အခန်း (၆၁) ကြက်ကလေးကို အသက်ချမ်းသာပေးပါ
ဆရာကြီးခိုက အဲ့ဒီပစ္စည်းနှစ်ခုကို ညနေပိုင်းမတိုင်ခင် အရောက်ရှာပေးမယ်လို့ ချက်ချင်းပဲ ကတိပေးခဲ့သည်။
ဒီအတွက် ကျွန်တော့်မှာ ကျေးဇူးတင်စကား ပြောရုံကလွဲလို့ တခြားမရှိပါဘူး။ ကျွန်တော့်မျက်နှာကို ထောက်ထားလို့ထင်ပါရဲ့ ဆရာကြီးခိုက အဲ့ဒီပစ္စည်းနှစ်ခုအတွက် ငွေသောင်းဂဏန်းလောက်ပဲ တောင်းခဲ့သည်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ အဲ့ဒီပစ္စည်းနှစ်ခုရဲ့ တန်ဖိုးက ဘယ်လောက်ရှိမလဲဆိုတာ မှန်းဆကြည့်ရုံနဲ့တင် သိနိုင်သည်။ တစ်ခုက နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ခေါင်းတလားသံမှိုဖြစ်ပြီး နောက်တစ်ခုကတော့ သက်တမ်းသုံးရာကျော်နေပြီဖြစ်တဲ့ ကြောင်မျက်လုံးကျောက် ဖြစ်သည်။ ကျွန်တော့်ခန့်မှန်းခြေအရဆိုရင် အဲ့ဒါတွေက ငွေသိန်းဂဏန်းမက တန်ကြေးရှိလိမ့်မည်။
ဆရာကြီးခိုဆီမှာ ခေတ္တခဏလောက် သောင်တင်နေပြီးတဲ့နောက် တခြားလိုအပ်တဲ့ ပစ္စည်းတွေကို လိုက်ရှာဖို့ ထွက်လာခဲ့သည်။ စက္ကူရုပ်ရှာဖို့ကတော့ လွယ်ကူပါသည်။ စက္ကူရုပ်လုပ်တဲ့ဆိုင်တစ်ဆိုင်ကို ရှာပြီး စက္ကူရုပ်အသေးလေးတစ်ရုပ် မှာလိုက်ရုံပါပဲ။ နောက်ထပ်လိုတဲ့ ပစ္စည်းတစ်ခုကတော့ သက်တမ်းလေးနှစ်ရှိတဲ့ ကြက်ဖတစ်ကောင် ဖြစ်သည်။
လေးနှစ်သား ကြက်ဖဆိုတာမျိုးက ဈေးထဲမှာ ပုံမှန်ရောင်းလေ့မရှိတာကြောင့် အိမ်တွေမှာ ကိုယ်တိုင်မွေးထားတဲ့ ကြက်တွေထဲမှာပဲ ရှိနိုင်မယ်လို့ တွေးမိသည်။ ဒါကြောင့် စက်ဘီးတစ်စီးရှာပြီး နင်းသွားရင်း လမ်းတစ်လျှောက် လိုက်လံစုံစမ်းရပါတော့သည်။ လမ်းမှာ ကြက်တွန်သံကြားရင် စက်ဘီးကို ချက်ချင်းရပ်ပြီး လိုက်ကြည့်ရသလို အိမ်တံခါးတွေကို ခေါက်ပြီးတော့လည်း မေးမြန်းရသည်။ ‘သက်တမ်းရင့်တဲ့ ကြက်ဖအချို့ ရှိပေမဲ့ သက်တမ်းအတိအကျ လေးနှစ်ရှိတဲ့ ကြက်ဖကို တွေ့ဖို့ကတော့ အဲ့ဒီလောက် တိုက်ဆိုင်မနေခဲ့ပါဘူး’။
