"ဒါနဲ့ မင်းတို့က ဘယ်ကလာကြတာလဲ"
အာဒမ်က လက်နှစ်ဖက်ကို ခေါင်းနောက်ပစ်ကာ လျှောက်ရင်း အမြွှာမောင်နှမကို တောင်ပိုင်းရပ်ကွက်တစ်ဝိုက် လိုက်လံပြသနေသည်။ လက်ရှိတွင် သူတို့မှာ ဆိပ်ကမ်းအနီးရှိ ဈေးတန်းနယ်မြေထဲတွင် ရှိနေကြဆဲဖြစ်သည်။ အမြွှာနှစ်ဦးမှာ စပ်စပ်စုစုဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေကြသည်။ အေတီရယ်လ်က ပို၍ တက်ကြွလန်းဆန်းနေပုံရပြီး ဒါနယ်လီကမူ အပြင်ပန်းတွင် ခပ်တည်တည်ပုံစံ ဖမ်းထားသော်လည်း သူ၏မျက်ဝန်းထဲမှ စူးစမ်းလိုစိတ်နှင့် အံ့သြမှုကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
အာဒမ်၏ မေးခွန်းကိုကြားတော့ အေတီရယ်လ်က တက်ကြွစွာ ပြန်ဖြေလိုက်သည်။ "ကျွန်မတို့ မောင်နှမက ဘာဂျာအထက်တောအုပ်က လာတာရှင့်!"
"အို..." အာဒမ် စိတ်ဝင်စားသွားသည်။ "အက်လ်ဖ်မျိုးနွယ်စုတွေအပြင် မှော်သားရဲတွေ အများကြီးရှိတယ်ဆိုတဲ့ ဘာဂျာအထက်တောအုပ်ကို ပြောတာလား?!"
"ဟူးဟူး... ဟုတ်ပါတယ်၊ အဲ့ဒီနေရာက လာတာပေါ့!" အာဒမ်၏ တောက်ပနေသော မျက်ဝန်းများကို မြင်ရသဖြင့် အေတီရယ်လ်က ဂုဏ်ယူစွာ ဖြေလိုက်သည်။
ဘာဂါ၏ ဧည့်သည်များမှာ မြူမှောင်တောင်တန်း၏ ဟိုဘက်ခြမ်းမှ လာသူများဖြစ်လိမ့်မည်ဟု အာဒမ် မထင်ထားခဲ့ပေ။ ထို့ကြောင့် သူ အတော်လေး အံ့သြသွားရသည်။ သူက မနေနိုင်ဘဲ ထပ်မေးလိုက်သည်။ "မင်းတို့ အာကေးဒီးယန်း အင်ပါယာကိုရော ရောက်ဖူးလား"
အင်ပါယာသည် အထူးသဖြင့် မှော်ပညာလမ်းစဉ်ကို လျှောက်လှမ်းသူများအတွက် အခွင့်အလမ်းများစွာရှိသော နယ်မြေဖြစ်ကြောင်း သူ ကြားဖူးထားသည်။ ထိုနေရာတွင် အဆင့်မြင့်မှော်ပညာရပ်များကို လေ့လာနိုင်သည့် အဖွဲ့အစည်းများနှင့် တက္ကသိုလ်ပေါင်းများစွာ တည်ရှိသည်။ အာဒမ်သည် ထိုနေရာသို့ သွားချင်လွန်း၍ မအောင့်နိုင်အောင် ဖြစ်နေသော်လည်း ယခုအချိန်တွင်မူ မသွားနိုင်သေးပေ။ ဦးစွာ အကယ်ဒမီမှ ဘွဲ့ရရန် လိုအပ်သည်မဟုတ်ပါလား။ ကလိုဗာ အကယ်ဒမီသည် ကျောင်းသားများအား ဘွဲ့မရမီ ငါးနှစ်ကြာ ပညာသင်ယူရန် သတ်မှတ်ထားပြီး အာဒမ်မှာ ယခုမှ တတိယနှစ်သို့ တက်ရောက်ခွင့်ရရှိရုံသာ ရှိသေးသည်။
အာဒမ်၏ မျက်နှာထက်မှ တောင့်တနေသော အမူအရာကို မြင်သော် ဒါနယ်လီက နှာခေါင်းရှုံ့လိုက်သည်။ "ဟွန့်... အင်ပါယာက ဘာများ ကောင်းလို့လဲ"
"အိုဟို..." အာဒမ် မျက်မှောင်ကြုတ်လိုက်သည်။ "ဒါဆို မင်း ရောက်ဖူးတာပေါ့"
"မရောက်ဖူးပါဘူး!" ဒါနယ်လီက လက်ပိုက်ကာ မေးကို မော့လိုက်သည်။ "ဒါပေမဲ့ လူသားတွေ တည်ဆောက်ထားတဲ့အရာက သဘာဝတရားကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ!"
