အက်ဒဝပ်သည် အရပ် ၁.၈ မီတာ (၅ ပေ ၁၀ လက်မခန့်) ရှိသော်လည်း သူ၏ပြိုင်ဘက် ရစ်ခ်ကမူ သူ့အထက်တွင် ဘီလူးကြီးတစ်ကောင်ကဲ့သို့ မိုးနေသည်။ ရစ်ခ်က အက်ဒဝပ်ကို အထင်သေးသလို ငုံ့ကြည့်ကာ လက်ဆစ်များကို ချိုးရင်း ပြောလိုက်သည်။ "မင်းရဲ့ အရင်ပွဲတွေကို ငါကြည့်ဖူးတယ်။ မဆိုးပါဘူး။"
လူငယ်လေးကတော့ စီနီယာ၏ ချီးကျူးမှုကို ဂရုမစိုက်ဘဲ တိုက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် လက်သီးများကို ပတ်တီးအဖြူဖြင့် စိတ်ရှည်လက်ရှည် ပတ်နေသည်။
ရစ်ခ်က ပြုံးဖြဲဖြဲဖြင့် ဆက်ပြောလိုက်သည်။ "မင်းကို ငါထိုးပြီးတဲ့အခါကျရင် မင်းရဲ့ ချမ်းသာတဲ့ အဖေကြီးဆီသွားပြီး ငိုမပြဖို့ပဲ မျှော်လင့်တယ်"
အက်ဒဝပ်က နှာမှုတ်လိုက်သည်။ "ဒီစင်ပေါ်မှာ ဖြစ်သမျှ ဒီစင်ပေါ်မှာပဲ ပြီးသွားမှာပါ"
"ဟားဟားဟား!" ရစ်ခ်က ခါးထောက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "မဆိုးဘူး။ ငါထင်ထားတာနဲ့ လုံးဝမတူဘူးပဲ။"
အက်ဒဝပ် ပတ်တီးပတ်ခြင်း ပြီးဆုံးသွားသည်ကို မြင်သောအခါ ဒိုင်လူကြီးက သူတို့နှစ်ဦးကြားသို့ ဝင်လာပြီး လေးနက်စွာ ပြောလိုက်သည်။ "ငါက သန့်သန့်ရှင်းရှင်း တိုက်တာကိုပဲ လိုချင်တယ်။ တစ်ယောက်ကိုတစ်ယောက် အသေသတ်ဖို့ ကြိုးစားတာတွေ့ရင် ပွဲကို ချက်ချင်းရပ်မယ်။ နားလည်ရင် ခေါင်းငြိမ့်။"
ကျောင်းသားနှစ်ဦးလုံး ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပြီ!" ဒိုင်လူကြီးက ဆက်ပြောသည်။ "နောက်ကို ဆုတ်လိုက်ကြ။"
နှစ်ဦးလုံး လက်ဝှေ့စင်၏ အစွန်းထိ နောက်ဆုတ်သွားသည်ကို မြင်သောအခါ ဒိုင်လူကြီးသည် သူရပ်နေသည့် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထို့နောက် မြေအောက်ကွင်းတစ်ခုလုံး ဟိန်းထွက်သွားသော အသံကြီး ထွက်ပေါ်လာသည်။
"တိုက်ကြ !"
ရစ်ခ်သည် အက်ဒဝပ်ဆီသို့ ဝှေ့နေသော နွားသိုးတစ်ကောင်ကဲ့သို့ ပြေးဝင်သွားတော့သည်။ အက်ဒဝပ်ကမူ တည်ငြိမ်အေးဆေးစွာဖြင့် လက်မောင်များကို မြှောက်ကာ တိုက်ခိုက်ရေး အနေအထားကို ယူလိုက်သည်။
ခဏအတွင်းမှာပင် ရစ်ခ်သည် အက်ဒဝပ်ရှေ့သို့ ရောက်လာပြီး ညာဝိုက်လက်သီးဖြင့် ချက်ချင်း ပစ်ထိုးလိုက်သည်။ မြန်လိုက်တာ! ရစ်ခ်၏ လက်သီးကြီးမှာ သူ့မျက်လုံးထဲတွင် ကြီးထွားလာသည်ကို အက်ဒဝပ် မြင်နေရသည်။ သို့သော် နောက်တစ်ခဏတွင် သူ၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
'ဒါပေမဲ့ ငါ့လောက်တော့ မမြန်သေးဘူး။'
သူသည် တည်ငြိမ်စွာဖြင့် ငုံ့ရှောင်လိုက်ရာ ဝိုက်လက်သီးမှာ လေထဲသို့သာ ဝှေ့သွားသည်။ ထို့နောက် သူက ရစ်ခ်၏ နံဘေးဆီသို့ ပြန်လည် ထိုးနှက်လိုက်သည်! သို့သော် နောက်တစ်ခဏ၌ အက်ဒဝပ် အံ့ဩသွားရသည်။ ရစ်ခ်က သူ့ကိုကြည့်ကာ ပြုံးနေသည် မဟုတ်ပါလား။
"ဒီလောက် အားမပါတဲ့ လက်သီးက ငါ့ကို နာအောင် လုပ်နိုင်မယ် ထင်နေတာလား?"