မနက်ခင်းတစ်ခုလုံး စက်ဘီးပတ်စီးရင်း အိမ်ခြေ ဒါဇင်ပေါင်းများစွာကို လိုက်မေးခဲ့ပေမဲ့ မတွေ့ခဲ့ဘူး။ ဒါကြောင့် တာချန်းမြို့ရဲ့ ဆင်ခြေဖုံးက ဝေးလံတဲ့ မြို့နယ်လေးတွေဘက်ကို အာရုံပြောင်းပြီး ရှာဖွေရပါတော့သည်။ ဘယ်သူ့မှာ ကြက်ဖရှိလဲ၊ ဘယ်သူ့မှာ လေးနှစ်သား ကြက်ဖရှိလဲလို့ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်မေးရင်းနဲ့ နောက်ဆုံးတော့ အဘွားအိုတစ်ယောက်ရဲ့ အိမ်မှာ တကယ်ပဲ ရှာတွေ့ခဲ့သည်။
ကျွန်တော် တံခါးကို ယဉ်ယဉ်ကျေးကျေး ခေါက်လိုက်သည်။ တံခါးလာဖွင့်ပေးတဲ့သူက မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး အဲ့ဒီအဘွားရဲ့ မြေးမလေး ဒါမှမဟုတ် ဆွေမျိုးတော်စပ်သူ တစ်ယောက် ဖြစ်ပုံရသည်။ ကျွန်တော်က ကြက်ဖလာရှာတာလို့ ပြောလိုက်တဲ့အခါ သူမက အတော်လေး အံ့အားသင့်သွားပြီး -
"ဟယ်... ဒီနေ့တော့ ထူးဆန်းလိုက်တာ။ ဘာလို့ လူတွေအများကြီးက ကြက်ဖတွေပဲ လိုက်ရှာနေကြတာလဲ မသိဘူး"
"ဒါပေမဲ့ မောင်လေးရယ်... နင်က တစ်လှမ်းနောက်ကျသွားပြီ။ အဲ့ဒီကြက်ဖကို မကြာခင်ကတင် မြို့ပိုင်မင်းအိမ်က လူတွေ လာဝယ်သွားကြပြီ။ မကောင်းဆိုးဝါး မောင်းထုတ်ဖို့ သုံးမလို့တဲ့"
"မကောင်းဆိုးဝါး မောင်းထုတ်ဖို့ ဟုတ်လား။ ဒုက္ခပါပဲ" ကျွန်တော်လည်း အများကြီး တွေးတောနေဖို့ အချိန်မရတော့တာကြောင့် မြို့ပိုင်မင်းအိမ်ရဲ့ တည်နေရာကို မေးမြန်းပြီး သူတို့နောက်ကို အပြေးအလွှား လိုက်ခဲ့ရတော့သည်။
သူတို့က အဲ့ဒီကြက်ဖအိုကြီးကို မကောင်းဆိုးဝါး နှင်ထုတ်တဲ့နေရာမှာ သုံးဖို့ ကြံရွယ်နေကြခြင်းသာဖြစ်သည်။ ‘ကြက်ကို သတ်တာကလွဲလို့ မကောင်းဆိုးဝါး နှင်ထုတ်တဲ့ နေရာမှာ တခြားဘာအတွက် သုံးဦးမှာလဲ။ အကယ်၍ သူတို့က အဲ့ဒီကြက်ကို သတ်လိုက်ရင် နောက်ထပ် လေးနှစ်သား ကြက်ဖတစ်ကောင်ကို ထပ်တွေ့ဖို့ ကျွန်တော် မသေချာတော့ဘူး။’
ကျွန်တော် မြို့ပိုင်မင်းရဲ့ အိမ်ဆီကို အမြန်ဆုံး အပြေးအလွှား သွားခဲ့သည်။ မြို့ပိုင်မင်းအိမ်မှာ နာရေးတစ်ခု ခုလေးတင် ပြီးစီးထားပုံရပြီး အိမ်အနှံ့မှာ ဖြူဖွေးတဲ့ သာဓုဝတ်စုံ အဝတ်စတွေကို ချိတ်ဆွဲထားသည်။ အိမ်အဝင်ဝမှာ လူအုပ်ကြီးက စုရုံးနေကြပေမဲ့ ဘယ်သူမှ အတွင်းထဲကို မဝင်ရဲသလိုမျိုးဖြစ်နေကြသည်။
