အခန်း (၆၂) မြို့ပိုင်မင်းအိမ်က ရှုပ်ထွေးပွေလီသော ကိစ္စရပ်များ
‘ဝိညာဉ်မီးလျှံက နာမ်ဝိညာဉ်ကို လောင်မြိုက်စေတဲ့ နာကျင်မှုမျိုးက သာမန်နာကျင်မှုမျိုး မဟုတ်ပါဘူး။ ကလေးတစ်ယောက်အပေါ် ဒီလိုလုပ်လိုက်တာက နည်းနည်းတော့ ရက်စက်ရာကျပေမဲ့ သူ နိုးလာခဲ့ပြီ မဟုတ်ပါလား။ ရလဒ်ကတော့ မျက်ဝါးထင်ထင်ပါပဲ။’
မြို့ပိုင်မင်းရဲ့ ဇနီးက အပြေးအလွှား ရောက်လာပြီး ကလေးကို ပွေ့ဖက်ကာ မျက်ရည်စက်လက်နဲ့ ငိုကြွေးတော့သည်။
တစ်ဖက်မှာတော့ နှုတ်ခမ်းမွှေး တာအိုဆရာက ပါးစပ်ကြီး အဟောင်းသား ဖြစ်နေပြီး လက်သီးတစ်ဆုပ်စာတောင် မျိုချနိုင်မယ့်အတိုင်း အံ့အားသင့်နေရှာသည်။
"အဆင်... အဆင်ပြေသွားပြီလား..."
'သူ ကြက်သွေးကို တောင်မသုံးလိုက်ဘူး။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'
စောစောက အဘိုးအိုကလည်း စုစုစိုက်စိုက်နဲ့ လျှောက်လာပြီး -
"လုလင်ငယ်... မင်းက သာမန်လူတော့ မဟုတ်ဘူးပဲ"
"ကျွန်တော် နည်းနည်းပါးပါး တတ်မြောက်ထားတဲ့ အတတ်ပညာလေး သုံးလိုက်ရုံပါ အဘိုး"
ကျွန်တော်လည်း ကြက်ဖကြီးကို ဖမ်းဆွဲပြီး ထွက်ခွာဖို့ ပြင်ဆင်လိုက်သည်။
တာအိုဆရာက ကျွန်တော့်လမ်းကို ချက်ချင်း ပိတ်ရပ်လိုက်ပြီး သူ့ရဲ့ သဘောထားကလည်း တစ်ပတ်ရိုက် ပြောင်းလဲသွားပါတော့သည်။ -
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ စောစောက ကျွန်တော် မျက်လုံးထဲ အမှိုက်ဝင်ပြီး မောင်ရင်ကို အထင်သေးမိသွားတယ်"
"ရပါတယ်၊ ကျွန်တော် စိတ်ထဲမထားပါဘူး။ ဒါနဲ့... ဆရာကြီးက ဒီကြက်ဖကို ကျွန်တော့်ကို ပေးခဲ့တာ မဟုတ်လား။ ဒါဆို ကျွန်တော်တို့ အကြွေးကြေပြီပေါ့"
တာအိုဆရာက မြို့ပိုင်မင်းအိမ်က လူတွေကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် တိုးတိုးတိတ်တိတ် ပြောလာသည်။ -
"ဒီအိမ်က လူတွေ တစ်ခုခု မှားယွင်းနေတယ်လို့ မောင်ရင် မခံစားမိဘူးလား။ ဘာလို့ သူတို့ကလေးတစ်ယောက်တည်းကိုပဲ ဝိညာဉ်ပူးရတာလဲ"
"ပြီးတော့ သူတို့အိမ်က အဘိုးကြီး ဆုံးပါးသွားတာလည်း မကြာသေးဘူး။ အဘိုးဖြစ်သူက မိမိရဲ့ မြေးအရင်းကို ပြန်ပြီး ဒုက္ခပေးတယ်ဆိုတာ... ဒါကြီးက ထူးဆန်းတယ်လို့ မထင်ဘူးလား"
