မြူမှောင်တောင်တန်းဆိုသည်မှာ ယူလီယာတိုက်ကြီး၏ ကျန်ရှိသောအပိုင်းများနှင့် တောင်ပိုင်းပြည်ထောင်စုကို ပိုင်းခြားထားသည့် နယ်မြေတစ်ခုဖြစ်သည်။ ထိုတောင်တန်းကြီးမှာ အန္တရာယ်များလွန်းလှသဖြင့် အဆင့် ၃ မှော်ဆရာ တစ်ယောက်ပင်လျှင် တတ်နိုင်သမျှ ရှောင်ကွင်းလိုကြသည်။ မြူမှောင်တောင်တန်းကို ဖြတ်ကျော်လိုသူများအတွက် တစ်ခုတည်းသော သယ်ယူပို့ဆောင်ရေးမှာ ဝေဟင်ပျံသင်္ဘောများသာ ရှိသည်။ သို့မဟုတ်လျှင်မူ ဒဏ္ဍာရီလာ ပျံသန်းနိုင်သည့် သတ္တဝါများကို အသုံးပြုရပေမည်။
ယနေ့တွင်မူ ခန့်ညားထည်ဝါသော သတ္တဝါကြီးတစ်ကောင်သည် မြူမှောင်တောင်တန်းအထက်တွင် ကျော့ရှင်းစွာ ပျံသန်းနေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို နံနက်ခင်းနေရောင်အောက်တွင် တလက်လက်တောက်ပနေသော ဖြူစင်သည့်အမွှေးအတောင်များဖြင့် ဖုံးလွှမ်းထားသည်။ ကျောပေါ်ရှိ တောင်ပံတစ်စုံမှာ ၁၅ မီတာကျော် ရှည်လျားပြီး ခြေလက်နှစ်စုံမှာမူ ထက်မြက်သော လက်သည်းများဖြင့် အဆုံးသတ်ထားသည်။ ထိုသတ္တဝါ၏ အမြီးမှာ ရှည်လျားသေးသွယ်ပြီး ခန္ဓာကိုယ်၏ တစ်ဝက်ခန့်ပင် ရှိသည်။ ဦးခေါင်းမှာ ဇီးကွက်ဦးခေါင်းဖြစ်ပြီး စူးရှသော အဝါရောင်မျက်ဝန်းများနှင့် ထက်မြက်တောက်ပသော နှုတ်သီးနက်ကြီး ရှိသည်။ ဤသတ္တဝါကား ဘာဂျာအထက်တောအုပ်၏ နာမည်ကျော် အီသီကာရီပင် ဖြစ်သည်။
၎င်း၏ကျောပေါ်တွင် အက်လ်ဖ် (Elves) သုံးဦး ထိုင်နေကြသည်။ ရှေ့ဆုံးတွင် ထိုင်နေသူမှာ ချောမောခန့်ညားပြီး ယဉ်ကျေးသိမ်မွေ့သော ရုပ်ရည်ရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ ကျောပြင်ပေါ်တွင် ငွေရောင်ဆံနွယ်များ ဖားလျားကျနေပြီး သမုဒ္ဒရာကဲ့သို့ ပြာလွင်သော မျက်ဝန်းများက အဝေးတစ်နေရာမှ မြို့ပြအရိပ်အယောင်ကို ငေးကြည့်ရင်း အပြုံးဖျော့ဖျော့လေး တစ်ချက် ပြုံးလိုက်သည်။
"ငါတို့ ရောက်တော့မယ်"
ထိုအမျိုးသား၏နောက်တွင် ဆယ်ကျော်သက်အရွယ် အမြွှာမောင်နှမနှစ်ဦး ထိုင်နေကြသည်။ သူတို့က ရှေ့ကို မျှော်ကြည့်သော်လည်း မြူများဖုံးလွှမ်းနေသော တောင်တန်းများမှတစ်ပါး ဘာမျှမမြင်ရချေ။ မိန်းကလေးဖြစ်သူက စပ်စုလိုသောလေသံဖြင့် မေးလိုက်သည်။
"ဆရာ... လမင်းမြို့တော်ကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲဟင်"
"ဟင်း... နောက်ထပ် ၁၀ မိနစ်လောက်ဆို ရောက်ပါပြီ" ထိုသူက နွေးထွေးစွာ ပြုံးပြလိုက်သည်။
အက်လ်ဖ်မလေး၏ မျက်ဝန်းများ တောက်ပသွားသည်။ "နိုက်တင်ဂေးလ် ဘုရင့်နိုင်ငံကို တည်ထောင်သူက အက်လ်ဖ်တွေရဲ့ ဖေးပိုးမြို့ကို အတုယူပြီး လူမျိုးစုံ နေထိုင်နိုင်တဲ့မြို့ကို တည်ခဲ့တာလို့ ကျွန်မ ဖတ်ဖူးတယ်၊ အဲ့ဒါကို မြင်ချင်လှပြီ!"