ကျွန်တော်လည်း လူအုပ်ကြားထဲကနေ အတော်လေး အားစိုက်ပြီး တိုးဝှေ့ဝင်ရောက်ခဲ့ရသည်။ ခြံဝင်းထဲမှာ အ၀ါရောင် တာအိုဝတ်စုံ ဝတ်ဆင်ထားပြီး ကျောမှာ မက်မွန်သစ်သားဓားကို လွယ်ထားတဲ့ လူတစ်ယောက် ဟိုဟိုဒီဒီ လျှောက်လှမ်းနေတာကို မြင်လိုက်ရသည်။ အဲ့ဒီတာအိုဆရာက နှုတ်ခမ်းမွှေး စိစိနဲ့ ဖြစ်ပြီး ပါးစပ်ကလည်း ဆန်းကြယ်ပြီး နားလည်ရခက်တဲ့ ဂါထာမန္တရားတွေကို တတွတ်တွတ် ရွတ်ဖတ်နေသည်။
ကျွန်တော့်အာရုံကို အဖမ်းစားနိုင်ဆုံးကတော့ အဲ့ဒီတာအိုဆရာရဲ့ ခြေရင်းမှာ အတောင်ပံနှစ်ဖက်လုံး အချည်ခံထားရတဲ့ ကြက်ဖကြီးပါပဲ။ လေးနှစ်သား ကြက်ဖကြီးပဲ ဖြစ်သည်။ ကြက်ဖကို ရှာတွေ့ပြီဆိုပြီး ဝမ်းသာသွားမိတဲ့ အချိန်မှာပဲ ဟိုဘက်က တာအိုဆရာက သားသတ်ဓားတစ်ချောင်းကို ကောက်ကိုင်ပြီး ကြက်ရဲ့လည်ပင်းကို လှီးဖို့ ပြင်ဆင်လိုက်သည်။
"ကျွန်တော့်ကြက်ကလေး။ အဲ့ဒီကြက်ကို အသက်ချမ်းသာပေးပါဦး" ကျွန်တော် စိုးရိမ်တကြီးနဲ့ ခြံဝင်းထဲကို ပြေးဝင်သွားမိသည်။
ခြံဝင်းထဲမှာတော့ အရပ်မြင့်မြင့် လူကြီးအချို့နဲ့ အမျိုးသမီးအချို့ အပါအဝင် လူတစ်ဒါဇင်ကျော်လောက် ရှိနေသည်။ ဓားကို ကိုင်ထားတဲ့ တာအိုဆရာက ကျွန်တော့်ကို မကျေမနပ် ကြည့်ရင်း -
"မင်းက ဘာလာလုပ်တာလဲ" တဲ့။
ကျွန်တော် မျက်လုံးအဝိုင်းသားနဲ့ပဲ လိမ်ညာလှည့်ပတ်ပြီး -
"ကျွန်တော်က ဖူလုံတောင်ရဲ့ တပည့်တစ်ယောက်ပါ။ ဆရာကြီးက အဲ့ဒီကြက်ဖကို သတ်တော့မလို့ မြင်လို့ စိုးရိမ်စိတ်နဲ့ ပြေးဝင်လာမိတာပါ။ ဒီကြက်ကို လုံးဝ မသတ်ပါနဲ့" လို့ ပြောလိုက်သည်။
တာအိုဆရာက သားသတ်ဓားကို စားပွဲပေါ် ဘုန်းခနဲ မြည်အောင် ဆောင့်ချလိုက်ပြီး -
"ဘာဖူလုံတောင်လဲ။ ဘယ်က ရောက်လာတဲ့ ကလေးကများ ငါ မကောင်းဆိုးဝါး မောင်းထုတ်နေတာကို လာပြီး အချိန်ဖြုန်းအောင် လုပ်နေတာလဲ။ ဖယ်စမ်း၊ ထွက်သွား"
အဲ့ဒီလိုပြောပြီးနောက် သူက ကျွန်တော့်ကို ဂရုမစိုက်တော့ဘဲ မက်မွန်သားဓားကို ကိုင်ကာ သူ့ရဲ့ အစီအရင်တွေကို ဆက်လုပ်ဖို့ လှည့်သွားသည်။ ‘မြို့ပိုင်မင်းအိမ်က လူတွေကလည်း ကျွန်တော့်ကို မလိုလားတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြပေမဲ့ သူတို့ရဲ့ အာရုံတွေက တာအိုဆရာဆီမှာပဲ ရှိနေတာကြောင့် ကျွန်တော့်ကို သိပ်ပြီး အရေးမလုပ်အားကြပါဘူး။’
