အခန်း (၆၃) အားလုံး အဆင်သင့်ဖြစ်ပြီ
အဘိုးအိုပြောတဲ့ မြောင်းက ဒီနားတင်တင်မို့ သူ ကျွန်တော့်ကို အခုချက်ချင်း လမ်းပြခေါ်သွားသည်။ ကျွန်တော့်မှာ အချိန်က အကန့်အသတ် ရှိနေတာမို့ ဆက်ပြီး အချိန်ဖြုန်းနေလို့ မရတော့သဖြင့် ကြက်ဖကြီးကို ပွေ့ချီရင်း သစ်ပင်ဆီကို သွားပြီး သတိမေ့ချင်ယောင်ဆောင်နေတဲ့ တာအိုဆရာကို သွားနှိုးလိုက်သည်။
ဒီတာအိုဆရာကတော့ ဝတ်စုံဖြူနဲ့ တာအိုဆရာကြီးနဲ့ နှိုင်းယှဉ်ရင် အရည်အချင်း၊ စိတ်ဓာတ်၊ ရာထူး အစစအရာရာ မိုးနဲ့မြေလို ကွာခြားလွန်းလှသည်။
တာအိုဆရာက လန့်ဖျပ်ပြီး နိုးလာကာ ကျွန်တော့်ကို ထိတ်လန့်တကြား ကြည့်ပြီး -
"အဲ့ဒီ... အဲ့ဒီသရဲကြီး သွားပြီလား" တဲ့။
ကျွန်တော် ခေါင်းခါပြပြီး သူ့ရဲ့ ဘေးဘက်ကို လက်ညိုးညွှန်ပြလိုက်သည်။ -
"အဘိုးကြီးက ဒီမှာတင် ရှိနေတုန်းပဲ"
တာအိုဆရာက တစ်ကိုယ်လုံး တုန်ရင်သွားပြီး မျက်လုံးကြီး အပေါ်စိုက်ကာ ထပ်ပြီး မေ့လဲလုနီးပါး ဖြစ်သွားတာမို့ ကျွန်တော် အချိန်မှီပဲ ပါးရိုက်ပြီး နှိုးလိုက်ရသည်။ -
"ဒါက ခင်ဗျားရဲ့ ကိစ္စပဲ၊ အစကနေ အဆုံးအထိ ခင်ဗျားပဲ တာဝန်ယူရမယ်။ အခု ကျွန်တော်တို့ နေရာတစ်ခုကို သွားကြမယ်၊ ခင်ဗျားလည်း လိုက်ခဲ့။ နောက်ကျရင် ကျွန်တော် ဒီကို ပြန်လာမှာ မဟုတ်ဘူး"
သူ သဘောတူတူ မတူတူ ကျွန်တော် သူ့ကို အိမ်တံခါးအပြင်အထိ အတင်းဆွဲခေါ်ခဲ့ပါတော့သည်။
အဘိုးအိုက လမ်းပြတာမို့ တောင်စောင်းက မြောင်းဆီကို မကြာခင်မှာပဲ ရောက်ရှိသွားကြသည်။ ကျွန်တော် ကြက်ဖကြီးကို ဘေးဘက် ပစ်ချလိုက်ပြီး တာအိုဆရာကို မြောင်းထဲကို အတူ ဆွဲချလိုက်သည်။
တာအိုဆရာကတော့ လမ်းတစ်လျှောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေခဲ့သည်။ ‘သူက သရဲကို မမြင်ရတာကြောင့် ကျွန်တော် လေထဲကို စကားပြောနေတာကိုပဲ မြင်နေရတာကိုး။’ ကျွန်တော် စကားပြောရင်း သူ့ကို လှည့်ကြည့်လိုက်တိုင်း သရဲက သူ့ဘေးနား ရောက်နေသလိုမျိုး သူ့မျက်နှာက ဖြူလျော်သွားတတ်သည်။