"လောကကြီးမှာ ထူးဆန်းတဲ့ အရာတွေ အများကြီး ရှိတာပဲ ဗျာ။ ကျွန်တော်က ဘယ်လိုလုပ် အားလုံးကို လိုက်ဖြေရှင်းနိုင်မှာလဲ။ ဒါနဲ့... ဒီမှာ မော်ရှန်တောင်က တာအိုဆရာကြီး ရှိနေတာပဲ မဟုတ်လား" ကျွန်တော်က ပြန်ပြီး စနောက်လိုက်သည်။
တာအိုဆရာက ရှက်ကိုးရှက်ကန်းနဲ့ -
"တကယ်တော့... တကယ်တော့ ကျွန်တော်က သရဲဖမ်းရမှာကို မတတ်ဘူးဗျ"
"ကျွန်တော်က မကောင်းဆိုးဝါး နှင်ထုတ်တဲ့ အတတ်ပညာ အနည်းငယ်ပဲ သိတာ။ ဒါပေမဲ့ မြို့ပိုင်မင်းအိမ်က လူတွေက ကျွန်တော့်ကို ဘေးဥပါဒ် တားဆီးပေးဖို့တင် မဟုတ်ဘဲ သရဲကိုပါ ဖမ်းခိုင်းနေတာ။ အဲ့ဒါကို ကျွန်တော် ဘယ်လိုလုပ် တတ်နိုင်မှာလဲ"
"မောင်ရင့်ကို ကြည့်ရတာ ထူးခြားတဲ့ အရှိန်အဝါ ရှိပြီး ဦးခေါင်းထက်မှာလည်း ရွှေရောင်အလင်းတန်းလေး ထွက်ပေါ်နေတယ်။ တစ်စုံတစ်ယောက်သော ဆရာကြီးရဲ့ တပည့်ဖြစ်ရမယ်။ ဒါကြောင့် ကျွန်တော့်ကို ကူညီပေးဖို့ တောင်းပန်ချင်ပါတယ်။ စိတ်မပူပါနဲ့၊ ရတဲ့ငွေကို ခြောက်ပုံ လေးပုံ ခွဲကြတာပေါ့... မောင်ရင်က ခြောက်ပုံယူ၊ ကျွန်တော်က လေးပုံပဲ ယူမယ်"
ကျွန်တော်ကတော့ ခြေလှမ်းကို မရပ်တန့်ဘဲ -
"ကျွန်တော့်မှာ အသက်အန္တရာယ်နဲ့ ယှဉ်နေတဲ့ အရေးကြီးကိစ္စ ရှိနေလို့ပါ။ ဒီမှာ အချိန်ဖြုန်းနေဖို့ အချိန်မရှိပါဘူး"
ကျွန်တော် ငွေကို မက်မောပေမဲ့ အသက်အန္တရာယ်နဲ့ ယှဉ်လာတဲ့ အခါမှာတော့ ငွေကြေးက ဒုတိယနေရာကိုပဲ ရောက်သွားရသည်။
တာအိုဆရာကတော့ လက်မလျှော့သေးဘဲ ကျွန်တော့်နောက်ကို လိုက်ရင်း သူ့အိတ်ထဲကနေ ဟိုနှိုက်ဒီနှိုက်နဲ့ ပစ္စည်းတစ်ခု ထုတ်ပြလာသည် -
"ရော့... ဒါကို တစ်ချက်လောက် ကြည့်လိုက်ဦး။ ဒါက မြို့ပိုင်မင်းရဲ့ ကွယ်လွန်သူ အဖေရဲ့ ဓာတ်ပုံပဲ"
"ဒီအဘိုးကြီးကပဲ သူ့ရဲ့ မြေးကို နှိပ်စက်နေတာ"
ကျွန်တော် အမှတ်မထင် လှမ်းကြည့်လိုက်မိပြီး ခြေလှမ်းတွေ ရုတ်တရက် တန့်သွားရသည်။
ကျွန်တော် မျက်ခုံးပင့်မိသွားပြီး ဓာတ်ပုံကို အကြိမ်ကြိမ် သေချာစိုက်ကြည့်ကာ တာအိုဆရာကို ဇဝေဇဝါနဲ့ ကြည့်လိုက်မိသည်။ -
"ဒီအဘိုးကြီးက ဆရာကြီးရဲ့ အနောက်တည့်တည့်မှာ ရပ်နေတာ မဟုတ်လား"
