အခန်း (၆၇) ဆုလာဘ်အဖြစ် တုတ်ကြီးတစ်ချက်
ချီချီက ကျွန်တော့်ရဲ့ သံသယတွေကို ဖြေဖျောက်ပေးဖို့ တကယ်ပဲ သဘောတူလိမ့်မယ်လို့ မထင်ထားမိတာမို့ ကျွန်တော် တော်တော်လေး အံ့ဩသွားရသည်။
ကျွန်တော် စာပွဲပေါ်ကို မှောက်ချလိုက်ရင်း - "ဒါဆိုရင်တော့ ကျေးဇူးတင်ရမှာပေါ့"
"ပထမဆုံး မေးခွန်း - မင်း ဘာဖြစ်လို့ ငါ့ကို တိုက်ရိုက် မသတ်ခဲ့တာလဲ။ မင်း ငါ့အသက်ကို အလွယ်တကူ နှုတ်ယူနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိခဲ့တာပဲ၊ ဒါပေမဲ့ မင်း ငါ့ကို လွှတ်ပေးခဲ့ပြီး ဒီလိုမျိုး တိုက်ပေါ်က ခုန်ချခိုင်းတဲ့ ရှုပ်ထွေးလှတဲ့ နည်းလမ်းနဲ့ ဘာလို့ သေစေချင်ရတာလဲ"
"ငါ့ကို တိုက်ရိုက် တိုက်ခိုက်လို့မရအောင် တားဆီးထားတဲ့ အကြောင်းရင်းတစ်ခုခု ရှိနေလို့ ထင်တယ်၊ ဟုတ်တယ်မလား"
ချီချီက ပြတင်းပေါက်အပြင်ဘက်ကို ငေးမျှော်ကြည့်ရင်း ပြောလိုက်သည် - "မင်းရဲ့ ဘေးနားက သရဲမက တကယ့်ကို အံ့ဩစရာကောင်းတဲ့ သတ္တဝါတစ်ကောင်ပဲ။ သူမ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ မင်း စိတ်ကူးတောင် ယဉ်နိုင်မှာ မဟုတ်ဘူး"
"လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတင် မင်းကို ထိခိုက်အောင်လုပ်တဲ့သူ ဒါမှမဟုတ် ရန်စတဲ့သူမှန်သမျှကို သူမက အပြတ်ရှင်းပစ်တာကို မင်း သတိထားမိမှာပါ"
"လူသားတွေတင် မဟုတ်ဘူး၊ သရဲတွေလည်း အတူတူပဲ"
"တကယ်လို့ ငါ မင်းကို တိုက်ရိုက် တိုက်ခိုက်ခဲ့ရင် မင်းကို သတ်နိုင်ကောင်း သတ်နိုင်လိမ့်မယ်၊ ဒါပေမဲ့ အဲ့ဒီအရာကို မလွဲမသွေ ဆွဲထုတ်မိလိမ့်မယ်။ ဘယ်သရဲမှ သူမနဲ့ မတွေ့ချင်ကြဘူး။ မင်းကို လက်ဖျားနဲ့တောင် တို့လို့မရဘဲ မင်းကို သေအောင် ဖန်တီးရတာက တကယ့်ကို ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုပဲ"
"လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မင်းအပေါ် မကောင်းတဲ့ စိတ်ကူးလေး တစ်ခုခု ရှိရုံနဲ့တင် သူမရဲ့ အာရုံစိုက်မှုကို ခံရတတ်တယ်။ မင်းအပေါ် လူသတ်လိုတဲ့ စိတ်အာရုံရှိတဲ့ သရဲမှန်သမျှကို သူမက အစအန ဖျောက်ဖျက်ပစ်တတ်တာကြောင့် ငါလည်း အခုအချိန်အထိ လူသားတစ်ယောက်လိုမျိုး ဟန်ဆောင်နေခဲ့ရတာ"
"နှစ်နှစ်အကြာမှာတော့ သူမက ပုံရိပ်ထင်ပြလို့ မရတော့ပုံပဲ၊ အဲ့ဒီအခါကျမှပဲ ငါလည်း လှုပ်ရှားနိုင်တော့တာ"