"ဟုတ်ပါ့မလား! ဖေးပိုးလို မြို့မျိုးကို ဘယ်သူက တုပနိုင်မှာမလို့လဲ" အက်လ်ဖ်ကောင်လေးက မျက်လုံးလှန်ပြလိုက်သည်။
မိန်းကလေးက နှုတ်ခမ်းဆူလိုက်ကာ "နင်က ဘာသိလို့လဲ၊ လမင်းမြို့တော်ကို ရောက်ဖူးတာကျလို့"
"တော်ကြတော့ နှစ်ယောက်လုံး" အက်လ်ဖ်အမျိုးသားက ခပ်တိုးတိုး ရယ်လိုက်သည်။ "ငါတို့ အရှိန်မြှင့်တော့မယ်၊ မြဲမြဲကိုင်ထားကြ"
"ဟုတ်ကဲ့ ဆရာ!" အမြွှာနှစ်ဦးက တပြိုင်နက် ပြန်ဖြေကြသည်။
ခဏအကြာတွင် ထိုအမျိုးသားက အီသီကာရီကို စိတ်ချင်းဆက်သွယ်ကာ အမိန့်ပေးလိုက်သည်။ ထိုအခါ သတ္တဝါကြီးမှာ လေထုကို ဖြတ်သန်းကာ အရှိန်မြှင့်လိုက်သဖြင့် လေကွဲသံကြီး ထွက်ပေါ်လာတော့သည်။
...
မြို့အစွန်သို့ ဆင်းသက်ပြီးနောက် အီသီကာရီမှာ သာမန်ဇီးကွက်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည်။ ၎င်းက အက်လ်ဖ်အမျိုးသား၏ ပုခုံးပေါ်တွင် နားနေရင်း နှုတ်သီးဖြင့် အမွှေးအတောင်များကို သန့်ရှင်းနေသည်။ ထို့နောက် သူတို့သုံးဦးမှာ မြို့တံခါးဆီသို့ လျှောက်သွားကာ မြို့ထဲဝင်ရန် တန်းစီနေသူများ၏ နောက်တွင် စောင့်ဆိုင်းနေကြသည်။
"ပြင်ပကလာသူတွေ ဝင်ကြေးပေးရမယ်" ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော မြို့စောင့်စစ်သည်တစ်ဦးက သူတို့ကို တံခါးဝတွင် တားလိုက်သည်။
"နင်!" အက်လ်ဖ်ကောင်လေးက ဒေါသထွက်သွားသည်။ "အရင်ဆုံး ငါတို့ကို တန်းစီခိုင်းတယ်၊ အခုကျတော့ ပိုက်ဆံပါ တောင်းနေပြန်ပြီလား၊ ငါတို့က ဘယ်သူတွေလဲဆိုတာ မင်းသိရဲ့လား!"
