်လေးသည် သူမ၏ ခန္ဓာကိုယ်အတွင်း လှည့်လည်သွားလာရင်း အတွင်းပိုင်း အခြေအနေကို အာဒမ်၏ စိတ်ထဲတွင် ပုံဖော်ပေးသည်။ သို့သော် သူ မြင်တွေ့နေရသည့် အခြေအနေကို သူ လုံးဝ သဘောမကျပေ။ ကျန်းမာသော လူတစ်ယောက်၏ အတွင်းပိုင်းကို စိမ်းလန်းစိုပြည်သော တောအုပ်တစ်ခုနှင့် နှိုင်းယှဉ်မည်ဆိုပါက အီလီယာ၏ အတွင်းပိုင်းမှာ ရေဓာတ်ခန်းခြောက်နေသော တောအုပ်ပျက်ကြီးနှင့် တူနေသည်။ အပင်များမှာ ခြောက်သွေ့နေပြီး မြေပြင်တွင် အက်ကြောင်းများ ပေါ်နေသည်။
အာဒမ်၏ မျက်မှောင်ကြုတ်မှုမှာ ပိုမိုပြင်းထန်လာသည်။ သူ မျက်လုံးဖွင့်လိုက်ပြီး 'သူမရဲ့ အသက်စွမ်းအား (Life Force) က ဘာလို့ ဒီလောက် အားနည်းနေတာလဲ? ပြီးတော့ နေရာအတော်များများမှာ ပိတ်ဆို့နေသလိုပဲ။ သူမမှာ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ?'
ရုတ်တရက် အီလီယာ၏ မျက်တောင်များ လှုပ်ခတ်လာသည်ကို သူ သတိထားမိလိုက်သည်။ သူမ နိုးလာတော့မည်ကို သိသဖြင့် အာဒမ်သည် သူ၏ နားကပ်ထဲမှ နှင်းဆီပွင့်ဖတ် အနည်းငယ်ကို အမြန်ထုတ်ယူကာ မှော်စွမ်းအင်အဖြစ်ပြောင်းလဲ လိုက်သည်။ ထို့နောက် လက်ဟန်ခြေဟန်များ ပြုလုပ်လိုက်ရာ အီလီယာ၏ ဦးခေါင်းအထက်တွင် မှော်စက်ဝိုင်းငယ်တစ်ခု ပေါ်လာသည်။ နှင်းဆီပွင့်ဖတ်များသည် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားပြီး သူမ၏ မျက်နှာပေါ်သို့ ကျဆင်းသွားသည်။ အီလီယာ၏ မျက်တောင်များ ငြိမ်သက်သွားပြီး ပြန်လည် အိပ်ပျော်သွားတော့သည်။
အဆင့် (၁) မှော်ပညာ - အိပ်မောကျခြင်း!
"မင်း ဘာလုပ်တာလဲ?" ဗစ်တာက မကျေမနပ် မေးလိုက်သည်။ လူငယ်လေးက သူ့ဇနီးအပေါ် ရုတ်တရက် မှော်ပညာ သုံးလိုက်လိမ့်မည်ဟု သူ မထင်ထားပေ။
"စိတ်အေးအေးထားပါ" အာဒမ်က ပေါ့ပေါ့ပါးပါး လက်ယမ်းပြသည်။ "သူမကို ပြန်အိပ်အောင် လုပ်လိုက်တာပါ။ ဒီလိုက ပိုကောင်းပါတယ်။ ကျွန်တော့်ကို ယုံပါ။"
ဗစ်တာက ဘာဂါ့ကို ကြည့်လိုက်ရာ ဘာဂါက ခေါင်းညိတ်ပြသည်။ ထို့နောက် သူက လူငယ်လေးကို လေးနက်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ နောက်ထပ် သူမအပေါ် မှော်ပညာတွေ မသုံးရင်တော့ ငါ ပိုကျေးဇူးတင်မိမှာပဲ..."
