အခန်း (၆၆) ဝိညာဉ်နှိမ်နှင်းခြင်း သံမှို
စာသင်ခန်းထဲမှာတော့ ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်လို့ နေသည်။ ဒါပေမဲ့ ဒီမှောင်မှိုင်မှုနဲ့ ဗလာကျင်းနေတဲ့ အခြေအနေထက်စာရင် အနီရောင်စက္ကူရုပ်ရဲ့ ကျဉ်းမြောင်းရှည်လျားတဲ့ ကြောင်မျက်ကျောက် မျက်ဆန်းကြီးတွေက ပိုပြီးတော့ ကြက်သီးထစရာ ကောင်းလှသည်။ အဲ့ဒါက အလင်းပြန်ရုံသက်သက်ပဲ ဆိုပေမဲ့လည်း ကျွန်တော့်ကို စက္ကန့်မလပ် စိုက်ကြည့်နေသလိုပဲ။ အပြင်ဘက်မှာတော့ မှောင်မည်းလို့နေပြီး စာသင်ခန်းထဲက လက်နှိပ်ဓာတ်မီးကတော့ တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ် ဖြစ်သည်။
နက်မှောင်ပြီး ထက်မြက်လှတဲ့ ခေါင်းတလားသံမှိုကို စက္ကူသား မျက်နှာပြင်ပေါ်မှာ ထောက်ထားလိုက်သည်။ ကျွန်တော် ခွန်အားကို ပိုစိုက်လိုက်တဲ့အခါ စက္ကူသားက ဖိအားကြောင့် အောက်ကို ခွက်ဝင်သွားပေမဲ့ မမျှော်လင့်ဘဲ အတော်လေးကို ကြံ့ခိုင်နေပြီး ခေါင်းတလားသံမှိုကို ပြန်လည်ရစ်ပတ်ထားသလိုမျိုး ဖြစ်နေသည်။
ကျွန်တော့်ရဲ့ အသက်ရှူနှုန်းက မသိစိတ်ကနေ ကမောက်ကမ ဖြစ်လာသည်။ ‘မဟုတ်သေးဘူး... တစ်ခုခုတော့ မှားနေပြီ၊ အကြီးအကျယ်ကို မှားနေပြီ။’
‘ကျွန်တော် တွေးထင်ထားတာကတော့ ဒီစက္ကူရုပ်ကို အလွယ်တကူပဲ ထိုးဖောက်နိုင်ရမယ်ပေါ့။ ဒါပေမဲ့ ခေါင်းတလားသံမှိုက စက္ကူရုပ်ကို တကယ်တမ်း ထိုးစိုက်မိတဲ့အချိန်မှာတော့ အသက်ရှင်နေတဲ့ လူတစ်ယောက်ရဲ့ အရေပြားကို ထိုးစိုက်လိုက်ရသလိုမျိုး ခံစားချက် ရရှိစေပါတယ် - အထိအတွေ့က အိအိလေးနဲ့ ရုန်းကန်နိုင်စွမ်းရှိတဲ့ အသားစိုင်လိုပါပဲ...။’
‘ဒါပေမဲ့ ကျွန်တော် အခုအချိန်မှာ ရပ်တန့်လို့ မဖြစ်တော့ပါဘူး။ အသက်ရှင်နေတဲ့ လူသားတစ်ယောက် ဖြစ်နေဦးတော့၊ ကျွန်တော် ဖောက်ထွက်အောင် ထိုးရပါလိမ့်မယ်။’
ကျွန်တော် ခွန်အားကို နှစ်ဆလောက် ပိုစိုက်လိုက်သည်။ စုတ်ပြဲသွားတဲ့ အသံနဲ့အတူ စက္ကူရုပ်ရဲ့ လှုပ်ရှားမှုက ပေါ်ထွက်လာသည်။ စက္ကူရုပ်က လှုပ်ရှားနေသည်၊ ‘ဟုတ်တယ်... သူ လှုပ်ရှားနေတာ။
အန္တရာယ်ကို ကြိုတင်သိမြင်တဲ့ ကလေးငယ်တစ်ယောက်လိုမျိုး ခေါင်းတလားသံမှိုရဲ့ အောက်မှာ ပြင်းပြင်းထန်ထန် ရုန်းကန်နေပြီး သူမရဲ့ ကြည်လင်တဲ့ မျက်ဝန်းတွေက သနားစရာ ကောင်းလွန်းလှပါတယ်...။’
‘အဲ့ဒီကြည်လင်ပြတ်သားတဲ့ ကြောင်မျက်ကျောက်မျက်လုံးတွေထဲမှာ ကျွန်တော် အခုအချိန်က ကျွန်တော့်ရဲ့ ပုံရိပ်ကို ပြန်မြင်လိုက်ရသလိုပါပဲ - ရက်စက်ကြမ်းကြုတ်တဲ့ မျက်နှာအမူအရာနဲ့ သွေးဆုတ်နေတဲ့ မျက်လုံးနီနီတွေ ရှိတဲ့ မိစ္ဆာတစ်ကောင်လိုမျိုးပါပဲ။ အသိစိတ်တွေ ဝေဝေဝါးဝါး ဖြစ်သွားတဲ့ စက္ကန့်ပိုင်းအတွင်းမှာတင် ခေါင်းတလားသံမှိုအောက်က စက္ကူရုပ်က လင်းရင်အဖြစ် ပြောင်းလဲသွားသည်။ သူမရဲ့ မျက်ခုံးနှစ်ခုကြားထဲကနေ သွေးတွေ စီးကျနေပြီဖြစ်ကာ သနားစရာကောင်းတဲ့ မျက်ဝန်းတွေနဲ့ အဆက်မပြတ် အသနားခံနေသည်။