"ငါ မင်းကို တိုက်ရိုက် တိုက်ခိုက်လို့မရပေမဲ့ သွယ်ဝိုက်တဲ့ နည်းလမ်းကို သုံးလို့ရတာပဲ။ ဥပမာ - မင်းကိုယ်တိုင် ကျောင်းဆောင်ဟောင်းထဲကို ဝင်လာအောင် လုပ်ပြီး ကျောင်းဆောင်ဟောင်းရဲ့ ကျိန်စာကို မိစေကာ တိုက်ပေါ်က ခုန်ချသေစေတာမျိုးပေါ့"
"မင်း ဒဏ်ရာမရမချင်း သူမက ထွက်ပေါ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းကို ပုံမှန်အတိုင်း သဘာဝကျကျ သေဆုံးသွားစေဖို့အတွက် ငါ အတော်လေးကို အပင်ပန်းခံခဲ့ရတာ"
‘ချီချီ ပြောတာကို ကြားလိုက်ရတဲ့အခါ ယခင်က ကျွန်တော် နားမလည်နိုင်ခဲ့တဲ့ 'သရဲမယား' ရဲ့ အပြုအမူအချို့ကို သဘောပေါက်သွားသလိုပါပဲ။’
မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အခြေခံပြီး ကြည့်ရမယ်ဆိုရင် 'သရဲမယား' က ‘ကျွန်တော့်ကို အမြဲတမ်း ကာကွယ်ပေးခဲ့ပြီး ရန်သူတွေကို ဖယ်ရှားပေးခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ ကျွန်တော် သရဲတွေရဲ့ နှောင့်ယှက်မှုကို ခံနေရတဲ့ အချိန်တွေမှာတော့ သူမ ထွက်မလာခဲ့ပါဘူး။’
‘ဒီအချက်အရ ဆိုရင်တော့ သူမရဲ့ ထွက်ပေါ်လာမှုတိုင်းက တကယ်တော့ ခြေရာခံလို့ရတဲ့ ပုံစံတစ်ခု ရှိနေသည် - ‘အဲ့ဒါကတော့ ကျွန်တော် ဒဏ်ရာရရှိမှသာ ပေါ်လာတာပါ။’ ဆံပင်ဝါသရဲက ကျွန်တော့်ခန္ဓာကိုယ်ထဲ ပူးကပ်တုန်းက... ကဏာန်းပေါင်းစက်နဲ့ ဝက်ခြံမျက်နှာတို့အကြောင်းကိုတော့ ပြောနေစရာတောင် မလိုတော့ဘူး။’
ဒါကို ဂိမ်းတစ်ခုအနေနဲ့ နားလည်ကြည့်မယ်ဆိုရင် - 'သရဲမယား' က ‘ကျွန်တော့်ရဲ့ အလိုအလျောက် အစွမ်း တစ်ခုပါပဲ။ အဲ့ဒီ အစွမ်းပွင့်ဖို့အတွက် အခြေအနေကတော့ ကျွန်တော့်ရဲ့ သွေးထွက်သံယိုဖြစ် သွားမှသာ ဖြစ်ပြီး ကျွန်တော် ပုံမှန်ဖြစ်တဲ့ အရာတွေ သဘာ၀ကျကျဖြစ်စေတဲ့အရာတွေဆိုရင် တော့ ထွက်ပေါ်လာပုံမရပါဘူး။’
ကျွန်တော့်ရဲ့ သံသယတွေ အများကြီးက ရုတ်တရက်ဆိုသလို ရှင်းလင်းသွားခဲ့သည်။
‘ဘာဖြစ်လို့ တိုက်ပေါ်က ခုန်ချစေတဲ့ သရဲက ကျွန်တော် အိပ်ပျော်သွားဖို့ကိုပဲ အတင်းအကျပ် တောင်းဆိုနေရတာလဲ၊ ပြီးတော့ ဘာလို့ ဒီလောက်ကြီးမားတဲ့ ထောင်ချောက်ကြီးကို ဆင်ထားရတာလဲ ဆိုတာပါပဲ။’
ကျွန်တော် လှောင်ပြောင်တဲ့ အပြုံးမျိုးကို ပြုံးလိုက်ပြီး - "မင်း သူမကို ကြောက်နေတာလား။ သူမကို သတိထားနေတာလား"