စစ်သည်ကမူ ပျင်းရိငြီးငွေ့သော အမူအရာဖြင့်သာ ရပ်နေသည်။ ဤအက်လ်ဖ်ကောင်လေးကဲ့သို့သော သူဌေးသားလေးများကို သူ အများကြီး မြင်ဖူးလှပြီဖြစ်သဖြင့် အသားကျနေပြီ ဖြစ်သည်။
"မပေးနိုင်ရင်လည်း ထွက်သွားပါ"
"သူ့ကို ဂရုမစိုက်ပါနဲ့" အက်လ်ဖ်အမျိုးသားက သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။ "တစ်ယောက်ကို ငွေပြား ၅ ပြား ဟုတ်လား၊ ရော့... ဒီမှာ"
စစ်သည်က ငွေကိုယူလိုက်ပြီး သူတို့အတွက် လမ်းဖယ်ပေးလိုက်သည်။ အက်လ်ဖ်ကောင်လေးက စစ်သည်ကို စိုက်ကြည့်နေသော်လည်း သူ၏အစ်မက သူ့ကို မြို့ထဲသို့ ဆွဲခေါ်သွားသည်။
"ဟဲ့... နေရာတကာ ပြဿနာမရှာစမ်းနဲ့!"
"ဒါပေမဲ့ အေတီရယ်လ်၊ လူသားတစ်ယောက်က ငါတို့ဆရာကို အဲ့လိုဆက်ဆံတာ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ!" ကောင်လေးက ဒေါသတကြီး ပြောသည်။ ဒီလောက်ဖြစ်ပျက်နေတာကို အစ်မဖြစ်သူက ဘယ်လိုလုပ် အေးအေးဆေးဆေး နေနိုင်သလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။
အေတီရယ်လ်က မျက်လုံးလှန်ပြလိုက်ကာ "ဆရာကိုယ်တိုင်က ဘာမှမဖြစ်တာကို နင်က ဘာဖြစ်နေတာလဲ"
"အဲ့ဒါက..." ကောင်လေး ပြန်ချေပဖို့ စကားမရှိတော့ချေ။
ဒါကိုမြင်တော့ အေတီရယ်လ်က နှာခေါင်းရှုံ့လိုက်သည်။ "ဟင်း! ဒါနယ်လီ၊ နင့်အကြောင်း ငါအသိဆုံးပါ။ ကဲ... ဆရာ့နောက်ကို လိုက်ရအောင်၊ လမင်းမြို့တော်မှာ ဆရာ့သူငယ်ချင်းတစ်ယောက် ရှိတယ်လို့ ပြောဖူးတာ ငါမှတ်မိတယ်"
အမြွှာမောင်နှမနှစ်ဦးမှာ မြို့သူမြို့သားများကို စပ်စပ်စုစု ကြည့်ရှုရင်း ဆရာ့နောက်သို့ ကမန်းကတန်း လိုက်သွားကြသည်။ သူတို့သည် ဘာဂျာအထက်တောအုပ်ထဲတွင် အက်လ်ဖ်အချင်းချင်းသာ နေထိုင်ခဲ့ကြပြီး ယခုမှ ပထမဆုံးအကြိမ် ဗဟုသုတရှာရန် တောအုပ်ထဲမှ ထွက်လာကြခြင်းဖြစ်သည်။ ရံဖန်ရံခါတွင် ကုန်သည်မျိုးစုံ တောအုပ်ထဲသို့ လာတတ်သော်လည်း အခုမြင်နေရသည်နှင့် ဘာမျှမဆိုင်ပေ။ လမင်းမြို့တော်တွင် လူမျိုးပေါင်းစုံတို့ သဟဇာတဖြစ်စွာ ဆက်ဆံနေကြသည်ကို မြင်တွေ့ရသဖြင့် သူတို့ အလွန်အံ့အားသင့်နေကြသည်။
သို့သော် သူတို့၏ဆရာမှာမူ ဤမြင်ကွင်းများနှင့် အသားကျနေပုံရသည်။ ထို့ပြင် ဤမြို့သို့ သူရောက်ဖူးသည်မှာလည်း ပထမဆုံးအကြိမ် မဟုတ်ပေ။