အာဒမ်က မျက်လုံးလှန်ပြလိုက်ကာ "အဲ့လိုလား? ဒါပေမဲ့ ငါမြင်ရသလောက်တော့ မင်း လမင်းမြို့တော်ကို အတော်လေး သဘောကျနေတဲ့ပုံပဲ"
"လျှောက်... လျှောက်မပြောနဲ့!" ဒါနယ်လီ၏ မျက်နှာ နီမြန်းသွားသည်။ "အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့!"
"အာ... ဘယ်သူက အဓိပ္ပာယ်မရှိတာ ပြောနေလို့လဲ? ငါတော့ မသိဘူးနော်..." အာဒမ်က သူ၏ လက်သန်းလေးဖြင့် နားကို ကလော်နေသည်။ ထိုအမူအရာက ဒါနယ်လီကို ပို၍ ဒေါသထွက်စေပုံရသည်။ သူတို့နှစ်ဦး တစ်ယောက်တစ်ခွန်း စနောက်နေကြသည်ကို မြင်ရသဖြင့် အေတီရယ်လ်မှာ တခိခိ ရယ်မောမိတော့သည်။ သူမ စိတ်ထဲမှလည်း 'ဒီအာဒမ်က ရိုင်းသလိုလိုရှိပေမဲ့ တကယ်တော့ သူက တော်တော်လေး ရယ်ရတာပဲ' ဟု တွေးနေမိသည်။
ဈေးတန်းကို အကြာကြီး ပတ်ကြည့်ပြီးနောက် အာဒမ်က သူတို့ကို အကယ်ဒမီ၏ အဝင်ဝသို့ ခေါ်ဆောင်သွားသည်။ နွယ်ပင်များ ဖုံးလွှမ်းနေသော စကျင်ကျောက်ဖြူမုခ်ဦးကြီးကို ညွှန်ပြရင်း အာဒမ်က ဂုဏ်ယူစွာ မိတ်ဆက်ပေးလိုက်သည်။
"ဒါကတော့ တောင်ပိုင်းပြည်ထောင်စုတစ်ခုလုံးမှာ နံပါတ်တစ် မှော်ကျောင်းတော်ဖြစ်တဲ့ နာမည်ကျော် ကလိုဗာ အကယ်ဒမီရဲ့ အဝင်ဝပဲ!"
"အို!" အေတီရယ်လ်က မျက်ဝန်းများ တောက်ပကာ ကြည့်နေပြီး ဒါနယ်လီပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဤအကယ်ဒမီအကြောင်းကို သူတို့ဆရာထံမှ ကြားဖူးထားကြသည်။ ၎င်းသည် အင်ပါယာအတွင်းရှိ တတိယတန်းစား၊ အချို့သော ဒုတိယတန်းစား မှော်ပညာကျောင်းများနှင့်ပင် ရင်ပေါင်တန်းနိုင်သည့် နေရာဖြစ်သည်။
"အထဲဝင်ကြစို့" ဒါနယ်လီက အဝင်ဝဆီသို့ စတင် လျှောက်သွားသည်။
"အာ... နေဦး" အာဒမ်က သူ့ကို ပြန်ဆွဲလိုက်သည်။ "အစောင့်အရှောက် မှော်စည်းဝိုင်းက မင်းကို တစ်လှမ်းမှ ပေးဝင်မှာမဟုတ်ဘူး"
"ဘာ? ဘာလို့လဲ" ဒါနယ်လီ မျက်မှောင်ကြုတ်လိုက်သည်။
"ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေပဲ ကျောင်းဝင်းထဲ ဝင်ခွင့်ရှိတာ" အာဒမ်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ "မနက်ဖြန်ကျရင် ငါ မင်းတို့အတွက် ဧည့်သည်ဝင်ခွင့် လက်မှတ်နှစ်ခု ယူလာပေးမယ်၊ အဲ့ကျမှ ငါ အထဲကို လိုက်ပြပေးမယ်"
ဒါနယ်လီက "ဒါက တကယ် နားမလည်နိုင်စရာပဲ" ဟု ညည်းတွဲတွဲ ပြောလိုက်သည်။
အာဒမ်က ပုခုံးတွန့်ကာ အခြားတစ်ဖက်သို့ စတင် လျှောက်သွားသည်။ "ဒါက ဒီလိုပဲလေ။ အကယ်ဒမီက သူ့ကျောင်းသားတွေရဲ့ လုံခြုံရေးကို အရမ်းအလေးထားတာ"
ရုတ်တရက် အေတီရယ်လ်က အကယ်ဒမီဝင်းအတွင်းရှိ အဝေးတစ်နေရာမှ ခန့်ညားထည်ဝါလှသော မျှော်စင်မြင့်ကြီးတစ်ခုကို ညွှန်ပြလိုက်သည်။ ထိုမျှော်စင်မှာ အလွန်မြင့်မားလှသဖြင့် မြောက်ပိုင်းရပ်ကွက်ရှိ တော်ဝင်နန်းတော်နှင့်ပင် အမြင့်ချင်း တူညီနေသည်။
"အဲ့ဒါက ဘာလဲဟင်? အရမ်းကြီးတာပဲ!"
