ကလိုဗာ အကယ်ဒမီ ကျောင်းဝင်းအတွင်းရှိ ကွင်းပြင်ကျယ်တစ်ခုတွင် တတိယနှစ် ကျောင်းသားတစ်စု စုဝေးနေကြသည်။ ကျောင်းသားပေါင်း ဒါဇင်နှင့်ချီ၍ ရှိပြီး သူတို့သည် မြက်ခင်းပြင်ပေါ်တွင် ထိုင်ကာ ပရော်ဖက်ဆာ၏ ဟောပြောမှုကို အာရုံစိုက် နားထောင်နေကြသည်။
"ကျောင်းသားတွေ အဆင့်တစ်ခုကို မရောက်မချင်း အကယ်ဒမီက မှော်တိုက်ခိုက်ရေးပညာကို ဘာလို့ သင်မပေးရသလဲဆိုတဲ့ အကြောင်းပြချက် ရှိတယ်"
ထွားကျိုင်းသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် ပရော်ဖက်ဆာတစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟိုဟိုဒီဒီ လျှောက်နေသည်။ သူ၏ ဆံပင်ညိုရောင် ခပ်လတ်လတ်နှင့် မျက်ဝန်းညိုညိုတို့မှာ ခန့်ညားလှသည်။ ခန္ဓာကိုယ်ရှိ ကြွက်သားများမှာ ကျစ်လျစ်သိပ်သည်းနေပြီး လှုပ်ရှားလိုက်တိုင်း စွမ်းအားများ ပြည့်လျှံနေပုံရသည်။ ပရော်ဖက်ဆာ၏ စူးရှသော အကြည့်များကြောင့် ကျောင်းသားအများစုမှာ လူတွန့်သွားကြရသည်။
"အဲ့ဒီအကြောင်းကို ဘယ်သူပြောနိုင်မလဲ" သူက သြဇာညောင်းသော အသံကြီးဖြင့် မေးလိုက်သည်။
ကျောင်းသားအားလုံးသည် မြစိမ်းရောင်မျက်ဝန်းရှိသည့် ရွှေအိုရောင်ဆံပင်ပိုင်ရှင် မိန်းကလေးတစ်ဦးကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ သူမသည် ဂါဝန်ဖြူလေးကို ဝတ်ဆင်ထားပြီး အပေါ်မှ အကယ်ဒမီ၏ သံလွင်ရောင် ဝတ်ရုံကို ခြုံထားသည်။ ထိုအလှပဂေးလေးမှာ အခြားသူမဟုတ်၊ လီဆာ ပင် ဖြစ်သည်။ အတန်းတိုင်းတွင် မေးသမျှမေးခွန်းတိုင်းကို သူမ ဖြေနေကျဖြစ်သဖြင့် အားလုံးက အသားကျနေပြီ ဖြစ်သည်။ သူမသည် နှာခေါင်းပေါ်မှ အဝိုင်းပုံ မျက်မှန်နက်လေးကို အသာပင့်တင်လိုက်ပြီး ဖြေရန် ပြင်လိုက်သည်။
သို့သော် တစ်စုံတစ်ယောက်က လက်ကို ဦးအောင် ထောင်လိုက်ပြီ ဖြစ်သည်။
"ကျွန်တော်! ကျွန်တော် ဖြေမယ်!"
ဆံပင်နက်နှင့် လူငယ်တစ်ဦးက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ ပရော်ဖက်ဆာက သူ့ကိုကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ပြောပါဦး အာဒမ်" ဟု ဆိုလိုက်သည်။
'ဘာကြီး!'
