အခန်း (၇၀) သူက ဘယ်သူလဲ
စင်္ကြံလမ်းကတော့ ရှေ့တည့်တည့်က လက်တစ်ဝါးစာကိုတောင် မမြင်ရလောက်အောင် ပြူးပြူးပြာပြာ မှောင်မည်းလို့ နေသည်။ကျွန်တော် လက်ကိုဆန့်ပြီး သံပန်းတံခါးကြီးကို စမ်းမိလိုက်တဲ့အချိန်မှာပဲ နူးညံ့တဲ့ လမင်းရဲ့ အလင်းရောင်ဖျော့ဖျော့လေးက ထွက်ပေါ်လာခဲ့သည်။ အဲ့ဒါက ကပ်ဘေးဆိုးကြီးတစ်ခုအပြီးက မျှော်လင့်ချက်ရောင်ခြည်လေးလိုပါပဲ - ‘သိမ်မွေ့တယ်၊ ဖျော့တော့တယ်၊ ပြီးတော့ တောက်ပနေသည်။ ဒီအိမ်မက်ဆန်လှတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လမင်းအလင်းရောင်က သံပန်းတံခါးရဲ့ သံတိုင်တွေနဲ့ပဲ ခြားနေတာဖြစ်ပြီး ကျွန်တော် သာ လက်ကို အပြင်ကို ဆန့်ထုတ်လိုက်ရင် အဲ့ဒီလမင်းရဲ့ အလင်းရောင်ခြည်မျက်နှာစာလေးကို ဆုပ်ကိုင်မိတော့မလိုပါပဲ...။’
‘ကျွန်တော် နဲ့ အဘိုးကြီးကတော့ မသိစိတ်ကနေ ဝမ်းသာပီတိဖြစ်သွားမိကြသည်။ ‘ကျောင်းဆောင်ဟောင်းထဲကနေ ထွက်ခွာနိုင်သရွေ့ အရာအားလုံးက ပြေလည်သွားပါပြီ။ ကျောင်းဆောင်ဟောင်းထဲက သရဲတွေက ခေါင်းတလားပုံစံ တည်ဆောက်ပုံကြီးကြောင့် ပိတ်မိနေကြတာဖြစ်ပြီး ချီချီမှာရှိတဲ့ အစွမ်းမျိုးမရှိရင် အပြင်ကို ထွက်လို့မရကြဘူး။ တိုက်အပြင်ဘက်ကို ရောက်သွားတာနဲ့ အိပ်ပျော်ဖို့ နေနေသာသာ၊ တံခါးဝမှာတင် လှဲအိပ်လိုက်ရင်တောင်မှ ဘာမှဖြစ်မှာ မဟုတ်တော့ပါဘူး။’
သံပန်းတံခါးက သော့ခလောက်ကတော့ ပြီးခဲ့တဲ့တစ်ကြိမ်တုန်းက အတင်းရိုက်ချိုးခံထားရတာမို့ အခုတော့ ဒီအတိုင်း စေ့ထားရုံပဲ ရှိပြီး အသာလေး တွန်းလိုက်ရုံနဲ့ ပွင့်သွားနိုင်သည်။ ရုတ်တရက်ဆိုသလို ကျောင်းဆောင်ဟောင်းရဲ့ အပြင်ဘက်က လမ်းမီးတိုင်အောက်မှာ ရှိနေတဲ့ လူရိပ်တစ်ခုက ကျွန်တော် ရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ မှေးမှိန်တဲ့ မီးရောင်က အဲ့ဒီလူရဲ့ နှာတံပေါ်ကို တည့်တည့်ကြီး ကျရောက်လို့နေသည်။
အဲ့ဒီလူကကျွန်တော် ကို မြင်လိုက်ရတဲ့အခါမှာတော့ တကယ့်ကို ထိတ်လန့်အံ့ဩသွားပုံရပြီး မယုံကြည်နိုင်လောက်တဲ့ အသံနဲ့ လှမ်းအော်လိုက်သည် - "မင်း အသက်ရှင်နေသေးတယ် ဟုတ်လား"
"မင်း သူမကို သတ်လိုက်တာလား"
"မဖြစ်နိုင်တာ... မင်းက သူမကို တကယ်ပဲ သတ်နိုင်ခဲ့တယ် ဟုတ်လား။ နေပါဦး... မင်းရဲ့ နောက်ခံက တကယ်တော့ ဘာလဲကွ"
"မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
