အခန်း (၆၉) လူကြီးသူမတွေကို လျှော့မတွက်နဲ့
ကျောင်းဆောင်ဟောင်းရဲ့ ဒုတိယထပ်မှာတော့ လင်းလိုက်၊ မှိတ်လိုက် ဖြစ်နေတဲ့ အလင်းရောင်တွေအောက်မှာ သရဲရိပ်တွေက ပုရွက်ဆိတ်အုံလိုမျိုး တိုးဝှေ့သိပ်သည်းလို့ နေသည်။
ကြမ်းပြင်ပေါ်မှာ လဲကျနေရင်း နံရံတွေတစ်လျှောက် အဆက်မပြတ် လှုပ်ရှားအုံကြွနေတဲ့ အရိပ်မည်းကြီးတွေကို ဖျတ်ခနဲ ဖျတ်ခနဲ မြင်တွေ့နေရသည်။
‘တောက်... ငါက ချီချီကိုတောင် အပြတ်ရှင်းနိုင်ခဲ့တာ။ နောက်ဆုံးကျမှ ဒီသရဲစုတ်၊ သရဲခဲလေးတွေရဲ့ လက်ထဲမှာ သေရမယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူး။ ဒါက တကယ်ကို လက်ခံရခက်တဲ့ အမှန်တရားပဲ။ ဒီလိုမျိုး သေရတာက တကယ့်ကို အဓိပ္ပာယ်မဲ့လွန်းလှသည်။ ဘဏ်ကို အောင်အောင်မြင်မြင် ဓားပြတိုက်ပြီးမှ အိမ်အပြန်လမ်းမှာ ရွာသားအချို့ရဲ့ ဓားပြတိုက်တာကို ခံလိုက်ရသလိုမျိုးပါပဲ။’
‘ရန်ငြိုးဖွဲံအရိုးက ငါနဲ့ တစ်မီတာကျော်ကျော်လောက်ပဲ ဝေးတဲ့နေရာမှာ ရှိနေပေမဲ့ ငါ လက်ကို ဘယ်လောက်ပဲ ဆန့်ဆန့် လုံးဝ သွားပြီး မထိနိုင်တော့ပါဘူး။ ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်မှာ တရွတ်တိုက် ဆွဲသွားရင်တော့ ထိနိုင်ခြေ ရှိကောင်းရှိလိမ့်မည်။ ဒါပေမဲ့ ရန်ငြိုးဖွဲ့အရိုးကို လက်ထဲ ရောက်ခဲ့ရင်တောင်မှ ငါ့မှာ သူတို့ကို ရင်ဆိုင်ဖို့ ခွန်အား ရှိပါဦးမလား။ အဲ့ဒါကတော့ နောက်ထပ် မေးခွန်းတစ်ခုပေါ့။’
ရန်ချန်းရဲ့ ရည်းစား သရဲက ကျွန်တော်ရဲ့ ကျောပြင်ဆီကို ပထမဆုံး ရောက်ရှိလာတဲ့သူ ဖြစ်သည်။ သူက ကျွန်တော့်ကို စိုက်ကြည့်နေပြီး သူ့ရဲ့ မျက်ဝန်းတွေထဲက လောဘဇောတွေက ပိုပြီးတော့ ပြင်းထန်လာခဲ့လေသည်။
ကျွန်တော် ရန်ငြိုးဖွဲ့အရိုးကို လှမ်းချိတ်ဖို့ လက်ချောင်းတွေကို အတင်း အားစိုက်နေတဲ့ အချိန်မှာတင် အိုမင်းပြီး ခြောက်သွေ့လှတဲ့ လက်တစ်ဖက်က ကျွန်တော့်ရဲ့ အမြင်အာရုံထဲကို ရုတ်တရက် ဝင်ရောက်လာသည်။ အဲ့ဒီလက်က ကျွန်တော်ထက် အရင်ဦးအောင် ရန်ငြိုးအရိုးကို ကောက်ကိုင်လိုက်သည်။