အားလုံး မှင်သက်သွားကြသည်။ ဟောပြောပွဲတိုင်းတွင် အမြဲလိုလို ဟောက်ပြီး အိပ်နေတတ်သည့် အတန်းထဲက လူပြက်လေး အာဒမ်တစ်ယောက် ယခုအတန်းတွင် တက်တက်ကြွကြွ ပါဝင်နေသည်ကို သူတို့ မယုံနိုင်အောင် ဖြစ်နေကြသည်။ အက်ဒဝပ် နှင့် လီဆာမှလွဲ၍ ကျန်သူအားလုံး အံ့သြနေကြခြင်း ဖြစ်သည်။ အာဒမ်သည် တိုက်ခိုက်ရေးနှင့် ပတ်သက်လျှင် မည်မျှအထိ ရူးသွပ်သူဖြစ်ကြောင်း သူတို့နှစ်ဦးက ကောင်းကောင်းသိသည်။ ထို့ပြင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မည်မျှအထိ ရှိသည်ကိုလည်း သူတို့ ကိုယ်တိုင် မြင်တွေ့ဖူးထားကြသည်။ ထို့ကြောင့် တိုက်ခိုက်ရေးနှင့် ဆက်စပ်သည့် အတန်းတွင် သူ အာရုံစိုက်နေသည်မှာ မထူးဆန်းပေ။
အာဒမ်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ယုံကြည်ချက်ရှိရှိဖြင့် ဖြေလိုက်သည်။ "မှော်ဆရာ တစ်ယောက်၊ အထူးသဖြင့် လူသားတွေဟာ မှော်ပညာလမ်းစဉ်ကို စတင်လျှောက်လှမ်းတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်က အားနည်းနေတတ်ပါတယ်။ အဲ့ဒါကြောင့် မှော်တိုက်ခိုက်ရေး နည်းစနစ်တွေကို အသုံးမပြုသင့်သေးပါဘူး၊ အသုံးပြုခဲ့ရင် သူတို့အတွက် အရမ်းကို အန္တရာယ်များစေနိုင်လို့ပါ"
သူက ခေတ္တရပ်လိုက်သည်။ အားလုံးက သူ့ကို စိတ်ဝင်တစား နားထောင်နေကြသည်ကို မြင်လိုက်ရသည့်အခါ သူ၏ နှုတ်ခမ်းထက်တွင် အလိုလို ပြုံးစစ ဖြစ်သွားသည်။ "အဆင့် ၁ (Rank 1) ရဲ့ အစောပိုင်းကာလတွေမှာ လူသားခန္ဓာကိုယ်ဟာ မှော်စွမ်းအင် (Mana) ရဲ့ ပြုစုပျိုးထောင်မှုကို ခံယူရပြီး တဖြည်းဖြည်း သန်မာလာရတာပါ။ အဲ့ဒါကြောင့် မှော်ဆရာတစ်ယောက်ဟာ အမြုတေ (Cores) အဆင့်ထဲက အရိုးအဆင့် (Bones Stage) ကို ရောက်မှသာ မှော်တိုက်ခိုက်ရေး နည်းစနစ်တွေကို ထိရောက်စွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်"
"မှန်တယ်" ပရော်ဖက်ဆာက ကျေနပ်စွာ ခေါင်းငြိမ့်ပြသည်။ ပထမနှစ်တွင် လီဆာနှင့် အာဒမ်တို့၏ ယှဉ်ပြိုင်မှုကို မြင်ဖူးကတည်းက သူသည် အာဒမ်ကို အထင်ကြီးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အာဒမ်၏ အဖွဲ့လိုက်မစ်ရှင် အစီရင်ခံစာများကို ဖတ်ကြည့်ရာတွင်လည်း ထိုလူငယ်မှာ အနီးကပ်တိုက်ခိုက်ရေးတွင် အလွန်ထူးချွန်ကြောင်း သိရှိထားသည်။ ထို့ကြောင့် အခြားကျောင်းသားများထက် သူ့ကို ပို၍ တန်ဖိုးထားမိသည်။
သူက ဟောပြောမှုကို ဆက်လက်ပြုလုပ်သည်။ "မှော်စွမ်းအင် အခြေခံ (Mana Foundation) အဆင့်မှာတင် မှော်တိုက်ခိုက်ရေး နည်းစနစ်တွေကို အတင်းအဓမ္မ သုံးဖို့ ကြိုးစားရင် ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာ မဟုတ်ဘဲ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရနိုင်ပါတယ်..."