တာအိုဆရာရဲ့ မျက်နှာအမူအရာက တောင့်တင်းသွားပြီး -
"မင်း... မင်း ဘာပြောလိုက်တာလဲ"
‘ကျွန်တော် တာအိုဆရာကို ကြည့်လိုက်မိသည်... မဟုတ်ပါဘူး၊ တာအိုဆရာရဲ့ အနောက်က အဘိုးအိုကို ကြည့်လိုက်တာပါ။’
ကတုံးနဲ့၊ နှာခေါင်းကွေးကွေး၊ တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားသူ ဖြစ်သည်။
မြို့ပိုင်မင်းရဲ့ အဖေကတော့ ကျွန်တော် အထဲကို ဝင်လာတုန်းက ကျွန်တော့်ကို တားဆီးပြီး မြို့ပိုင်မင်းအိမ်ရဲ့ အကြောင်းတွေကို ပြောပြခဲ့တဲ့ အဘိုးအိုပဲ ဖြစ်နေသည်။
‘သူက သရဲတစ်ကောင် ဖြစ်နေတာပါ။’
အခုအချိန်မှာ အဲ့ဒီအဘိုးအိုက တာအိုဆရာရဲ့ အနောက်မှာ ရပ်နေပြီး ဆန်းကြယ်တဲ့ အပြုံးကြီး ပြုံးနေသည်။ သူက သူ့ရဲ့ ရင်ခွင်ထဲမှာ စောစောက ကျွန်တော့်ရဲ့ ဝိညာဉ်မီးလျှံကြောင့် လန့်ဖျပ်ပြီး ထွက်ပြေးသွားတဲ့ ကလေးငယ် ဝိညာဉ်ဆိုးကို ပွေ့ဖက်ထားသည်။
‘ကျွန်တော့်ရဲ့ ညာဘက်မျက်လုံးနဲ့ သရဲတစ္ဆေတွေကို မြင်နိုင်တာက ကောင်းချီးတစ်ခုလား၊ ကျိန်စာတစ်ခုလားတော့ မသိဘူး။ ကျွန်တော် မြင်နေရတဲ့ လူတွေက တကယ်ပဲ သရဲတွေလားဆိုတာ ကောင်းကင်ဘုံပဲ သိပါလိမ့်မယ်။’ ဒါပေမဲ့ ဒီအဘိုးအိုကတော့ လူသားတစ်ယောက် မဟုတ်တာ သေချာသည်။
‘ဒါပေမဲ့ ဒီတာအိုဆရာကတော့ သရဲကို မြင်နိုင်စွမ်း မရှိပုံရပါဘူး။ သူ မြင်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်။’
တာအိုဆရာရဲ့ လက်တွေက မရပ်မနား တုန်ရင်နေသည်။ သူက ကျွန်တော့်စကားကို သံသယမဝင်ဘဲ နှလုံးသားထဲအထိ စွဲမှတ်သွားပုံရသည်။ ‘မကြာခင်ကတင် ကွယ်လွန်သွားခဲ့တဲ့ အဘိုးအိုက သူ့ရဲ့ အနောက်တည့်တည့်မှာ ရပ်နေတာကိုး။’
အဘိုးအိုက တာအိုဆရာရဲ့ ပုခုံးပေါ်ကို သူ့လက်တစ်ဖက် တင်လိုက်သည်။
နောက်တစ်စက္ကန့်မှာတော့ တာအိုဆရာက ဘေးဘက်ကို လွင့်ထွက်သွားပြီး အနားက သစ်ပင်တစ်ပင်ကို ပြင်းပြင်းထန်ထန် သွားရောက် ရိုက်မိပါတော့သည်။
ဒီလို ရုတ်တရက် ဆန်းကြယ်ပြီး ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းကြောင့်...
...မြို့ပိုင်မင်းအိမ်က လူအားလုံးရဲ့ စိတ်ကို ချက်ချင်းပဲ တုန်လှုပ်ခြောက်ခြားသွားစေသည်။
"သရဲ... သရဲကြီး..."
