အခန်း (၆၈) ဝိညာဉ်နှိမ်နှင်းခြင်း၏ ဘေးထွက်ဆိုးကျိုးများ
မျက်နှာပေါ်က သွေးစတွေကြောင့် ချီချီရဲ့ နုနယ်တဲ့ မျက်နှာလေးက ပိုပြီးတော့ ကြောက်မက်ဖွယ်ကောင်းကာ ရုပ်ဆိုးဆိုးကြီး ဖြစ်သွားခဲ့ရသည် -
"တောက်... ဘယ်တုန်းကလဲ။ မင်း ဒါကို ဘယ်တုန်းက လုပ်လိုက်တာလဲ"
"မင်းက လင်းရင်ကိုပဲ ဝိညာဉ်နှိမ်နှင်းခြင်း သံမှိုနဲ့ ရိုက်ရမှာ မဟုတ်ဘူးလား"
ဖတ်... ဆိုတဲ့ အသံနဲ့အတူ ကျွန်တော့်ရဲ့ စာပွဲအံဆွဲထဲကနေ အနီရောင်စက္ကူရုပ်အသေးလေးတစ်ရုပ် ပြုတ်ကျလာသည်။
ဂျောက်ဂျက်... ဂျောက်ဂျက်... ဂျောက်ဂျက်... စက္ကူခြေထောက်သေးသေးလေးတွေက ကြမ်းပြင်ပေါ်မှာ လျင်မြန်စွာ ပြေးလွှားလို့ နေသည်။
သူမရဲ့ နက်မှောင်သိပ်သည်းတဲ့ ဆံပင်အရှည်ကြီးတွေက ကြမ်းပြင်ပေါ်မှာ လျှံကျလုနီးပါး ဖြစ်နေပြီး ပုလဲရောင်တောက်နေတဲ့ ထူးဆန်းတဲ့ မျက်ဝန်းကြီးတွေက ချီချီကို စူးစူးစိုက်စိုက် ကြည့်နေသည်။ မျက်ခုံးကြားထဲက ခေါင်းတလားသံမှိုက အရာအားလုံးကို ထူးဆန်းပြီး သနားစရာ ကောင်းအောင် ဖန်တီးထားသလိုပါပဲ...။
စက္ကူရုပ်လေးက အပြေးအလွှား လာခဲ့ပြီး ချီချီရဲ့ ခြေသလုံးကို ဖက်ထားလိုက်ပါတော့သည်။
‘ချီချီက ထိတ်လန့်တုန်လှုပ်စွာနဲ့ ကြည့်နေခဲ့ပေမဲ့ သူမရဲ့ ခန္ဓာကိုယ်ကတော့ အသိစိတ်ရဲ့ အမိန့်ပေးမှုကို လုံးဝ မနာခံတော့ဘူး။’
‘ဒါက တကယ့်ကို ဝိညာဉ်နှိမ်နှင်းခြင်းပါပဲ။
နောက်ထပ် စက္ကူရုပ်တစ်ရုပ် ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။
ဒါတွေက ဘာတွေလဲ။ သူက ဘာဖြစ်လို့ အစောကြီးကတည်းက စာပွဲအံဆွဲထဲမှာ စက္ကူရုပ်တစ်ရုပ်ကို ကြိုတင် ဝှက်ထားခဲ့တာလဲ။
ငါ့ရဲ့ ဝိသေသလက္ခဏာက အစကတည်းက ပေါ်သွားခဲ့တာလား။
ခုနက ပြောခဲ့တဲ့ အရာအားလုံးက ငါ့ဆီက စကားတွေ ထွက်လာအောင် သူ တမင်သက်သက် ဟန်ဆောင်ပြီး လှည့်စားခဲ့တာလား။’
‘မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး။ ငါ့ရဲ့ ထူးခြားချက် (ဝိသေသ) က အမြဲတမ်း ပွင့်နေတာပဲ၊ သူ ဘယ်လိုလုပ်ပြီး ရိပ်မိသွားမှာလဲ။’