အေတီရယ်လ်၏ အကြည့်အတိုင်း လိုက်ကြည့်ရင်း အာဒမ်က ပြုံးလိုက်သည်။ "အဲ့ဒါက ပညာရှိမျှော်စင် (Savant Tower) လို့ ခေါ်တယ်၊ တောင်ပိုင်းပြည်ထောင်စုရဲ့ အကြီးမားဆုံး အသိပညာတွေ စုစည်းရာနေရာပေါ့"
"ဝါး!" အမြွှာနှစ်ဦးမှာ ချက်ချင်းပင် စိတ်ဝင်စားသွားကြသည်။ တကယ်တော့ မည်သည့် မှော်ဆရာ (Magus) မဆို 'အကြီးမားဆုံး အသိပညာ စုစည်းရာ' ဆိုသည့် စကားလုံးကို ကြားလျှင် စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြချေ။
"အခု အဲ့ဒီကို သွားလို့ရမလား?!" အေတီရယ်လ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"မရဘူးထင်တယ်" အာဒမ်က အားနာစွာ ပြုံးပြလိုက်သည်။ "ဝင်ကြည့်ခွင့် အချိန်က ကုန်တော့မယ်။ ပြီးတော့ စောစောက ပြောသလိုပဲ၊ မင်းတို့မှာ ကျောင်းထဲဝင်ဖို့ ဧည့်သည်လက်မှတ် မရှိသေးဘူးလေ"
အမြွှာနှစ်ဦး၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့သည်။ "ဒီကိုလည်း သွားမရ၊ ဟိုကိုလည်း သွားမရနဲ့! တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ!" ဒါနယ်လီက မကျေမနပ် ပြောသည်။ သူ၏ မျိုးနွယ်စုတွင် ဤကဲ့သို့ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများနှင့် သူ မရင်းနှီးချေ။ အက်လ်ဖ်များသည် လွတ်လပ်မှုကို အလွန်အလေးထားသော မျိုးနွယ်များ ဖြစ်ကြသည်။ သူတို့သည် စည်းမျဉ်းဥပဒေများအောက်တွင် ချုပ်နှောင်ခံရခြင်းထက် အကန့်အသတ်မဲ့ နေထိုင်ရခြင်းကို ပို၍ နှစ်သက်ကြသည်။ လွတ်လပ်မှုသည် အက်လ်ဖ်ယဉ်ကျေးမှု၏ အမြင့်မြတ်ဆုံးသော တန်ဖိုးတစ်ခု မဟုတ်ပါလား။
အာဒမ်က သူတို့ကို အားပေးလိုက်သည်။ "မပူပါနဲ့၊ မနက်ဖြန်ကျရင် ငါ လက်မှတ်တွေ ယူပေးပါ့မယ်။ သဘက်ခါကျရင်တော့ မျှော်စင်ကို သွားလို့ရပြီပေါ့"
"သဘက်ခါမှလား?" ဤစကားကို ကြားသောအခါ အေတီရယ်လ်၏ ပုခုံးများ ပို၍ တွဲကျသွားသည်။
ဒါကိုမြင်တော့ အာဒမ်၏ နှုတ်ခမ်းများ တွန့်သွားသည်။ ဒီကောင်လေးတွေကတော့... သူက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလိုက်သည်။
"ကဲ... ဒါဆိုလည်း ငါ ပြန်ချော့တဲ့အနေနဲ့ မင်းတို့ကို ငါသိတဲ့ နေရာတစ်ခု ခေါ်သွားမယ်။ အဲ့ဒီကနေဆိုရင် မြို့ရဲ့ အလှကို အကောင်းဆုံး မြင်ရလိမ့်မယ်" သူက မိုးကုပ်စက်ဝိုင်းကို ကြည့်ကာ တိုက်တွန်းလိုက်သည်။ "မြန်မြန်လာ၊ အခုသွားရင် အချိန်မီဦးမယ်!"