ကျွန်တော် မျက်လုံးကို မှေးပြီး ကြည့်လိုက်တဲ့အခါ သူ့ကို မှတ်မိသွားသည် - ‘ကျောင်းဆောင်ဟောင်းက လုံခြုံရေးဝန်ထမ်းပါပဲ’။ ပြီးခဲ့တဲ့တစ်ကြိမ်တုန်းက သူ ကျွန်တော် ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ပေမဲ့ ကျွန်တော် အတွက် အသုံးဝင်တဲ့ သတင်းအချက်အလက်အချို့ကိုတော့ ပေးခဲ့သည်။ တကယ်လို့သာ သူ မရှိခဲ့ရင်ကျွန်တော် အခုအချိန်မှာ တိုက်ပေါ်ကနေ ခုန်ချပြီးသား ဖြစ်နေလောက်ပါပြီ။
‘လုံခြုံရေးဝန်ထမ်းကတော့ တံခါးဝမှာ အံ့ဩတုန်လှုပ်စွာနဲ့ အော်ဟစ်နေခဲ့ပြီး ကျွန်တော် အသက်ရှင်ကျန်ရစ်တာနဲ့ ချီချီကို ကလဲ့စားချေ သတ်ပစ်လိုက်နိုင်တာက သူ့အတွက်တော့ မဖြစ်နိုင်တဲ့ အံ့ဩဖွယ်ရာ ကိစ္စတစ်ခုလိုပါပဲ။ကျွန်တော် သူ့ကို အဖက်လုပ်ပြီး စကားမပြောချင်တော့ပါဘူး။ ဒီကောင်က ရိုးသားတဲ့ကောင် မဟုတ်ဘူး၊ ပြီးခဲ့တဲ့တစ်ကြိမ်တုန်းက ကျွန်တော်သူ့ကို အပြင်းအထန် ရိုက်နှက်လိုက်လို့ သူ ထွက်ပြေးသွားခဲ့တာ ဖြစ်ပြီး သူ့ကို နောက်တစ်ကြိမ် ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။’
အရင်ဆုံး အပြင်ကို ထွက်ကြတာပေါ့၊ ငါတို့ရဲ့ အနောက်မှာတော့ ကျွန်တော် တို့ကို သားကောင်လိုမျိုး မျက်စိကျနေတဲ့ သရဲစုတ်တစ်အုပ်ကြီး ရှိနေသေးသည်။ ကျွန်တော် တံခါးချပ်ကို လှမ်းကိုင်ဖို့ လက်ဆန့်လိုက်တဲ့ အချိန်မှာတင် အဘိုးကြီးက ကျွန်တော် ကို ရုတ်တရက် လှမ်းခေါ်လိုက်သည် -
"ကျေးဇူးရှင်ကြီး... ဒီအဘိုးကြီးက မင်းရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားတွေကို ဘယ်တော့မှ ပြန်ဆပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ငါ့ရဲ့ ကိုယ်ပေါ်မှာလည်း တန်ဖိုးရှိတဲ့ ပစ္စည်း ဘာမှမရှိဘူး၊ ငါ့အဖေဆီကနေ အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့တဲ့ ဒီရွှေလက်စွပ်လေးပဲ ရှိတယ်။ အဲ့ဒါက ပိုက်ဆံအချို့တော့ ရနိုင်လောက်ပါတယ်"
"ကျေးဇူးရှင်ကြီး... အဲ့ဒါကို ပိုက်ဆံသွားလဲလိုက်ပါ၊ ဒါမှမဟုတ် သိမ်းထားလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် ရပါတယ်"