ရှဲ... ရှဲ... ဆိုတဲ့ အသံနဲ့အတူ အဲ့ဒီလက်က ရန်ငြိုးဖွဲ့အရိုးနဲ့ ထိမိတဲ့ နေရာကနေ အဖြူရောင် အငွေ့တွေက အဆက်မပြတ် ထွက်ပေါ်လာသည်။ ဒါက တကယ့်ကို ရဲရဲနီနေတဲ့ သံချောင်းပူကြီးကို လက်ဗလာနဲ့ ဆွဲကိုင်လိုက်သလိုမျိုးပဲ။ ရန်ငြိုးဖွဲ့အရိုးကို ကောက်ကိုင်ပြီးတဲ့နောက်မှာ အဲ့ဒီလက်မောင်းက အကြောတွေ ထောင်ထွက်နေပြီး တုန်ရင်နေတာကိုတောင် ကျွန်တော် မြင်နေရသည်။
ကျွန်တော်ရဲ့ အသိစိတ်တွေက ဝေဝေဝါးဝါး ဖြစ်နေပေမဲ့ အရာတစ်ခုကိုတော့ သေသေချာချာ ခွဲခြားနိုင်ခဲ့သည် - ‘သူက လူသားတစ်ယောက် မဟုတ်ဘူး။’
‘သူ ရူးနေတာလား။ သရဲတစ်ကောင်က သရဲမှန်သမျှရဲ့ အန္တရာယ်အရှိဆုံး လက်နက်ဖြစ်တဲ့ ရန်ငြိုးဖွဲ့အရိုးကို လက်နဲ့ တိုက်ရိုက် ဆွဲကိုင်ရဲတယ် ဟုတ်လား။ ငါ့ရဲ့ လက်နက်ကို လုယူဖို့လား... မဖြစ်နိုင်တာ။’
အဖြူရောင် အငွေ့တွေကြားထဲကနေ ရန်ငြိုးအရိုးက မြေပြင်ကနေ ကွာကျသွားပြီး အပေါ်ကို မြှင့်တက်သွားသည်။
"မင်းတို့ သကောင့်သားတွေ ငါ့ရဲ့ ကျေးဇူးရှင်ကို ဘာလုပ်မလို့လဲ!"
ရင်းနှီးနေတဲ့ ဒေါသတကြီး အော်ဟစ်သံက ဒုတိယထပ်တစ်ခုလုံးမှာ ထပ်ဆင့်ပြီး ပဲ့တင်ထပ်သွားပါတော့သည်။
အဖြူရောင် အရိုးတုတ်ကြီးကို အဲ့ဒီလူက စက်ဝိုင်းပုံစံနီးပါး အားနဲ့ ဝှေ့ယမ်းလိုက်သည်။ ရန်ငြိုးဖွဲ့အရိုးနဲ့ ထိမိသွားတဲ့ ဘယ်သရဲမဆို နီရဲနေတဲ့ သံပူကြီးနဲ့ အသားကို အကပ်ခံလိုက်ရသလိုမျိုး ခံစားရတာကြောင့် သရဲရိပ်အများကြီးက အော်ဟစ်ငိုကြွေးရင်း နောက်ကို ဆုတ်ပြေးကြပါတော့သည်။
ကျွန်တော်ရဲ့ အကြည့်ကို အပေါ်ကို ဖြည်းဖြည်းချင်း ရွှေ့လိုက်ပြီး အဲ့ဒီလူကို သေသေချာချာ မြင်လိုက်ရတဲ့ အခါမှာတော့ တကယ့်ကို မှင်တက်သွားရပါတော့သည်။
အဘိုးကြီး?