လူတိုင်းက အော်ဟစ်အော်မြည်ပြီး ထွက်ပြေးကြပါတော့သည်။ ကျွန်တော်ကတော့ ညာဘက်လက်ကို မြှောက်ပြီး အဘိုးအိုကို ရင်ဆိုင်လိုက်သည်။
အဘိုးအိုက ခါးသီးတဲ့ အပြုံးတစ်ခု ပြုံးလိုက်ပြီး -
"မင်း စိုးရိမ်မနေပါနဲ့။ ငါက ရန်ပြုဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ပြီးတော့ မင်းရဲ့ မီးလျှံက ငါ့ကို ပြာကျသွားအောင် အလွယ်တကူ လောင်မြိုက်နိုင်စွမ်း ရှိတာပဲ"
"ငါ့ရဲ့ အကဲဖြတ်ချက် မှန်ကန်ခဲ့ပုံရပါတယ်။ မင်းက သာမန်လူတစ်ယောက် မဟုတ်ဘူးပဲ"
ကျွန်တော့်ရဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ထွက်ပေါ်လာပြီး -
"အဘိုးကလည်း သာမန်သရဲတစ်ကောင် မဟုတ်ပါဘူး"
"ကျွန်တော် နည်းနည်းတော့ စိတ်ဝင်စားမိတယ်။ အဘိုးက ဘာဖြစ်လို့ မိမိရဲ့ မြေးအရင်းကိုမှ ဒုက္ခပေးရတာလဲ"
အဘိုးအိုရဲ့ မျက်နှာအမူအရာက ရုတ်တရက် ပုံပျက်ပန်းပျက် ဖြစ်သွားပြီး နာကျည်းမုန်းတီးမှုတွေနဲ့ ပြည့်နှက်သွားသည်။ သူက သွားတွေကို ကြိတ်ပြီး -
"အဲ့ဒါ ငါ့မြေး မဟုတ်ဘူး"
"အဲ့ဒါက အဲ့ဒီ အမျိုးသမီးယုတ်ရဲ့ လင်ငယ်နဲ့ ရလာတဲ့ ကလေးပဲ"
"ငါ့ရဲ့ ပထမဆုံး မြေးဦးလေးက အဲ့ဒီ အမျိုးသမီးယုတ်ရဲ့ ရက်စက်စွာ နှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ရတာ။ ပြီးတော့ ဒီဒုတိယမြေးက ငါတို့မိသားစုရဲ့ သွေးသား လုံးဝမတော်စပ်ဘူး"
"အဲ့ဒီ အမျိုးသမီးယုတ်က အဲ့ဒီတုန်းက တိတ်တဆိတ် ဖောက်ပြန်ခဲ့တာ။ ပထမဆုံး ကလေးကိုလည်း သူမနဲ့ သူမရဲ့ လင်ငယ်ကောင်တို့က တမင်သက်သက် စွန့်ပစ်ခဲ့ကြတာ။ သူတို့က အသက်တစ်နှစ်တောင် မပြည့်သေးတဲ့ ကလေးကို အပြင်မှာ အအေးမိပြီး သေအောင် ပစ်ထားခဲ့ကြတာကို... ကလေးကို သူခိုး ခိုးသွားပါတယ်လို့ ပါးစပ်က ဘုရား ဘုရားနဲ့ လိမ်ညာခဲ့ကြတယ်။ ဒါတင်မကသေးဘူး၊ သူမရဲ့ ဖောက်ပြန်မှုက ဆယ်စုနှစ်ချင် ကြာမြင့်ခဲ့ပြီး ငါ့သားကို ဆယ်စုနှစ်နဲ့ချီပြီး ဂျိုပေါက်အောင် လုပ်ခဲ့တာ"
"လွန်ခဲ့တဲ့ ရက်ပိုင်းကတင် ငါ သူတို့ ဖောက်ပြန်နေတာကို သိခဲ့ရတယ်။ သူတို့က အရှက်မရှိတဲ့အပြင် အားလုံးကို ဖွင့်ချပြီး ပြောခဲ့ကြသေးတယ်။ ငါလည်း သူတို့နှစ်ယောက်ကြောင့် ဒေါသအိုးပေါက်ပြီး သေခဲ့ရတာ"
ကျွန်တော့်ရဲ့ တုံ့ပြန်မှုက သာမန်ထက် ထူးဆန်းနေသည်။ ‘ဒါက မိသားစု ဒရမ်မာဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားတာလား။’