အဘိုးကြီးက တင်းတင်းစေ့ထားတဲ့ သူ့ရဲ့ ဘယ်ဘက်လက်ကို ဖြန့်လိုက်သည်။ အနည်းငယ် အရောင်မှိန်နေတဲ့ ရွှေလက်စွပ်လေးတစ်ခုက အဲ့ဒီနေရာမှာ အေးအေးချမ်းချမ်း ရှိနေသည်။ ရွှေလက်စွပ်ရဲ့ သက်တမ်းကိုတော့ သာမန်မျက်စိနဲ့တင် ကြည့်ရုံနဲ့ သိနိုင်ပြီး အနည်းငယ် ပုံပျက်နေခဲ့ပါပြီ။ အဘိုးကြီးက အဲ့ဒီရွှေလက်စွပ်လေးကို ငေးမောနေတဲ့ မျက်ဝန်းတွေနဲ့ အသာအယာ ပွတ်သပ်နေသည်။
ရွှေလက်စွပ်က တကယ်တော့ အတော်လေး ဆွဲဆောင်မှုရှိလှပေမဲ့ ကျွန်တော် ကတော့ ယူဖို့ တကယ့်ကို အားနာမိသည်။ ဒီည အဘိုးကြီး ကူညီပေးခဲ့တဲ့ ကိစ္စတစ်ခုတည်းနဲ့တင် ကျွန်တော် ရဲ့ ကျေးဇူးတင်ရှိမှုကို ဘယ်လိုဖော်ပြရမှန်း မသိဖြစ်နေရတာ၊ သူ့ရဲ့ ရွှေလက်စွပ်ကို အလကား ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မလဲ။ ကျွန်တော် ခေါင်းကို ခါယမ်းပြီး ယဉ်ကျေးစွာ ငြင်းပယ်ဖို့ ပြင်လိုက်ပေမဲ့ ကျွန်တော် ရဲ့ အမြင်အာရုံ ထောင့်စွန်းကနေ အဘိုးကြီးရဲ့ မျက်နှာအမူအရာကို မြင်လိုက်ရသည်။ ဝမ်းနည်းမှု၊ အထီးကျန်မှု၊ နောင်တရမှု - ဒီစိတ်ခံစားချက် အားလုံးက သူ့ရဲ့ ဝေဝေဝါးဝါး ဖြစ်နေတဲ့ မျက်ဝန်းတွေထဲမှာ အရိပ်ထင်နေသည်။ သူ စကားမပြောဘဲ ကျွန်တော် ကိုပဲ စိုက်ကြည့်နေခဲ့သည်။
အသက်အရွယ် အိုမင်းရင့်ရော်နေတဲ့ လူတစ်ယောက်ရဲ့ အရာအားလုံးကို သူ့ရဲ့ မျက်ဝန်းတွေထဲမှာ ကျွန်တော် မြင်တွေ့လိုက်ရသည်။ ဒီကုန်းကုန်းကွကွနဲ့ အဘိုးအိုလေးကကျွန်တော် ထင်ထားတာထက်တောင် ပိုပြီးတော့ သေးငယ်လှပြီး သူ့ရဲ့ တည်ရှိမှုက ဖုန်မှုန့်လေးတစ်ခုလိုမျိုး ဖျော့တော့လွန်းလှသည်။ကျွန်တော် သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ရွှေလက်စွပ်ကို တိတ်တဆိတ် လက်ခံလိုက်ပါတော့သည်။
ကျွန်တော် အတွက်တော့ ဒါက လက်စွပ်တစ်ကွင်းမျှသာ ဖြစ်ပေမဲ့ အဘိုးကြီးအတွက်ကတော့ ဒါက သူ့ရဲ့ ဘဝဖြတ်သန်းမှု ခရီးစဉ်တစ်ခု ဖြစ်သလို၊ သူ့ရဲ့ လက်ကျန် သံယောဇဉ်တွေကို မြှုပ်နှံထားတဲ့ နေရာလည်း ဖြစ်သည်၊ အဲ့ဒီထက်မက အဘိုးအိုလေးရဲ့ နောက်ဆုံး လက်ကျန် မာနနဲ့ သိက္ခာတရားလည်း ဖြစ်သည်။ အဘိုးရဲ့ တွန့်ရှုံ့နေတဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပွင့်လန်းသွားပြီး - "အခုတော့ ဒီအဘိုးကြီး စိတ်အေးလက်အေး သွားနိုင်ပါပြီ"
"ငါ မသေခင်မှာ ဒီလိုမျိုး လူတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရခဲ့တာ... ဒီဘဝမှာ ဘာနောင်တမှ မရှိတော့ပါဘူး။ ကျေးဇူးရှင်ကြီး... မင်းရဲ့ နာမည်က ဘယ်သူလဲ"
"ကျန်းအာစိ..."
