အခန်း (၆၅) ချီချီက လူလား သရဲလား
"မင်း... မင်းက လူလား သရဲလား"
ချီချီရဲ့ လှုပ်ရှားရုန်းကန်နေတဲ့ မျက်နှာအမူအရာက ချက်ချင်းပဲ အေးစက်တောင့်တင်းသွားပြီး -
"အာစိ... မင်း ဘာကို ဆိုလိုတာလဲ"
ကျွန်တော်ကတော့ အဲ့ဒီစကားလုံးတွေကိုပဲ ထပ်ပြီး အေးအေးဆေးဆေး မေးလိုက်သည်။ - "ငါ့မေးခွန်းကိုပဲ ဖြေစမ်း၊ မင်းက လူလား သရဲလား"
‘ကျောင်းဆောင်ဟောင်းထဲက သရဲမက လင်းရင် ဖြစ်တယ်ဆိုတာ အခြေခံအားဖြင့် အတည်ပြုနိုင်ပြီ ဆိုပေမဲ့ ကျွန်တော့်ရှေ့က ချီချီကလည်း ယုံကြည်စိတ်ချရတဲ့သူလို့ အပိုင်တွက်လို့ မရသေးပါဘူး။ ဒါကြောင့် ချီချီ ပြန်ဖြေမယ့် အဖြေအပေါ် မူတည်ပြီး သူမက လူလား သရဲလားဆိုတာကို ကျွန်တော် ဆုံးဖြတ်ရမှာ ဖြစ်သည်။’
‘ကျွန်တော် ဒီလိုမျိုး မေးလိုက်ပေမဲ့ တကယ်တော့ အဖြေက တစ်ခုတည်း ရှိရပါမယ်၊ အဲ့ဒီတစ်ခုတည်းသော အဖြေပဲ ရှိရပါလိမ့်မယ်။
အခုအချိန်မှာ ချီချီဟာ သရဲပဲ ဖြစ်နေရပါမယ်၊ လူ လုံးဝ ဖြစ်လို့ မရပါဘူး။’
‘အနီရောင် သေတ္တာရဲ့ အမှာစကားကို အခြေခံပြီး တွက်ချက်ကြည့်မယ်ဆိုရင် အဲ့ဒီညလွန်ပြီးတဲ့နောက် အဲ့ဒီအိမ်ထဲမှာ အသက်ရှင်ကျန်ရစ်သူ လူသားတစ်ယောက်ပဲ ရှိရပါမယ်။ အကယ်၍ လင်းရင်က ကျောင်းဆောင်ဟောင်းက သရဲမဆိုရင်တော့ ချီချီက သေဆုံးပြီးသား ဖြစ်နေရပါလိမ့်မည်။’
‘သူမက အဲ့ဒီအိမ်ထဲကနေ ထွက်သွားတာကြောင့် အိမ်ထဲမှာ အသက်ရှင်သူတစ်ယောက်ပဲ ကျန်ရစ်တယ်ဆိုတဲ့ အခြေအနေနဲ့ ကိုက်ညီနိုင်တယ်လို့ ဆင်ခြေပေးနိုင်ပေမဲ့ ဒီဟာက ဟာကွက်ကြီး ဖြစ်နေလွန်းသည်။ သူမ ပုံမှန်အတိုင်း ထွက်သွားတာကို ကျွန်တော် သတိမပြုမိဘဲ နေမှာ မဟုတ်သလို၊ ချီချီရဲ့ အခန်းထဲက စာသားတွေကိုလည်း သူမကိုယ်တိုင် ရေးသားခဲ့တာ ဖြစ်သည်။ ဒါ့အပြင် ချီချီလို သာမန်မိန်းကလေးတစ်ယောက်က သရဲနဲ့ တွေ့ပြီးတဲ့နောက် အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အရေးက ဘယ်လောက်တောင် ရှိနိုင်ပါ့မလဲ။’
‘အနီရောင် သေတ္တာအကြောင်းကို ကျွန်တော်တစ်ယောက်တည်းပဲ သိတာဖြစ်ပြီး ကျောင်းဆောင်ဟောင်းက သရဲမကတော့ သူမရဲ့ မူလဝိသေသလက္ခဏာကို ကျွန်တော် ရိပ်မိနေပြီဆိုတာ မသိရှာပါဘူး။ သို့သော်လည်း သူမက အစောတည်းက အိမ်ကနေ တမင်ထွက်ခွာသွားခဲ့သည်။ သူမ အိမ်ကနေ ထွက်သွားဖို့ ရွေးချယ်ခဲ့တယ်ဆိုကတည်းက တခြားတစ်ယောက်ယောက်ကို ပစ်မှတ်ထားလို့ပဲ ဖြစ်ရပါမယ်။ မဟုတ်ရင် ကျွန်တော့်ဘေးနားမှာ ဆက်ပြီး ပုန်းအောင်းနေတာက သူမအတွက် အခွင့်အရေး ပိုမရနိုင်ဘူးလား။’
