အခန်း (၆၄) ကျောင်းဆောင်ဟောင်းဆီသို့ သုံးကြိမ်မြောက် ဝင်ရောက်ခြင်း
ကျွန်တော် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သေတ္တာလေးကို အေးအေးလူလူပဲ ဖွင့်ကြည့်လိုက်သည်။ အထဲမှာ ရှိနေတဲ့ ပစ္စည်းကို မြင်လိုက်ရတဲ့အခါ ကျွန်တော် ခေတ္တခဏလောက် မှင်တက်သွားမိသည်။ ကမ္ဘာပေါ်မှာ အဖိုးအတန်ဆုံး ရတနာတစ်ပါးကို ကိုင်တွယ်နေရသလိုမျိုး အပေါ်ပိုင်းက တုတ်ပြီး အောက်ပိုင်းက ချွန်ကာ တြိဂံဇောက်ထိုးပုံသဏ္ဌာန် ရှိတဲ့ အနက်ရောင် သံမှိုအရှည်ကြီးကို မတင်လိုက်မိသည်။ ကျွန်တော့်ရဲ့ မျက်ဝန်းတွေထဲမှာ ဝမ်းသာအားရဖြစ်မှုတွေနဲ့ အံ့ဩတုန်လှုပ်မှုတွေ ရောသွားရင်း -
"ဒါ... နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ခေါင်းတလားသံမှိုပေါ့ ဟုတ်လား"
ဆရာကြီးခိုက ပါးစပ်ထဲမှာ လက်ဖက်ရည်ကို ငုံထားလျက်နဲ့ ခေါင်းညိတ်ပြသည်။ ကျွန်တော်လည်း ခေါင်းတလားသံမှိုကို နေရာတကျ ပြန်ထားလိုက်ပြီး နောက်ထပ် ပစ္စည်းတစ်ခုကို သေသေချာချာလေး ကောက်ကိုင်လိုက်သည်။ အဲ့ဒါကတော့ မျက်လုံးအိမ်အရွယ်အစားလောက်ရှိတဲ့ ကျောက်မျက်လုံးတစ်လုံး ဖြစ်ပါတယ်။ အလွန်တရာ ကြည်လင်သန့်စင်နေပြီး အထဲမှာ ဘာအညစ်အကြေးမျှ ရှိမနေပါဘူး။ အလင်းရောင် အောက်မှာ ပြလိုက်တဲ့အခါ မျက်နှာပြင်ပေါ်မှာ တောက်ပပြီး ကျဉ်းမြောင်းတဲ့ အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာတာက ကြောင်တစ်ကောင်ရဲ့ မျက်လုံးလိုမျိုး လှပလွန်းလှသည်။
"ဒါက သက်တမ်းသုံးရာကျော် တိုက်ဂူထဲက ထွက်တဲ့ ကြောင်မျက်ကျောက်ပဲ"
ကြောင်မျက်ကျောက်ကို ပြန်ထည့်ပြီးတဲ့နောက် သေတ္တာအဖုံးကို ပိတ်လိုက်ကာ အဲ့ဒီအခါကျမှပဲ ရင်ထဲက ဝမ်းသာပီတိတွေကို အသက်ပြင်းပြင်းရှူရင်း ထုတ်ဖော်လိုက်တော့သည်။ စိတ်တည်ငြိမ်သွားတဲ့အခါ ဆရာကြီးခိုကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုမိသည်။ ‘တကယ်လို့သာ ကျွန်တော် ဆရာကြီးခိုနဲ့ မဆုံခဲ့ရင် ဦးနှောက်ကို ဘယ်လောက်ပဲ ခြောက်ခံပစ်ပစ် ဒီပစ္စည်းနှစ်ခုကို ဘယ်မှာ သွားရှာရမှန်း သိမှာမဟုတ်ပါဘူး။’
ဆရာကြီးခိုက မျက်နှာကို တင်းလိုက်ပြီး -
"မောင်ရင်က ဒီလိုမျိုး လုပ်နေရင် ငါ စိတ်မကောင်းဖြစ်ရလိမ့်မယ်။ ပစ္စည်းနှစ်ခုပဲဥစ္စာ ဟုတ်လား"