‘သူ ဘယ်အချိန်ကတည်းက သိနေတာလဲ။ မနေ့ညကလား... ဒါမှမဟုတ် အဲ့ဒီထက်တောင် စောနေမလား။’
‘ချီချီက စဉ်းစားလေလေ ပိုပြီးတော့ ကြောက်လန့်လာလေလေပါပဲ။’
အစပိုင်းမှာတော့ သူမက အခြေအနေအားလုံးကို စိတ်ကြိုက် ခြယ်လှယ်နိုင်တယ်၊ အရာအားလုံးကို ထိန်းချုပ်ထားနိုင်တယ်လို့ ယုံကြည်ခဲ့တာ ဖြစ်သည်။ ကျန်းအာစိက ထောင်ချောက်တွေကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်သွားနိုင်ခဲ့ရင်တောင်မှ သူမကတော့ တည်ငြိမ်နေခဲ့ပြီး အရာအားလုံးက သူမရဲ့ လက်ခုပ်ထဲကရေလို့ ထင်မှတ်ခဲ့ဖြင်းဖြစ်သည်။
အခုတော့ သူမ အဲ့ဒီလိုမျိုး မတွေးရဲတော့ပါဘူး။ အခြေအနေက သူမ မျှော်လင့်ထားတာထက်ကို အဆမတန် ကျော်လွန်သွားခဲ့ပြီ ဖြစ်သလို သူမကိုယ်တိုင် ဆင်ခဲ့တဲ့ ထောင်ချောက်တွေက သူမကိုယ်သူမ ပြန်လည် ပိတ်လှောင်မိတဲ့ သံလှောင်အိမ်ကြီး ဖြစ်သွားခဲ့ရသည်။
"မင်း ငါ့ကို သရဲမဆိုတာ သိနေတာ ကြာပြီပေါ့ ဟုတ်လား"
ကျွန်တော် နေဝင်ချိန် ရောက်နေတဲ့ အဘိုးအိုတစ်ယောက်လိုမျိုး ရန်ငြိုးဖွဲ့အရိုးကို အားပြုထောက်ရင်း ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။
‘ကျွန်တော့်ရဲ့ အသိစိတ်တွေက ပိုပြီးတော့ ထုံထိုင်းလာခဲ့ပြီ ဖြစ်ရာ ဘယ်သူပဲ မြင်မြင် ကျွန်တော့်ကို နှလုံးရပ်ပြီး ချက်ချင်း သေတော့မယ့်လူလို့ပဲ ထင်ကြပါလိမ့်မယ်။’
"မဟုတ်ဘူး... အဲ့ဒီလို မဟုတ်ပါဘူး။ ငါ ဒီစာသင်ခန်းထဲကို ပထမဆုံး ဝင်လာတဲ့ အချိန်တုန်းက မသိသေးဘူး။ မင်းအပေါ်ကို သတိလေး နည်းနည်းပဲ ထားခဲ့တာ၊ စိတ်ထဲမှာတော့ လင်းရင်ကပဲ ကျောင်းဆောင်ဟောင်းက သရဲမလို့ ယုံကြည်နေတုန်းပဲ"
"ဒါပေမဲ့ လွန်ခဲ့တဲ့ ခဏလေးတင် ငါ ဖုန်းတစ်ကော လက်ခံရရှိခဲ့တယ်။ ဝတုတ်ကြီးကို စုံစမ်းခိုင်းထားတဲ့ ကိစ္စလေ... သူက သူ့အဖေရဲ့ အဆက်အသွယ်တွေကို သုံးပြီး ရှာဖွေနိုင်ခဲ့တာ"
"ဒီကျောင်းမှာ ချီချီဆိုတဲ့ နာမည်နဲ့ လူ လုံးဝ မရှိဘူး။ ပြီးတော့ ငါ့ရွာရဲ့ ဘေးက ရွာမှာလည်း ချီဆိုတဲ့ မျိုးရိုးနဲ့လူ မရှိဘူး။ ချီချီ... မင်းက လေထဲကနေ ရုတ်တရက် ပေါ်လာပြီး ကျောင်းထဲ၊ အတန်းထဲနဲ့ လူအုပ်ထဲကို အတင်းအကျပ် ထိုးဖောက် ဝင်ရောက်လာခဲ့သလိုမျိုးပဲ"