ထိုသို့ပြောပြီးနောက် သူသည် လှည့်၍ ပြေးထွက်သွားတော့သည်။ "နေ... နေဦးလေ!" ဒါနယ်လီက သူ့ကို လှမ်းခေါ်သော်လည်း အာဒမ်မှာ ထွက်သွားပြီဖြစ်သည်။ အခြားရွေးချယ်စရာ မရှိတော့သဖြင့် အမြွှာနှစ်ဦးမှာ နောက်မှ လိုက်သွားကြရသည်။ သူတို့သည် မြို့လမ်းကြောင်းကို မသိကြသည်မဟုတ်ပါလား။
၁၀ မိနစ်ကျော် ပြေးလွှားပြီးနောက် အာဒမ်သည် သူတို့ကို တောင်ပိုင်းရပ်ကွက်၏ အရှေ့တောင်ဘက်ရှိ ကုန်းမြင့်လေးတစ်ခုသို့ ခေါ်ဆောင်လာသည်။ ထိုနေရာတွင် ကုန်းမြင့်ထိပ်ရှိ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ သူ တက်သွားသည်။ အမြွှာနှစ်ဦးမှာလည်း အာဒမ်နောက်မှ လိုက်ပါကာ အမြင့်ဆုံး သစ်ကိုင်းတစ်ခုပေါ်သို့ တက်လာကြသည်။
"မင်း ဘာဖြစ်နေတာလဲ" ဒါနယ်လီက စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ မြို့လမ်းကို မသိ၍သာ လိုက်လာရသော်လည်း မဟုတ်လျှင် အာဒမ်နောက်သို့ ဤနေရာအထိ လိုက်လာလိမ့်မည် မဟုတ်ချေ။
"မောင်လေး... ဟိုကို ကြည့်လိုက်ဦး!" အေတီရယ်လ်က တစ်နေရာကို ညွှန်ပြရင်း မောင်ဖြစ်သူ၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
"ဘာ—" ဒါနယ်လီ၏ စကားလုံးများမှာ သူတို့ရှိရာနေရာမှ မြင်တွေ့ရသည့် မြို့ပြအလှအပကြောင့် လည်ချောင်းထဲတွင် တစ်ဆို့သွားတော့သည်။ လမင်းမြို့တော် တစ်ခုလုံးကို သူတို့ မျက်စိတစ်ဆုံး မြင်တွေ့နေရသည်။ ညဉ့်မှောင်စပြုလာသည်နှင့်အမျှ အိမ်တွင်းမီးများနှင့် လမ်းမပေါ်ရှိ မီးအိမ်များမှာ တဖြည်းဖြည်း လင်းထိန်လာကြသည်။
"လှလိုက်တာ!" ဒါနယ်လီက အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်သည်။ ဤသည်မှာ တောအုပ်ထဲတွင် သူ ဘယ်သောအခါမျှ မြင်တွေ့နိုင်မည်မဟုတ်သော မြင်ကွင်းမျိုး ဖြစ်သည်။
အော်ရီမြစ် တစ်လျှောက်တွင် ဝင်လုဆဲဆဲ နေရောင်ခြည်၏ အဝါရောင်သန်းသော အနီရောင်အလင်းတန်းများ ရဟတ်ထိုးနေစဉ် အာဒမ်က သူတို့နှစ်ဦးကို ဘေးတွင် ထိုင်ရန် ခေါ်လိုက်သည်။ ထို့နောက် သူ၏ နားကပ်ထဲမှ ဝိုင်အိုးတစ်လုံးနှင့် ခွက်သုံးခွက်ကို ထုတ်လိုက်သည်။ ခွက်များထဲသို့ ဝိုင်များ ငှဲ့ပေးပြီးနောက် အမြွှာနှစ်ဦးကို ကမ်းပေးလိုက်သည်။
"ရော့... သောက်ကြည့်ကြဦး။ ဒါ ငါကိုယ်တိုင် ချက်ထားတာ"
သူတို့သုံးဦး ဝိုင်သောက်နေကြစဉ် နေမှာ လုံးဝဝင်သွားပြီဖြစ်သည်။ ဆယ်လင်းနှင့် လူနာ ဟုခေါ်သော လမင်းနှစ်စင်းသည် ညကောင်းကင်ယံကို အလှပဆုံး ပုံဖော်ပေးထားကြသည်။ နောက်ဆုံးတွင်မူ...
လမင်းတံတားကြီး သည် လင်းလက်တောက်ပလာတော့သည်။
"ဝါး!" ကောင်းကင်မှ ကြယ်တာရာများကဲ့သို့ တံတားကြီး လင်းထိန်လာသည်ကို မြင်ရသဖြင့် အမြွှာနှစ်ဦးမှာ မှင်သက်သွားကြသည်။ အာဒမ်က ဝိုင်ကို တစ်ငုံချင်း အရသာခံသောက်ရင်း ပြုံးလိုက်သည်။
"လမင်းမြို့တော်က ကြိုဆိုပါတယ်"