"တောင်ပိုင်းရဲ့ ရတနာလို့ ခေါ်တာ မမှားဘူးပဲ" အက်လ်ဖ်အမျိုးသားက ပြုံးလိုက်သည်။ ထို့နောက် သူ၏ တပည့်များကို ကြည့်ကာ မေးလိုက်သည်။ "ကဲ... ဘယ်လိုလဲ၊ နင်တို့ကြားဖူးတဲ့ ဖေးပိုးမြို့ရဲ့ ဒဏ္ဍာရီတွေနဲ့ နီးစပ်ရဲ့လား"
ဒါနယ်လီက ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွှဲလိုက်ပြီး လက်ပိုက်ကာ "ဖြစ်နိုင်ပါတယ်လေ..." ဟု ဆိုသည်။
အေတီရယ်လ်ကမူ ရက်ရက်ရောရောပင် ချီးကျူးလိုက်သည်။ "ဆရာ၊ ဒီမြို့က တကယ် အံ့သြဖို့ကောင်းတာပဲ! တောင်ပိုင်းပြည်ထောင်စုက ခေတ်နောက်ကျတဲ့နေရာလို့ ထင်ခဲ့တာ၊ ကျွန်မ မှားသွားပြီ"
ရုတ်တရက် သူမက ဆရာဖြစ်သူကို စူးစမ်းသောမျက်ဝန်းများဖြင့် ကြည့်ကာ မေးလိုက်သည်။ "ဆရာ... ဆရာ၊ အာကေးဒီးယန်း အင်ပါယာထဲက မြို့တွေကလည်း ဒီလိုပဲ ကောင်းတာလားဟင်"
အမျိုးသားက အေတီရယ်လ်၏ ခေါင်းကို အသာအယာပွတ်ပေးရင်း "တောင်ပိုင်းပြည်ထောင်စုက မြူမှောင်တောင်တန်းရဲ့ မြောက်ဘက်ခြမ်းနဲ့ယှဉ်ရင် ခေတ်နောက်ကျတာတော့ အမှန်ပဲ၊ ဒါပေမဲ့ လမင်းမြို့တော်ကတော့ ချွင်းချက်လို့ ပြောလို့ရတယ်"
"ကလိုဗာ အကယ်ဒမီ ရှိနေတာရယ်၊ နိုက်တင်ဂေးလ် တော်ဝင်မိသားစုရဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုကြောင့်ရယ် ဒီမြို့က အာကေးဒီးယန်း အင်ပါယာထဲက အလယ်အလတ်အဆင့် မြို့တွေနဲ့တောင် ယှဉ်လို့ရတယ်"
"ဟွန့်! ဒဏ္ဍာရီလာ ဖေးပိုလစ်ကို အတုယူထားတဲ့ မြို့ဆိုတော့လည်း ဟုတ်မှာပေါ့" ဒါနယ်လီက ပါးစပ်ကသာ ရွဲ့ပြောနေသော်လည်း မျက်နှာကမူ သဘောကျနေပုံရသည်။
သူ့စကားကိုကြားတော့ အစ်မဖြစ်သူနှင့် ဆရာဖြစ်သူက မျက်လုံးလှန်ပြလိုက်ကြသည်။
"ကဲ... ငါ့သူငယ်ချင်းဆီကို သွားရအောင်" ထိုသူက ဆိပ်ကမ်းတစ်လျှောက်ရှိ ဈေးတန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။ သူ၏ နှုတ်ခမ်းထက်တွင် အောက်မေ့ဖွယ် အပြုံးတစ်ခု ပေါ်လာပြီး "သူ့ကို မတွေ့ရတာ နှစ်တွေ အတော်ကြာသွားပြီပဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ကျောက်ခင်းလမ်းများပေါ်ရှိ လူစည်ကားလှသော ဈေးတန်းကို ဖြတ်သန်းပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် သူတို့အဖွဲ့မှာ ရည်မှန်းထားသောနေရာသို့ ရောက်ရှိလာသည်။ အေတီရယ်လ်က ဝိုင်နှင့် ပန်းများဖြင့် အလှဆင်ထားသော သစ်သားဆိုင်းဘုတ်လေးကို ကြည့်ကာ ဖတ်လိုက်သည်။ "ဆေးဖက်ဝင်အပင်များနှင့် အထွေထွေ..."