"ထူးဆန်းတာကတော့ လူတစ်ယောက်က လေထဲကနေ ရုတ်တရက် ပေါ်လာတာကို ဘယ်သူမှ သံသယမဝင်ကြဘူး၊ ဘယ်သူမှ သတိမထားမိကြဘဲ ပုံမှန်အတိုင်းပဲ လက်ခံလိုက်ကြတာ။ နှစ်နှစ်ပတ်လုံးလုံး ဘာပြဿနာမှ ရှိမနေခဲ့ဘူး။ ဒါက မင်းရဲ့ ထူးခြားချက် (ဝိသေသ) ကြောင့်ပဲ ဖြစ်ရမယ်လို့ ငါ ထင်တယ်"
"မင်းနဲ့ အတူရှိနေတဲ့ အချိန်တုန်းက ငါ့မှာ ဒီလို ခံစားချက်မျိုး ရှိခဲ့တယ် - မင်း ပြောသမျှကို ငါက အလွယ်တကူ ယုံကြည်မိသွားပြီး ဘာသံသယမှ ရှိမနေခဲ့ဘူး။ အဲ့ဒါက ငါ့ရဲ့ ပင်ကိုယ်စရိုက်နဲ့ မကိုက်ညီရင်တောင်မှ ငါက ဒီဟာကွက်တွေကို အလိုအလျောက် လျစ်လျူရှုမိသွားတတ်တယ်"
"ဝတုတ်ရဲ့ သတိပေးမှုကို ရရှိပြီးတဲ့နောက်မှာတော့ ငါ ပြဿနာကို ချက်ချင်း သဘောပေါက်သွားခဲ့တယ်။ အရင်တုန်းက ငါ လျစ်လျူရှုမိခဲ့တဲ့ ဟာကွက်တွေနဲ့ အသေးစိတ် အချက်အလက်တွေ အားလုံးက တစ်ပြိုင်နက်တည်း ပြန်လည် ရောက်ရှိလာခဲ့တယ်။ အပိုင်းပိုင်း ကွဲအက်နေတဲ့ ခံစားချက်တွေကို ဆက်ပြီးတော့ ဖုံးကွယ်ထားလို့ မရတော့ဘူး"
"အဲ့ဒီအချိန်ကျမှပဲ ချီချီဆိုတဲ့ မင်းက ဒီလောကမှာ တကယ်ကို တည်ရှိမနေဘူးဆိုတာ ငါ သဘောပေါက်သွားခဲ့တာ"
ချီချီကတော့ ရုန်းကန်ဖို့ အတင်းကြိုးစားနေတုန်းပါပဲ၊ ဒါပေမဲ့ အဲ့ဒီခေါင်းတလားသံမှိုက စက္ကူရုပ်ရဲ့ အနောက်ဘက်အထိ ဖောက်ထွက်သွားခဲ့တာမို့ သူမ ဘယ်လိုလုပ်ပြီး ရုန်းထွက်နိုင်ပါ့မလဲ။
"မင်းက အခုမှပဲ သိတာလား"
သူမ သွားတွေကို ကြိတ်လိုက်ပြီး ရွံရှာမူးနောက်နေတဲ့ မျက်နှာအမူအရာမျိုးနဲ့ - "တကယ့်ကို ဟန်ဆောင်ကောင်းတဲ့ ကောင်ပဲ၊ သရဲတောင် အော့နှလုံးနာလောက်အောင် ဟန်ဆောင်နိုင်လွန်းတယ်"
ဒီကောင်က သူမကို သရဲမဆိုတာ သိပြီးတာတောင်မှ ဘာမှမဖြစ်သလိုမျိုး တည်တည်ငြိမ်ငြိမ်နဲ့ စကားတွေ ပြောနေနိုင်ခဲ့ပြီး သူမနဲ့ အတူတူ နေနေနိုင်ခဲ့တာကို တွေးမိလိုက်တာနဲ့တင် သူမမှာ ကြက်သီးထပြီး ရွံရှာမိတော့သည်။
