အေတီရယ်လ်သည် ဆိုဖာပေါ်တွင် အေးအေးလူလူ အိပ်မောကျနေသော လူငယ်ကို ကြည့်ကာ ကြောင်အမ်းသွားသည်။ သူမက ဆရာဖြစ်သူဘက်သို့ လှည့်ကာ "သူ... သူက ခိုးဝင်တာလားဟင်" ဟု တိုးတိုးလေး မေးလိုက်သည်။
အက်လ်ဖ်အမျိုးသားကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေသည်။ "အင်း... အဲ့လိုပဲ ထင်တာပဲ?"
သို့သော် သူ ကိုယ်တိုင်လည်း ထိုသို့ဖြစ်နိုင်ခြေကို သံသယရှိမိသည်။ ဘာဂါ ၏ အစွမ်းနှင့် အဆင့်အတန်းအရဆိုလျှင် ဤမြို့ထဲတွင် မည်သူမျှ သူ၏ဆိုင်ကို ခိုးဝင်ရန် ရဲတင်းမည်မဟုတ်ကြောင်း သူ သိထားသည်။ ထို့ကြောင့် သူသည် ထိုလူငယ်ကို အသေအချာ အကဲခတ်လိုက်သည်။ ကောင်လေးမှာ အချိုးအစားကျသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ကြွက်သားများမှာလည်း ကျစ်လျစ်သန်မာလှသည်။ လက်ဖဝါးများပေါ်ရှိ အမာရွတ်များနှင့် အသားမာများက ထိုလူငယ်၏ ကြိုးစားအားထုတ်မှုကို ထင်ဟပ်နေသည်။
ရုတ်တရက် ထိုအမျိုးသား အနည်းငယ် အံ့အားသင့်သွားသည်။ 'အိုး... အရိုးအဆင့် မှော်ဆရာ (Bone Stage Magus) လား? ကြည့်ရတာ အေတီရယ်လ်တို့ ဒါနယ်လီတို့နဲ့ သက်တူရွယ်တူပဲ'
နဂိုက ထိုလူငယ်ကို ဆိုင်အကူတစ်ယောက်ဟု သူ ထင်ခဲ့သော်လည်း သူ၏အသက်အရွယ်နှင့် ရှိနေသည့် အဆင့်အတန်းကို ကြည့်ကာ 'ဘာဂါတစ်ယောက် တပည့်များ လက်ခံလိုက်ပြီလား' ဟုပင် တွေးတောမိသွားသည်။
ဒါနယ်လီက ဆရာဖြစ်သူကို ကြည့်ကာ ဝေခွဲမရဖြစ်နေသည်။ "ဆရာ... ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
သာမန်နေရာမျိုးသာဆိုလျှင် ဤအိုးမဲ့အိမ်မဲ့ပုံစံနှင့် လူကို သူ အပြင်သို့ ဆွဲထုတ်ပစ်လိုက်မိမည်မှာ သေချာသည်။ သို့သော် ဤနေရာမှာ ဆရာ့သူငယ်ချင်း၏ ဆိုင်ဖြစ်နေသဖြင့် ခွင့်ပြုချက်မရဘဲ မည်သည့်အရာကိုမျှ စည်းကမ်းဖောက်ဖျက်ကာ မလုပ်လိုပေ။
အက်လ်ဖ်အမျိုးသားက လူငယ်၏အနားသို့ လျှောက်သွားပြီး နားနားတွင် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "ဟေးးး!"