အဲ့ဒီအချိန်မှာ ကျွန်တော့်ရဲ့ လက်မောင်းကို တစ်စုံတစ်ယောက်က လာဆွဲတာကြောင့် လှည့်ကြည့်လိုက်တဲ့အခါ ကတုံးတုံးထားပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ နှာခေါင်းကွေးကွေးနဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ အဘိုးအိုက ကျွန်တော့်ကို ဘေးဘက်ကို ဆွဲခေါ်သွားပြီး တိုးတိုးလေး ပြောရှာသည်။ -
"အဲ့ဒီတာအိုဆရာက မော်ရှန်တောင်က လာတဲ့ ပညာရှင်ကြီးကွ။ မကောင်းဆိုးဝါး မောင်းထုတ်ဖို့ မြို့ပိုင်မင်းက အထူးပင့်ဖိတ်ထားတာ။ မင်း ဆက်ပြီး ပြဿနာရှာနေရင် သူတို့ မင်းကို နှင်ထုတ်ကြလိမ့်မယ်"
ကျွန်တော် ခဏလောက် ကြောင်အသွားပြီး ပြန်မေးလိုက်သည်။ -
"မကောင်းဆိုးဝါး မောင်းထုတ်ဖို့ ဟုတ်လား။ မြို့ပိုင်မင်းအိမ်မှာ ဘာဖြစ်လို့လဲ အဘိုး"
ကတုံးနဲ့ အဘိုးအိုက -
"သူ့သားလေ။ အသက် ခုနှစ် နှစ်ကျော်ပြီ၊ တစ်ဦးတည်းသောသားပေါ့။ မြို့ပိုင်မင်းရဲ့ အဖေ ဆုံးပါးသွားကတည်းက အဲ့ဒီသားက ရူးသွားတာ။ တစ်နေ့လုံး လူအ လူနုံလို ဖြစ်နေပြီး စကားတစ်ခွန်းမှလည်း မပြောဘူး။ မိလ္လာကိစ္စတောင် ကိုယ်တိုင် မရှင်းနိုင်တော့ဘူး။ ဒါကြောင့် မြို့ပိုင်မင်းက တာအိုဆရာကို အထူးပင့်ထားရတာပေါ့"
ကျွန်တော် ခေါင်းညိတ်လိုက်ပြီး -
"ဒါနဲ့... မြို့ပိုင်မင်းရဲ့ သားက ဘယ်မှာလဲဟင်" လို့ မေးလိုက်သည်။
အဘိုးအိုက လမ်းကြောင်းတစ်ခုဆီသို့ လက်ညိုးညွှန်ပြသည်။
ကျွန်တော် အဲ့ဒီဘက်ကို တိတ်တဆိတ် ချဉ်းကပ်သွားပြီး အဝေးကနေ လှမ်းကြည့်လိုက်တဲ့အခါ အခန်းထဲက ကုလားထိုင်တစ်ခုမှာ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်လောက် ရှိမယ့် ကလေးတစ်ယောက်ကို တုပ်နှောင်ထားတာကို မြင်လိုက်ရသည်။ ကျွန်တော် အနည်းငယ် အံ့အားသင့်သွားမိသည်။ ‘အခြေအနေက အဲ့ဒီလိုဆိုရင်တော့ ကြက်ဖကို ပြန်ရဖို့ မဖြစ်နိုင်တာမျိုး မဟုတ်တော့ပါဘူး။’
ဒီအချိန်မှာတော့ နှုတ်ခမ်းမွှေးနဲ့ တာအိုဆရာက ကြက်ဖကို သားသတ်ဓားနဲ့ ထပ်ပြီး ခုတ်ဖို့ ပြင်နေပြန်ပါပြီ။