ကျွန်တော်တစ်ခုခု မှားယွင်းနေပြီဆိုတာကို ရိပ်မိလိုက်ပုံရသည်။ ရုတ်တရက်ဆိုသလိုပဲ အဘိုးကြီးက သူ့ရဲ့ ခွန်အားရှိသမျှကို သုံးပြီး ငါ့ကို ဘေးကို အတင်းတွန်းထုတ်လိုက်ကာ သူ့ရဲ့ ဘယ်ဘက်လက်နဲ့ တံခါးကို ပြင်းပြင်းထန်ထန် ဆောင့်တွန်း ဖွင့်လိုက်ပါတော့သည်။ သူ့ရဲ့ တစ်ကိုယ်လုံးက တံခါးဝရဲ့ အပြင်ဘက်ကို အဟုန်ပြင်းပြင်းနဲ့ တိုးထွက်သွားခဲ့သည်။
နောက်စက္ကန့်မှာတော့ အဘိုးကြီး ပျောက်ကွယ်သွားခဲ့ပါပြီ...။
‘မဟုတ်ဘူး... သူ ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး၊ မမြင်ရတဲ့ စွမ်းအားတစ်ခုရဲ့ ဖိခြေခြင်းကို ခံလိုက်ရသလိုမျိုး ဖြစ်သွားတာပါ။ မမြင်ရတဲ့ ကြီးမားလှတဲ့ အလေးချိန်ကြီးတစ်ခုက အပေါ်ကနေ ပြုတ်ကျလာခဲ့သလိုမျိုး သူ့ရဲ့ ခေါင်းက ရင်ဘတ်ထဲကို နစ်ဝင်သွားခဲ့ပြီး ဒူးခေါင်းတွေက ကြမ်းပြင်ပေါ်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့သည်။ ဖိအားကတော့ ဆက်လက် သက်ရောက်နေဆဲ ဖြစ်ရာ သူ့ရဲ့ ရင်ဘတ်အုံကြီးက တစ်ဆစ်ချင်းစီ ကြေမွသွားခဲ့ပြီး အရိုးစတွေက လျော့ရဲနေတဲ့ အရေပြားတွေကို ဖောက်ထွက်လို့ လာသည်။ သူက ဖိစက်တစ်ခုရဲ့ အောက်က သံမှိုသေးသေးလေးတစ်ခုလိုမျိုး ဘာအတားအဆီးမှ မရှိဘဲ အောက်ကို ပိပြားသွားခဲ့ရသည်။ လူတစ်ယောက်က တစ်စက္ကန့်တောင် မပြည့်တဲ့ အချိန်အတွင်းမှာ ဘယ်လိုမျိုး အဖိခြေခံလိုက်ရလဲဆိုတာကို ကျွန်တော် မျက်စိနဲ့ အကွင်းသား မြင်လိုက်ရတာ ဖြစ်သည်။ တစ်မီတာ ခြောက်ဆယ်ကျော် ရှိတဲ့ အဘိုးကြီးက မျက်စိတစ်မှိတ်အတွင်းမှာတင် စက္ကူသားတစ်ချပ်လိုမျိုး ပါးလွှာလှတဲ့ သွေးအိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရပါတော့သည်...။
ကျွန်တော် နံရံကို မှီထားရင်းနဲ့ ဒီမြင်ကွင်းကို ကြောင်အစွာ စိုက်ကြည့်နေမိသည်။ တုန်လှုပ်စရာကောင်းပြီး မျက်စိကို စူးရှစေတဲ့ ဒီပုံရိပ်က ကျွန်တော် ရဲ့ စိတ်ထဲမှာ ထပ်ခါတလဲလဲ ပြန်လည် ပေါ်ထွက်လို့ နေသည်။ ဝိညာဉ်နှိမ်နှင်းခြင်း သံမှိုရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပေါ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ပျော့ခွေမှုနဲ့ ဦးနှောက် ထုံထိုင်းမှုတွေက အခုအချိန်မှာတော့ ခေတ္တခဏလောက် ပြန်လည် သက်သာသွားသလိုပါပဲ။ ကျွန်တော် အသက်ရှူဖို့တောင် မေ့လုနီးပါး ဖြစ်သွားခဲ့ရပြီး စိတ်ထဲမှာတော့ မေးခွန်းတွေပဲ ပြည့်နှက်လို့ နေသည်။ ‘ဘာတွေ ဖြစ်သွားတာလဲ။ အဘိုးကြီးက ကျွန်တော် ကို ဘာလို့ အတင်းတွန်းထုတ်ခဲ့တာလဲ။ အဘိုးကြီးက ဘာဖြစ်လို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ။
အရင်တုန်းက ကျွန်တော် ရဲ့ မှတ်ဉာဏ် အနက်ရှိုင်းဆုံး နေရာမှာ ဖယ်ထုတ်ထားခဲ့တဲ့ သံသယဖြစ်ဖွယ် အချက်အလက်တွေက တဖြည်းဖြည်းချင်း ပြန်လည် တူးဆွထွက်ပေါ်လာသည်။ ရှုပ်ထွေးပွေလီလှတဲ့ အကြောင်းအရာတွေက တန်းစီပြီး ထွက်ပေါ်လာခဲ့ပြီး ရှုပ်ထွေးလှတဲ့ ပုံရိပ်တွေကလည်း ကမောက်ကမ ဖြစ်စွာနဲ့ ဆက်စပ်လို့ သွားပါတော့သည်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော် ရှာဖွေတွေ့ရှိလိုက်တာကတော့ ဒီရှုပ်ထွေးနေတဲ့ အရာတွေရဲ့ ကြားထဲမှာ ကြိုးမျှင်တစ်ခု ရှိနေတယ်ဆိုတာပါပဲ၊ အဲ့ဒီကြိုးမျှင်က သဲလွန်စတွေ အားလုံးကို တစ်ခုတည်းအဖြစ် ချိတ်ဆက်ပေးနိုင်စွမ်း ရှိသည်။ ကျွန်တော် အဲ့ဒီကြိုးမျှင်ကို ဖမ်းဆွဲလိုက်ပြီး သော့ချက်တွေကို တစ်ခုချင်းစီ လိုက်လံ ဖော်ထုတ်လိုက်ပါတော့သည်။
ရလဒ်အနေနဲ့ကတော့ - ‘အဘိုးကြီးက တံခါးကို တွန်းဖွင့်ပြီးတဲ့နောက်မှာ အဖိခြေခံလိုက်ရတာပါ...။’
‘၁။ ကျွန်တော် ကျောက်ချန်မြို့ကို ပထမဆုံး ရောက်တဲ့ညတုန်းက ဟိုတယ်ပိုင်ရှင်က သန်းခေါင်ယံအချိန်မှာ ကျွန်တော် တံခါးကို လာခေါက်တယ်... တကယ်တမ်းတော့ ဟိုတယ်ပိုင်ရှင်က လာမခေါက်ခဲ့ပါဘူး...။’
၂။ ‘အဲ့ဒီညက ချင်းလုံဘုရားကျောင်းမှာ သေမင်းကပ်ဘေး ကြုံရတုန်းက ကိုရင်လေး နဲ့ ဆရာတော်လျှောင်ကော်အတုတို့က ကျွန်တော်ကို တံခါးဖွင့်အောင် နည်းမျိုးစုံနဲ့ လှည့်စားပြီး ဖျောင်းဖျခဲ့ကြသည်...။’