"ဝါးးး!" အာဒမ်တစ်ယောက် ဆိုဖာပေါ်မှ လိမ့်ကျကာ ဖင်ထိုင်လျက်သား ဖြစ်သွားသည်။ "ဘယ်က ကောင်—"
သူက ဆဲဆိုရန် ပြင်လိုက်သော်လည်း မျက်စိရှေ့တွင် အက်လ်ဖ်များကို မြင်လိုက်ရသည့်အခါ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။ သူက တံတွေးများကို သုတ်ရင်း မတ်တပ်ထရပ်လိုက်သည်။ 'ဟုတ်သားပဲ... ဖောက်သည်တွေကို အော်လို့မဖြစ်ဘူး'
ထို့နောက် သူက တစ်သက်လုံးအတွက် ဝအောင်အိပ်ထားသကဲ့သို့ တစ်ချက်သမ်းလိုက်ပြီး ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။ "ဘာလိုချင်လို့လဲ"
အာဒမ်၏ ပျင်းရိပျော့ဖတ်နေသော အမူအရာကို ကြည့်ပြီး အက်လ်ဖ်အမျိုးသား၏ မျက်ခုံးများ တွန့်သွားသည်။ တစ်ဖက်တွင်မူ နောက်မှရပ်နေသော ဒါနယ်လီမှာ ဒေါသကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားရသည်။ 'ဒီကောင်... ဘယ်လိုတောင် ယဉ်ကျေးမှု မရှိတာလဲ!'
အေတီရယ်လ်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ 'ဒီလူမိုက်က ဘယ်သူလဲ?'
အက်လ်ဖ်အမျိုးသားမှာလည်း အာဒမ်၏ ရိုသေမှုမရှိသော စကားပြောပုံကြောင့် အံ့သြသွားသော်လည်း တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ "ဒီဆိုင်ရှင်ကို တွေ့ချင်လို့ပါ"
အာဒမ် မျက်နှာပိုးသတ်လိုက်သည်။ သူက ထိုအမျိုးသားမှာ ဘယ်သူလဲဟု အကဲခတ်လိုက်ရင်း "အဘိုးကြီးကို ရှာတာလား? ဝယ်ချင်တာရှိရင် ကျွန်တော့်ကို ပြောလို့ရပါတယ်၊ အဘိုးကြီးက အခု အလုပ်ရှုပ်နေတာ"
အက်လ်ဖ်က တိုးတိုးလေး ရယ်မောလိုက်သည်။ "မဟုတ်ပါဘူး၊ ငါ ဘာမှဝယ်ဖို့ မလာဘူး၊ သူငယ်ချင်းတစ်ယောက်ကို လာတွေ့တာ"
ယခုမူ အာဒမ် တစ်ကယ်ပင် လေးနက်သွားသလို အနည်းငယ်လည်း သံသယဝင်သွားသည်။ 'အဘိုးကြီး သူငယ်ချင်းလား? သူ့မှာ သူငယ်ချင်းမှ မရှိတာ!'
သံသယရှိသော်လည်း သူ၏ အမူအရာမှာ ရိုသေလေးစားမှုရှိသွားကာ "လူကြီးမင်း... နာမည်လေး သိပါရစေ" ဟု မေးလိုက်သည်။
လူငယ်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားမှုကို ကြည့်ကာ အက်လ်ဖ်အမျိုးသားက သဘောကျနေပုံရသည်။ "အယ်လ်ရော့ဒ်လို့ ပြောလိုက်ပါ"
"ကောင်းပါပြီ" အာဒမ်က ခေါင်းငြိမ့်ပြကာ ထိုင်ခုံနေရာကို ညွှန်ပြလိုက်သည်။ "ဒီမှာ ခဏစောင့်ပါ၊ ကျွန်တော် သွားပြောလိုက်မယ်"
ထို့နောက် သူက လှေကားထစ်များဆီသို့ အပြေးအလွှား သွားကာ အော်ပြောလိုက်သည်။ "အဘိုးကြီး... ဧည့်သည်လာတယ်!"
"မအားဘူးလို့ ပြောလိုက်စမ်း!"
အပေါ်ထပ်မှ စိတ်ပျက်လက်ပျက် ထွက်လာသော အသံကို ကြားရသဖြင့် အယ်လ်ရော့ဒ်က တဟားဟား ရယ်မောလိုက်သည်။ အင်း... သူကတော့ အရင်အတိုင်းပါပဲလား။
"သူ့နာမည်က အယ်လ်ရော့ဒ်တဲ့!" အာဒမ်က ပြန်အော်လိုက်သည်။
"..."