ကျွန်တော် အကျယ်ကြီး အော်လိုက်သည်။ -
"ရပ်လိုက်ဦး"
နှုတ်ခမ်းမွှေး တာအိုဆရာက လန့်ဖျပ်သွားပြီး လှည့်ကြည့်ကာ ဒေါသတကြီး ဆဲဆိုပါတော့သည်။ -
"ဘယ်သူလဲကွ။ ဘာတွေ အော်ဟစ်နေတာလဲ"
ကျွန်တော် ရှေ့ကို တက်လှမ်းလိုက်ပြီး တာအိုဆရာကို ပြောလိုက်သည်။ -
"တာအိုဆရာကြီးက မော်ရှန်တောင်က လာတဲ့ ပညာရှင်တစ်ဦးဆိုတာ ကြားသိရတယ် ဒီကြက်ကလေးရဲ့ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ချင်ပါတယ်။ အစားထိုးတဲ့အနေနဲ့ ကျွန်တော် ဒီကြက်ရဲ့ နေရာမှာဝင်ပြီး မြို့ပိုင်မင်းရဲ့ သားကို မကောင်းဆိုးဝါး မောင်းထုတ်ပေးပါရစေ"
"မင်းကလား" နှုတ်ခမ်းမွှေးနဲ့ လူက ကမ္ဘာပေါ်မှာ အရင်ဆုံးရစရာ အကောင်းဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသလိုမျိုး ကြည့်ပြီး ကြက်ဖအိုကြီးကို ပစ်ချကာ ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်လာသည်။ -
"မင်းက ငါနဲ့ ပြိုင်ချင်တာပေါ့ ဟုတ်လား"
"အဲ့ဒီကြက်ကို မနာကျင်စေသရွေ့တော့ ပြိုင်ပွဲက အဆင်ပြေပါတယ်"
နှုတ်ခမ်းမွှေးနဲ့ လူက တဟားဟား ရယ်မောလိုက်ပြီး -
"ကောင်းပြီ"
"ဒီနေ့တော့ တာအိုဆရာဖြစ်တဲ့ ငါက စောင့်ကြည့်ရသေးတာပေါ့။ မင်း ကြက်သွေးကို မသုံးဘဲ ဘယ်လိုမျိုး မကောင်းဆိုးဝါး မောင်းထုတ်မလဲဆိုတာ ကြည့်ချင်စမ်းပါဘိ။ မင်းတို့အားလုံး စိုးရိမ်မနေကြနဲ့၊ သူ့ကို စမ်းခွင့်ပြုလိုက်ပါ။ ငါ့ရဲ့ ဂုဏ်သိက္ခာကို လာပြီး စိန်ခေါ်နေတာကို တာအိုဆရာတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် ငြိမ်ခံနေလို့ ရမှာလဲ" လို့ ကျွန်တော့်ကို မောင်းထုတ်ဖို့ ပြင်နေတဲ့ လူအချို့ကို လှမ်းအော်ပြောလိုက်သည်။
"မြို့ပိုင်မင်းအိမ်က လူတွေ... ခင်ဗျားတို့ရဲ့ ကလေးကို အပြင်ကို ခေါ်ထုတ်ခဲ့ကြပါ"
"အော်... ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ" ရုပ်ရည်အသင့်အတင့်ရှိတဲ့ မိန်းမပျိုလေးတစ်ယောက်က အခန်းထဲကို သုတ်ခြေတင် ပြေးဝင်သွားသည်။