‘ထိပ်ပြောင်ပြောင်၊ နှာခေါင်းကောက်ကောက်နဲ့... ဒါ ငါ ကြက်ဖကြီးကို လိုက်ရှာတုန်းက မြို့တော်ဝန်အိမ်မှာ တွေ့ခဲ့တဲ့ အဘိုးကြီး မဟုတ်ဘူးလား။ သူက ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ။
ဒါပေမဲ့ ကျိန်တော်ကို ပိုပြီးတော့ တုန်လှုပ်သွားစေတဲ့ အရာကတော့ သူက ရန်ငြိုးဖွဲ့အရိုးကို လက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲ ဖြစ်နေတာပါပဲ။’ သူရဲ့ ပိန်လှီပြီး ကုန်းနေတဲ့ ခန္ဓာကိုယ်က ငါ့ရဲ့ ပုခုံးလောက်အထိပဲ ရှိပြီး လျော့ရဲနေတဲ့ အရေပြားတွေက စုကုတ်နေကာ အသက်ကို ပြင်းပြင်းထန်ထန် ရှူနေရသည်။
ဖြူဖျော့ဖျော့ အရိုးတုတ်ကြီးက သူ့ရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို စက္ကန့်မလပ် လောင်ကျွမ်းစေတာမို့ အဖြူရောင် အငွေ့အုပ်ကြီးက သူ့ဘေးနားမှာ ဝန်းရံလို့နေသည်။ ဒါပေမဲ့ အဲ့ဒီအိုမင်းတဲ့လက်ကတော့ မလျှော့တမ်း ဇွဲနဲ့ ဆုပ်ကိုင်ထားဆဲပါပဲ...။
ကျွန်တော် ခဏလောက် ကြောင်အသွားပြီးမှ အလျင်အစလို အော်ပြောလိုက်မိသည် - "အဘိုး... အမြန်လွှတ်လိုက်။ မင်း အဲ့ဒီအရာကို ကိုင်ထားလို့ မဖြစ်ဘူး!"
‘ဟို သရဲစုတ်လေးတွေက ရန်ငြိုးဖွဲ့အရိုးနဲ့ အနည်းငယ်လေး ထိမိရုံနဲ့တင် အော်ဟစ်ပြီး ထွက်ပြေးကြတာလေ။ အခုတော့ အဘိုးကြီးက အဲ့ဒါကို လက်နဲ့ တိုက်ရိုက် ကိုင်ထားတာ ဖြစ်ပြီး သူကိုယ်တိုင်ကလည်း သာမန်သရဲတစ်ကောင်မျှသာ ဖြစ်သည်။’
အဘိုးကြီးက ကျွန်တော်ကို လှည့်ကြည့်လိုက်ပြီး သူ့ရဲ့ အရည်ပျော်လုနီးပါး ဖြစ်နေတဲ့ မျက်နှာပေါ်မှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ပြည့်နှက်နေတဲ့ အမူအရာမျိုးနဲ့ -
"မစိုးရိမ်ပါနဲ့... ဒီအဘိုးကြီးက မင်းကို ဒီနေရာကနေ သေသေချာချာ ခေါ်ထုတ်သွားပေးပါ့မယ်!"
စကားဆုံးတာနဲ့ သူက ရှေ့ကို ပြေးထွက်သွားပြီး မငြိမ်မသက် ဖြစ်နေတဲ့ သရဲရိပ်တွေကို ရန်ငြိုးဖွဲ့အရိုးနဲ့ ဝှေ့ယမ်း ရိုက်နှက်ပါတော့သည်။
အနည်းငယ်လောက်ပဲ ဝှေ့ယမ်းပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ခန္ဓာကိုယ်က ပိုပြီးတော့ ဖောက်ထွင်းမြင်ရလောက်အောင် ဖြစ်သွားခဲ့ပြီး ဒူးထောက်လျက်သား လဲကျသွားပါတော့သည်။
ဂျောက်... ဂျောက်... ဆိုတဲ့ အသံနဲ့အတူ ရန်ငြိုးဖွဲ့အရိုးက သူ့လက်ထဲကနေ ပြုတ်ကျသွားခဲ့သည်။
အဘိုးကြီးက သူ့ရဲ့ ညာဘက်လက်ကို ဖြန့်ကြည့်လိုက်တဲ့အခါ လက်ပေါ်က အရေပြားတွေက ပုံပျက်ပန်းပျက် လောင်ကျွမ်းနေပြီဖြစ်ကာ အဲ့ဒီလက်မောင်းတစ်ခုလုံးက ဖောက်ထွင်းမြင်နေရပါပြီ။ သူက သွားတွေကို ကြိတ်လိုက်ပြီး တုန်တုန်ရင်ရင်နဲ့ ရန်ငြိုးဖွဲ့အရိုးကို နောက်တစ်ကြိမ် ထပ်ပြီး ကောက်ကိုင်ဖို့ ကြိုးစားသည်။