"ဒါက ဘာပြောပလောက်လို့လဲ။ နောက်နောင် တစ်ခုခုလိုရင် ငါ့ကိုသာ အချိန်မရွေး လာပြောစမ်းပါ"
ကျွန်တော်လည်း ပြုံးပြီး ဆရာကြီးခိုနဲ့ စကားစမြည် အနည်းငယ် ပြောဆိုလိုက်သည်။ တကယ့်လက်တွေ့မှာတော့ သူက သူ့အကျိုးစီးပွားအတွက် ကျွန်တော့်ကို ကူညီတာ ဖြစ်ပေမဲ့ ကျွန်တော့်မှာ အတော်လေး စိတ်လှုပ်ရှားမိသည်။ ဒီသက်ကြီးရွယ်အို မိတ်ဆွေကြီးက အတော်လေးကို ခင်မင်ဖို့ကောင်းလှသည်။
နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ခေါင်းတလားသံမှိုနဲ့ ကြောင်မျက်ကျောက် အဆင်သင့်ဖြစ်ပြီမို့ ကျောပိုးအိတ်ထဲ ထည့်လိုက်ပြီး စက်ဘီးနင်းကာ စက္ကူရုပ်ဆိုင်ဆီကို ထွက်လာခဲ့သည်။ ဆိုင်ပိုင်ရှင်ကလည်း အလုပ်ကို အပြီးသတ်ထားပြီးပါပြီ။
သူက လူ့ဦးခေါင်းအရွယ်အစားလောက်ရှိတဲ့ စက္ကူရုပ်အသေးလေးကို ကျွန်တော် မြင်အောင် မြှောက်ပြသည်။ သေးငယ်ပေမဲ့ အတော်လေးကို လက်ရာမြောက်လှသည်။ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကြောင့် ဆိုင်ပိုင်ရှင်က စက္ကူရုပ်ရဲ့ အောက်ခြေမှာ အဝတ်အစားစတွေ ထည့်လို့ရအောင် အခေါင်းပေါက်လေး တမင်လုပ်ပေးထားသည်။
ကျွန်တော် စက်ဘီးကို ဘေးမှာ ရပ်ထားခဲ့ပြီး အထဲမှာ ပစ္စည်းတွေ တပ်ဆင်ဖို့ ဆိုင်ပိုင်ရှင်ဆီကနေ အခန်းတစ်ခန်း ခေတ္တငှားလိုက်သည်။ ‘စက္ကူရုပ်ကို ကျောင်းဆောင်ဟောင်းထဲမှာ သွားပြီး သံမှိုနဲ့ ရိုက်ရမှာ ဖြစ်ပေမဲ့ အပြင်မှာတင် ကြိုတင်တပ်ဆင်ထားတာက ဘာမှ ကန့်သတ်ချက် မရှိပါဘူး။’ ‘ကျောင်းဆောင်ဟောင်းထဲက အလင်းရောင် အခြေအနေကို စဉ်းစားကြည့်ရုံနဲ့တင် သိနိုင်တာမို့ အကယ်၍ တစ်ခုခု မှားယွင်းတပ်ဆင်မိသွားရင် အရာအားလုံးက အလဟဿ ဖြစ်သွားပါလိမ့်မယ်။’
‘ကျွန်တော့်မှာ အခွင့်အရေး အများကြီး ရှိချင်မှ ရှိတော့မှာပါ။ ဒီည ကျွန်တော် အသက်ရှင်ပါ့မလားဆိုတာ ဘယ်သူသိနိုင်မလဲ။ ဒါဆို နေ့ခင်းဘက်မှာ အိပ်ပျော်နိုင်ပါ့မလား။’ ကျောင်းဆောင်ဟောင်းရဲ့ သမိုင်းကြောင်းမှာ နေ့ခင်းကြောင်တောင်ကြီး တိုက်ပေါ်ကနေ ခုန်ချသွားတဲ့ ကျောင်းသားတစ်ယောက် ရှိခဲ့ဖူးတာကို သတိရဖို့ လိုသည်။