"အဲ့ဒီ အစုတ်ပလုတ် ဝတုတ်ကောင်... ငါ သူ့ကို သတ်ပစ်ခဲ့ရမှာ"
ရုတ်တရက် သူမ တစ်ခုခုကို သတိရသွားပြီး မှင်တက်သွားတဲ့ မျက်နှာအမူအရာနဲ့ - "မဟုတ်သေးဘူး... ဒါက မဟုတ်သေးဘူး။ မင်းက ငါ့ရဲ့ ဝိသေသလက္ခဏာကို အခုမှ သိတာဆိုရင်... ငါက မင်းနဲ့အတူ ဝင်လာခဲ့တာလေ၊ မင်း ဒုတိယမြောက် စက္ကူရုပ်ကို အံဆွဲထဲမှာ ဝှက်ထားတာကို ငါ လုံးဝ မမြင်လိုက်ရပါဘူး"
ကျွန်တော် သူမရဲ့ အနားကို ရောက်ရှိလို့လာပါပြီ။ ရန်ငြိုးဖွဲ့အရိုးကို မြှောက်ဖို့ ကြိုးစားလိုက်ပေမဲ့ လမ်းတစ်ဝက်မှာတင် ခွန်အားကင်းမဲ့စွာနဲ့ ပြန်လည် ကျဆင်းသွားခဲ့သည်။ ကျွန်တော် တကယ့်ကို အကြီးအကျယ် အားအင်ချိနဲ့နေခဲ့ပါပြီ။
ရန်ငြိုးဖွဲ့အရိုးကို သုံးပြီး သူမကို သတ်ဖို့ကတော့ သိပ်ပြီး မဖြစ်နိုင်တော့ပုံပါပဲ။ ဒါဆိုရင်တော့...
ကျွန်တော့်ရဲ့ ညာဘက်လက်ထဲကနေ နက်မှောင်တဲ့ အစိမ်းရောင် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ အဲ့ဒါက သေးငယ်တဲ့ မီးတောက်လေးတစ်ခုပဲ ဆိုပေမဲ့လည်း ချီချီကိုတော့ အလွန်အမင်း ထိတ်လန့်သွားစေခဲ့ပြီး သူမက ပြင်းပြင်းထန်ထန် ရုန်းကန်ပါတော့သည်။
ကျွန်တော် သူမကို ဖက်လိုက်ပြီး ညာဘက်လက်ကို သူမရဲ့ ကျောပြင်ပေါ်မှာ ဖိကပ်ထားလိုက်သည်။
"ငါ မင်းရဲ့ ဝိသေသလက္ခဏာကို မသိခဲ့ရင်တောင်မှ မင်း ပြေးနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါက အစောတည်းက မင်းတို့ နှစ်ယောက်လုံးကို ဝိညာဉ်နှိမ်နှင်းခြင်း သံမှိုနဲ့ ရိုက်ဖို့ ကြိုတင် ပြင်ဆင်ထားခဲ့လို့ပဲ"
အဲ့ဒီအစိမ်းရောင် မီးတောက်လေးက လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပြီး အေးစက်ကာ နွေးထွေးမှု ကင်းမဲ့လှတဲ့ အငွေ့အသက်တွေက ကျယ်ပြန့်လာသည်။
အသက်ရှူချက် ဆယ်ဂဏန်းလောက်အတွင်းမှာတင် ချီချီရဲ့ တစ်ကိုယ်လုံးက မီးတောက်သွားခဲ့ပြီး ဝိညာဉ်တစ်ခုလုံး လောင်ကျွမ်းနေတဲ့ နာကျင်မှုကြောင့် သူမက အဆက်မပြတ် စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးပါတော့သည်။