ကျွန်တော် မထွက်ခွာခင် တာအိုဆရာအိုကြီး ပြောခဲ့တဲ့ စကားရဲ့ အဓိပ္ပာယ်ကို အခုမှပဲ သေသေချာချာ နားလည်ပါတော့သည် - "မိုးချုပ်သွားရင် တွန့်ဆုတ်မနေနဲ့၊ စက္ကူရုပ်ကို ချက်ချင်း ထိုးစိုက်ပစ်လိုက်"
ငါကိုယ်တိုင် ဖန်တီးထားတဲ့ ပစ္စည်းပီပီ တကယ့်ကို အသက်ဝင်လှပေသည်။ သနားစရာကောင်းအောင် သရုပ်ဆောင်ရမလဲ တတ်နိုင်လွန်းလှသည်။
ကျွန်တော် စိတ်ထဲကနေ လှောင်ပြောင်လိုက်ပြီး ခေါင်းတလားသံမှိုကို သူမရဲ့ မျက်ခုံးကြား စက္ကူသားထဲကို ရုတ်တရက် အားနဲ့ ထိုးစိုက်ပစ်လိုက်သည်။ နက်မှောင်ပြီး တြိဂံဇောက်ထိုးပုံစံရှိတဲ့ သံမှိုရဲ့ တစ်ဝက်လောက်က အတွင်းထဲကို နစ်ဝင်သွားခဲ့ပြီး မျက်ခုံးကြားထဲကနေ အနီရောင်တွေ စတင် ပြန့်နှံ့သွားပါတော့သည်။
စက္ကူရုပ်ရဲ့ မျက်လုံးတွေက တဖြည်းဖြည်း မှေးမှိန်သွားပြီး ခြေလက်တွေလည်း လှုပ်ရှားမှု ရပ်တန့်သွားသည်။ ကျွန်တော် သက်ပြင်းအရှည်ကြီး ချလိုက်မိပေမဲ့ စိတ်အေးမသွားခင်မှာတင် နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားပြီး မျက်စိသူငယ်အိမ်တွေက စက္ကန့်ပိုင်းအတွင်း ကျုံ့သွား၊ ကျယ်သွား ဖြစ်သွားခဲ့ရသည်...။
ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းက ခွန်အားတွေက ချည်မျှင်တွေလိုမျိုး ဆွဲထုတ်ခံလိုက်ရသလို ခံစားရပြီး စိတ်အခြေအနေက ချက်ချင်းပဲ ဝေဝေဝါးဝါး ဖြစ်ကာ အသိစိတ်တွေ နစ်ဝင်သွားပါတော့သည်။ ကျွန်တော့်ရဲ့ အသိစိတ်တွေက ကျုံ့ဝင်သွားပြီး တစ်ခါမှ မကြုံဖူးတဲ့ အနိမ့်ဆုံးအခြေအနေကို ကျဆင်းသွားတာကို သတိပြုမိလိုက်သည်။ တစ်ကိုယ်လုံးက အလွန်အမင်း မောပန်းနွမ်းနယ်နေတဲ့ အခြေအနေကို ရောက်ရှိသွားသည်။ တစ်ညတည်းနဲ့ နစ်ချီလောက် မအိပ်ဘဲနေလိုက်ရသလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘာခွန်အားမျှ ကျန်မနေတော့ဘဲ အိပ်ချင်စိတ်တွေက ရူးသွပ်နေတဲ့ မိစ္ဆာတစ်ကောင်လိုမျိုး တိုက်ခိုက်လာသည် - ‘ကျွန်တော် ဘယ်လိုပဲ လုပ်လုပ် တွန်းလှန်လို့ မရတော့ပါဘူး။’
ကျွန်တော် ကြမ်းပြင်ပေါ် လဲမကျသွားစေဖို့ တံတောင်ဆတ်တွေကို စာပွဲပေါ်မှာ အားပြုထားလိုက်ရသည်။ မျက်လုံးတွေကို အတင်းပဲ အားစိုက် ဖွင့်ထားရင်း - "ဘာတွေ ဖြစ်နေတာလဲ"
"စက္ကူရုပ်မှာ ဘာပြဿနာမှ မရှိနိုင်ဘူး... လင်းရင်ရဲ့ အဝတ်အစားတွေမှာလည်း ဘာပြဿနာမှ မရှိပါဘူး..."