ကျွန်တော် စက္ကူရုပ်ကို ကြမ်းပြင်ပေါ်မှာ တင်လိုက်ပြီး ပစ္စည်းတွေကို တစ်ခုချင်းစီ ထုတ်ခင်းလိုက်သည်။ - နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ခေါင်းတလားသံမှို၊ သက်တမ်းသုံးရာကျော် တိုက်ဂူထွက် ကြောင်မျက်ကျောက်၊ အပျိုစင်ရဲ့ ဆံပင်အရှည်၊ လေးနှစ်သား ကြက်ဖကြီးရဲ့ သွေး၊ ပြီးတော့ လင်းရင် ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားစ တို့ဖြစ်သ်။ ကော်၊ ထွင်းဓားနဲ့ အပ်ချုပ်သေတ္တာ စတဲ့ တခြားကိရိယာတွေကိုတော့ ဆိုင်ပိုင်ရှင်ဆီကနေ ခေတ္တငှားရမ်းလိုက်သည်။
ဆိုင်ပိုင်ရှင်က စက္ကူရုပ်ရဲ့ ဦးခေါင်းပေါ်မှာ သိပ်သည်းလှတဲ့ အပေါက်ငယ်လေးတွေ အများကြီး လုပ်ပေးထားသည်။ ပထမဆုံးအနေနဲ့ ကျွန်တော် အပျိုစင်ရဲ့ ဆံပင်အရှည်တွေကို အစုစုလေးတွေ ခွဲလိုက်ပြီး ကော်နဲ့ အပ်ချည်ကြိုးကို သုံးကာ တစ်ပေါက်ချင်းစီထဲကို ထည့်သွင်းလိုက်သည်။ ဒီအလုပ်က နားထောင်ရတာ လွယ်ကူပေမဲ့ တကယ့်ကို လက်ဝင်လှသည်။ ဆံပင်တွေ အားလုံး တပ်ဆင်ပြီးသွားဖို့တင် နာရီဝက်နီးပါး အချိန်ပေးလိုက်ရသည်။
ကျန်တဲ့ အပိုင်းတွေကတော့ အတော်လေး လွယ်ကူသည်။ လင်းရင်ရဲ့ လက်တိုအင်္ကျီအစကို စက္ကူရုပ်ရဲ့ အောက်ခြေအခေါင်းပေါက်ထဲကို တိုက်ရိုက် ထိုးထည့်လိုက်သည်။ ပြီးတော့ စုတ်တံတစ်ချောင်းကို သုံးပြီး ကြက်သွေးတွေကို စက္ကူရုပ်ရဲ့ တစ်ကိုယ်လုံးပေါ်မှာ သုတ်လိမ်းလိုက်သည်။ သုတ်လိမ်းနေစဉ်မှာ စက္ကူတွေ စုတ်ပြဲမသွားစေဖို့ အထူးဂရုစိုက်ရသည်။ တစ်ကိုယ်လုံး သုတ်လိမ်းပြီးတဲ့နောက် နောက်တစ်ဆင့်ကတော့ အခြောက်ခံဖို့ ဖြစ်ပြီး ပန်ကာကို သုံးလိုက်ရင်တော့ အချိန်ပိုမြန်စေသည်။
မျက်လုံးအတွက်ကတော့ ဆိုင်ပိုင်ရှင်က စက္ကူရုပ်ရဲ့ မျက်နှာပေါ်မှာ တွင်းငယ်လေးနှစ်ခု ချန်ထားပေးတာမို့ ကော်သုတ်ပြီး ကြောင်မျက်ကျောက်တွေကို ဖိထည့်လိုက်ရုံပါပဲ။ အရာအားလုံး ပြီးစီးသွားတဲ့အခါ စက္ကူရုပ်ကို မတ်တတ်တောင်လိုက်သည်။ သူမရဲ့ အရေပြားအရောင်က နီညိုရောင်သန်းနေပြီး စက္ကူသားက အနည်းငယ် ပါးလွှာတာမို့ အတွင်းထဲက ဝါနုရောင် အရိပ်အယောင်လေးကို ဝေဝေဝါးဝါး မြင်နေရသည်။ သူမရဲ့ ဆံပင်တွေက ခန္ဓာကိုယ်အထိ ရှည်လျားပြီး နက်မှောင်သိပ်သည်းကာ ရေတံခွန်တစ်ခုလိုမျိုး စီးဆင်းနေသည်။
ကြောင်မျက်ကျောက်နဲ့ လုပ်ထားတဲ့ မျက်လုံးတွေကတော့ ဒီစက္ကူရုပ်ကို နောက်ဆုံးပိတ် အသက်ဝင်သွားစေတဲ့ အစိတ်အပိုင်းပါပဲ။ မျက်လုံးတွေက တောက်ပပြောင်လက်နေပြီး မူလကတည်းက ခြောက်ခြားစရာကောင်းတဲ့ စက္ကူရုပ်က ရုတ်တရက်ဆိုသလို အသက်ရှင်နေတဲ့ လူတစ်ယောက်အတိုင်း ဖြစ်သွားပါတော့သည်။