ဘေးပတ်ပတ်လည်က လူအုပ်ကြီးကလည်း ဒီအကြောင်းကို တီးတိုး ဝေဖန်နေကြသည်။ ဒါပေမဲ့ ‘သဘာဝကျကျပဲ ဘယ်သူမှ ကျွန်တော့်ကို အထင်မကြီးကြသလို၊ ကျွန်တော့်မှာ အဲ့ဒီလို စွမ်းရည်မျိုး ရှိလိမ့်မယ်လို့လည်း မယုံကြည်ကြပါဘူး။’
နှုတ်ခမ်းမွှေး တာအိုဆရာက ကျွန်တော့်အနားကို အေးအေးလူလူ လျှောက်လာပြီး -
"အဲ့ဒီကလေးရဲ့ ကိုယ်တွင်း အဖိုဓာတ်က အားနည်းနေပြီး အမဓာတ်က လွှမ်းမိုးနေတာ။ အမဓာတ်တွေ ထွန်းကားပြီး အဖိုဓာတ်တွေ ဆုတ်ယုတ်နေချိန်မှာ ကြက်သွေးက အလွယ်ကူဆုံး နည်းလမ်းပဲ။ ဒီလေးနှစ်သား ကြက်ဖရဲ့ သွေးက အာနိသင် အရှိဆုံးပဲ။ ဒီနေရာမှာ သုံးဖို့က နည်းနည်း အလဟဿ ဖြစ်စေတယ်ဆိုပေမဲ့ မင်းက ကြက်သွေးကို မသုံးဘူးဆိုတော့ မင်း ဘာလုပ်မလဲဆိုတာ ငါ တကယ်ပဲ စိတ်ဝင်စားမိတယ်။ အကယ်၍ မင်းသာ မတတ်နိုင်ခဲ့ရင်တော့ ငါ့ကို လာမကျိန်ဆဲနဲ့၊ မင်းကို ဒီကနေ ပုတ်သင်ညိုလို တွားသွားပြီး ထွက်သွားခိုင်းရလိမ့်မယ်"
ကျွန်တော်ကတော့ နှိမ့်ချစွာပဲ ပြုံးလိုက်ပြီး -
"ကျွန်တော် ကိုယ်တိုင် ရှေ့ထွက်လာခဲ့တာ ဖြစ်တဲ့အတွက် တာအိုဆရာကြီးကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး" လို့ ပြောလိုက်သည်။
မြို့ပိုင်မင်းရဲ့ သားကို အမျိုးသမီးက ကုလားထိုင်မှာ တုပ်နှောင်ထားလျက်အတိုင်း အပြင်ကို ထုတ်လာခဲ့သည်။ ကလေးရဲ့ မျက်ဝန်းတွေက အသက်မဲ့နေပြီး ခန္ဓာကိုယ်ကလည်း ဟိုဘက်ဒီဘက်ကို အငြိမ်မနေ လှုပ်ရှားနေသည်။
ကျွန်တော် အင်းကျီလက်တွေကို ပင့်တင်လိုက်ပြီး ရှေ့ကို တိုးသွားကာ ကလေးရဲ့ ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ‘အကယ်၍ တခြားကိစ္စရပ်တွေသာဆိုရင် ကျွန်တော် ဘာလုပ်ရမှန်း သိချင်မှ သိပါလိမ့်မယ်။’ ဒါပေမဲ့ ဒီကောင်လေးကို မြင်လိုက်ရပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ပြဿနာကို ကျွန်တော် ဖြေရှင်းပေးနိုင်ပြီဆိုတာ သဘောပေါက်သွားသည်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့ မျက်လုံးထဲမှာတော့ အဲ့ဒီ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးရဲ့ ဦးခေါင်းပေါ်မှာ တွယ်ကပ်နေတဲ့ အသက်တစ်နှစ်ခွဲခန့်ရှိမယ့် ကလေးငယ်တစ်ယောက်ရဲ့ ဝိညာဉ်ကို မြင်နေရလို့ပဲ။ အဲ့ဒီကလေးငယ်ရဲ့ ဝိညာဉ်က မျက်လုံးတွေကို မှိတ်ထားပြီး တစ်ကိုယ်လုံးလည်း အညစ်အကြေးတွေ ပေကျံနေကာ ခုတင်တင် မွေးဖွားပြီးစ ကလေးငယ်တစ်ယောက်လို ဖြစ်နေပြီး သေဆုံးသွားတဲ့ ကလေးသူငယ် ဝိညာဉ်ဆိုးတစ်ခုနဲ့ တူလှသည်။