"ဒီအတွက်ကြောင့်တင် မင်းက နှစ်နှစ်တောင် ပုန်းအောင်းနေခဲ့ပြီး ဒီလောက်အထိ အကွက်တွေ အများကြီး ဆင်နေခဲ့တာပေါ့"
ချီချီရဲ့ မျက်နှာအမူအရာက မကျေမနပ် ဖြစ်သွားပေမဲ့ ပြန်ပြီးတော့ မငြင်းဆန်ခဲ့ပါဘူး - "သူမကို ကြောက်ရတာက သရဲတစ်ကောင်အတွက် ပုံမှန်တုံ့ပြန်မှုပဲ"
"ငါ ပြောပြီးပြီပဲ၊ သူမရဲ့ တည်ရှိမှုက မင်းနဲ့ ငါ စိတ်ကူးယဉ်နိုင်တာထက်ကို ပိုပြီး ကြောက်စရာကောင်းတဲ့ အရာပဲ။ သူမက အမည်မသိတဲ့ အရာတစ်ခုပဲ"
"ငါ မင်းကို တိုက်ခိုက်ခဲ့တုန်းက ဘယ်လို စိတ်ဓာတ်မျိုး ရှိနေခဲ့လဲ မင်း သိလား။ ငါ ဒါကို အချိန်အကြာကြီး ကြိုတင်စီစဉ်ခဲ့တာ"
"ပထမဆုံး... မင်းကို နောက်တစ်ကြိမ် ပြန်ဝင်လာအောင် လမ်းမှားပြတာ... အဆက်မပြတ် ဖိအားပေးတာ... မင်းကို သရဲအတုကို ဖယ်ရှားပစ်ဖို့ တမင်သက်သက် ခွင့်ပြုခဲ့တာတောင်မှ မင်းရဲ့ သတိထားမှုကို မလျော့ကျစေခဲ့ဘူး"
"နောက်ဆုံးတော့လည်း မင်း ဒီကို နောက်တစ်ကြိမ် ရောက်လာခဲ့တာပဲ မဟုတ်လား..."
ကျွန်တော်က - "မင်း သူမကို ကြောက်နေရက်နဲ့ ငါ့ကို ဘာလို့ လာပြီး တိုက်ခိုက်ရသေးတာလဲ"
ချီချီက ရုတ်တရက် ကျွန်တော့်ကို အရောင်တောက်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်လာသည်။ ‘ဒီလို အကြည့်မျိုးကို ကျွန်တော် မြင်ဖူးတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အဲ့ဒီတုန်းက လုံခြုံရေးဝန်ထမ်းကို ဖမ်းမိတုန်းကလည်း သူ့မှာ ဒီလိုမျိုး ရူးသွပ်နေတဲ့ အကြည့်တွေ ရှိခဲ့တာပါ။’
"သူမက ကြောက်စရာကောင်းတယ် ဆိုပေမဲ့လည်း စွန့်စားပြီးတဲ့နောက် ရရှိမယ့် အကျိုးအမြတ်ကလည်း စိတ်ကူးယဉ်လို့မရအောင် ကြီးမားလှတယ် - မင်းကို သတ်ပြီးတဲ့နောက် ရရှိမယ့် ကုန်ဆုံးနိုင်စွမ်းမရှိတဲ့ အကျိုးကျေးဇူးတွေပေါ့"
ကျွန်တော် ခဏလောက် မိန်းမောသွားမိပါတယ်။ လုံခြုံရေးဝန်ထမ်းလည်း ဒီလိုမျိုး ပြောခဲ့ဖူးတာပဲ။
"ဒုတိယမေးခွန်း - မင်းတို့က ဘာဖြစ်လို့ ငါ့ကိုပဲ အတင်းအကျပ် တိုက်ခိုက်ချင်နေရတာလဲ။ ငါ့ကို သတ်လိုက်ရင် မင်းတို့ သရဲတွေအတွက် ဘာအကျိုးအမြတ် ရှိလို့လဲ"
ချီချီက စိတ်လှုပ်ရှား ရူးသွပ်စွာနဲ့ ရယ်မောလိုက်ပြီး -
"ဘာလို့ မင်းကို သတ်ရတာလဲ။ အဲ့ဒါ သဘာ၀မကျတဲ့ မေးခွန်းဘဲ။ မင်းကို မြင်လိုက်ရတဲ့ ဘယ်သရဲမဆို မရုန်းကန်နိုင်ဘဲ ဖြစ်သွားကြတာချည်းပဲ"