ပရော်ဖက်ဆာ စကားပြောနေစဉ်တွင် အာဒမ်က 'အက်စထရယ်လ် တိုင်းရင့်' လက်စွဲစာအုပ်ပါ နည်းစနစ်များကို သုံးစဉ်က သူ၏လက်များ မည်မျှအထိ ဒဏ်ရာရခဲ့ဖူးသည်ကို ပြန်တွေးနေမိသည်။ သို့သော် အက်စထရယ်လ် တိုင်းရင့်မှာ အခြားသော မှော်တိုက်ခိုက်ရေး နည်းစနစ်များနှင့် မတူပေ။ ၎င်းမှာ ထိပ်တန်းလက်စွဲစာအုပ် ဖြစ်ရုံတင်မကဘဲ အသုံးပြုသူ၏ ခန္ဓာကိုယ်ကို အစဉ်တစိုက် သန်မာစေပြီး ခိုင်မာသော အခြေခံကို တည်ဆောက်ပေးသည်။ ထို့ကြောင့်ပင် အဆင့် ၁ ၏ အစောပိုင်းကာလများတွင် ထိုနည်းစနစ်များကို သုံးခဲ့သော်လည်း အာဒမ်အတွက် ဘေးထွက်ဆိုးကျိုးမှာ အလွန်အမင်း မကြီးမားခဲ့ခြင်း ဖြစ်သည်။
"ကဲ... မင်းတို့ကတော့ မှော်အတတ်တွေ ရှိနေတာပဲ၊ တိုက်ခိုက်ဖို့အတွက် ဒါတွေနဲ့တင် လုံလောက်ပြီလို့ ငြင်းချင်ကြလိမ့်မယ်။ ဒါပေမဲ့ ပရော်ဖက်ဆာ ဂေါ့ဒ်ဖရေး ပြောသလိုပဲ၊ အဲ့ဒါက တကယ်တော့ အမှားကြီးပဲ!" ပရော်ဖက်ဆာ၏ အသံမှာ ပို၍ ကျယ်လောင်လာသဖြင့် ကျောင်းသားများ တုန်သွားကြသည်။ "ဒီနေ့ခေတ် မှော်ဆရာ တွေဟာ ပညာရှင်တွေတင် မဟုတ်ဘဲ ရဲရင့်တဲ့ စစ်သည်တော်တွေလည်း ဖြစ်ရမယ်!"
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး စိတ်ဓာတ်တက်ကြွဖွယ် ပြောလိုက်သည်။ "အဲ့ဒါကြောင့် မင်းတို့ကလေးတွေဟာ သုတေသနပညာရပ်တွေကိုပဲ အာရုံစိုက်နေလို့ မရဘူး၊ တိုက်ပွဲမြေပြင်မှာ အမြဲအသင့်ဖြစ်နေအောင် ကိုယ့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကိုလည်း သွေးနေရမယ်!"
ကျောင်းသားအားလုံး မိန်းမောသွားကြသည်။ သူတို့သည် စစ်သေနာပတိတစ်ဦး၏ ညွှန်ကြားမှုကို ခံယူနေရသော စစ်တပ်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
"ကဲ... မှော်အတတ်တွေကို သုံးနိုင်နေပြီဖြစ်ပါလျက်နဲ့ မှော်ဆရာတွေဟာ မှော်တိုက်ခိုက်ရေးပညာကို ဘာလို့ ဆက်ပြီး လေ့လာလိုက်စားနေကြသလဲဆိုတာ ဘယ်သူပြောနိုင်မလဲ" သူက ပြုံးလျက် မေးလိုက်သည်။
ကျောင်းသားအများစုက ဤအဖြေကို ခန့်မှန်းနိုင်ကြသည်။ သို့သော် အာဒမ်က ကလေးငယ်တစ်ယောက်ကဲ့သို့ လက်ကို တမြှောက်မြှောက်ဖြင့် ဦးအောင် ပြန်ထောင်ပြန်သည်။
"ကျွန်တော်! ကျွန်တော်! ကျွန်တော်!"