ထို့နောက် ဆရာ့ကို ကြည့်ကာ မေးလိုက်သည်။ "ဆရာ၊ ဆရာ့သူငယ်ချင်းက ဆေးဖက်ဝင်အပင် ကုသသူ (Herbalist) လားဟင်"
ထိုသူက ဂုဏ်ယူစွာဖြင့် "သာမန် ဆေးဖက်ဝင်အပင် ကုသသူတော့ မဟုတ်ဘူး၊ ငါသိတဲ့လူတွေထဲမှာ အတော်ဆုံး ဆေးကုသသူတွေထဲက တစ်ယောက်ပဲ၊ ပြီးတော့ သူက ငါ့ရဲ့ ရင်းနှီးဆုံး သူငယ်ချင်းလည်း ဖြစ်တာမို့ သူ့ကို တွေ့ရင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြနော်"
ကလေးနှစ်ယောက်မှာ ဆရာ့နောက်မှ လိုက်မသွားမီ သူတို့၏ အဝတ်အစားနှင့် ရုပ်ရည်ကို သေသပ်အောင် ပြင်ဆင်လိုက်ကြသည်။ ဆိုင်ထဲသို့ ဝင်ဝင်ချင်းတွင်ပင် မွှေးပျံ့သော ဆေးရနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသဖြင့် သူတို့မှာ အလိုလို မျက်လုံးမှိတ်ကာ စိတ်လက်ပေါ့ပါးသွားကြသည်။
သို့သော်လည်း ရုတ်တရက်...
"ဝေါ့... ဂေါခေါ... ဂေါခေါ..."
သားရဲတစ်ကောင်၏ ကျယ်လောင်လှသော ဟောက်သံကြောင့် သူတို့သုံးဦးမှာ မိန်းမောနေရာမှ လန့်နိုးသွားကြသည်။ ထိုအသံမှာ ဘယ်ကလာသနည်းဟု ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ကြသည်။
"ဂေါ... ဂေါ... ဂေါခေါ..."
သူတို့အားလုံး တပြိုင်နက်တည်း ဆိုဖာခုံရှိရာဘက်သို့ လှည့်ကြည့်လိုက်ရာ ဆံပင်နက်နှင့် လူငယ်တစ်ဦးမှာ ဆိုဖာပေါ်တွင် ကန့်လန့်ဖြတ် အိပ်မောကျနေသည်ကို တွေ့လိုက်ရသည်။ သူ၏ ပါးစပ်မှလည်း တံတွေးများ တစိမ့်စိမ့်ထွက်နေသဖြင့် အောက်တွင် အိုင်လေးပင် ဖြစ်နေသည်။ ထိုလူငယ်၏ ရုပ်ရည်မှာ ဖရိုဖရဲ ဖြစ်နေပြီး အဝတ်အစားများတွင်လည်း မီးလောင်ရာများ၊ မျက်နှာတစ်ခုလုံးတွင်လည်း မှိုင်းများ ပေကျံနေသည်။
သူတို့သုံးဦးမှာ ထိုသူကို မြင်လိုက်ရသည့်အခါ ဆွံ့အသွားကြသည်။ သူတို့အားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိနေတော့သည်။
'ဘာလို့ ဒီမှာ အိုးမဲ့အိမ်မဲ့တစ်ယောက် အိပ်နေတာလဲ?!'