၃။ ‘ချန်စီ သေတဲ့ညတုန်းက ကျွန်တော် အပေါ်ထပ်ကို တက်သွားတော့ ချန်စီရဲ့ ကုတင်ပေါ်မှာ လူတစ်ယောက် ရှိနေတာကို တွေ့ခဲ့တယ်၊ ကျွန်တော် စောင်ကို လှန်ဖို့ အတင်း ကြိုးစားခဲ့သေးသည်... နောက်ပိုင်းမှာတော့ အနီရောင်သေတ္တာ က အဖြေပေးခဲ့ပါတယ် - "စောင်ကို လှန်ရင် သေလိမ့်မယ်!" ဆိုတာပါပဲ။’
၄။ ‘ကျွန်တော် ကျောင်းဆောင်ဟောင်းထဲကို မှားပြီး ဝင်မိတဲ့ညတုန်းက ချီချီက လင်းရင်ရဲ့ အိမ်မှာ တည်းခိုနေတာဖြစ်ပြီး ကျွန်တော်က ဟိုတယ်မှာ တည်းနေတာပါ။ ညဘက်မှာ ချီချီက တံခါးလာခေါက်ပေမဲ့ ကျွန်တော် ဂရုမစိုက်ခဲ့ဘူး။ နောက်ပိုင်းမှာ ဟိုတယ်ပိုင်ရှင် လာခေါက်သလိုမျိုး ပြောင်းလဲသွားခဲ့ပေမဲ့ တကယ်တမ်းတော့ သူတို့အားလုံးက အတုတွေ ဖြစ်ပြီး အနီရောင် မိစ္ဆာသေတ္တာရဲ့ အဖြေကတော့ - "တံခါးဖွင့်ရင် သေလိမ့်မယ်!" ဆိုတာပါပဲ။’
‘ဒီအချက်တွေ အားလုံးက လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်သည်။ တကယ်တော့ ဒီထူးဆန်းတဲ့ အဖြစ်အပျက်တွေက အကြောင်းပြချက်မရှိဘဲ ရောက်ရှိလာတာဖြစ်ပြီး ကျွန်တော် ဘယ်နေရာကိုပဲ သွားသွား ဖြစ်ပျက်နေခဲ့တာမျိုးပါပဲ...။’
‘ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော် ပုံစံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ။ ဒီအဖြစ်အပျက် လေးခုလုံးကို ပေါင်းစပ်ကြည့်လိုက်ရင် တူညီတဲ့ အယူအဆတစ်ခု ရှိနေပါတယ် - ‘ကျွန်တော်ကို တံခါးဖွင့်အောင် လှည့်စားတာ၊ စောင်ကို လှန်အောင်လုပ်တာ၊ အဘိုးကြီးက တံခါးကို တွန်းဖွင့်လိုက်တာ... ဒါတွေ အားလုံးက "ဖွင့်လှစ်ခြင်း" ဆိုတဲ့ အယူအဆကို ပြည့်စုံစေသည်။’ ‘ဒါတင်မကသေးပါဘူး၊ အရေးကြီးဆုံး အချက်ကို ကျွန်တော် ရှာဖွေတွေ့ရှိလိုက်သည်။ ဒီအရာတွေက တကယ့်ကို ထပ်တူနီးပါး တူညီနေကြတာပဲ ဖြစ်သည်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျွန်တော်ရဲ့ ဘေးပတ်ပတ်လည်မှာ သရဲတွေ နေရာအနှံ့ ရှိနေသလိုမျိုး ခံစားရပေမဲ့ သေသေချာချာ ပြန်စဉ်းစားကြည့်ရင် သရဲတွေ အများကြီး ရှိမနေဘူးဆိုတာကို သတိပြုမိသည်။’