"အကျိုးအမြတ် ဟုတ်လား။ ဘယ်သူသိမှာလဲ။ ဒါပေမဲ့ မင်းကို သတ်ပြီးရင် ငါ အရာအားလုံးကို ရနိုင်မယ်ဆိုတာကိုတော့ ငါ သေသေချာချာ သိတယ်။ ဂုဏ်သတင်း၊ အဆင့်အတန်း၊ အာဏာ - စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ အကျိုးကျေးဇူးတွေပေါ့"
ကျွန်တော့်ရဲ့ ပါးစပ် ထောင့်လေး ကွေးသွားမိသည်။
‘ဟေ့... ဟေ့... လူတစ်ယောက်ကို ထီပထမဆုကြီးတစ်ခုလိုမျိုး လာပြီး မပြောစမ်းပါနဲ့။ ဘာဖြစ်လို့ ဒီလိုမျိုး စကားတွေပဲ ထပ်ဖြစ်နေရတာလဲ။’
ဒါကပဲ ကျွန်တော် သရဲတွေရဲ့ အမြဲတမ်း ပစ်မှတ်ထားခြင်း ခံနေရတဲ့ အကြောင်းရင်း ဖြစ်ပုံရသည်။ ‘သူတို့က ငါ့ကို ပစ်မှတ်ထားရုံတင်မကဘူး၊ ငါ့ကို သတ်ချင်နေကြတာ။ ငါ့ကို သတ်ရင် အကန့်အသတ်မရှိ အကျိုးကျေးဇူးတွေ ရမယ် ဟုတ်လား။ ဘယ်သူက အဲ့ဒီလိုမျိုး ပြောခဲ့တာလဲ။’
ကျွန်တော် ဝေဝေဝါးဝါးဖြစ်ပြီး အိပ်ချင်နေတဲ့ ခေါင်းကို မနည်းခါယမ်းလိုက်ရင်း -
"တတိယမေးခွန်း၊ ငါ တကယ်ကို စပ်စုချင်မိတာ - မင်းက သရဲတစ်ကောင် ဖြစ်နေရက်နဲ့ ဘာလို့ လူသားတွေကြားထဲမှာ သာမန်ကျောင်းသူတစ်ယောက်လိုမျိုး ပုန်းအောင်းနေနိုင်ရတာလဲ။ တာအိုဆရာကြီးတောင် မရိပ်မိခဲ့ဘူးနော်"
ချီချီက ကျွန်တော့်ကို စိုက်ကြည့်ရင်း ပြန်လည် ချေပလိုက်သည် -
"ငါလည်း တကယ်ကို စပ်စုချင်မိတာက... ငါ မင်းရဲ့ ဘေးနားမှာ နှစ်နှစ်တောင် ရှိနေခဲ့တာကို အကြောင်းအရာ တစ်ခုခု ဖြစ်တာနဲ့ မင်းက ငါ့ကို ချက်ချင်း ဘာလို့ သံသယဝင်နိုင်ရတာလဲ။ နှစ်နှစ်ဆိုတဲ့ အချိန်က ယုံကြည်မှု အနည်းငယ်လေးတောင် မရရှိစေခဲ့ဘူးပဲ၊ တကယ့်ကို သံယောဇဉ်ကင်းမဲ့ပြီး အေးစက်လွန်းတဲ့ ယောက်ျားပဲ"
"ငါ ဘာလို့ လူသားတစ်ယောက်လို ဖြစ်နေနိုင်လဲဆိုတာကတော့ ငါ့ရဲ့ ထူးခြားချက် (ဝိသေသ) ကြောင့်ပဲ။ ငါ ကောင်းကောင်း ဟန်ဆောင်နိုင်လို့ မဟုတ်ဘူး၊ မင်းကိုယ်တိုင်က ယုံကြည်သွားပြီး အချို့သော ဟာကွက်တွေကို လျစ်လျူရှုမိသွားလို့ပဲ"
"လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ငါမပျက်စီးခဲ့ရတာကလည်း ငါ့ရဲ့ ဒီထူးခြားချက်ကြောင့်ပဲ"
ကျွန်တော့်ရဲ့ အသိစိတ်တွေက အကြီးအကျယ် ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ ရှင်းလင်းမှု အနည်းငယ် ပြန်လည် ရရှိစေဖို့ လျှာဖျားကို အားနဲ့ ကိုက်လိုက်ရင်း -