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အပေါ်ထပ်မှ ကမန်းကတန်း ဆင်းလာသည့် ခြေသံများကို ကြားလိုက်ရသည်။ အာဒမ် အံ့သြသွားကာ 'သူ... သူ အမှန်တကယ် အပြေးဆင်းလာတာလား?!' ဟု တွေးနေမိသည်။
ထို့နောက် သူက မိမိကို ပြုံးကြည့်နေသော အက်လ်ဖ်အမျိုးသားကို ကြည့်ကာ အနည်းငယ် တုန်လှုပ်စွာဖြင့် 'ဒီလူတွေက တကယ်ပဲ သူငယ်ချင်းတွေပဲ!' ဟု တွေးလိုက်မိသည်။
ဘာဂါက လှေကားမှ ဆင်းလာပြီး အက်လ်ဖ်အမျိုးသားကို မြင်လိုက်ရသည့်အခါ ခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် အပြုံးတစ်ခု ပေါ်လာသည်။ "မင်း တကယ်ပဲလား... အယ်လ်ရော့ဒ်"
"ဟာ... ဘာဂါ!" အယ်လ်ရော့ဒ်က သူ့ဆီသို့ လျှောက်သွားကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။ "ဘယ်လောက်တောင် ကြာသွားပြီလဲ၊ နှစ်ပေါင်း ငါးဆယ်ကျော်ပြီလား"
"အင်း... အဲ့လောက်တော့ ရှိမယ်" ဘာဂါက သူ၏ မုတ်ဆိတ်ဖြူကြီးကို ပွတ်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။
"ဟားဟား၊ အချိန်တွေ ကုန်တာ မြန်လိုက်တာ!" အယ်လ်ရော့ဒ်သည် သူငယ်ချင်းဟောင်းနှင့် ပြန်ဆုံရသဖြင့် အလွန်ပျော်ရွှင်နေသည်။
တစ်ဖက်တွင်မူ ဘေးတွင်ရပ်နေသော အာဒမ်မှာ အံ့သြလွန်းသဖြင့် ကျောက်ရုပ်ကဲ့သို့ ဖြစ်နေသည်။ သူ၏ မျက်လုံးများမှာ မျက်တွင်းမှ ပြူးထွက်လာတော့မည့်အတိုင်းပင်။ 'အဘိုးကြီးက... ပြုံးပြတယ်?! မ... မဖြစ်နိုင်တာ!'
သူ ဘာဂါနှင့် သိလာသည်မှာ နှစ်နှစ်ကျော်ပြီဖြစ်သော်လည်း ဤဂျွတ်ဆတ်ဆတ် ဂနုမ်း အဘိုးကြီး ပြုံးသည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"အာဒမ်... ငါတို့အတွက် လက်ဖက်ရည် သွားဖျော်စမ်း" ဟု ဘာဂါက ညွှန်ကြားလိုက်သည်။ သို့သော် သူက အာဒမ်ကို ကြည့်လိုက်သည့်အခါ သူ၏ ပျော်ရွှင်နေသော စိတ်အစဉ်မှာ ချက်ချင်းပင် ပျက်စီးသွားတော့သည်။
"ဒီ အသုံးမကျတဲ့ ကောင်စုတ်လေး!"
"ဘာ... ဘာလဲ?!" အာဒမ်က ငိုင်နေရာမှ လန့်နိုးလာပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ သူက မကျေမနပ် မျက်နှာလေးဖြင့် "ကျွန်တော် ဘာလုပ်လို့လဲ? ဘာလို့ အမြဲ ဆူနေတာလဲ" ဟု မေးလိုက်သည်။
"ဒီငတုံး!" ဘာဂါက ဟောက်လိုက်သည်။ "စမ်းသပ်မှုတွေ လုပ်ပြီးရင် ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေးလုပ်ပါလို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ"
"ဟင်?" အာဒမ် အံ့သြသွားသည်။ သူက မိမိအဝတ်အစားကို ငုံ့ကြည့်လိုက်သည့်အခါမှ ယနေ့နံနက်က စမ်းသပ်မှု ကျရှုံးခဲ့ခြင်းကြောင့် စုတ်ပြတ်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် မျက်နှာကို လက်နှင့်ပွတ်ကြည့်ရာ လက်ထိပ်တွင် မှိုင်းများ ပေကျံနေသည်ကို တွေ့ရသဖြင့် မျက်နှာပျက်သွားတော့သည်။
သူ့ကို ကြည့်ကာ တခိခိ ရယ်မောနေသော အက်လ်ဖ်ကလေးနှစ်ယောက်ကို မြင်ရသဖြင့် အာဒမ်၏ မျက်နှာမှာ ရှက်လွန်း၍ နီမြန်းသွားသည်။ "သေနာလေးတွေ!"