ကျွန်တော် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ခေါင်းတလားသံမှိုကို ကျောပိုးအိတ်ရဲ့ ဘေးအိတ်ထဲ ထည့်လိုက်ပြီး စက္ကူရုပ်ကိုတော့ အထဲကို ဂရုတစိုက် ထည့်သွင်းလိုက်သည်။ စက္ကူရုပ်ဆိုင်ပိုင်ရှင်ကို ငွေချေပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်တဲ့ အချိန်မှာတော့ ကောင်းကင်ကြီးက ဝါကျင့်ကျင့် အရောင်သန်းနေပြီ ဖြစ်ကာ နေမင်းကြီးလည်း ကောင်းကင်ထက်မှာ မြင့်မြင့်မားမား မရှိတော့ပါဘူး...။
ကျွန်တော် လယ်ကွင်းခရု ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို ရှာပြီး ငရုတ်သီးတွေ အများကြီးထည့်ကာ အတင်းပဲ မြိုချပြီး စားသောက်လိုက်သည်။ နီမြန်းနေတဲ့ ပါးစပ်ကို သုတ်လိုက်ပြီး ကျောင်းဆောင်ဟောင်းဆီကို ဦးတည်ထွက်ခွာခဲ့သည်။
ကျောင်းဆောင်ဟောင်းရဲ့ ရှေ့ကို ရောက်တဲ့အခါ ကွန်ကရစ် ကြမ်းပြင်ပေါ်မှာ အရင်က မရှိခဲ့ဖူးတဲ့ သွေးကွက်ကြီးတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။ ရုပ်အလောင်းကိုတော့ ရှင်းလင်းသွားခဲ့ပြီ ဖြစ်ပြီး ကျန်ရစ်တဲ့ သွေးစွန်းမှုတွေပဲ ရှိတော့သည်။
တခြားတစ်ယောက်ယောက်ကများ ကျောင်းဆောင်ဟောင်းထဲကို မတော်တဆ ဝင်သွားမိတာလား၊ ဒါမှမဟုတ် အဲ့ဒါက... ချီချီရဲ့...
ကျွန်တော် ခေါင်းခါလိုက်ပြီး သွေးကွက်ကို ဆက်မကြည့်တော့ဘဲ ကျောင်းဆောင်ထဲကို လှမ်းဝင်လိုက်သည်။ မိုးမချုပ်သေးဘူးဆိုပေမဲ့ ကျောင်းဆောင်ဟောင်းရဲ့ အတွင်းထဲမှာတော့ ညဉ့်နက်သန်းခေါင် ယံကြီး ရောက်ရှိနေသလိုပဲ။ ပထမအထပ်ရဲ့ လမ်းတစ်ဝက်လောက်ပဲ လျှောက်ရသေးသည်၊ ခြေလှမ်းလှမ်းမယ့် နေရာကိုတောင် မနည်းကြည့်နေရသည်။
လမ်းပြဖို့အတွက် လက်နှိပ်ဓါတ်မီးကို ထုတ်လိုက်ပြီး သတိကြီးစွာနဲ့ ရှေ့ကို ဆက်လျှောက်ခဲ့သည်။ တာအိုဆရာကြီးက ဘယ်နှစ်ထပ်လဲဆိုတာ အတိအကျ မပြောခဲ့ဘူး၊ ကျောင်းဆောင်ဟောင်းထဲမှာ ဆိုရင် ရပြီလို့ပဲ ပြောခဲ့တာကြောင့် ဒုတိယအထပ်ဆိုရင် လုံလောက်ပါပြီ။
ဖတ်... ဖတ်... ကျွန်တော် ဒုတိယအထပ်ကို ရောက်ရှိလာပြီး စင်္ကြံလမ်းမှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ ‘ဘယ်အချိန်ကတည်းက စတင်ခဲ့လဲမသိပါဘူး၊ ဒုတိယအထပ်က စာသင်ခန်းတွေထဲကနေ စာဖတ်သံတွေ ထွက်ပေါ်လာသည်။ ကြည်လင်ပြတ်သားပြီး ညင်သာလွန်းလှသည်... ထပ်တူကျနေပြီး ပဲ့တင်ထပ်နေတဲ့ အသံတွေက လှိုင်းလုံးတွေ တစ်လုံးပြီးတစ်လုံး လိုက်ပါနေသလို။’