ရစ်ခ်က နောက်ထပ် လက်သီးတစ်ချက်ဖြင့် ထပ်ဆင့် တိုက်ခိုက်သော်လည်း အက်ဒဝပ်က ရှောင်တိမ်းနိုင်ခဲ့ပြန်သည်။ သူ နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ပြိုင်ဘက်ကို ဝေခွဲမရစွာ ကြည့်လိုက်သည်။ လူငယ်လေး၏ မျက်နှာပျက်သွားသည်ကို မြင်သောအခါ ရစ်ခ်က ရယ်မောလိုက်သည်။
"ငါက Organ Stage (ကိုယ်တွင်းအင်္ဂါအဆင့်) မှော်ဆရာကွ ကလေးလေး။ ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အတော်များများက မှော်စွမ်းအင်တွေနဲ့ တောင့်တင်းအောင် လုပ်ထားပြီးသား။"
နောက်တစ်ခဏတွင် ရစ်ခ်သည် အက်ဒဝပ်ဆီသို့ ထပ်မံ ပြေးဝင်လာရင်း အော်ဟစ်လိုက်သည်။ "အရှုံးပေးလိုက်စမ်း! မင်း ဘယ်တော့မှ နိုင်မှာ မဟုတ်ဘူး!"
"ဟဲဟဲ... ကြည့်ကြသေးတာပေါ့၊" အက်ဒဝပ် ပြုံးလိုက်သည်။
နောက်မိနစ်အနည်းငယ်အတွင်း ရစ်ခ်သည် အက်ဒဝပ်ကို တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်နေသော်လည်း အက်ဒဝပ်က အသာအယာပင် ရှောင်တိမ်းနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက ပြန်လည် တိုက်ခိုက်ရင်း ထိုဗလကောင်းကောင်းနှင့် ပြိုင်ဘက်၏ အားအင်များကို တဖြည်းဖြည်း ဆုတ်ယုတ်အောင် လုပ်နေသည်။ လူငယ်လေး၏ တန်ပြန်တိုက်စစ်က ရစ်ခ်ကို ဒဏ်ရာမရစေသော်လည်း၊ သူ၏ ဂျူနီယာလေး၏ အင်္ကျီစကိုတောင် မထိနိုင်ခြင်းက ရစ်ခ်ကို ဒေါသထွက်စေသည်။ ထို့ပြင် သူ၏ အမောခံနိုင်ရည်မှာလည်း တဖြည်းဖြည်း ကျဆင်းလာသည်။
"မင်းလို ကြွက်စုတ်လေး! ဟိုပြေးဒီပြေး မလုပ်နဲ့တော့!" ရစ်ခ်က ဟိန်းဟောက်လိုက်သည်။ ဤဂျူနီယာ ကျောင်းသားက လူအများရှေ့တွင် သူ့ကို ဟာသတစ်ခုလို ဖြစ်အောင် လုပ်နေသဖြင့် သူ အလွန်အမင်း ဒေါသထွက်နေရသည်။ ပြင်းထန်သော ဒေါသဖြင့် သွားကြိတ်ကာ ညာဝိုက်လက်သီးကို အားကုန် သုံး၍ ပစ်ထိုးလိုက်တော့သည်။
၎င်းကို မြင်သောအခါ အက်ဒဝပ်၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ထပ်မံ ပေါ်လာပြန်သည်။ 'အခုပဲ!'
သူသည် ရှေ့သို့ တစ်လှမ်းတက်ကာ ဝင်လာသော လက်သီးကို ဘယ်ဘက်သို့ ပုတ်ထုတ်လိုက်ပြီး ကျွမ်းကျင်စွာ ခုခံလိုက်သည်။ ထို့နောက် နောက်ထပ် တစ်လှမ်းတက်ကာ သူ၏ ဘယ်ဘက် တောင်ပံ (တံတောင်ဆစ်) ဖြင့် ရစ်ခ်၏ လည်ပင်းကို ထိုးလိုက်ရာ ရစ်ခ်မှာ အရှိန်ဖြင့် ထိုတံတောင်ဆစ်နှင့် တည့်တည့် တိုးမိသွားတော့သည်။
ဗြိ!