‘တာအိုဆရာအိုကြီးကလည်း ချီချီရဲ့ အခြေအနေက အလွန်စိုးရိမ်ရတယ်လို့ ပြောခဲ့ဖူးသည်။
အသက်ရှင်နေတဲ့ ချီချီထက်စာရင် သေဆုံးသွားတဲ့ ချီချီကိုပဲ ကျွန်တော် ပိုပြီး ယုံကြည်မိသည်။ အကယ်၍ ကျွန်တော့်ရှေ့က ချီချီက သူမကိုယ်သူမ လူပါလို့ ပြောလာခဲ့ရင်တော့ ကျွန်တော့်လက်ထဲက တုတ်က ငြိမ်နေမှာ မဟုတ်ပါဘူး။’
ကျွန်တော် ချီချီကို စိုက်ကြည့်ရင်း သူမရဲ့ အဖြေကို စောင့်ဆိုင်းနေလိုက်သည်။ ချီချီရဲ့ မျက်နှာက မှောင်မှိုင်မှုတွေထဲမှာ နစ်ဝင်နေပြီး ဘာမှမပြောခင်မှာတင် ရှိုက်ကြီးတငင် ငိုကြွေးပါတော့သည်။ လက်နှိပ်ဓာတ်မီးရဲ့ အလင်းတန်းအောက်မှာ ပုလဲကုန်းလေးတွေလို တောက်ပနေတဲ့ မျက်ရည်စက်တွေက သူမရဲ့ ပါးပြင်ပေါ်ကနေ လိမ့်ဆင်းလာသည် -
"သရဲ... ငါက သေသွားပြီ..."
"ဘယ်တုန်းကလဲ"
"မနေ့ညက အဲ့ဒီကနေ ထွက်လာပြီး သိပ်မကြာခင်မှာတင် လင်းရင် ပြန်ရောက်လာတယ်။ ငါ အရင်က သူမကို လိုက်ရှာလို့ မတွေ့ခဲ့ပေမဲ့ သူမက အံ့ဩစရာကောင်းလွန်းအောင် ရုတ်တရက် ပြန်ပေါ်လာတာ။ သူမက အပြင်ကို ခဏသွားတာလို့ ပြောတာကြောင့် ငါလည်း သိပ်ပြီး သတိမထားမိလိုက်ဘူး၊ ဒါပေမဲ့ သူမက ငါ့ကို ရုတ်တရက် တိုက်ခိုက်တော့တာပဲ။ ပထမဆုံး ငါ့ရဲ့ ဦးခေါင်းအနောက်ဘက်ကို လေးလံတဲ့ အရာတစ်ခုနဲ့ ရိုက်တယ်၊ ပြီးတော့ ထူးဆန်းတဲ့ ရေအချို့ကို အတင်းတိုက်တယ်"
"အဲ့ဒီရေကို သောက်ပြီးတဲ့နောက် လင်းရင် ပျောက်ကွယ်သွားပြီး ငါ့မှာလည်း တစ်ခါမှမကြုံဖူးတဲ့ အိပ်ချင်စိတ်တွေ လွှမ်းမိုးလာလို့ အိပ်ပျော်သွားခဲ့မိတာ...။ ငါ ပြန်နိုးလာတဲ့ အချိန်မှာတော့ ငါက လေထဲကို ရောက်နေပြီ...။ အောက်ကို ပြုတ်ကျနေတဲ့ ခံစားချက်ကြီးက တစ်ကိုယ်လုံးကို ရစ်ပတ်သွားခဲ့တယ်။ ငါ့မှာ ဘာမှမတတ်နိုင်ဘဲ အောက်ကို ပြုတ်ကျပြီး မြေပြင်နဲ့ ဆောင့်မိတာကိုပဲ သိလိုက်ရတယ်...။ အဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာတင် အရိုးတွေ ကျိုးပဲ့ကုန်ပြီး အရိုးဆစ်တွေ လွဲကုန်တယ်၊ ငါ့ခေါင်းကြီးကလည်း... ကြေမွသွားတဲ့ ဖရဲသီးတစ်လုံးလိုမျိုး အသံ ထွက်ပေါ်လာခဲ့တယ်..."