"နောက်ဆုံး မေးခွန်းတစ်ခုပဲ - အကယ်၍ အိပ်ပျော်သွားတာက တိုက်ပေါ်က ခုန်ချသေတဲ့ ကျိန်စာကို ပွင့်စေတယ်ဆိုရင် အရင်တုန်းက ငါ ဘာလို့ ဘာမှမဖြစ်ခဲ့တာလဲ"
"လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတော့ သူမ ကာကွယ်ပေးထားလို့ပေါ့။ ဒါပေမဲ့ ငါ အသက် တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးတဲ့နောက်မှာလည်း ငါ အိပ်ခဲ့တာပဲ၊ ဘာမှမဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ကျောင်းကို ရောက်လာပြီးတဲ့နောက်မှာတော့ ခေတ္တခဏလောက် မှေးစက်လိုက်ရုံနဲ့တင် ငါ ကျောင်းဆောင်ဟောင်းထဲကို ဘာလို့ ရောက်ရောက်သွားရတာလဲ"
"အကွာအဝေး ကြောင့်ပေါ့။ တိုက်ပေါ်က ခုန်ချသေတဲ့ ကျိန်စာမှာ အကွာအဝေး ကန့်သတ်ချက် ရှိတယ်။ မင်း ကျောင်းဆောင်ဟောင်းနဲ့ ဝေးလွန်းနေရင် အဲ့ဒီကျိန်စာက မင်းကို သက်ရောက်ဖို့ ခက်ခဲလိမ့်မယ်"
ပြန်ဖြေပြီးတဲ့နောက် ချီချီက ကျွန်တော့်ကို မျှော်လင့်ချက်တွေ၊ အလျင်စလိုဖြစ်မှုတွေ ပြည့်နှက်နေတဲ့ အကြည့်မျိုးနဲ့ စိုက်ကြည့်လာသည်။
"ကဲ... အခုပဲ အိပ်ပျော်လိုက်တော့၊ အိပ်လိုက်တော့"
ကျွန်တော် ခန္ဓာကိုယ်ကို မနည်း ပြန်မတ်လိုက်ပြီး ကုလားထိုင်ကို တစ်ဝက်လောက် မှီထားလိုက်ရင်း -
"ဒါဆိုရင်တော့ မင်း တကယ်ပဲ စိတ်ပျက်ရလိမ့်မယ်။ ငါ အခုအချိန်မှာ အိပ်လို့ မရသေးဘူး"
ချီချီက လှောင်ပြောင်လိုက်ပြီး - "မင်း အတင်းအကျပ် တောင့်ခံနေတာက ဘာထူးခြားမှု ရှိမှာမို့လို့လဲ"
"မင်း ရက်ပေါင်းများစွာ အိပ်မပျော်ခဲ့တာ မူလကတည်းကပဲလေ။ ပြီးတော့ စိတ်လှုပ်ရှား လှုပ်ရှားမှုတွေ၊ စဉ်းစားတွေးခေါ်မှုတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် ဒီဝိညာဉ်နှိမ်နှင်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုး မရှိရင်တောင်မှ မင်း ဒီညကို တောင့်ခံနိုင်ဖို့ ခက်ခဲလိမ့်မယ်"
"အခုတော့ ဝိညာဉ်နှိမ်နှင်းခြင်း သံမှိုက ထပ်တိုးလာပြီဆိုတော့ မင်းရဲ့ ခန္ဓာကိုယ်က လှုပ်ရှားနိုင်စွမ်း လုံးဝ ပျောက်ကွယ်လုနီးပါး ဖြစ်သွားပြီ။ မင်းရဲ့ အသိစိတ်တွေ လုံးဝ အိပ်ပျော်သွားဖို့ကိုပဲ ဒီမှာ စောင့်ဆိုင်းနေရတော့မှာ"
"မင်း ဘယ်လောက်အထိ ထပ်ပြီး တောင့်ခံနိုင်ဦးမှာလဲ"
ကျွန်တော် စာပွဲကို ဆွဲကိုင်လိုက်ပြီး ယိုင်တိုင်တိုင်နဲ့ မတ်တတ်ရပ်လိုက်သည်။
ချီချီ နားမလည်နိုင် ဖြစ်သွားပြီး - "မင်း ဘာလုပ်ချင်လို့လဲ။ မင်း လှုပ်ရှားနိုင်သေးတယ် ဟုတ်လား"