တံတောင်ဆစ် တိုက်ကွက်က ရစ်ခ်၏ လည်ချောင်းကို တည့်တည့် ထိမှန်သွားသဖြင့် သူ လည်ပင်းကို ပြန်ကိုင်ကာ အသက်ရှူရ ခက်ခဲသွားသည်။
"အိုးးးး!!!" ပရိသတ်ကြီးက ရုတ်တရက် အပြောင်းအလဲကြောင့် အော်ဟစ် အားပေးကြတော့သည်။ ဤသည်မှာ ၅ မိနစ်ကျော်ကြာ တိုက်ခိုက်မှုအတွင်း ပထမဦးဆုံး ထိထိရောက်ရောက် တိုက်ခိုက်နိုင်သည့် အချက်ပင် ဖြစ်သည်။
အက်ဒဝပ်သည် ပြိုင်ဘက် အားနည်းသွားသည်ကို အခွင့်ကောင်းယူကာ ရစ်ခ်၏ ခန္ဓာကိုယ်အနှံ့ကို တစ်ရစပ် တိုက်ခိုက်တော့သည်။ ဗိုက်ကို လက်သီးဖြင့်ထိုး၊ အာရုံကြော ကွန်ရက်စုကြီး (Solar Plexus = လူ့ခန္ဓာကိုယ် ရင်ညွန့်ရိုးရဲ့ အောက်ဘက်၊ ဝမ်းဗိုက်အပေါ်ပိုင်း (ချက်ရဲ့ အထက်နား) မှာ တည်ရှိတဲ့ အာရုံကြော ကွန်ရက်စုကြီး တစ်ခု ဖြစ်ပါတယ်) ကို ဒူးဖြင့်တိုက်၊ နံရိုးများကို လက်ဝါးဖြင့် ရိုက်၊ ခါးကို နံဘေးကန်ချက်ဖြင့် ကန်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် အက်ဒဝပ်သည် ရစ်ခ်ပေါ်သို့ ၁၂ ချက်နီးပါး တိုက်ခိုက်နိုင်ခဲ့သည်။
၎င်းကို မြင်သောအခါ ပရိသတ်များမှာ မတ်တတ်ရပ်ကာ ယခင်ကထက် ပိုမိုကျယ်လောင်စွာ အော်ဟစ် အားပေးကြတော့သည်။ အင်အားနည်းသူက အနိုင်ရရှိလာသည်ကို ကြည့်ရသည်မှာ အမြဲတမ်း စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ ထို့ပြင် အက်ဒဝပ်၏ တိုက်ခိုက်ရေးစတိုင်မှာ သူတို့ကို မှင်သက်စေခဲ့သည်။
သီးသန့်ကြည့်ရှုသည့်နေရာတွင် ထိုင်နေသော အာဒမ်က ခေါင်းညိတ်လိုက်သည်။ "မဆိုးဘူး။"
"မဆိုးဘူး ဟုတ်လား?!" ဒါနယ်လီမှာ အံ့အားသင့်နေရသည်။ သူ့ထက် အများကြီး ပိုကြီးသော ပြိုင်ဘက်ကို အက်ဒဝပ်က တစ်ချက်ပြီးတစ်ချက် ထိုးနှက်နေသည်ကို မြင်ရသဖြင့် သူ၏သွေးများမှာ စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်နေသည်။ "ဒါ... ဒါက တကယ့်ကို အံ့ဩစရာပဲ!"