"ငါ့ရဲ့ အသိစိတ်တွေ လုံးဝ ပျောက်ကွယ်မသွားသေးဘဲ မြေပြင်ပေါ်မှာ လဲလျောင်းရင်း အဲ့ဒီနာကျင်မှုနဲ့ နှိပ်စက်မှုတွေကို တောင့်ခံနေခဲ့ရတာ"
ကျွန်တော် ချက်ချင်းပဲ အောက်ထပ်က သွေးကွက်ကြီးကို ပြေးမြင်လိုက်မိပါတယ်။ အကွာအဝေးတစ်ခုကို ဆက်ပြီး ထိန်းသိမ်းထားရင်း သံသယစိတ်နဲ့ မေးလိုက်ပါတယ် - "ဒါဆို မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ"
ချီချီက ထုံထိုင်းအေးစက်စွာပဲ - "ကျောင်းဆောင်ဟောင်းပေါ်ကနေ ခုန်ချသေတဲ့ လူတွေက ဒီခေါင်းတလားလို ဖြစ်နေတဲ့ ကျောင်းဆောင်ဟောင်းထဲမှာပဲ ပိတ်မိနေတတ်ကြတယ်။ အထပ်တွေကြားထဲမှာ လျှောက်သွားနေရပြီး စာသင်ခန်းတွေထဲမှာ လှည့်လည်နေကြရတာ"
"မနေ့ညက ငါ သေဆုံးသွားကတည်းက ဒီကျောင်းဆောင်ထဲမှာပဲ လည်ပတ်နေခဲ့တာ" သူမ ပြောရင်းနဲ့ မျက်ဝန်းတွေထဲမှာ အလင်းရောင် အနည်းငယ် ပြန်လည် ထွက်ပေါ်လာသည်-
"လွန်ခဲ့တဲ့ ခဏလေးတင် လူတစ်ယောက်ရဲ့ အနံ့အသက်ကို ရလိုက်ရတဲ့အထိပဲ"
"ငါ အောက်ဆင်းပြီး ကြည့်ချင်လို့ လာခဲ့တာ၊ ဒါပေမဲ့ မင်းနဲ့ ဆုံလိမ့်မယ်လို့ မထင်ထားမိဘူး"
"ငါ မင်းအတွက် သွေးနဲ့ ရေးထားတဲ့ စာသားတွေ ထင်ထင်ရှားရှား ချန်ထားခဲ့တာပဲ၊ ဘာလို့ မင်းက ရောက်လာသေးတာလဲ"
"အဲ့ဒီစာကြောင်းက ငါ အသက်ကို မနည်းအောင့်ပြီး ချန်ထားခဲ့တာ၊ မူလကတော့ မင်းကို လင်းရင်ကို သတိထားဖို့ သတိပေးချင်လို့ပါ"
ကျွန်တော် ဆက်ပြီး မေးလိုက်သည် - "မင်း အတိုက်ခိုက်ခံရတုန်းက ဘာလို့ ငါ့ကို အော်မခေါ်တာလဲ။ ဒါမှမဟုတ် အကူအညီ မတောင်းတာလဲ"
သူမက နာကျည်းမှုတွေနဲ့ - "အဲ့ဒီအချိန်တုန်းက ငါက ခုတင်ပေါ်မှာ လဲနေတာ၊ ငါ့ရဲ့ လည်ချောင်းနဲ့ ပါးစပ်က အရင်ဆုံး ထုံကျင်သွားပြီး ဘာအသံမှ ထွက်လို့မရတော့တာ။ ငါ့ရဲ့ ခွန်အားအားလုံးကို သုံးပြီး မင်းအတွက် သဲလွန်စ ချန်ထားခဲ့တာကို... မင်းက ငါ့ကို ပြန်ပြီး သံသယဝင်နေတာလား"
"မင်းက သေပြီးသား လူကိုတောင် မယုံကြည်ဘူးဆိုရင် ဒီလောကမှာ ဘယ်သူ့ကို ယုံကြည်ဦးမှာလဲ"
ကျွန်တော် ရန်ငြိုးဖွဲ့အရိုးနဲ့ ပုခုံးကို ပုတ်လိုက်ပြီး - "ငါက ငါ့ကိုယ်ငါပဲ ယုံကြည်တယ်။ မင်း လင်းရင်ရဲ့ သတ်တာ ခံလိုက်ရတဲ့ ကိစ္စအတွက်တော့ ငါ တကယ်ပဲ စိတ်မကောင်းပါဘူး။ အဲ့ဒီညက ငါ လုံးဝ မသိလိုက်ဘူး၊ ငါ နိုးလာတဲ့ အချိန်မှာ မင်းတို့ နှစ်ယောက်လုံး ရှိမနေကြတော့ဘူး"