ရှဲ... ရှဲ... ရှဲ... ရှဲ... ဆိုတဲ့ အဖြူရောင် အငွေ့တွေကြားထဲမှာတင် သူ ရန်ငြိုးဖွဲ့အရိုးကို နောက်တစ်ကြိမ် ထပ်ပြီး ကောက်ကိုင်လိုက်ပြန်သည်။
"မင်းတို့ထဲက ဘယ်သူက သရဲအသက်တစ်ချောင်းနဲ့ တစ်ချောင်း လဲချင်လဲ လာခဲ့စမ်း။ အခွင့်အရေးသမား သရဲစုတ်တွေ"
သူက ရန်ငြိုးဖွဲံအရိုးနဲ့ သူတို့ကို တစ်ယောက်ချင်းစီ လိုက်ပြီး ချိန်ရွယ်လိုက်သည်။
ကျောင်းဆောင်ဟောင်းထဲက အဲ့ဒီသရဲစုတ်လေးတွေက ထွက်မပြေးကြသေးပေမဲ့ ရှေ့ကိုတော့ အတင်းအကျပ် တိုးမလာရဲကြတော့ပါဘူး။ အဲ့ဒီသရဲတွေကို ရင်ဆိုင်ရင်းနဲ့ အဘိုးကြီးက ကျွန်တော်ဘေးနားကို ဆုတ်ခွာလာပြီး ကျွန်တော်ကို ထူဖို့အတွက် သူ့ရဲ့ ခွန်အားရှိသမျှကို သုံးလိုက်သည်။
"မစိုးရိမ်ပါနဲ့... ဒီအဘိုးကြီးရဲ့ အသက်ကို စွန့်ရရင်တောင်မှ မင်းကို သေသေချာချာ ကယ်တင်ပေးပါ့မယ်၊ ငါ့ရဲ့ ကျေးဇူးရှင်ကြီး"
အိုမင်းရင့်ရော်နေတဲ့ အဘိုးအိုတစ်ယောက်က သန်မာတဲ့ လူငယ်တစ်ယောက်ကို တွဲထားရတယ်ဆိုတာ စိတ်ကူးယဉ်ဖို့ တကယ်ကို ခက်ခဲလှသည်။ ကျွန်တော်ရဲ့ ပေါင်တစ်ရာကျော် အလေးချိန်က အဲ့ဒီပိန်လှီတဲ့ ခန္ဓာကိုယ်ပေါ်ကို လုံးဝ ပိကျလို့နေသည်။ ‘အဘိုးကြီးက လူသားတစ်ယောက် မဟုတ်ရင်တောင်မှ အစွမ်းထက်တဲ့ သရဲတစ်ကောင် မဟုတ်တဲ့အပြင် ရန်ငြိုးဖွဲ့အရိုးကိုလည်း တစ်ချိန်လုံး ကိုင်ထားခဲ့ရတာလေ။’
အဘိုးကြီးက မနည်း ပြုံးလိုက်ရင်း -
"ငါ အချိန်ကိုက် ရောက်လာပုံရတယ်"
"ငါ မင်းကို အပြင်ဘက်မှာ စောင့်ဖို့ ရည်ရွယ်ထားတာ... ဒါပေမဲ့ ဆက်ပြီး မစောင့်နိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီနေရာက သိပ်ပြီး သန့်ရှင်း လှတာ မဟုတ်ဘူးလေ"
"ငါ အခု ဝမ်းသာမိတယ်၊ ဝင်လာခဲ့တာ တကယ်ကို မှန်သွားတာပဲ... ဒီဘိုးအိုကြီးက နောက်ဆုံးတော့ အသုံးဝင်သွားခဲ့ပြီ"
သူက ကျွန်တော်ကို တွဲပြီး လှေကားဝဆီကို လျှောက်လှမ်းခဲ့သည်။ ‘သူ့လက်ထဲက ရန်ငြိုးဖွဲ့အရိုးက ကောင်းမွန်တဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပေမဲ့ ကျွန်တော် ဒီလိုမျိုး ခြိမ်းခြောက်မှုကို မလိုချင်ပါဘူး။
တရှဲရှဲ မြည်နေတဲ့ အသံတွေက ကျွန်တော်နားထဲကို အဆက်မပြတ် ဝင်ရောက်နေပြီး အဘိုးကြီးရဲ့ အသံက တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီး အားနည်းလာတာက တကယ့် နှိပ်စက်မှုတစ်ခု မဟုတ်ဘူးလား။’
"အဘိုး... အရိုးတုတ်ကို ကျွန်တော်ကို ပေး..."