‘မြေးအရင်းနဲ့ လင်ငယ်ရတဲ့ကလေး။ ပထမဆုံး ကလေးက စွန့်ပစ်ခံခဲ့ရတယ်။
တစ်နည်းအားဖြင့် ပြောရရင် စောစောက ကောင်လေးက မြို့ပိုင်မင်းရဲ့ သွေးသားရင်း မဟုတ်ဘဲ မြို့ပိုင်မင်းရဲ့ ဇနီးက တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ပြီး ရလာတဲ့ ကလေးပေါ့။’
‘ပြီးတော့ ဝိညာဉ်မီးလျှံကြောင့် လန့်ပြေးသွားတဲ့... အဘိုးအိုရဲ့ ရင်ခွင်ထဲက ကလေးငယ် ဝိညာဉ်ဆိုးကမှ မြို့ပိုင်မင်းရဲ့ သွေးသားရင်းပေါ့။’
အဘိုးအိုရဲ့ ရင်ခွင်ထဲက ကလေးငယ်က ငိုကြွေးသံတွေ ထွက်ပေါ်နေပြီး တစ်ကိုယ်လုံး ညစ်ပတ်ပေကျံနေကာ သနားစရာလည်းကောင်းသလို ဆင်းရဲဒုက္ခရောက်နေပုံလည်း ရသည်။ သူ့ရဲ့ မျက်နှာလေးက မြို့ပိုင်မင်းရဲ့ ဇနီးဘက်ကို အမြဲတစေ လှည့်နေပြီး မဖွံ့ဖြိုးသေးတဲ့ လက်ချောင်းလေးတွေနဲ့ အဲ့ဒီအမျိုးသမီးဆီကို အကြိမ်ကြိမ် လှမ်းကမ်းနေရှာသည်။
‘ဝိုး... ဒါက တကယ့်ကို စိတ်ကူးထဲထည့်ဖို့တောင် ခက်ခဲပြီး အံ့ဩစရာကောင်းတဲ့ ကိစ္စပဲ။ အကယ်၍ ဒါက အမှန်တရားဆိုရင်တော့ မြို့ပိုင်မင်းရဲ့ ခေါင်းပေါ်က ဂျိုက အတော်လေး အမြစ်တွယ်နေခဲ့ပြီပေါ့။ မြို့ပိုင်မင်းကတော့ အခုထိ ဘာမှမသိဘဲ အမှောင်ချခံထားရတုန်းပဲ။’ သူက တကယ်ပဲ သနားစရာကောင်းလှသည်။
ကျွန်တော် အဘိုးအိုကို အကဲခတ်လိုက်ပြီး -
"ဒါဆို အဘိုးက ကလဲ့စားချေချင်တာပေါ့"
အဘိုးအိုက ခေါင်းခါပြပြီး သူ့ရင်ခွင်ထဲက ကလေးငယ်ကို ရှုပ်ထွေးတဲ့ မျက်ဝန်းတွေနဲ့ ငုံ့ကြည့်ကာ -
"ငါက ဘာပဲဖြစ်ဖြစ် သေခါနီး အဘိုးကြီးတစ်ယောက်ပဲဥစ္စာ။ နည်းနည်း စောသေတာ နောက်ကျသေတာ ဘာထူးမှာလဲ"
"ငါက ငါ့သားနဲ့ ငါ့မြေးကိုပဲ သနားမိတာ။ မျိုးဆက်နှစ်ခုလုံး အဲ့ဒီ အမျိုးသမီးယုတ်ရဲ့ နှိပ်စက်မှုကို ခံခဲ့ရတာ"
"ဒီလို ချွေးမမျိုးနဲ့ တွေ့ရတာက ငါတို့ရဲ့ မျက်စိမွဲခဲ့လို့ပဲ ဆိုပါတော့။ ငါ့ရဲ့ အချိန်ကလည်း ကုန်ဆုံးလုနီးပြီမို့ ဒီလောကကြီးမှာ ဆက်ပြီး မနေနိုင်တော့ဘူး"
"ဒါပေမဲ့ ဒီကလေးက သနားစရာကောင်းလွန်းတယ်။ သူ့ရဲ့ မိခင်အရင်းက သူ့ကို မြောင်းထဲ ပစ်ချတုန်းက သူက ဒီလောက်လေးပဲ ရှိသေးတာ။ သားရဲတွေ ကိုက်စားတာ မခံရပေမဲ့ အအေးမိပြီး သေသွားခဲ့ရရှာတယ်။ သူ့ရဲ့ ရုပ်အလောင်းက အဲ့ဒီမြောင်းထဲက အမှိုက်တွေအောက်မှာ တဖြည်းဖြည်း မြုပ်နှံခံထားရတာ။ ငါ ဘယ်သူ့ကိုမှ ဒုက္ခပေးဖို့ မတွေးခဲ့ပါဘူး၊ ဒီကလေးကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးချင်ရုံတင်ပါ"