ချီချီ - "လင်းရင်က မရှိတော့ဘူး ဟုတ်လား။ မင်း ဆိုလိုတာက လင်းရင်က ကျောင်းဆောင်ဟောင်းက သရဲမ ဆိုတာလား"
ကျွန်တော် ပြန်ပြီး မတုံ့ပြန်ခဲ့ပေမဲ့ သူမရဲ့ ခန့်မှန်းချက်ကတော့ တကယ့်ကို တိကျလှသည်။
‘ကျွန်တော်တို့ နှစ်အနည်းငယ်လောက် အတူတူ ဖြတ်သန်းခဲ့ကြလို့ပဲ ဖြစ်မှာပါ၊ သူမနဲ့ စကားပြောလိုက်တိုင်း သတ်မှတ်ချက်မရှိတဲ့ ယုံကြည်မှုမျိုး ခံစားရတတ်သည်။ သူမက သရဲတစ်ကောင် ဖြစ်နေပြီဆိုတာ သိတာတောင်မှ သူမအပေါ်မှာ ကြောက်ရွံ့ ထိတ်လန့်စိတ် အနည်းငယ်မျှ ရှိမနေခဲ့ပါဘူး။’
...
ကျောင်းဆောင်ဟောင်းရဲ့ အပြင်ဘက်မှာတော့ ပိန်လှီခြောက်ကပ်နေတဲ့ ပုံရိပ်တစ်ခုက အဝင်ဝကို စိုက်ကြည့်နေသည်။ ကတုံးနဲ့ နှာခေါင်းကွေးကွေး... အဲ့ဒါကတော့ ကျန်းအာစိ နေ့ခင်းဘက်ကတင် ကူညီပေးခဲ့တဲ့ အဘိုးနဲ့ မြေးပဲ ဖြစ်သည်။ အဘိုးအိုက သူ့ရဲ့ လက်ဖဝါးထဲမှာ မှေးမှိန်နေတဲ့ ရွှေရောင် လက်စွပ်အိုကြီးတစ်ခုကို ဆုပ်ကိုင်ထားသည်။
"ငါတို့ရဲ့ ကျေးဇူးရှင်က ဘာဖြစ်လို့ ဒီလိုနေရာမျိုးထဲကို ဝင်သွားတာလဲ မသိဘူး"
"သူ ပြန်ထွက်လာတာကို စောင့်တာ ပိုကောင်းပါတယ်... ငါ ဒါကို သူ့ကို ပေးရမယ်"
ကျောင်းဆောင်ဟောင်း၏ အတွင်းပိုင်းတွင် -
ကျွန်တော် လှည့်ပြန်ပြီး စာသင်ခန်းထဲကို ပြန်ဝင်ခဲ့ကာ ကောင်းကင်ကြီးကို လှမ်းကြည့်လိုက်သည်။ အမှောင်ထုက လုံးဝ ဖုံးလွှမ်းတော့မှာပါ။
ပြတင်းပေါက်နားကို ပြန်သွားတဲ့အခါ ချီချီလည်း အထဲကို ဝင်လာပြီး အနေရခက်ပုံရသည်။ ကျွန်တော် သူမအပေါ် သတိကြီးစွာ ထားနေတုန်းပဲဆိုတာကို မြင်လို့ထင်ပါရဲ့၊ သူမက ကျွန်တော့်နားကို အနီးကပ် မတိုးရဲဘဲ စာပွဲနှစ်လုံးစာလောက် အကွာအဝေးကို ထိန်းသိမ်းထားသည်။
ကျွန်တော် မျက်လုံးထောင့်ကနေ ချီချီကို အကဲခတ်လိုက်သည်။ ‘သူမရဲ့ အသွင်အပြင်က သာမန်အချိန်နဲ့ ယှဉ်ရင် ဘာတွေ ကွာခြားနေလို့လဲ။’
‘ကျွန်တော် သရဲတွေကို အများကြီး မြင်ဖူးလွန်းလို့ပဲ ဖြစ်မှာပါ၊ လူနဲ့ သရဲကိုတောင် မခွဲခြားနိုင်တော့ပါဘူး။’