ပရော်ဖက်ဆာက "အေး... ပြောပါဦး" ဟု ခွင့်ပြုလိုက်သည်။
အာဒမ်က နောက်တစ်ကြိမ် ချောင်းဟန့်လိုက်ပြီး ပညာရှိကြီးတစ်ဦးကဲ့သို့ ပုံစံဖမ်းကာ ဖြေလိုက်သည်။ "အဟမ်း... ကျွန်တော်တို့ သိကြတဲ့အတိုင်း မှော်ဆရာတစ်ယောက်ဟာ မှော်ပညာ အင်္ဂါရပ်တွေ (Spell components) မပါဘဲ မှော်အတတ်တွေကို မသုံးနိုင်ပါဘူး။ မှော်အတတ်တိုင်းမှာ အနည်းဆုံး အင်္ဂါရပ်တစ်ခုတော့ ပါရစမြဲပါ။ အချို့က နှစ်ခု၊ အချို့က သုံးခုစလုံး လိုအပ်ပါတယ်။ ဒါပေမဲ့... တစ်ယောက်ယောက်က ဒီမှော်သုံးတဲ့ ဖြစ်စဉ်ကို ကြားဖြတ်နှောင့်ယှက်လိုက်ရင် ဘာဖြစ်မလဲ"
ကျောင်းသားအားလုံး မျက်လုံးလှန်ပြလိုက်ကြသည်။ အာဒမ်တစ်ယောက် ပရော်ဖက်ဆာနေရာကို ဝင်ယူပြီး သူတို့ကို ပြန်မေးခွန်းထုတ်နေသည်ကို ကြည့်ကာ စိတ်ပျက်နေကြခြင်း ဖြစ်သည်။
"အဲ့ဒီနေရာမှာပဲ မှော်တိုက်ခိုက်ရေးပညာက အခန်းကဏ္ဍက ပါလာတာပါ။ မိမိရဲ့ လက်နက်တွေ ဒါမှမဟုတ် မိမိကိုယ်ကိုယ် မှော်စွမ်းအားနဲ့ မြှင့်တင်ပြီး မှော်ဆရာတွေဟာ မိမိကိုယ်ကိုယ် ထိရောက်စွာ ကာကွယ်နိုင်မှာ—"
"တော်ပြီ၊ တော်ပြီ အာဒမ်" ပရော်ဖက်ဆာ၏ နှုတ်ခမ်းများ တွန့်သွားသည်။ သူ ကြားဖြတ်မတားလျှင် အာဒမ်တစ်ယောက် စကားတွေ များနေတော့မည်ကို စိုးရိမ်မိ၍ ဖြစ်သည်။ "ဒါပေမဲ့ မှော်တိုက်ခိုက်ရေးဆိုတာ မိမိကိုယ်ကိုယ် ကာကွယ်ဖို့ သက်သက်အတွက်ပဲ မဟုတ်ဘူး"
အာဒမ်၏စကားကို ပရော်ဖက်ဆာက ဆက်လက်ရှင်းပြသည်။ "မရေတွက်နိုင်တဲ့ စမ်းသပ်မှုတွေ လုပ်ပြီးနောက်မှာ မှော်ဆရာတွေဟာ မှော်အတတ်တွေနဲ့တောင် ယှဉ်နိုင်တဲ့ တိုက်ခိုက်ရေးစွမ်းအားရှိတဲ့ မှော်တိုက်ခိုက်ရေး နည်းစနစ်တွေကို တီထွင်နိုင်ခဲ့ကြတယ်!"