ကျွန်တော့်အနားက စာသင်ခန်းကတော့ အတော်လေး တိတ်ဆိတ်နေပြီး စာပွဲကုလားထိုင်တွေ ရွှေ့ပြောင်းနေတဲ့ အသံမျိုးပဲ ရံဖန်ရံခါ ထွက်ပေါ်နေသည်။ ‘စင်္ကြံလမ်းမှာပဲ နေနေလို့တော့ မဖြစ်ပါဘူး၊ အပြင်က ကောင်းကင်ကြီးကို ဘာမှ မမြင်ရတော့လို့ပါ။’ ကျွန်တော် ခဏလောက် ဇဝေဇဝါ ဖြစ်သွားပြီးနောက် အနားက စာသင်ခန်းတံခါးဆီကို သွားပြီး အက်ခနဲ မြည်အောင် အားနဲ့ တွန်းဖွင့်လိုက်သည်။
မူလက ထွက်ပေါ်နေတဲ့ စာပွဲကုလားထိုင် ရွှေ့သံတွေက ကျွန်တော် ရောက်လာတာနဲ့အတူ ချက်ချင်း ရပ်တန့်သွားပုံရသည်။ ကျွန်တော်လည်း ဒါတွေကို ဂရုမစိုက်အားတော့ဘဲ စာသင်ခန်းတံခါးကို ပြန်ပိတ်လိုက်ကာ ကောင်းကင်ကြီးကို ကြည့်ဖို့ ပြတင်းပေါက်နားကို သွားလိုက်သည်။ အချိန်အနည်းငယ်လောက် ထပ်ပြီး စောင့်ဆိုင်းဖို့ လိုပါသေးသည်။
စာသင်ခန်းထဲမှာတော့ ဗလာကျင်းနေပြီး မှောင်မည်းလို့ နေသည်။တစ်ခုတည်းသော အလင်းရောင်ကတော့ အပြင်က ဝါကျင့်ကျင့် ကောင်းကင်ကြီးပဲ ဖြစ်သည်။ ကျွန်တော် ခုံတစ်ခုမှာ တစ်ယောက်တည်း ထိုင်နေရင်း အထီးကျန်မှုနဲ့ ကြောက်ရွံ့မှုတွေကို အောင့်အည်းသည်းခံနေမိသည်။ လုပ်စရာမရှိတာနဲ့ ရန်ငြိုးဖွဲ့အရိုးကို သုံးပြီး ကြမ်းပြင်ကို လိုက်ခေါက်နေမိရာကနေ ဒေါက်... ဒေါက်... ဒေါက်... ဆိုတဲ့ အသံ ထွက်ပေါ်လာသည်။ ‘ဒီတိတ်ဆိတ်မှုကို ဖြိုခွဲဖို့အတွက် လုပ်နေတာလား၊ ဒါမှမဟုတ် ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်ဖို့အတွက်ပဲလားတော့ မသိပါဘူး။ ကျွန်တော် အဲ့ဒီလိုပဲ ဆက်တိုက် ခေါက်နေမိသည်...။’
‘ရန်ငြိုးဖွဲ့အရိုးက ကျွန်တော့်လက်ထဲကနေ ကျွတ်ထွက်သွားတဲ့ အချိန်အထိ ဒေါက်... ဒေါက်... ဒေါက်... ဆိုတဲ့ အသံက ဆက်ပြီး ထွက်ပေါ်နေတုန်းပါပဲ။ ဒေါက်... ဒေါက်... ဒေါက်... ဒေါက်... ဒေါက်... ဒေါက်... ဒီအသံက ဘယ်ကနေ ထွက်လာတာလဲ။ ဒါက လူတစ်ယောက် လမ်းလျှောက်နေတဲ့ အသံပဲ။’
ဒီအသံကို ကြားလိုက်ရတဲ့အခါ ကျွန်တော် တံခါးဆီကို ချက်ချင်း လှမ်းကြည့်လိုက်သည်။ တံခါးက ပိတ်နေပေမဲ့ ခြေသံတွေကတော့ ဆက်တိုက် ဝင်ရောက်လာနေသည်။ ‘အခုအချိန်မှာတော့ ထိုင်ပြီး အသေခံနေလို့ လုံးဝ မဖြစ်တော့ပါဘူး’။ ကျွန်တော် ရန်ငြိုးဖွဲ့အရိုးကို ဆွဲကိုင်ပြီး တံခါးနားကို သွားကာ နားကို ကပ်ပြီး အကဲခတ်နားထောင်လိုက်သည်။