‘ဦးခေါင်းပေါ်မှာ သေဆုံးသွားတဲ့ ကလေးသူဉ် ဝိညာဉ်ဆိုးတစ်ခု တွယ်ကပ်နေတာကြောင့် ဒီကလေးက ပုံမှန်အတိုင်း လန်းလန်းဆန်းဆန်း ရှိနေရင်မှ ထူးဆန်းနေဦးမှာပါ။’
အကြောင်းရင်းကို ရှာတွေ့ပြီဖြစ်တဲ့အတွက် ကိုင်တွယ်ရတာ လွယ်ကူသွားလေသည်။
ကျွန်တော့်ရဲ့ လက်ညှိုးနဲ့ လက်ခလယ်မှာ ဝိညာဉ်မီးလျှံကို တောက်လောင်စေပြီး အဲ့ဒီ ကလေးသူငယ် ဝိညာဉ်ဆိုးဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်သည်။ ကောင်လေးက တစ်စုံတစ်ခုကို ကြောက်ရွံ့နေသလိုမျိုး ရုတ်တရက် ပြင်းပြင်းထန်ထန် ရုန်းကန်လာသည်။ ဒါပေမဲ့ ကြိုးတွေက သူ့ကို တင်းတင်းကျပ်ကျပ် တုပ်နှောင်ထားတာကြောင့် သူ မပြေးနိုင်ဖြစ်နေသည်။
ကလေးသူငယ် ဝိညာဉ်ဆိုးကလည်း ရိပ်မိသွားပုံရပြီး မျက်လုံးတွေကို ပြူးကျယ်စွာ ဖွင့်လိုက်ကာ စူးရှစွာ အော်ဟစ်ငိုကြွေးပါတော့သည်။ ဝိညာဉ်မီးလျှံ သူ့အနားကို မချဉ်းကပ်နိုင်ခင်မှာတင် သူက အောက်ကို ခုန်ချလိုက်သည်။
အဲ့ဒီကလေးငယ် ဝိညာဉ်ဆိုးက မြေပြင်ပေါ်မှာ လျင်မြန်စွာ တွားသွားပြေးလွှားသွားသည်။ ပထမတော့ ကျွန်တော် သူ့ရဲ့ ပုံရိပ်ကို လိုက်လံကြည့်ရှုနိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူက လူအုပ်ကြီးထဲကို တိုးဝင်ပျောက်ကွယ်သွားပါတော့သည်။
ကျွန်တော်လည်း သူ့နောက်ကို လိုက်ဖမ်းဖို့ စိတ်ကူးကို လက်လျှော့လိုက်ပြီး မြို့ပိုင်မင်းရဲ့ သားကို လှည့်ကြည့်လိုက်သည်။ ကလေးရဲ့ မျက်နှာအသွင်အပြင်က သာမန်မျက်စိနဲ့တင် သိသိသာသာ ပြန်လည်ကောင်းမွန်လာတာကို မြင်တွေ့ရသည်။
ကျွန်တော် ဝိညာဉ်မီးလျှံ တောက်လောင်နေတဲ့ လက်ချောင်းတွေနဲ့ သူ့ကို နောက်တစ်ကြိမ် ထပ်မံ တို့ထိလိုက်သည်။ ရုတ်တရက်ဆိုသလို သရဲတစ္ဆေတွေ၊ ဝံပုလွေတွေ အော်ဟစ်သံလိုမျိုး ငိုကြွေးသံကြီးက ဟိန်းခနဲ ထွက်ပေါ်လာတော့သည်။