ပရော်ဖက်ဆာသည် မှော်တိုက်ခိုက်ရေး၏ အခြေခံသဘောတရားများကို ကျောင်းသားများအား အကြာကြီး ရှင်းပြခဲ့သည်။ အတန်းပြီးခါနီးတွင် ကျောင်းသားတစ်ဦးက မှော်အတတ်ကို စတင်ပြင်ဆင်ပြီး နောက်တစ်ဦးက ထိုဖြစ်စဉ်ကို ကြားဖြတ်နှောင့်ယှက်ရသည့် လက်တွေ့လေ့ကျင့်ခန်းများကိုပင် ပြုလုပ်ခိုင်းခဲ့သည်။ ဤလေ့ကျင့်ခန်းက မှော်တိုက်ခိုက်ရေးသည် မည်မျှအထိ အရေးကြီးကြောင်း ကျောင်းသားများကို သိမြင်သွားစေခဲ့သည်။ မှော်အတတ် အနည်းငယ် တတ်ရုံနှင့် ပစ်ပယ်ထား၍မရသော ပညာရပ်ဖြစ်ကြောင်း သူတို့ နားလည်သွားကြသည်။
အတန်းပြီးဆုံးသွားသောအခါ ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ ဤသည်မှာ ယနေ့အတွက် နောက်ဆုံးအတန်းဖြစ်သဖြင့် ကျောင်းသားများမှာ အိမ်ပြန်ရန် ပြင်ဆင်နေကြသည်။ ဒုတိယနှစ်သို့ တက်ရောက်ပြီးနောက် ကျောင်းသားများကို ကျောင်းဝင်းအတွင်း နေထိုင်ခွင့် မပြုတော့ချေ။ ထို့ကြောင့် ကျောင်းသားအားလုံး အပြင်သို့ ထွက်လာကြသည်။
လွန်ခဲ့သော တစ်နှစ်အတွင်း အရပ်ရှည်ပြီး ကြွက်သားအမြောင်းမြောင်းနှင့် သန်မာသော လူငယ်တစ်ဦးအဖြစ် ကြီးထွားလာသည့် အက်ဒဝပ်သည် အာဒမ်၏အနားသို့ လာကာ မေးလိုက်သည်။ "ငါတို့ မစ္စတစ် လမ်းကြား (Mystic Lane) ကို သွားဦးမှာ မဟုတ်လား"
အာဒမ်က ခေါင်းငြိမ့်ပြကာ "သွားမှာပေါ့။ ဒါပေမဲ့ မင်းတို့ အရင်သွားနှင့်ကြ"
"နင် ဘယ်သွားမလို့လဲ" လီဆာက စပ်စုလိုက်သည်။
"ငါ ပြောပြဖူးတဲ့ အက်လ်ဖ်တွေအကြောင်း မှတ်မိလား" အာဒမ်၏ မေးခွန်းကို အက်ဒဝပ်နှင့် လီဆာတို့က ခေါင်းငြိမ့်ပြကြသည်။ "အေး... သူတို့ကိုလည်း ခေါ်သွားမလို့။ မနေ့ကတည်းက ပျင်းလှပြီဆိုပြီး ငါ့ကို လာလာပူဆာနေကြတာနဲ့" အာဒမ်က စိတ်ပျက်သလို ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် လှည့်ထွက်ရန် ပြင်လိုက်သည်။
"အိုကေလေ... ဒါဆို ငါ ဂျိုနသန်ကို သွားခေါ်ပြီး ငါတို့ ဆုံနေကျနေရာမှာ စောင့်နေမယ်" ထိုသို့ပြောပြီးနောက် အက်ဒဝပ်နှင့် လီဆာတို့သည်လည်း ကလိုဗာ အကယ်ဒမီမှ မှော်ဆရာများသာ ဝင်ခွင့်ရှိသော လျှို့ဝှက်ဆန်းပြားသည့် နေရာတစ်ခုဆီသို့ ဦးတည်ကာ ကျောင်းပြင်သို့ ထွက်ခွာသွားကြတော့သည်။