အယ်လ်ဖ်လူငယ်လေးသည် ဤကဲ့သို့သော တိုက်ခိုက်ရေးစတိုင်မျိုးကို တစ်ခါမျှ မမြင်ဖူးချေ။ အက်ဒဝပ်သည် ပြိုင်ဘက်၏ အသက်သွေးကြောနေရာ (Vital points) များကိုသာ တိုက်ခိုက်နေသလို၊ ထိုတိုက်ကွက်များမှာလည်း မမျှော်လင့်ထားသည့် ထောင့်များမှ ထွက်ပေါ်လာသည်။ ထို့ပြင် အစောပိုင်းက အက်ဒဝပ် ခုခံနေစဉ်တွင် သူသည် ပျော့ပြောင်းပြီး လိုက်လျောညီထွေရှိသော နည်းလမ်းကို သုံးခဲ့သော်လည်း၊ အခု တိုက်စစ်ဆင်သည့်အခါတွင်မူ သူ၏ တိုက်ကွက်များမှာ ပေါက်ကွဲထွက်လုမတတ် အားပါလှသည်။
"ဒါက ရေလိုပဲ၊" ဒါနယ်လီက သဘောပေါက်သွားကာ ရေရွတ်လိုက်သည်။ ဤတိုက်ခိုက်ရေးစတိုင်၏ ဆန်းသစ်မှုကို သူ မချီးကျူးဘဲ မနေနိုင်တော့ချေ။ "လိုအပ်တဲ့အခါမှာ ပျော့ပြောင်းပြီး လိုအပ်တဲ့အခါမှာ မာကျောနေတာပဲ။"
လက်ဝှေ့စင်ပေါ်တွင်မူ အက်ဒဝပ်သည် အောင်ပွဲရရန် လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဖြစ်သည်။ သူသည် တိုက်ခိုက်မှုများကို ရပ်လိုက်ပြီး နောက်ဆုံးပိတ် တိုက်ကွက် အတွက် အနေအထား ပြင်လိုက်သည်။ သူ၏ ခါးနှင့် ကျောပြင်ကို ပေါက်ကွဲအားဖြင့် လည်ပတ်လိုက်ကာ နောက်ပြန်လှည့် ကန်ချက် ဖြင့် ရစ်ခ်၏ မေးစေ့ကို တိတိကျကျ ပစ်မှတ်ထား ကန်လိုက်တော့သည်။
ဘုန်း!
ပရိသတ်ကြီး တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ရစ်ခ်သည် ခဏမျှ မတ်တတ်ရပ်နေပြီးမှ မျက်လုံးများ လန်တက်သွားကာ ဒူးထောက် လဲကျသွားတော့သည်။
"အိုးးးးး!!" ပရိသတ်ကြီးက အားကုန် အော်ဟစ် အားပေးကြတော့သည်။ သူတို့အားလုံး ရူးသွပ်မတတ် ဖြစ်နေကြပြီ! အက်ဒဝပ် တိုက်ခိုက်သည်ကို ကြည့်ရတိုင်း မြင်ရခဲသော မြင်ကွင်းတစ်ခုကို မြင်ရစမြဲ ဖြစ်ပြီး ယနေ့တွင်လည်း ထိုနည်းအတိုင်းပင်။
အနိုင်ရရှိသူ အက်ဒဝပ်သည် နောက်သို့လှည့်ကာ ပရိသတ်၏ အားပေးချီးမြှောက်မှုများကို အရသာ ခံစားနေသည်။ သူသည် လက်သီးကို ဆုပ်ကာ လေထဲသို့ မြှောက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သို့သော် ရုတ်တရက်...
ပရိသတ်ကြီး တိတ်ဆိတ်သွားပြီး ကြီးမားသော အရိပ်မည်းကြီးတစ်ခုက အက်ဒဝပ်၏ အပေါ်သို့ တဖြည်းဖြည်း လွှမ်းမိုးလာသည်။ လူငယ်လေးသည် မျက်မှောင်ကြုတ်ကာ မြေပြင်ကို ကြည့်လိုက်ရာ အရိပ်မှာ ပို၍ ကြီးလာသည်ကို တွေ့ရသည်။ နောက်တစ်ခဏတွင် သူ နောက်သို့ လှည့်ကြည့်လိုက်သည်။
သို့သော် အားလုံး နောက်ကျသွားပြီ ဖြစ်သည်။ ရစ်ခ်သည် မတ်တတ် ပြန်ရပ်လာပြီး အက်ဒဝပ်ကို ပွေ့ချကာ မြေပြင်ပေါ်သို့ အားရပါးရ ဖိချလိုက်တော့သည်။ ရုတ်တရက် အပြောင်းအလဲကြောင့် ပရိသတ်ကြီးမှာ ထိတ်လန့်သွားသော်လည်း၊ အက်ဒဝပ်ကိုယ်တိုင်ထက် ပို၍ ထိတ်လန့်သူ မရှိချေ။
နောက်ဆုံး စက္ကန့်ပိုင်းတွင် သူ၏ခန္ဓာကိုယ်ကို အနည်းငယ် လှည့်နိုင်ခဲ့သဖြင့် မှောက်လျက်အစား ပက်လက်အနေအထားဖြင့် မြေပြင်ပေါ်သို့ ဖိချခံလိုက်ရခြင်း ဖြစ်သည်။ ရစ်ခ်က သူ၏ ကြီးမားလှသော လက်သီးကြီးကို မြှောက်ကာ အက်ဒဝပ်၏ မျက်နှာပေါ်သို့ အားကုန် ထိုးချလိုက်တော့သည်။
"ငါ့အလှည့်ပဲ!"