သူက စကားမပြောဘဲ ကျွန်တော်ကိုပဲ ဆက်ပြီး တွဲလျှောက်နေခဲ့သည်။ လှေကားဝကို ရောက်ပြီး အောက်ဆင်းမယ့်အချိန်မှာတော့ သူက နောက်ဆုံး အသက်ရှူသံလေးနဲ့ - "လှေကား... လှေကားအောက်ဆင်းတော့မယ်၊ သတိထားဦး"
ကျွန်တော် နှုတ်ခမ်းတွေကို မနည်း ကိုက်လိုက်ပြီး တင်းမာတဲ့ လေသံနဲ့ အမိန့်ပေးလိုက်သည် - "အရိုးတုတ်ကို ကျွန်တော် ကို ပေးစမ်း! "
"မင်း ပျောက်ကွယ်သွားလိမ့်မယ်... ဝိညာဉ်ပါ လုံးဝ ပျက်စီးသွား လိမ့်မယ်!"
အဘိုးကြီးကကျွန်တော် ရဲ့ စကားတွေကို လျစ်လျူရှုပြီး သူ့ဘာသာသူ ရေရွတ်နေခဲ့သည် -
"မနေ့ကသာ ငါ မင်းနဲ့ မတွေ့ခဲ့ရင် ငါ့ရဲ့ မြေးလေးက တောရိုင်းထဲမှာပဲ ကျန်ရစ်ခဲ့မှာ။ မင်းက လူကောင်းတစ်ယောက်ပဲ၊ လူကောင်းတစ်ယောက်က ဘာလို့ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သေရမှာလဲ။ ညစ်ပတ်လိုက်တဲ့ ကောင်းကင်ကြီး"
"မင်းကို ပထမဆုံးအကြိမ် မြင်ကတည်းက ငါ ခံစားမိတယ်၊ မင်းက ဘယ်လိုမှ သာမန်လူတစ်ယောက် မဟုတ်ဘူး။ ဒါကြောင့် မင်းက ဒီလိုမျိုး အောက်တန်းစားနေရာမှာ ဒီသရဲစုတ်လေးတွေရဲ့ လက်ထဲမှာ သေလို့ မဖြစ်ဘူး"
"တကယ်လို့ မင်းသာ ငါ့မျက်စိအောက်မှာ သေသွားခဲ့ရင် ငါ ဘယ်မျက်နှာနဲ့ လူပြန်ဝင်စားရပါ့မလဲ"
ကျွန်တော် ရဲ့ လည်ချောင်းထဲမှာ တစ်ခုခု ပိတ်ဆို့နေသလိုမျိုး ခံစားရသည်။ ကျွန်တော် ရဲ့ အမြင်အာရုံ ထောင့်စွန်းကနေ ကြည့်လိုက်တဲ့အခါ အဘိုးကြီးရဲ့ လက်သန်းလေးက ပျောက်ကွယ်သွားပြီဆိုတာကို မြင်လိုက်ရသည်။
"အဘိုး... အဲ့ဒါကို လွှင့်ပစ်လိုက်ပါတော့..."
"အဲ့ဒီ အစုတ်ပလုတ်ကို ဆက်ပြီး မကိုင်ထားပါနဲ့တော့..."
"တော်ပါတော့..."
အဘိုးကြီးက သူ့ဘာသာသူ ခပ်တိုးတိုး ရယ်မောလိုက်ပြီး -
"လူကြီးသူမတွေကို လျှော့မတွက်နဲ့ကွ"
နာကျင်မှုတွေကြောင့် ထင်တယ်၊ သူ့ရဲ့ အပြုံးက တကယ့်ကို အားယူထားရပုံပါပဲ။
"တော်ပြီ!"