အဲ့ဒီညာဘက် မျက်လုံးကြောင့်ပဲ ကျွန်တော့်မှာ သရဲမြင်နိုင်တဲ့ စွမ်းရည် ရှိနေတာ ဖြစ်သည်။ သေချာတာကတော့ ညာဘက်မျက်လုံး တစ်ခုတည်းတင် သရဲမြင်ရတာ မဟုတ်ဘဲ မျက်လုံးနှစ်ဖက်လုံးက မြင်နေရသည်။
အကယ်၍ ညာဘက်မျက်လုံး တစ်ခုတည်းသာ သရဲမြင်ရတယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး၊ ညာဘက်မျက်လုံးကို ပိတ်ထားလိုက်ရင် စိုးရိမ်ပူပန်မှုတွေ အားလုံး ကွယ်ပျောက်သွားမှာ ဖြစ်သည်။ ဒါပေမဲ့ မဟုတ်ပါဘူး၊ ကျွန်တော် အလိုရှိရှိ မရှိရှိ ဒီမျက်လုံးနှစ်ဖက်လုံးက သူတို့ကို မြင်နေရတာ ဖြစ်သည်။
နီကျင့်ကျင့်၊ ဝါကျင့်ကျင့် သန်းနေတဲ့ နေဝင်ဆည်းဆာကြီးက အမှောင်ထုရဲ့ လက်ဝါးကြီးက ဆွဲချလိုက်သလိုမျိုး အလင်းရောင် ကင်းမဲ့နေတဲ့ မိုးကုတ်စက်ဝိုင်းဆီကို ဖြည်းဖြည်းချင်း နစ်မြုပ်သွားပါတော့သည်။ ထူးဆန်းတဲ့ ပုံသဏ္ဌာန်ရှိတဲ့ တိမ်တိုက်တွေက သူတို့နှစ်ဦးကြားက ရုန်းကန်မှုကို ချဉ်းကပ်ဖို့ ကြိုးစားနေကြပေမဲ့ နောက်ဆုံးမှာတော့ အနက်ရောင်နဲ့ ဝါနီရောင်တွေအဖြစ် ပြောင်းလဲ ဆိုးထည့်ခြင်း ခံလိုက်ရသည်။
ကျယ်ပြန့်လှတဲ့ အမှောင်ထုက ကမ္ဘာကြီးကို တိုက်စားလို့ နေသည်။ နေရောင်ခြည် အကြွင်းအကျန်တွေ ပျောက်ကွယ်သွားတာနဲ့အမျှ နေမင်းကြီး လုံးဝ ကွယ်ပျောက်သွားမှာကို ကျွန်တော် မသိစိတ်ကနေ ကြောက်ရွံ့ ထိတ်လန့်မိသည်။
အချိန်ကို စစ်ဆေးလိုက်ပြီး ကျောပိုးအိတ်ထဲကနေ စက္ကူရုပ်ကို ထုတ်ကာ စာပွဲပေါ်မှာ ပြားပြားဝပ်လေး တင်လိုက်ပြီး နေဝင်ဆည်းဆာရဲ့ မှောင်မိုက်တဲ့ အရောင်အောက်မှာ ဖုံးလွှမ်းစေလိုက်သည်။
ချီချီက မျက်လုံးအဝိုင်းသားနဲ့ စပ်စုပြီး မေးလာပါတယ် - "ဒါက ဘာလဲ"
ကျွန်တော်ကတော့ မသိစိတ်ကနေ ပြန်ဖြေဖို့ ပြင်လိုက်ပေမဲ့ တစ်ခုခုကို သတိရသွားတာကြောင့် ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
သူမက နှုတ်ခမ်းကို စေ့လိုက်ပြီး မျက်နှာကို ဘေးဘက် လွှဲသွားသည်။
ဖုန်းမြည်သံကတော့ ကျွန်တော်တို့ ကြားထဲက စိမ်းသက်မှုကို ဖြိုခွဲလိုက်သည်။
ကျွန်တော် ဖုန်းကို လက်ခံဖြေကြားလိုက်ပြီး စက္ကန့်နှစ်ဆယ်လောက် ကြာပြီးနောက် ဖုန်းချလိုက်သည် - "အင်း... ငါ သိပြီ"