ကျွန်တော် မြို့ပိုင်မင်းအိမ်ရဲ့ အခြေအနေကိုလည်း တာအိုဆရာကို အကျိုးအကြောင်း ပြောပြလိုက်သည်။ ကျန်တဲ့ ကိစ္စတွေကိုတော့ ကျွန်တော် ဝင်မပါတော့ဘဲ တာအိုဆရာဆီပဲ လွှဲအပ်ခဲ့လိုက်သည်။ ‘တကယ်တော့ ဒါက ကိုင်တွယ်ရ လွယ်ကူပါသည်။ အကယ်၍ အဘိုးအိုရဲ့ ရည်ရွယ်ချက်က မြေးဖြစ်သူကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးဖို့ သက်သက်ပဲဆိုရင် မြို့ပိုင်မင်းအိမ်က ခြောက်လှန့်မှုတွေက အလိုအလျောက် ပျောက်ကွယ်သွားမှာ ဖြစ်ပြီး တာအိုဆရာလည်း လိုချင်တဲ့ ငွေကို ရရှိမှာ ဖြစ်ပါတယ်’။
‘ဒါပေမဲ့ တာအိုဆရာက ရတဲ့ငွေထဲက အချို့ကို ကျွန်တော့်ဆီ လွှဲပေးရလိမ့်မယ်။ မဟုတ်ရင်တော့ အဘိုးအိုက သူ့ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ပါဘူး။’ အနောက်က စကားကတော့ ကျွန်တော် သက်သက် ခြောက်လိုက်တာပါ၊ ဒါပေမဲ့ တာအိုဆရာကတော့ တကယ့်ကို အတည်မှတ်သွားပြီး ကျွန်တော့်ရဲ့ ဘဏ်ကတ်နံပါတ်ကို တောင်းတဲ့အပြင် ကောင်းကင်တိုင် တိုင်တည်ပြီး ကျိန်ဆိုရှာသည်။
မြောင်းထဲမှာတော့ လူတွေ လာပစ်ထားတဲ့ အမှိုက်တွေက တစ်မီတာကျော်လောက် ဖုံးလွှမ်းနေပေမဲ့ အဘိုးအိုကတော့ နေရာကို အတိအကျ မှတ်မိနေသည်။ သူ ညွှန်ပြတဲ့နေရာကို ကျွန်တော်တို့ စတင် တူးဆွကြပြီး မကြာခင်မှာပဲ ရုပ်အလောင်းကို ရှာတွေ့ခဲ့သည်။ ဒါပေမဲ့ ရုပ်အလောင်းရဲ့ အခြေအနေက အတော်လေး ပျက်စီးနေပြီမို့ အဘိုးအိုရဲ့ အကူအညီနဲ့တင် ကလေးရဲ့ ရုပ်အလောင်း ဖြစ်မှန်း မနည်း ခွဲခြားလိုက်ရသည်။
‘ရုပ်အလောင်းကို အပြင်ထုတ်ပြီးတဲ့နောက် အဘိုးအိုက သင်္ဂြိုဟ်မယ့် နေရာအတွက် အထူးတလည် တောင်းဆိုတာမျိုး မရှိပါဘူး။ အဲ့ဒီမြောင်းထဲမှာ မဟုတ်ရင် ရပါပြီတဲ့။ ကျွန်တော်တို့ နှစ်ယောက်လည်း အနီးအနားက ဝါးတောထဲမှာ ကျင်းတစ်ကျင်းတူးပြီး ရုပ်အလောင်းကို မြှုပ်နှံကာ မြေကြီးနဲ့ ပြန်ဖို့ပေးလိုက်သည်။’
"ဒါနဲ့ အဘိုး... အဘိုးရဲ့ သားကို တကယ်ပဲ သွားပြီး မကူညီချင်တော့ဘူးလား"
အဘိုးအိုက ခါးသီးစွာပဲ ပြုံးလိုက်ပြီး -
"ငါက သေပြီးသား လူတစ်ယောက်ပဲဥစ္စာ၊ လူ့လောကရဲ့ ကိစ္စတွေက ငါနဲ့ ဘာမှမဆိုင်တော့ပါဘူး..."