"မင်းရဲ့ ရှင်းပြချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ ငါ ဒါတွေကို နားမလည်ဘဲ သေသွားခဲ့ရင် တကယ်ပဲ စိတ်အနှောင့်အယှက် ဖြစ်ရလိမ့်မယ်" ကျွန်တော့်ရဲ့ တစ်ဝက်လောက် မှေးစက်နေတဲ့ မျက်ဝန်းတွေထဲမှာတော့ လှောင်ပြောင်မှု အနည်းငယ်ကို ဖုံးကွယ်ထားသည်။
ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် အောက်ကို သိသိသာသာ နိမ့်ဆင်းသွားခဲ့ပြီး ဂျောက်ခနဲ မြည်သံတိုလေးတစ်ခု ထွက်ပေါ်လာသည်။
"ဒါ့အပြင်... အခုအချိန်မှာ လှုပ်ရှားလို့မရတဲ့သူက မင်းဖြစ်နေတယ်လို့ ငါ ထင်တယ်၊ ဟုတ်တယ်မလား"
ချီချီရဲ့ မျက်ခုံးလေးတွေက တင်းတင်းကျပ်ကျပ် စုကုတ်သွားပြီး - "မင်း..."
သူမ စကားမဆုံးခင်မှာတင် ရုတ်တရက် တောင့်တင်းသွားခဲ့ပြီး သူမရဲ့ တစ်ကိုယ်လုံးက စက္ကန့်ပိုင်းအတွင်း နေရာမှာတင် ရပ်တန့်သွားပါတော့သည်။
ချက်ချင်းဆိုသလိုပဲ သူမရဲ့ မျက်ခုံးနှစ်ခုကြား တည့်တည့်ဆီကို ထက်မြက်တဲ့ အရာတစ်ခုခုက ဖောက်ဝင်သွားသလိုမျိုး ဖြစ်သွားခဲ့ပြီး နီမြန်းတဲ့ သွေးစတစ်ကြောင်း၊ နှစ်ကြောင်းက နှာတံတစ်လျှောက် လိမ့်ဆင်းလာသည်။
‘သို့သော်လည်း မြေပြင်ပေါ်ကို ကျရောက်သွားတဲ့ အချိန်မှာတော့ ပျောက်ကွယ်သွားခဲ့ပြီး ဘာမှ ရှိမနေပါဘူး။’
‘ချီချီ သဘောပေါက်သွားခဲ့ပါပြီ။ သူမရဲ့ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပေမဲ့ အနည်းငယ်မျှတောင် လှုပ်ရှားလို့ မရတော့ပါဘူး။’
သူမရဲ့ မျက်ဝန်းတွေက တုန်လှုပ်နေပြီး မျက်နှာအမူအရာကတော့ အလွန်အမင်း ဒေါသထွက်လို့နေသည် - "ဝိညာဉ်နှိမ်နှင်းခြင်း!"
"ဒါက ဝိညာဉ်နှိမ်နှင်းခြင်းပဲ!"
ကျွန်တော် ကျောပိုးအိတ်ထဲကနေ ရန်ငြိုးဖွဲ့အရိုးကို ထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ အားပြု ထောက်ထားလိုက်သည်။
ကျွန်တော့် မျက်နှာရဲ့ အစိတ်အပိုင်း အများစုက မှောင်မိုက်မှုတွေထဲမှာ နစ်ဝင်နေပြီး လက်နှိပ်ဓာတ်မီးရဲ့ အလင်းတန်းအောက်မှာတော့ သွယ်လျပြီး ထင်ရှားပြတ်သားတဲ့ မေးစေ့လေးကိုပဲ မြင်တွေ့ရသည်...။
၎င်းနှင့်အတူ ပြုံးနေတဲ့ ပါးစပ်လေးက ထွက်ပေါ်လာရင်း -
"မှန်အောင် ခန့်မှန်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ မင်းကို ဆုလာဘ်အဖြစ် တုတ်ကြီးတစ်ချက် ပေးမယ်"