‘စက္ကူရုပ်လုပ်ဖို့ ပစ္စည်းတွေက ရှားပါးတယ်ဆိုပေမဲ့ အချို့သော ပစ္စည်းတွေပဲ ရှားတာဖြစ်ပြီး ကျန်တဲ့ ပစ္စည်းတွေကိုတော့ အလွယ်တကူ ရှာဖွေနိုင်သည်။ ဆရာကြီးခိုက ခေါင်းတလားသံမှိုတွေနဲ့ ကြောင်မျက်ကျောက်တွေကို အများကြီး ပေးခဲ့တာပါ။ ဘယ်သူက သရဲမလဲဆိုတာကို ခေါင်းခြောက်ခံပြီး စဉ်းစားနေမယ့်အစား ဖြစ်နိုင်ခြေရှိတဲ့ အရာအားလုံးကို ဝိညာဉ်နှိမ်နှင်းခြင်း သံမှိုနဲ့ ရိုက်ပစ်လိုက်တာက ပိုပြီးတော့ ကောင်းသည်။’
‘ဒါကြောင့်ပဲ ကျွန်တော် စက္ကူရုပ် နှစ်ရုပ် လုပ်ခဲ့တာ ဖြစ်ပြီး တစ်ရုပ်ကို အံဆွဲထဲမှာ ဝှက်ထားကာ နောက်တစ်ရုပ်ကိုတော့ စာပွဲပေါ်မှာ တင်ထားခဲ့တာပါ။ သူမက လူပဲဖြစ်ဖြစ်၊ သရဲပဲဖြစ်ဖြစ် နှစ်ရုပ်လုံးကို ဝိညာဉ်နှိမ်နှင်းခြင်း ပြုလုပ်လိုက်ရင် ပြီးတာပါပဲ။’
ချီချီက သရဲမ ဖြစ်နေတာကတော့ ကျွန်တော့်ကို တကယ်ပဲ အံ့ဩသွားစေခဲ့တာ အမှန်ပါပဲ၊ သူမရဲ့ ထူးခြားချက်ကလည်း ရှာဖွေရခက်လွန်းအောင်ကို ထူးဆန်းလွန်းလှသည်။ ဒါပေမဲ့ သူမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခဲ့တာ ဖြစ်ပြီး ကျွန်တော် သူမကို လက်ဖျားနဲ့တောင် တို့မှာမဟုတ်ဘူးလို့ အပိုင်တွက်ထားခဲ့ဖြင်းဖြစ်သည်။
မိနစ်ဝက်လောက် ကြာပြီးတဲ့နောက် ချီချီက ပျောက်ကွယ်သွားခဲ့ပြီး ကျွန်တော်လည်း ကြမ်းပြင်ပေါ်ကို တစ်ချက်တည်းနဲ့ လဲကျသွားပါတော့သည်။
ဝိညာဉ်နှိမ်နှင်းခြင်းကို နှစ်ကြိမ် ဆက်တိုက် ပြုလုပ်ပြီးတဲ့နောက်မှာတော့ ကျွန်တော် တကယ်ပဲ သေတော့မလိုမျိုး ခံစားရသည်။ ကျွန်တော် တကယ်ပဲ အိပ်ချင်နေပါပြီ၊ အိပ်စက်ရဖို့ကိုပဲ အိမ်မက်မက်နေမိသည်။
‘ဒါပေမဲ့ အခုအချိန်မှာ အိပ်လို့ လုံးဝ မဖြစ်ပါဘူး။ ဒါက ကျောင်းဆောင်ဟောင်း ဖြစ်တယ်။ ချီချီ သေဆုံးသွားခဲ့ရင်တောင်မှ ဒီနေရာမှာ တခြားသော လေလွင့်ဝိညာဉ်တွေ ရှိနေပါသေးသည် - အဲ့ဒါကတော့ တိုက်ပေါ်က ခုန်ချသေဆုံးခဲ့ပြီး ကျောင်းဆောင်ဟောင်းထဲမှာ ပိတ်မိနေကြတဲ့ သရဲတွေ ဖြစ်သည်။’