"အဖိုလောကနဲ့ အမလောကမှာ သူ့စည်းကမ်းနဲ့သူ ရှိတာပဲ၊ တစ်ဖက်နဲ့တစ်ဖက် မနှောင့်ယှက်ကြတာ အကောင်းဆုံးပါပဲ"
သူက အဲ့ဒီလို ပြောပေမဲ့ သားဖြစ်သူကို တိတ်တဆိတ် သတိပေးစေချင်တဲ့ ဆန္ဒတော့ ရှိနေပုံရသည်။ ဒါကိုတော့ တာအိုဆရာဆီပဲ လွှဲထားခဲ့လိုက်သည်။
အဲ့ဒီနောက် အဘိုးအိုက ကျွန်တော်တို့ကို နောက်တစ်ကြိမ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုပြီး ကလေးကို ပွေ့ဖက်ကာ ဖြည်းဖြည်းချင်း လျှောက်လှမ်း ထွက်ခွာသွားတော့သည်။
လေတိုက်လို့ ဝါးတောကြီး မြည်ဟည်းသွားပြီး စိမ်းစိုတဲ့ ဝါးရွက်တွေ လွင့်ပျံနေတဲ့ ကြားထဲကနေ အဘိုးအိုရဲ့ ပုခုံးပေါ်မှာ ထိုင်နေတဲ့ ကလေးငယ်က ကျွန်တော့်ကို လှည့်ပြီး ပြုံးပြနေသလိုမျိုး ဝေဝေဝါးဝါး မြင်လိုက်ရသည်...။
တာအိုဆရာကတော့ ဝါးပင်တစ်ပင်ကို ဖက်ထားရင်း ထိတ်လန့်တကြားနဲ့ -
"ဟေ့... ဟေ့... အဲ့ဒီအဘိုးကြီး သွားပြီလား" လို့ မေးလာသည်။
"သွားပြီ" ကျွန်တော် တာအိုဆရာကို စပ်စုတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း - "ခင်ဗျားက မော်ရှန်တောင်က တာအိုဆရာ မဟုတ်ဘူးလား။ ခင်ဗျားရဲ့ ကျင့်ကြံမှုတွေ ဘယ်ရောက်ကုန်ပြီလဲ။ ခင်ဗျားရဲ့ အတတ်ပညာတွေကော"
တာအိုဆရာရဲ့ မျက်နှာက နီမြန်းသွားပြီး လည်ပင်းကြောကြီးတွေ ထောင်ကာ -
"လျှောက်မပြောနဲ့။ တာအိုဆရာ တိုင်းက သရဲဖမ်းတတ်တယ်လို့ ဘယ်သူပြောလဲ။ ငါတို့ မော်ရှန်တောင်က တာအိုဆရာတွေက ဒီအပြစ်ကို ခံမှာ မဟုတ်ဘူး"
"ဒါနဲ့... မင်းက တကယ်ပဲ သရဲတွေကို မြင်ရတာလား"
ကျွန်တော်က သဘာဝကျကျပဲ - "ခင်ဗျားကော မမြင်ရဘူးလား"
တာအိုဆရာက ဒေါသတကြီးနဲ့ သွားတွေကို ကြိတ်ပြီး -
"ဘယ်ကောင်ကများ မော်ရှန်တောင်က တာအိုဆရာတွေ သရဲမြင်ရတယ်လို့ မင်းကို ပြောလိုက်တာလဲ"
"အဲ့ဒီကောင့်အမည်ကို ပြောစမ်း၊ ငါ အခုချက်ချင်း သွားပြီး ဆွဲဆုတ်ပစ်မယ်။ ငါတို့ သရဲမြင်ရတယ် ဆိုရင်တောင်မှ နွားမျက်ရည် သုံးတာမျိုး စတဲ့ အထူးနည်းလမ်းအချို့ သုံးရတာကွ"
"ဘယ်သူကများ မင်းလိုမျိုး လေထဲမှာတင် လူကို မြင်ရသလို သရဲကို ဗလာမျက်စိနဲ့ မြင်နေရလို့လဲ"
ကျွန်တော် လက်ဝှေ့ယမ်းပြပြီး ကြက်ဖကြီးကို ဆွဲကာ ထွက်ခွာဖို့ ပြင်ဆင်လိုက်သည်။ - "ကျွန်တော်က သရဲတွေနဲ့ ရေစက်ပါလို့ ဖြစ်မှာပါ။ မြို့ပိုင်မင်းက ငွေချေရင် ကျွန်တော့်ဝေစုကို လွှဲပေးဖို့ မမေ့နဲ့ဦး"
"ကျွန်တော့်မှာ တခြားလုပ်စရာတွေ ရှိသေးလို့၊ ကျန်တာကို ခင်ဗျားဘာသာ ရှင်းလိုက်တော့"
...