အထက်ပါ အချက်တွေ အားလုံးကို ပေါင်းစပ်ကြည့်လိုက်ရင် ကျွန်တော် ခုလိုမျိုးတောင် ခန့်မှန်းရသည် -‘ ဒီအဖြစ်အပျက်တွေ အားလုံးက သရဲတစ်ကောင်တည်းကြောင့် ဖြစ်ပေါ်လာတာ ဖြစ်နိုင်သည်။ ဆိုလိုတာကတော့ တစ္ဆေလက်ထက်စာချုပ်ထဲက အပြင် ကျွန်တော်နောက်ကို တစ်ချိန်လုံး လိုက်လံ နှောင့်ယှက်နေတဲ့ ဒုတိယမြောက် သရဲတစ်ကောင် ရှိနေသည်။ အဲ့ဒီသရဲက ကျွန်တော်ကို အဆက်မပြတ် သတ်ဖို့ ကြိုးစားနေခြင်းဖြစ်သည်။ တစ္ဆေလက်ထက်စာချုပ်ကို သွားပြီး မထိခိုက်စေဘဲ ကျွန်တော်ကို သတ်ဖို့ နည်းလမ်းရှာနေတာ ဖြစ်ရမည်။’
ကျွန်တော် ခေါင်းကို တောင့်တောင့်ကြီး လှည့်ပြီး ကျောင်းဆောင်ဟောင်းထဲက လေလွင့်ဝိညာဉ်တွေကို လှည့်ကြည့်လိုက်သည်။ ကျောင်းဆောင်ဟောင်းထဲမှာ သေဆုံးခဲ့တဲ့ လူသရဲမှန်သမျှက ဒီခေါင်းတလားပုံစံ တိုက်ကြီးထဲမှာပဲ ပိတ်မိနေကြတာ ဖြစ်ပြီး ချီချီကလွဲလို့ တခြားသူတွေ အပြင်ထွက်လို့ မရနှိုင်ခြင်းသာ ဖြစ်သည်။
‘အကယ်၍ အဲ့ဒီလိုမျိုးသာ ဆိုရင်တော့... လုံခြုံရေးဝန်ထမ်းက လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကတင် ကျောင်းဆောင်ဟောင်းပေါ်ကနေ ခုန်ချသေဆုံးခဲ့တာ ဖြစ်တာကြောင့် သူက ကျောင်းဆောင်ဟောင်းထဲမှာပဲ ပိတ်မိနေရမှာ ဖြစ်သည်။’... ‘ဒါပေမဲ့ မနေ့တုန်းက သူ လင်းရင်ရဲ့ အိမ်မှာ ထွက်ပေါ်လာခဲ့သလို အခုလည်း ကျွန်တော်ရဲ့ ရှေ့တည့်တည့်မှာ ထပ်ပြီး ထွက်ပေါ်လာပြန်ပါပြီ။’
"ဒါဆိုရင်တော့..." ကျွန်တော်ရဲ့ အကြည့်ကို လုံခြုံရေးဝန်ထမ်း ရှိနေတဲ့ နေရာဆီကို ရွှေ့လိုက်ပြီး လမ်းမီးတိုင်အောက်က မှောင်မိုက်မှုတွေထဲမှာ ပုန်းအောင်းနေတဲ့၊ လူရိပ်တစ်ခုကိုပဲ သဘောပေါက်သွားတဲ့ မျက်ဝန်းတွေနဲ့ စူးစူးစိုက်စိုက် ကြည့်လိုက်ပါတော့သည်။ မှောင်မိုက်မှုတွေကြားထဲကနေ ဖြူဖျော့ဖျော့ သွားတစ်လှိုင်းက ထွက်ပေါ်လာခဲ့ပြီး မကောင်းကြံစည်လိုတဲ့ အပြုံးဆိုးကြီးတစ်ခုအဖြစ် ကွေးညွတ်သွားပါတော့သည်။...။
"သူက တကယ်တော့ ဘယ်သူလဲ..."