‘သရဲတွေရဲ့ မျက်လုံးထဲမှာတော့ ကျွန်တော်က ထီပထမဆုကြီးတစ်ခုလိုပါပဲ။ ဒီနေရာမှာ အိပ်ပျော်သွားတာက သူတို့ကို ဗူဖေး ကျွေးလိုက်သလိုမျိုး ဖြစ်မသွားဘူးလား။ အခုအချိန်မှာ ကျွန်တော့်မှာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း လုံးဝ ရှိမနေတော့ဘူး။’
ကျွန်တော် ကြမ်းပြင်ပေါ်မှာ မိနစ်ဆယ်ကျော်လောက် နားလိုက်ပြီးတဲ့နောက် စာပွဲကို ဆွဲကိုင်ကာ မနည်း ရုန်းကန်ပြီး ထရပ်လိုက်သည်။
လက်တစ်ဖက်က ရန်ငြိုးဖွဲ့အရိုးကို အားပြုထားပြီး နောက်လက်တစ်ဖက်မှာတော့ ဝိညာဉ်မီးတောက် လောင်ကျွမ်းနေကာ ပါးစပ်ထဲမှာတော့ လက်နှိပ်ဓာတ်မီးကို ကိုက်ထားသည်။
ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က အလွန်အမင်း အားနည်းနေတာမို့ ခြေလက်တွေကိုတောင် မနည်း ထိန်းချုပ်နေရပြီး ပျော့ခွေလို့ နေသည်။ ကျွန်တော့်ရဲ့ ခုံကနေ စာသင်ခန်း တံခါးဝအထိ လျှောက်လှမ်းဖို့တင် လေးမိနစ်လောက် အချိန်ပေးလိုက်ရသည်။
စာသင်ခန်းတံခါးကနေ ထွက်ပြီးတဲ့နောက်မှာတော့ နံရံကို မှီပြီး တစ်လှမ်းချင်းစီ မနည်း လျှောက်လှမ်းခဲ့သည်။
မိုးက တော်တော်လေး မှောင်နေပြီဖြစ်ကာ လက်နှိပ်ဓာတ်မီးရဲ့ အလင်းတန်းကလည်း အလွန် ဝေဝေဝါးဝါး ဖြစ်လို့နေသည်။ အခုဆိုရင် ကျွန်တော် ကြည့်လိုက်တဲ့ အရာမှန်သမျှက ပုံရိပ်နှစ်ထပ်တွေ ဖြစ်နေပါပြီ။
ဖတ်... ဖတ်... ဖတ်... ခြေသံအများကြီးက စက်သေနတ်ပစ်သလိုမျိုး ကျွန်တော့်ရဲ့ ခြေလှမ်းတွေရဲ့ အနောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာသည်။
ကျွန်တော် လျှောက်ရင် သူတို့က လှုပ်ရှားကြပြီး ကျွန်တော် ရပ်ရင် သူတို့က ရပ်ကြသည်။
အနောက်ဘက်ကနေ အေးစက်တဲ့ လေပြင်းတွေက တိုက်ခတ်လို့ နေသည်။ ကျွန်တော် မျက်နှာ ပျက်ပျက်နဲ့ ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်တဲ့အခါ အနောက်မှာ အရိပ်တွေ အများကြီး ရှိနေတာကို မြင်တွေ့လိုက်ရလေသည်။
အကြည့်ကို အရှေ့ကို ပြန်လွှဲလိုက်တဲ့ အခါမှာလည်း မှေးမှိန်နေတဲ့ စင်္ကြံလမ်းရဲ့ အရှေ့ဘက်မှာ သရဲရိပ်တွေ အများကြီး ပုန်းအောင်းနေတာကို မြင်တွေ့ရပြီး အေးစက်ကာ မကောင်းကြံစည်လိုတဲ့ အကြည့်တွေ အများကြီးက ကျွန်တော့်ဆီ ကျရောက်လို့ နေသည်။