လေးနှစ်သား ကြက်ဖကြီးကို ရှာတွေ့ပြီးတဲ့နောက် ကျွန်တော် ပထမဆုံး စက္ကူရုပ်ဆိုင်ပိုင်ရှင်ဆီမှာ အပ်နှံထားခဲ့ပြီး အပျိုစင်မိန်းကလေးရဲ့ ဆံပင်အရှည်ကို လိုက်ရှာရသည်။
ဆံပင်ဆိုတာက အတုလုပ်ဖို့ အလွန်လွယ်ကူတဲ့ အရာမျိုးပါ။ ဆံပင်အတု ဖြစ်မှာကို မစိုးရိမ်ပေမဲ့ ဆံပင်ပိုင်ရှင်က အပျိုစင် ဟုတ်မဟုတ် ဆိုတာကိုပဲ စိုးရိမ်မိသည်။ သေချာစေဖို့အတွက် ဆံပင်ဝယ်တဲ့ ဆိုင်တစ်ဆိုင်ကို အထူးတလည် သွားပြီး အထဲမှာ ထိုင်စောင့်နေလိုက်သည်။
အမျိုးသမီး ဆံပင် လာရောင်းတဲ့သူ ရှေ့ကို တိုးသွားပြီး "မမက အပျိုစင်လား..." လို့ လိုက်မေးမိသည်။ ဒါက အလုပ်သိပ်မဖြစ်တဲ့အပြင် အရိုက်ခံရဖို့လည်း အလွန်နီးစပ်သွားသည်။ လူတစ်ယောက်ရဲ့ အရိုက်ခံရလုနီးပါး ဖြစ်ပြီးတဲ့နောက်မှာတော့ ကျွန်တော် သင်ခန်းစာ ရသွားသည်။ ဒီအမျိုးသမီးတွေက မသေချာပါဘူး၊ ကလေးမလေးတွေကမှ ပိုပြီး သေချာသည်။
ကျွန်တော် တစ်နာရီလောက် စောင့်ဆိုင်းပြီးတဲ့နောက် နောက်ဆုံးတော့ အဘွားအိုတစ်ယောက်က အသက် ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် မြေးမလေးကို ခေါ်ပြီး ဆံပင်လာရောင်းတာကို တွေ့လိုက်ရသည်။
အဲ့ဒီအချိန်မှာ ကျွန်တော့်မျက်လုံးတွေက အရောင်တောက်သွားပေမဲ့ ဆိုင်ပိုင်ရှင်က ရဲတိုင်မှာ စိုးရိမ်တာကြောင့် စိတ်ကို ထိန်းထားလိုက်ပြီး သူတို့ ထွက်သွားတဲ့အထိ စောင့်ကာ ဆိုင်ပိုင်ရှင်ဆီကနေ အဲ့ဒီဆံပင်ကို အပြေးအလွှား ဝယ်ယူလိုက်သည်။
ဒီလိုနဲ့ပဲ ကျွန်တော် အပျိုစင်ရဲ့ ဆံပင်အရှည်ကို ရခဲ့ပြီ နောက်ထပ် လိုအပ်တာကတော့ လင်းရင်း ဝတ်ဆင်ခဲ့ဖူးတဲ့ အဝတ်အစား ဖြစ်သည်။
‘ဒါကြောင့် အဲ့ဒီ ဗီလာအိမ်ဆီကို တစ်ခေါက် ပြန်သွားရပါဦးမယ်။
ဒီဗီလာအိမ်ရဲ့ အဝင်ဝကို နောက်တစ်ကြိမ် ရောက်ရှိလာတဲ့အခါ ကျွန်တော့်လက်ထဲမှာ ရန်ငြိုးအရိုး ရှိနေပေမဲ့ စိတ်ထဲမှာတော့ လုံခြုံမှု အနည်းငယ်မျှတောင် မခံစားရပါဘူး။’