သူက အပေါ်ထပ်သို့ အပြေးအလွှား တက်သွားရင်း "ခဏလေး... အခု ပြန်လာခဲ့မယ်" ဟု အော်သွားသည်။
ဘာဂါက စိတ်ပျက်လက်ပျက် ခေါင်းခါရင်း ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ အယ်လ်ရော့ဒ်က သူ့မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကာ "မင်း နောက်ဆုံးတော့ တပည့်တစ်ယောက် လက်ခံလိုက်ပြီပေါ့?" ဟု စပ်စုလိုက်သည်။
"တပည့်?" ဘာဂါက မျက်ခုံးပင့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "အင်း... အဲ့လိုပဲ ပြောရမှာပေါ့"
အာဒမ် အကယ်ဒမီတွင် ဒုတိယနှစ်သို့ တက်ရောက်ပြီးနောက်တွင် ဘာဂါက သူ့ကို သုတေသနလက်ထောက်အဖြစ်နှင့် ဆိုင်စောင့်အဖြစ် အလုပ်ခန့်ခဲ့ရာ ထိုလူငယ်ကလည်း ဝမ်းသာအားရ လက်ခံခဲ့သည်။ အာဒမ်သည် ဘာဂါ၏ ဓာတ်ခွဲခန်းကို ရံဖန်ရံခါ အသုံးပြုကာ စမ်းသပ်မှုများ ပြုလုပ်ခွင့်ရသည့်အပြင် စမ်းသပ်မှုအတွက် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများကိုလည်း အဘိုးကြီးက အခမဲ့ ပေးထားသည်။
အပြန်အလှန်အနေဖြင့် အာဒမ်က ဆိုင်တွင် အချိန်ပိုင်း အလုပ်လုပ်ပေးရပြီး စီမံခန့်ခွဲပေးရသည်။ ထို့ပြင် သူက လှည့်လည်သွားလာနေသော မှော်ဆရာ (Magus) ထံမှ သင်ယူခဲ့သော ဆေးဖက်ဝင်အပင်ဆိုင်ရာ အသိပညာအချို့ကိုလည်း ဝေမျှပေးရသည်။ အာဒမ်က မည်သည့်အသိပညာကို ထုတ်ဖော်ပြောဆိုမည်မှာ သူ၏ ဆန္ဒသာဖြစ်ပြီး ဘာဂါက အတင်းအကျပ် မတောင်းဆိုပေ။ ဘာဂါအနေဖြင့် အသိပညာသစ်များရရှိကာ သူ၏ ကိုယ်ပိုင်သုတေသနများ တိုးတက်လာလျှင်ပင် ကျေနပ်လှပြီ ဖြစ်သည်။
ထိုအချိန်တွင် အာဒမ်က 'ငါ့ကို ဆေးပညာသင်ပေးတဲ့ လှည့်လည်သွားလာနေတဲ့ မှော်ဆရာဆီက အသိပညာတွေကို ဝေမျှပေးရမယ် ဟုတ်လား? ကဲ... ကဲ... ရပါတယ်လေ။ အဲ့ဒီ ပညာရှင်ကြီးက သေသွားတာ ကြာလှပြီပဲ၊ သူလည်း စိတ်ဆိုးမှာ မဟုတ်ပါဘူး' ဟု ရယ်စရာတစ်ခုအဖြစ် တွေးတောခဲ့လေသည်။