သူတို့တွေက ချီချီ ပျောက်ကွယ်သွားတာကို ရိပ်မိသွားကြတာလား၊ ဒါမှမဟုတ် ဘာဖြစ်လို့လဲတော့ မသိပါဘူး။
ကျောင်းဆောင်ဟောင်းထဲမှာ ပိတ်မိနေတဲ့ လေလွင့်ဝိညာဉ်တွေ အားလုံးက ထွက်ပေါ်လာကြတာ ခြင်းဖြစ်သည်။ ‘ကျွန်တော် အားနည်းနေတာကို မြင်တော့ အသက်ကို လာပြီး နှုတ်ယူချင်ကြတာလား။’
ကျွန်တော် ခန္ဓာကိုယ်ကို မနည်း ပြန်မတ်လိုက်ပြီး ဝိညာဉ်မီးတောက် ရှိနေတဲ့ ညာဘက်လက်ကို မြှောက်ကာ ရန်ငြိုးဖွဲ့အရိုးနဲ့ ကြမ်းပြင်ကို အားနဲ့ ရိုက်ချလိုက်ပြီး ဒေါသတရက်ဆက် ဆဲရေးလိုက်သည် - "မင်းတို့အားလုံး ဝိညာဉ်တွေ ပျက်စီးချင်ကြတာလား"
ကျွန်တော့်ရဲ့ အော်ဟစ်သံကြောင့် သူတို့တွေက အနောက်ကို အနည်းငယ် ဆုတ်သွားကြပေမဲ့ ကျွန်တော့်ကိုတော့ ဆက်ပြီး စိုက်ကြည့်နေကြတုန်းပဲ။
"ဘယ်သူ ထွက်လာရဲလဲ လာခဲ့စမ်း၊ ဝိညာဉ်မီးတောက်က မင်းတို့ရဲ့ နောက်ဆုံး လက်ကျန် ဝိညာဉ်စလေးကိုပါ ပြာချပစ်မလား ကြည့်ကြတာပေါ့"
ဒါကတော့ အကြောက်ပြပြီး ခြိမ်းခြောက်လိုက်တာ သက်သက်ပါပဲ။ သူတို့ကို ပြာချဖို့ နေနေသာသာ၊ အခုအချိန်မှာ ကလေးတစ်ယောက် လာတွန်းရင်တောင်မှ ကျွန်တော် လဲကျသွားမှာ ဖြစ်သည်။’ဒါပေမဲ့ တခြားနည်းလမ်း မရှိတော့တာမို့ ကျွန်တော် ဆက်ပြီး တောင့်ခံထားရပါလိမ့်မယ်။’
'သရဲမယား' က ကျွန်တော် ဒဏ်ရာရမှသာ ထွက်ပေါ်လာတာ ဖြစ်သည်။ ‘ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်နေရုံနဲ့တော့ သူမ ထွက်လာမှာ မဟုတ်ပါဘူး။ ဒါ့အပြင် သရဲတွေက အများကြီး ရှိနေတာ ဖြစ်ပြီး သူတို့က ငါ့ကို ဒဏ်ရာရအောင် လုပ်ချင်တာ မဟုတ်ဘူး၊ ငါ့အသက်ကို လိုချင်နေကြတာ။ တကယ်လို့ 'သရဲမယား' ထွက်လာခဲ့ရင်တောင်မှ အလွန်ဆုံးရှိလှ ငါ့အတွက် ကလဲ့စားပဲ ပြန်ချေပေးနိုင်မှာ ဖြစ်ပါတယ်။’
‘ကျွန်တော် မသေချင်သေးပါဘူး။’
‘ကျွန်တော့်ရဲ့ ခြိမ်းခြောက်မှုက အောင်မြင်သွားပုံရသည်၊ သူတို့တွေ ကျွန်တော့်နောက်ကို ဆက်ပြီး မလိုက်လာကြတော့ပါဘူး။’