ကျွန်တော် အဘိုးအိုရဲ့ ရည်ရွယ်ချက်ကို အနည်းငယ် သဘောပေါက်သွားပုံရသည် -
"အဘိုးက သားဖြစ်သူရဲ့ အိမ်မှာ ပြဿနာရှာပြီး ကလေးငယ် ဝိညာဉ်ဆိုးကို အဲ့ဒီကောင်လေးဆီ တွယ်ကပ်ခိုင်းတာက... ကျွန်တော်တို့လို အတတ်ပညာရှင်တစ်ယောက်ယောက်နဲ့ ဆုံတွေ့ပြီး မြေးဖြစ်သူရဲ့ ရုပ်အလောင်းကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးဖို့ အကူအညီတောင်းချင်လို့ပေါ့ ဟုတ်လား"
သူ့ရဲ့ လျှို့ဝှက်ချက်ကို ကျွန်တော့်စကားတွေက ဖွင့်ချလိုက်သလို ဖြစ်သွားတာကြောင့် အဘိုးအိုက စိတ်လှုပ်ရှားသွားပြီး -
"ဘယ်လောက်ပဲ အမှားတွေ ရှိခဲ့ရှိခဲ့၊ ဒါက မွေးကင်းစ ကလေးရဲ့ အပြစ်မှ မဟုတ်တာ"
"ဆရာကြီးကို တောင်းပန်ပါတယ်၊ ကလေးကို အခွင့်အရေးတစ်ခု ပေးပါဦး။ သူ့ကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးပါ... သူ့ရဲ့ ဇာတိမြေကို ပြန်ခွင့်ပေးပါ..."
ကျွန်တော့်လက်ချောင်းတွေပေါ်က နက်မှောင်တဲ့ အစိမ်းရောင် မီးလျှံက ရုတ်တရက် ကွယ်ပျောက်သွားသည်။ ခဏလောက် တွေးတောပြီးနောက် ကျွန်တော် ပြောလိုက်သည် -
"ကျွန်တော် နားလည်ပါပြီ"
"ဒါပေမဲ့ အဘိုး သိထားရမှာက... ပထမဆုံးအနေနဲ့ ကျွန်တော့်မှာ အဘိုးအပေါ် သံသယတွေ ရှိနေသေးတယ်။ ကျွန်တော် ဘယ်သရဲကိုမှ မယုံကြည်ဘူး"
"ဒုတိယအနေနဲ့ အဘိုးပြောတဲ့ စကားတွေကို ကျွန်တော် တစ်ဝက်ပဲ ယုံကြည်တယ်။ ဒါပေမဲ့ ကျွန်တော် လုပ်ကြည့်ပေးပါ့မယ်။ ကလေးကို ရှာတွေ့မတွေ့ ဆိုတာကတော့ ကံတရားအပေါ်မှာပဲ မူတည်လိမ့်မယ်။ ကျွန်တော် တတ်နိုင်တာက ဒီလောက်ပါပဲ"
"ကျွန်တော်ကလည်း လမ်းကြုံဖြတ်သန်းသွားတဲ့ ခရီးသည်တစ်ယောက်မျှသာပါ၊ မိမိကိုယ်ကိုတောင် မကယ်တင်နိုင်တဲ့ ခရီးသည်တစ်ဦးပေါ့..."
"အကယ်၍ အဘိုးက ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင်တော့ ကျွန်တော် ခဏနေ ထွက်သွားတဲ့အခါ လမ်းမှာ အဲ့ဒီရုပ်အလောင်းကို တူးဖော်ပေးပါ့မယ်"
အဘိုးအိုရဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေ ချက်ချင်း စီးကျလာပါတော့သည်။ သူက ကလေးငယ်ကို ပွေ့ဖက်ထားလျက်အတိုင်း ဒူးထောက်ပြီး မြေပြင်ပေါ် ဦးခိုက်ကန်တော့ရှာသည်။
ကျွန်တော် သူ့ကို ထူပေးချင်ပေမဲ့ ကမ်းပေးလိုက်တဲ့ လက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပါတော့သည်။