"မင်းလုပ်ခဲ့တဲ့ အရာအားလုံးက မှန်ကန်ခဲ့တယ်၊ စက္ကူရုပ်ကိုလည်း အပြစ်ဆိုဖွယ်မရှိအောင် လုပ်ထားတာပဲ။ အကယ်၍ လင်းရင် သာ ရှိနေသေးရင် မင်းရဲ့ သံမှိုရိုက်တာကို ခံလိုက်ရပြီ ဖြစ်မှာပါ။ မင်းလုပ်ခဲ့တဲ့ အရာအားလုံးက မှန်ကန်နေလို့ပဲ မင်းက အခုလိုမျိုး အခြေအနေကို ရောက်သွားတာပေါ့"
တစ်ကိုယ်လုံးရဲ့ တစ်ဝက်လောက်က မှောင်မိုက်မှုထဲမှာ နစ်ဝင်နေတဲ့ ချီချီက ရုတ်တရက် စကားပြောလာသည်။ ဒီတစ်ကြိမ်မှာတော့ သူမရဲ့ လေသံက ပုံမှန်ထက် ထူးဆန်းစွာ ရင့်ကျက်ပြီး အေးစက်လို့ နေသည်။
ကျွန်တော် အကြည့်ကို ရွှေ့လိုက်ပြီး အဲ့ဒီအမျိုးသမီးဆီကို စူးစူးစိုက်စိုက် ကြည့်လိုက်သည် - "မင်း တစ်ခုခု လုပ်လိုက်တာလား"
ချီချီ - "ငါ ဘာမှ မလုပ်ခဲ့ဘူး၊ ဒါတွေ အားလုံးက မင်းကိုယ်တိုင် လုပ်ခဲ့တာလေ။ စက္ကူရုပ်ရဲ့ အဆင့်တိုင်းက မှန်ကန်ခဲ့သလို ဝိညာဉ်နှိမ်နှင်းခြင်းကလည်း မှန်ကန်ခဲ့တယ်။ ငါ မမျှော်လင့်ထားမိတာကတော့ အဲ့ဒီရဲ့ ဘေးထွက်ဆိုးကျိုးက မင်းကို ဒီလောက်အထိ အားနည်းသွားစေလိမ့်မယ် ဆိုတာပဲ။ ဒါပေမဲ့ မင်းက တကယ့်ကို အံ့ဩစရာကောင်းပါတယ်။ မင်း ရက်ပေါင်းများစွာ အိပ်မပျော်ဘဲနဲ့ ကျောင်းဆောင်ဟောင်းထဲကို တစ်ကြိမ်ပြီးတစ်ကြိမ် ဝင်ရောက်ခဲ့တယ်၊ သရဲတွေကို လိုက်လံနှိမ်နှင်းခဲ့တယ်... မင်းက လူသားတစ်ယောက် ဟုတ်ကောဟုတ်ရဲ့လားဆိုတာကိုတောင် ငါ သံသယဝင်မိတယ်"
ကျွန်တော် စကားလုံးတစ်လုံးကို ဖမ်းဆွဲလိုက်မိသည် - ‘ဘေးထွက်ဆိုးကျိုး။’
တာအိုဆရာကြီးက ပြောခဲ့ဖူးသည် - "စက္ကူရုပ်လုပ်တဲ့ အတတ်က ကောင်းကင်ဘုံရဲ့ မျှတမှုကို ပျက်စီးစေတယ်၊ သက်တမ်းကို တိုစေတယ်၊ ကုသိုလ်ကံတွေကို ဖြတ်တောက်ပစ်တယ်"
‘ဝေးကွာတဲ့ နေရာကနေ သရဲတစ်ကောင်ကို သံမှိုနဲ့ ရိုက်နှိမ်နှင်းနိုင်စွမ်း ရှိတယ်ဆိုကတည်းက အဲ့ဒီဝိညာဉ်နှိမ်နှင်းခြင်းကို ပြုလုပ်တဲ့သူက သဘာဝအတိုင်း ထိခိုက်မှု ရှိရပါလိမ့်မယ်။ ဒါကြောင့်ပဲ ကျွန်တော့်ကို ဒီလောက်အထိ အားနည်းသွားစေတာ ဖြစ်သည်။’
အကယ်၍ သရဲတစ်ကောင်ကို တကယ်ပဲ နှိမ်နှင်းနိုင်ခဲ့ရင်တော့ အရာအားလုံးက တန်ပါသေးသည်။ ဒါပေမဲ့ ကျွန်တော့်ရှေ့က အခြေအနေကတော့ အလွန်တရာ ရှင်းလင်းနေပါပြီ - ချီချီဆိုတဲ့ ဒီအမျိုးသမီးက ထူးဆန်းနေသည်၊ သူမကသာ ကျောင်းဆောင်ဟောင်းက တကယ့်သရဲမ ဖြစ်သည်။