ကျွန်တော် သက်ပြင်းအရှည်ကြီး ချလိုက်မိပြီး ရှေ့ကို ဆက်လျှောက်ခဲ့သည်။ စင်္ကြံလမ်းကနေ လှေကားဝအထိ ရောက်ဖို့အတွက် ရှစ်မိနစ်နီးပါး အချိန်ပေးလိုက်ရသည်။
လှေကားက အရှေ့တည့်တည့်မှာ ရှိနေပြီး မျှော်လင့်ချက်တွေ မြင်တွေ့နေရတာကြောင့် စိတ်က ခေတ္တခဏလောက် လျော့ရဲသွားခဲ့မိသည်။
ရုတ်တရက်ဆိုသလို ကမ္ဘာကြီးက မျက်စိအရှေ့မှာတင် ချာချာလည်သွားခဲ့ပြီး အရာအားလုံးက ပုံရိပ်နှစ်ထပ်၊ သုံးထပ်တွေ ဖြစ်ကုန်ပါတော့သည်။
ကျွန်တော့်ရဲ့ ဘယ်ဘက်ခြေထောက်က ပျော့ခွေသွားခဲ့ပြီး တစ်ကိုယ်လုံး ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့ကာ ရန်ငြိုးဖွဲ့အရိုးကလည်း အဝေးကြီးကို လွင့်စင်သွားခဲ့သည်။
‘ကျွန်တော် ရုန်းကန်ပြီး ပြန်ထဖို့ ကြိုးစားပေမဲ့ ခန္ဓာကိုယ်ကတော့ လုံးဝ ခွန်အား ရှိမနေတော့ဘူး။ တစ်ကြိမ်၊ နှစ်ကြိမ် ကြိုးစားပေမဲ့ ရှုံးနိမ့်ခဲ့ရပြီး လက်ကို မြှောက်ဖို့ အပြုအမူကိုတောင် မလုပ်နိုင်တော့ပါဘူး။’
ကျွန်တော် လဲကျသွားတာကို မြင်လိုက်ရတဲ့အခါ ဘေးပတ်ပတ်လည်က သရဲရိပ်တွေက လှုပ်လှုပ်ရှားရှား ဖြစ်လာကြပသည်။
နောက်ဆုံးမှာတော့ သရဲရိပ်တစ်ခုက အစပျိုးပြီး ကျွန်တော့်ဆီကို ကြောက်ကြောက်လန့်လန့်နဲ့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။
ကျွန်တော် ခေါင်းကို လှည့်ကြည့်လိုက်ရင် သူ့ကိုတော့ မှတ်မိနိုင်ပါသေးသည် - ရန်ချန်ရဲ့ ရည်းစား ဖြစ်သည် ...။
တခြားသော သရဲရိပ်တွေကလည်း ဒါကို မြင်တဲ့အခါမှာတော့ အုန်းအုန်းကြွက်ကြွက်နဲ့ အပေါ်ကို ဝိုင်းအုံ လာကြပါတော့သည်။
လက်နှိပ်ဓာတ်မီးကလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ လင်းလိုက်၊ မှိတ်လိုက် ဖြစ်နေပြီး လင်းလိုက်တိုင်းမှာ လူရိပ်ပေါင်းများစွာကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။
အလင်းရောင် ကွယ်ပျောက်သွားတဲ့ အချိန်မှာတော့ ဘေးပတ်ပတ်လည်မှာ ကျွန်တော်တစ်ယောက်တည်းပဲ ကျန်ရစ်ပါတော့သည်။