ဗစ်တာက သူ့ကို ဆူပူနေသော်လည်း အာဒမ်ကမူ သူ့အတွေးနှင့်သူ အလုပ်ရှုပ်နေသဖြင့် ဗစ်တာ့ကို လုံးဝ လျစ်လျူရှုထားသည်။ ရုတ်တရက် သူက ဗစ်တာ့ကို စကားဖြတ်ပြောလိုက်သည်။ "ဦးလေး... ဦးလေးဇနီး စပြီး နေမကောင်းဖြစ်တာ ဘယ်တုန်းကလဲ? တတ်နိုင်သမျှ အတိအကျ ပြောပေးပါ။"
အာဒမ်က စကားဖြတ်ပြောလိုက်သဖြင့် ဗစ်တာ မျက်မှောင်ကြုတ်သွားသော်လည်း သူ ပြန်ဖြေခဲ့သည်။ "အက်ဒဝပ် မွေးပြီး သုံးပတ်အကြာမှာပါ။ အတိအကျဆိုရင် ၁၈ ရက်မြောက်နေ့မှာပေါ့။"
"ဝတုတ်လေး မွေးပြီးပြီးချင်းပေါ့ ဟုတ်လား?" အာဒမ်က မေးစေ့ကို ပွတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ရောဂါကို ကုသရန်အတွက် တိကျသော ရောဂါရှာဖွေမှု လိုအပ်ပြီး အာဒမ်သည် ရနိုင်သမျှ အချက်အလက်အားလုံးကို လိုအပ်သည်။ သို့သော် နေမကောင်းဖြစ်သည့် အချိန်ကို သိရုံမျှဖြင့် ရောဂါကို အဖြေရှာရန် မလုံလောက်သေးပေ။ ထို့ကြောင့် သူက မေးခွန်းများစွာကို ဆက်တိုက် မေးမြန်းတော့သည်။
ဗစ်တာမှာ အံ့ဩနေသော်လည်း အားလုံးကို ပြန်ဖြေပေးသည်။ ရုတ်တရက် အာဒမ်သည် သူ၊ အက်ဒဝပ်နှင့် လီဆာတို့ ဟန်းနက်စ်မြို့ ရှိ မီးပြတိုက်ပေါ်တွင် ထိုင်ရင်း အကြောင်းအရာများ ပြောပြခဲ့ကြသည်ကို သတိရသွားသည်။
"အက်ဒီ ပြောပြတာ ကျွန်တော် မှတ်မိတယ်။ သူ မွေးတုန်းက သူ့ခန္ဓာကိုယ်က အင်မတန် အားနည်းခဲ့ပြီး ကြီးလာမှ တဖြည်းဖြည်း ကောင်းလာတာဆို။ အဲဒါ တကယ်ပဲလား?" အာဒမ်က မေးလိုက်သည်။
သို့သော် ဗစ်တာ တိတ်ဆိတ်သွားသည်ကို သူ သတိထားမိလိုက်သည်။ အာဒမ် ခေါင်းမော့ကြည့်လိုက်ရာ ဗစ်တာသည် သူ့ကို မယုံကြည်နိုင်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်ကို တွေ့ရသည်။
"အဲ-အဲဒါက အီလီယာနဲ့ ဘယ်လို ပတ်သက်နေလို့လဲ?!" ဗစ်တာက တုန်လှုပ်စွာ မေးသည်။
အာဒမ်သည် ဗစ်တာ့ကို သေချာ စိုက်ကြည့်လိုက်သည်။ ဗစ်တာ၏ တုံ့ပြန်မှုမှာ တစ်ခုခု ထူးခြားနေသည်။ "ဦးလေးဗစ်တာ... ဦးလေး အရာအားလုံးကို ထုတ်ပြောရမယ်။ အဲဒါမှသာ ဦးလေးဇနီးကို ကျွန်တော် သေချာ စစ်ဆေးနိုင်မှာ။"
ဗစ်တာသည် အာဒမ်ကို တစ်ချက်ကြည့်၊ ဘာဂါ့ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းငုံ့ကာ အတွေးနက်သွားသည်။ သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်၊ ပြန်ဖြေလိုက်နှင့် ထိုလျှို့ဝှက်ချက်ကို ထုတ်ပြောရန် ဝေခွဲမရ ဖြစ်နေသည်။ သို့သော် ၎င်းက သူ့ဇနီးကို ကုသနိုင်မည့် နည်းလမ်းဖြစ်နိုင်လျှင် သူ တွန့်ဆုတ်နေစရာ မလိုတော့ပေ။
သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စတင်ပြောပြတော့သည်။ "အမှန်အတိုင်း ပြောရရင်... အက်ဒဝပ် မွေးပြီးပြီးချင်း သူ့ရဲ့ မှော်ပါရမီကို စစ်ဆေးတဲ့ အခါမှာ..."
"သူ့မှာ ဘာမှော်ပါရမီမှ မရှိဘူးလို့ အဖြေထွက်ခဲ့တယ်။"