နေဝင်ဆည်းဆာရဲ့ နောက်ဆုံး လက်ကျန် အလင်းတန်းလေးက ကျွန်တော့်ရဲ့ မျက်နှာပေါ်ကို ဖြာကျလာပြီးနောက် လျင်မြန်စွာပဲ ကွယ်ပျောက်သွားပါတော့သည်။
စာသင်ခန်းထဲက နောက်ဆုံးပိတ် အလင်းရောင်ကတော့ ကျွန်တော့်လက်ထဲက လက်နှိပ်ဓာတ်မီးပဲ ဖြစ်သည်။
လက်နှိပ်ဓာတ်မီးကို မျက်နှာကြက်ဆီကို ထိုးပြလိုက်တာက တစ်ဖက်တည်းကို ထိုးတာထက်စာရင် အလင်းအိမ် ပိုမိုကျယ်ပြန့်စေသည်။ စာပွဲနှစ်လုံးစာ အကွာမှာ ရှိနေပြီး ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ ချီချီကို ဝေဝေဝါးဝါး မြင်နေရသည်။
ကျွန်တော့်မှာ ရုတ်တရက်ဆိုသလို ဖော်မပြတတ်တဲ့ ခံစားချက်မျိုး ဝင်ရောက်လာသည်။ ခြောက်ကပ်မှု၊ အထီးကျန်မှု...။
တဖြည်းဖြည်းနဲ့ ကျွန်တော့်ဘေးနားက လူတွေက နည်းသည်ထက် နည်းလာတာကို သဘောပေါက်လာမိသည်။ ‘အာဗကပ်၊ ချန်ဇီ... ပြီးတော့ အခု ကျောင်းက နောက်ဆုံးပိတ် အမျိုးသမီး မိတ်ဆွေကလည်း သရဲတစ်ကောင် ဖြစ်သွားခဲ့ရပြီ။’
မကြာသေးခင်ကတင် လူတွေ အများကြီး သေဆုံးသွားတာကို ကျွန်တော် ကိုယ်တိုင် မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရတာ ဖြစ်သည်။
စက္ကူရုပ်ကို သေသေချာချာ တင်လိုက်ပြီးနောက် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ခေါင်းတလားသံမှိုကို ထုတ်ကာ စက္ကူရုပ်ရဲ့ မျက်ခုံးနှစ်ခုကြား တည့်တည့်ဆီကို ဦးတည်လိုက်သည်။
နက်မှောင်တဲ့ ဆံပင်အရှည်ကြီးတွေက စာပွဲပေါ်ကနေ လျှံကျလုနီးပါး ဖြစ်နေပြီး ကြောင်မျက်ကျောက်နဲ့ လုပ်ထားတဲ့ မျက်လုံးတွေကလည်း အသက်ဝင်လာသလိုမျိုး မှေးမှိန်တဲ့ အလင်းရောင်အောက်မှာ ကျဉ်းမြောင်းတဲ့ မျက်ဆန်းလေးတွေ ထွက်ပေါ်နေသည်။
ရုတ်တရက်ဆိုသလို အနီရောင် စက္ကူရုပ်ကြီးက ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်နေသလိုမျိုး ခံစားလိုက်ရသည်။ သံချေးတွေ တက်နေတဲ့၊ သွယ်လျပြီး တြိဂံဇောက်ထိုးပုံသဏ္ဌာန် ရှိတဲ့ ခေါင်းတလားသံမှိုကို စက္ကူရုပ်ရဲ့ မျက်ခုံးကြားတည့်တည့်မှာ ထောက်ထားလိုက်မိသည်။ အင်အား အနည်းငယ်မျှ စိုက်ထုတ်လိုက်ရုံနဲ့တင် ဒီပါးလွှာတဲ့ စက္ကူရုပ်ကို ဖောက်ထွက်သွားစေနိုင်စွမ်း ရှိသည်။