သူမက တကယ့်ကို ရက်စက်လွန်းလှပြီး လင်းရင်ကို အပြစ်ပုံချရုံတင်မကဘဲ သူမကိုယ်သူမလည်း အကွက်ကျကျ ဖုံးကွယ်ထားခဲ့နိုင်သည်။ ‘လင်းရင်ကို အပြစ်ပုံချဖို့ ကိစ္စက သူမ အစောကြီးကတည်းက စီစဉ်ထားတဲ့ အရာ ဖြစ်ရပါလိမ့်မယ်။ လူသားတွေရဲ့ သဘာဝအရဆိုရင် အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန် အနည်းဆုံးဖြစ်တဲ့ လူကိုပဲ သဘာဝအတိုင်း သံသယဝင်ကြမှာ ဖြစ်တာကြောင့် သူမက လင်းရင်ကို ပျောက်ကွယ်သွားအောင် လုပ်ပြီး သေလူက သက်သေမပြနိုင်အောင် ဖန်တီးခဲ့ခြင်းဖြစ်သည်။’
‘အဲ့ဒီအချိန်တုန်းက လုံခြုံရေးဝန်ထမ်း ပြောခဲ့တဲ့ သရဲမကလည်း ချီချီပဲ ဖြစ်ရပါမယ်၊ သူမက အပြင်ဘက်မှာ ရှိနေခဲ့တာလေ။ ဒါတင်မကသေးပါဘူး၊ ဒီလိုမျိုး တွေးကြည့်လိုက်ရင် အကြောင်းအရာ အတော်များများက ဆက်စပ်လို့ သွားပါတော့သည်။’
‘ချီချီရဲ့ ပထမဆုံး ထွက်ပေါ်လာမှုက ကျွန်တော် ကျောင်းဆောင်ဟောင်းထဲကို မတော်တဆ ဝင်မိပြီးတဲ့နောက် ဖြစ်သည်။ ဒုတိယအချက်အနေနဲ့ ကျွန်တော် ဒုတိယအကြိမ် ဝင်ရောက်ခဲ့တာကလည်း သူမက ကျွန်တော့်ကို လာတိုက်မိလို့ ဖြစ်သည်။ အဲ့ဒီညက တိုက်ခေါင်မိုးပေါ်မှာလည်း သူမက ဟန်ဆောင်နေခဲ့တာပါ၊ သူမက ဘာမှမဖြစ်ဘဲ အကောင်းကြီး ရှိနေခဲ့တာ။’
‘ပြီးတော့ ကျွန်တော်တို့ ရန်ချန်၊ လင်းရင်တို့နဲ့အတူ ကျောင်းဆောင်ဟောင်းပေါ်ကနေ ခုန်ချဖို့ ကြိုးစားတုန်းကလည်း သူမက ကျွန်တော့်ကို အရင်ဆုံး အောက်ဆင်းဖို့ အကြံပြုခဲ့တယ်။ နောက်ပိုင်းမှာလည်း သူမကိုယ်သူမ သရဲပါလို့ တမင်သက်သက် ဝန်ခံပြီး သူမကိုယ်သူမ ဖွင့်ထုတ်ပြကာ ကျောင်းဆောင်ဟောင်းက သရဲမ ဖြစ်နေမလားဆိုတဲ့ သံသယတွေကို လွှဲပြောင်းပစ်ခဲ့တာပါ။ သူမလုပ်ခဲ့တဲ့ အရာအားလုံးက ကျွန်တော့်ကို လူမှားပြီး သံမှိုရိုက်မိအောင် တွန်းပို့ခဲ့တာ ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခွန်အားနဲ့ စိတ်ဓာတ်တွေကို အားနည်းသွားစေခဲ့သည်။ နောက်ဆုံး ရလဒ်အနေနဲ့ကတော့ ကျွန်တော် အိပ်ပျော်သွားပြီး တိုက်ပေါ်က ခုန်ချတာ ဖြစ်စေ၊ ဒါမှမဟုတ် သူမလက်ထဲမှာ သေဆုံးရတာ ဖြစ်စေ ကြုံရမှာပါ။ ဒီလူက တကယ့်ကို ကြီးမားတဲ့ ကစားပွဲကြီးတစ်ခုကို ကစားသွားခဲ့တာ ဖြစ်သည်။’