ရင်တထိတ်ထိတ်နဲ့ပဲ ဓာတ်လှေကားစီးပြီး စတုတ္ထအထပ်ကို တက်ခဲ့သည်။ စတုတ္ထအထပ်ကတော့ ကျွန်တော် ထွက်သွားတုန်းကအတိုင်း တိတ်ဆိတ်လို့ နေသည်။ လင်းရင်ရဲ့ အခန်းရှေ့ကို ရောက်တဲ့အခါ ကျွန်တော် ကြောင်အသွားမိသည်။... ‘သူမရဲ့ အခန်းတံခါးက ပိတ်နေလို့ပါ။’
ကျွန်တော် ထွက်သွားတုန်းက တံခါးကို တမင်သက်သက် ဖွင့်ထားခဲ့တာကို သေချာမှတ်မိနေသည်။ ဒါပေမဲ့ အခုတော့ ပိတ်နေသည်။
‘ဘယ်သူ ပြန်လာတာလဲ။ လင်းရင်လား၊ ဒါမှမဟုတ် ချီချီလား။’
ကျွန်တော် ရန်ငြိုးအရိုးကို သုံးပြီး တံခါးကို တဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်ကာ အထဲကို အကဲခတ်ကြည့်ပြီးနောက် ရုတ်တရက် အထဲကို ဝုန်းခနဲ ပြေးဝင်လိုက်သည်။ ဂလွင်... ဆိုပြီး အအေးဘူးခွံတစ်ခု ဝေးဝေးကို လိမ့်ထွက်သွားသည်။
အထဲမှာတော့ မှောင်မည်းပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ ကျွန်တော် လက်တစ်ဖက်နဲ့ မီးခလုတ်ကို စမ်းလိုက်ပြီး နောက်လက်တစ်ဖက်ကတော့ ရန်ငြိုးဖွဲ့အရိုးကို ကိုင်ကာ ဘေးပတ်ပတ်လည်က ဗလာနယ်မြေကို အကဲခတ်နေမိသည်။
မီးပွင့်သွားတဲ့အခါ အရာအားလုံးက ပြန်လည်လင်းထိန်သွားသည်။ ‘ကျွန်တော် တွေးပူနေသလိုမျိုး စိတ်ကူးထဲက ရန်သူ ရှိမနေခဲ့ပါဘူး။’
ကျွန်တော် လင်းရင်ရဲ့ အဝတ်ဗီရိုဆီကို သွားပြီး ဖွင့်ကြည့်လိုက်တဲ့အခါ အထဲမှာ အရောင်အသွေး စုံလင်လှတဲ့ အဝတ်အစားတွေ၊ ဂါဝန်တွေ စတာတွေက သာမန်အမျိုးသမီးတစ်ယောက်ရဲ့ ဗီရိုအတိုင်း ရှိနေတာကို တွေ့ရသည်။
ကျောင်းဆောင်ဟောင်းက အဲ့ဒီသရဲမက လူ့အဖွဲ့အစည်းထဲကို ဘယ်လိုမျိုး ဝင်ဆံ့အောင် နေထိုင်ခဲ့လဲ၊ ကျောင်းထဲမှာ ဘယ်လိုမျိုး အပြစ်အနာအဆာမရှိ နေထိုင်ခဲ့လဲဆိုတာ ကျွန်တော် တကယ်ပဲ စိတ်ဝင်စားမိသည်။ ‘သူမရဲ့ ထူးဆန်းမှုကို ဘယ်သူမှ မရိပ်မိကြဘူးလား။