ကျွန်တော် ဘယ်ကနေ ခွန်အားတွေ ရောက်လာမှန်းမသိဘဲ ရန်ငြိုးအရိုးကို သူ့လက်ထဲကနေ အတင်း လုယူလိုက်သည်။
ကျွန်တော် ခေါင်းကို လှည့်ပြီး ငါ့ကို စိုက်ကြည့်နေတဲ့ လေလွင့်ဝိညာဉ်တွေကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ‘သူတို့က တောရိုင်းထဲက ဖွတ်အဆိပ်ပြင်းကြီးတွေလိုမျိုး မင်းကို အဆိပ်စွယ်နဲ့ ကိုက်ပြီးတဲ့နောက်မှာတော့ ထပ်ပြီး မတိုက်ခိုက်တော့ဘဲ မင်း အဆိပ်မိပြီး သေသွားမယ့်အချိန်ကို စောင့်ဆိုင်းကာမှ သူတို့ရဲ့ စားပွဲတော်ကို ပျော်ပျော်ပါးပါး ဆင်နွှဲကြမယ့် အကောင်တွေပါပဲ။’
‘တကယ်လို့ ကျွန်တော် သာ နောက်တစ်ကြိမ် ထပ်ပြီး လဲကျသွားခဲ့ရင် အနောက်က သရဲတွေက ချက်ချင်း ဝိုင်းအုံလာကြမှာ သေချာသည်။ ဒါကြောင့်ကျွန်တော် အတင်းအကျပ် တောင့်ခံပြီးတော့တောင်မှ ကျောင်းဆောင်ဟောင်းထဲကနေ ကျွန်တော် ရဲ့ ခြေထောက်နှစ်ဖက်နဲ့ပဲ ကျွန်တော် ကိုယ်တိုင် လျှောက်လှမ်း ထွက်ခွာရပါလိမ့်မယ်။’
‘အဘိုးကြီးကတော့ စကားတောင် ကောင်းကောင်းမပြောနိုင်တော့လောက်အောင် အားနည်းနေခဲ့ပြီ ဖြစ်ကာ သူ့ရဲ့ ညာဘက်လက်မောင်းတစ်ခုလုံးက ပျောက်ကွယ်သွားခဲ့ပါပြီ။ အခုတော့ ကျွန်တော် တို့နှစ်ယောက်လုံးက အပြန်အလှန် အားပြုတွဲဖက်ပြီး လျှောက်လှမ်းနေကြတာ ဖြစ်သည်။
အဘိုးကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက်ရဲ့ ပုံရိပ်က မှောင်မိုက်မှုတွေထဲမှာ စမ်းတဝါးဝါးနဲ့ အမှောင်ထုဆီကို မသိနားမလည်တဲ့ ခြေလှမ်းတွေ လှမ်းနေကြသည်။ လက်နှိပ်ဓာတ်မီးက ပျက်စီးသွားခဲ့ပြီ ဖြစ်တာကြောင့် ကျွန်တော် တို့ ဘယ်နေရာကို ရောက်နေပြီလဲ၊ ဘာကို သတိထားရမလဲဆိုတာ မသိပါဘူး။ ကျွန်တော် တို့ လုပ်နိုင်တာကတော့ အောက်ကိုပဲ ဆက်တိုက် ဆင်းသွားဖို့ပါပဲ။’
မိနစ်အနည်းငယ်လောက် ထပ်ပြီး လျှောက်ပြီးတဲ့နောက်မှာတော့ ဂျောက်... ဆိုတဲ့ အသံနဲ့အတူ ကျွန်တော် ရဲ့ ခေါင်းက မာကျောတဲ့ သံကိုယ်ထည်တစ်ခုနဲ့ ရိုက်မိကာ တုန်ခါသံတွေက အဆက်မပြတ် ထွက်ပေါ်လာသည်။။
အဘိုးကြီးက မနည်း ပြုံးလိုက်ရင်း - "ငါတို့ ပထမထပ်ကို ရောက်ပြီ"