ကျွန်တော် ဂျာကင်အိတ်ထဲကနေ ငရုတ်သီးတစ်တောင့်ကို မနည်းနှိုက်ထုတ်လိုက်ပြီး ပါးစပ်ထဲကို ထိုးထည့်ကာ မျက်နှာ ပျက်ပျက်နဲ့ မေးလိုက်သည် - "လင်းရင် ဘယ်မှာလဲ"
ချီချီက သရဲမဆိုရင်တော့ လင်းရင်က လူသားတစ်ယောက် ဖြစ်ရပါမယ်။ ဒါပေမဲ့ သူမက ပျောက်ဆုံးနေတာ ဖြစ်တာကြောင့် အောက်ထပ်က သွေးကွက်ကြီးကို မလွဲမသွေ ပြေးမြင်မိသည်။ သူမ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အရေး မရှိတော့ဘူးဆိုတာကို ကျွန်တော် ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်ပေမဲ့ အချိန်ဆွဲဖို့အတွက် စကားစတစ်ခုကို ရှာလိုက်ရသည်။
အမှောင်ထုထဲမှာ တစ်ဝက်လောက် ဖုံးကွယ်နေတဲ့ ချီချီရဲ့ မျက်နှာပေါ်မှာ ထူးဆန်းတဲ့ အပြုံးတစ်ခု ထွက်ပေါ်လာပြီး -
"သူမကတော့ သေသွားပြီပေါ့။ သူမရဲ့ သေဆုံးမှုက ပိုပြီးတော့ သနားစရာ ကောင်းလှပါတယ်၊ ဝိညာဉ်တောင် ချန်မထားခဲ့ဘူး"
"ငါ မလှုပ်ရှားခင်မှာတင် တခြားအရာတစ်ခုက သူမကို အရင်ဆုံး အပြတ်ရှင်းသွားခဲ့တာ၊ ဝိညာဉ်ရဲ့ အရိပ်အယောင်လေးတစ်ခုတောင် ချန်မထားခဲ့ဘူး"
ကျွန်တော် အသက်နဲ့ သေခြင်းတရားကို ကျော်လွန်သွားတဲ့ အပြုံးမျိုးကို မနည်းပြုံးလိုက်ရင်း - "မင်း ဘာဖြစ်လို့ ဒီလောက်အထိ အပင်ပန်းခံနေရတာလဲ။ မင်း ငါ့ဘေးနားမှာ ပုန်းအောင်းနေခဲ့တာ နှစ်နှစ်တောင် ရှိပြီပဲ။ အဲ့ဒီအချိန်တုန်းက မင်းမှာ လှုပ်ရှားဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့တာပဲ၊ ဒါပေမဲ့ မင်း ဘာမှမလုပ်ဘဲ ကျောင်းသူတစ်ယောက်လိုမျိုး ရိုးရိုးသားသား ဟန်ဆောင်နေခဲ့ပြီးတော့ အခုမှပဲ ငါ့ကို လာပြီး လှုပ်ရှားတော့တာလား"
"ငါ စဉ်းစားကြည့်ရအောင်... လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မင်းကို လှုပ်လို့မရအောင် တားဆီးထားတဲ့ အရာတစ်ခုခု ရှိနေလို့လား"
ဒီစကားက ချီချီရဲ့ အနာပေါ်ကို တည့်တည့်ကြီး သွားမှန်ပုံရသည်။ သူမက သွားတွေကို ကြိတ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်သည် -