ဒီည သူမနဲ့ တွေ့တဲ့အခါကျရင်တော့ အားလုံးကို သိရလိမ့်မယ်လို့ ထင်တယ်။’
ကျွန်တော် အဲ့ဒီအဝတ်အစားပုံထဲမှာ လိုက်ရှာဖွေရင်း နောက်ဆုံးတော့ သူမ ပြီးခဲ့တဲ့အပတ်က ဝတ်ဆင်ခဲ့တဲ့ ဝါနုရောင် လက်တိုအင်္ကျီလေးတစ်ထည်ကို ရှာတွေ့ခဲ့သည်။ ‘အဲ့ဒီလက်တိုအင်္ကျီလေးက အတော်လေး သေးငယ်တာမို့ ကျွန်တော့်မျက်လုံးထဲမှာတော့ အတွင်းခံအင်္ကျီအသေးလေးတစ်ထည်နီးပါးပါပဲ။’
အဲ့ဒီ လက်ရာမြောက်ပြီး တန်ဖိုးကြီးတဲ့ လက်တိုအင်္ကျီလေးကို ကျွန်တော်ကတော့ ညှာတာမှုမရှိဘဲ အစအနကြီးတစ်ခု ညှပ်ယူလိုက်ပြီး အိတ်ထဲကို ထည့်လိုက်သည်။
ဗီရိုကို ပြန်ပိတ်ပြီးနောက် လင်းရင်ရဲ့ အခန်းထဲကနေ ထွက်ခဲ့သလို လမ်းကြုံတာနဲ့ ချီချီရဲ့ အခန်းဘက်ကိုလည်း သွားကြည့်လိုက်သေးသည်။
‘သူမရဲ့ အခန်းကတော့ ကျွန်တော် ထွက်သွားတုန်းကအတိုင်း တံခါးပွင့်လျက်သား ရှိနေဆဲပါ။ အထဲက အရာအားလုံးက ပြောင်းလဲမှု မရှိပါဘူး။ နံရံပေါ်မှာတော့ အဲ့ဒီစာသား ရှိနေတုန်းပါပဲ’ - "ပြေးတော့။ လင်းရင်ကို သတိထား"
ချီချီရဲ့ စိတ်နေစိတ်ထားအရဆိုရင်တော့ သူမက ဒီလိုမျိုးအရာကို တကယ်ပဲ လုပ်ဝံ့သည်။
ဗီလာအိမ်ကနေ ထွက်လာပြီးနောက် ဆရာကြီးခိုရဲ့ ဆိုင်ဆီကို သွားခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ ဆရာကြီးခိုက ဆိုင်ထဲမှာ စောစောစီးစီး စောင့်ဆိုင်းနေသည်။ ကျွန်တော့်ကို မြင်တဲ့အခါ သူက ပထမဆုံး ထိုင်ဖို့ ဖိတ်ခေါ်သည်။ ၀န်ထမ်းကောင်လေးပေးတဲ့ လက်ဖက်ရည်ကို ကျွန်တော် တစ်ငုံ သောက်ပြီးတဲ့နောက် သူက ရှေးဟောင်းသေတ္တာလေးတစ်လုံးကို ရှေ့ကို တွန်းပေးလာပြီး မျက်နှာတစ်ခုလုံး အပြုံးတွေ ဝေဆာလျက်နဲ့ -
"တစ်ချက်လောက် ကြည့်လိုက်ဦးမလား" လို့ ပြောလာတော့သည်။