ဂျောက်... ဂျောက်... ခြေသံရှင်က စာသင်ခန်းတံခါးတွေကို တစ်ခုပြီးတစ်ခု လိုက်ဖွင့်နေပြီး တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည်။ ဂျောက်... ဒီတစ်ကြိမ်မှာတော့ ကျွန်တော်ရှိနေတဲ့ စာသင်ခန်းရဲ့ အလှည့်ပါပဲ။ တံခါးပွင့်သွားပြီး အပြင်ကလူက စက္ကန့်အနည်းငယ်လောက် တန့်သွားပြီးနောက် ပြန်လည် ထွက်ခွာသွားသည်။
တံခါးပြန်မပိတ်ခင် တစ်စက္ကန့်အလိုမှာပဲ ကျွန်တော် ခြေထောက်နဲ့ တံခါးကို ကန်ဖွင့်လိုက်ပြီး ရန်ငြိုးဖွဲ့အရိုးကို ဝှေ့ယမ်းကာ အပြင်ကို ပြေးထွက်လိုက်သည်။ ဒါပေမဲ့ ဗလာကျင်းပြီး မှေးမှိန်နေတဲ့ ဘေးပတ်ပတ်လည် အခြေအနေက ကျွန်တော့်ကို အသက်ရှူရပ်မတတ် ဖြစ်သွားစေသည်။ အဲ့ဒီမှာ ဘယ်သူမှ ရှိမနေဘူး။
"အာစိ" အမျိုးသမီးတစ်ယောက်ရဲ့ အသံက ကျွန်တော့်ရဲ့ အနောက်တည့်တည့်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျွန်တော့်ရဲ့ မျက်ဝန်းတွေ လျင်မြန်စွာ ရွေ့လျားသွားပြီး စိတ်ထဲမှာလည်း အနည်းငယ် လှုပ်ရှားသွားမိသည်။ ဒီအသံက အလွန်တရာ ရင်းနှီးနေလို့ပါပဲ။ ဒါပေမဲ့ စိတ်လှုပ်ရှားမှုကို ချက်ချင်းပဲ ပြန်လည်ထိန်းချုပ်လိုက်ပြီး အနောက်ကို ခြေလှမ်းအကျယ်ကြီး ဆုတ်ကာ အနောက်က အမျိုးသမီးကို စူးစူးစိုက်စိုက် ကြည့်လိုက်မိသည်။ ချီချီ ဖြစ်သည်။
ချီချီက မနေ့ကအတိုင်း ဝတ်ဆင်ထားသည်။ သူမက နံရံကို တင်းတင်းကျပ်ကျပ် မှီပြီး ရပ်နေတာမို့ သူမရဲ့ မီးခိုးရောင် ဂါဝန်က နံရံရဲ့ မှေးမှိန်မှုနဲ့ တစ်သားတည်း ဖြစ်နေတာကြောင့် ကျွန်တော် အစပိုင်းမှာ သတိမပြုမိခဲ့တာ ဖြစ်သည်။ ကျွန်တော်က သူမနဲ့ အကွာအဝေးတစ်ခုမှာ ရှိနေပြီး ကျွန်တော်တို့ ကြားထဲမှာ ရန်ငြိုးဖွဲ့အရိုး ရှိနေသည်။ ချီချီရဲ့ စိတ်ခံစားချက်ကတော့ ပုံမှန်ထက် သိသိသာသာ လှုပ်ရှားရုန်းကန်နေပုံရပေမဲ့ ကျွန်တော်ကတော့ ရေသေတစ်တွင်းလိုမျိုး အေးစက်တည်ငြိမ်နေသည်။
ရန်ငြိုးဖွဲ့အရိုးကို သူမဆီ ဦးတည်လိုက်ပြီး တင်းမာတဲ့ လေသံနဲ့ ပြောလိုက်သည်။ -
"မင်းကို ငါ မေးခွန်းတစ်ခုပဲ မေးမယ်"
"မင်း တခြားဘာမှ ပြန်ပြောဖို့ မလိုဘူး၊ တခြားဘာမှလည်း လုပ်ဖို့မလိုဘူး။ မင်း ငါ့ကို မေးခွန်းတစ်ခုတည်းပဲ ဖြေဖို့ လိုတယ်"