"တကယ်လို့သာ သူမ မရှိခဲ့ရင် မင်းက လွန်ခဲ့တဲ့ နှစ်နှစ်တည်းက သေနေရပြီ။ မင်း ကျောင်းစတက်တဲ့ နေ့ကတည်းက ဒီတိုက်ပေါ်ကနေ ခုန်ချသွားခဲ့ရမှာ"
"တကယ်လို့သာ သူမ မရှိခဲ့ရင် ငါက ဘာဖြစ်လို့ ဒီလောက်အထိ အပင်ပန်းခံပြီး အချိန်အကြာကြီး စောင့်ဆိုင်းနေရပါ့မလဲ"
"ဒါပေမဲ့ အရာအားလုံးက တန်ပါတယ်။ အခုတော့ မင်းမှာ ပြေးစရာ မြေမရှိတော့ဘူး မဟုတ်လား"
ကျွန်တော် အားအင်ချိနဲ့စွာနဲ့ ပြောလိုက်သည် - "မင်း ငါ့ကို ဒီလောက်တောင် သတ်ချင်နေမှတော့ ချက်ချင်းပဲ လှုပ်ရှားလိုက်တော့လေ"
ချီချီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး - "ငါ မင်းကို လက်ဖျားနဲ့တောင် တို့မှာ မဟုတ်ဘူး။ မင်း အိပ်ပျော်သွားတာကို ငါ စောင့်ကြည့်မယ်၊ ပြီးတော့ မင်း တိုက်ပေါ်က ခုန်ချသွားတာကို ငါ စောင့်ကြည့်မယ်"
ကျွန်တော် မျက်ခွံတွေကို မနည်းပင့်တင်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်တဲ့ အပြုံးမျိုးနဲ့ - "မင်း ငါ့ကို အခုချက်ချင်း မသတ်နိုင်ဘူး၊ ငါလည်း ထွက်မပြေးနိုင်ဘူးဆိုမှတော့ ငါတို့ စကားစမြည် ပြောကြတာပေါ့"
"ငါ့မှာ နားမလည်တဲ့ အရာတွေ အများကြီး ရှိသေးတယ်။ ငါတို့ အတူတူ နှစ်နှစ်လောက် ဖြတ်သန်းခဲ့ကြတာပဲ၊ မင်း ငါ့ရဲ့ သေခါနီး နောက်ဆုံးဆန္ဒလေးကိုတော့ ဖြည့်ဆည်းပေးနိုင်မှာပါ"
ချီချီက မတ်တတ်ရပ်လိုက်ပြီး ကျွန်တော့်ရဲ့ ခုံနားဆီကို ညင်သာစွာ လျှောက်လှမ်းလာသည်။ သူမက တံတောင်ဆတ်တစ်ခုကို စာပွဲပေါ်မှာ တင်လိုက်ပြီး မေးစေ့ကို လက်နဲ့ ထောက်ကာ ကျွန်တော့်ကို စိုက်ကြည့်ရင်း ပြောလိုက်သည် -
"ငါ အိပ်မက်မက်ခဲ့တဲ့ အရာက နောက်ဆုံးတော့ လက်ဝယ်ပိုင်ဆိုင်ရတော့မှာပဲ။ ဒီလို ဝမ်းသာပီတိဖြစ်ရတဲ့ ခံစားချက်က တကယ့်ကို ရင်ခုန်စရာ ကောင်းလှပါတယ်"
"မင်းက ငါထင်ထားတာထက်တောင် ပိုပြီး တော်ပါသေးတယ်။ ပထမဆုံး သရဲက မင်းကို မလှည့်စားနိုင်ခဲ့သလို မင်းက ငါ့ကို ချက်ချင်း သံသယဝင်နိုင်ခဲ့တယ်"
"မင်း မေးချင်တာ မှန်သမျှကို မေးစမ်းပါ။ မင်းရဲ့ အတန်းဖော်တစ်ယောက်အနေနဲ့ ငါ မင်းကို ပြောပြနိုင်ပါတယ်"
"ငါတို့ ဒီစိတ်ဝင်စားစရာကောင်းတဲ့ အချိန်လေးကို အတူတူ ဖြတ်သန်းကြတာပေါ့"