အခန်း ၆။ သေကံဆိုး ကြုံရလုပြီ
အစ်မဖြစ်သူ၏ စကားလုံးဝ ရပ်တန့်သွားသည်။ ကျွန်တော်လည်း ဝတ်လုံဖြူတာအိုဆရာတော်ကြီးကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ဆတ်ခနဲ မော့ကြည့်မိတော့သည်။
အမေ့မျက်နှာတစ်ခုလုံးလည်း သွေးဆုတ်ဖြူလျော်သွားခဲ့ပြီ။
ဆရာတော်ကြီးက အေးအေးလူလူပင် ဆက်ပြောလေသည် - “မင်း မွေးတုန်းက လေးနာရီထက် ပိုပြီး အသက်မရှင်နိုင်ဘူးလို့ ပြောခဲ့တာ ငါကိုယ်တိုင်ပဲ၊ ဒါပေမဲ့ မင်းက အသက်ရှင်နေခဲ့တယ်။”
“မင်းကို ပထမဆုံး မြင်မြင်ချင်းတုန်းက ငါတောင် မယုံနိုင်ခဲ့ဘူး။”
“ဒါပေမဲ့ မင်း အခုပြောတဲ့ စကားတွေကို ကြားရတော့မှ အားလုံးက သဘာဝကျသွားတော့တယ်။”
“ဝိညာဉ်ထိမ်းမြားခြင်း ကတိကဝတ်ဆိုတာ မရဏမင်းရဲ့ ဆင့်ခေါ်စာပဲ။ မင်္ဂလာမဆောင်ခင်မှာ သရဲက လူကို ကာကွယ်ပေးပြီး၊ မင်္ဂလာဆောင်ပြီးရင်တော့ သရဲက လူကို သတ်လိမ့်မယ်။”
ယခုတစ်ကြိမ်တွင်မူ ဆရာကြီးက အမေ့ကို ကြည့်လိုက်ပြီး “နင်တို့အဘိုးက လောကီပညာရပ်တွေကို နားလည်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ အသက်ဆက်ဖို့အတွက် ဝိညာဉ်ထိမ်းမြားခြင်း ကတိကဝတ်ကို သုံးရဲတယ် တကယ့်ကို သတ္တိရှိတာပဲ။”
“ကွယ်ပျောက်နေတာ ကြာပြီဖြစ်တဲ့ ဝိညာဉ်ထိမ်းမြားခြင်း ကတိကဝတ်ဆိုတဲ့ တားမြစ်ပညာရပ်က ဒီလို ဝေးလံခေါင်သီတဲ့ တောင်ကြားရွာလေးမှာ ပြန်ပေါ်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။”
“ဒီတော့ ဒီလောကမှာ ဝိညာဉ်ထိမ်းမြားခြင်း ကတိကဝတ် အခမ်းအနားကို လုပ်ဆောင်နိုင်တဲ့လူ တကယ်ရှိနေတာပဲ။”
အမေက စိုးရိမ်လွန်းသဖြင့် ချွေးစေးများ တဖြန်းဖြန်းကျရင်း “ဆရာတော်ဘုရား… သမီးသားရဲ့ သေခြင်းတရားက ဒီနေ့ညလို့ ပြောတာ ဘာကို ဆိုလိုတာလဲဘုရား” ဟု တုန်တုန်ရင်ရင် မေးရှာသည်။
သူမသည် ဝိညာဉ်ထိမ်းမြားခြင်းအကြောင်းကိုလည်း နားမလည်သလို၊ လောကီပညာရပ်များကိုလည်း ဘာမှမသိပါ။
သူမ သိသည်မှာ မိမိသား၏ အသက်အန္တရာယ်တစ်ခုတည်းသာ ဖြစ်သည်။ သေခြင်းတရားက ဒီနေ့ည ဖြစ်သည်ဟူသော စကားကို ကြားလိုက်ရသဖြင့် ကြောက်လန့်လွန်း၍ မူးလဲလုနီးပါး ဖြစ်သွားရသည်။
ဝတ်လုံဖြူဆရာတော်၏ မျက်နှာပေါ်တွင် တည်ကြည်ခန့်ညားသည့် အမူအရာတစ်ခု ပေါ်လာပြီး “သေသေချာချာ ပြောရရင်တော့ နင့်သားရဲ့ သေခြင်းတရားက မနေ့ကညကတည်းက စခဲ့တာ။”
“မျက်နှာပေါ်မှာ အမှောင်ထု ဖုံးလွှမ်းနေပြီး မျက်ခုံးကြားမှာ မကောင်းဆိုးဝါး အရှိန်အဝါတွေ စုဝေးနေတယ်၊ လောကီအသက်ဓာတ် မီးတောက်ကလည်း အားနည်းနေတယ်၊ ဒါတွေအားလုံးက သေမည့်သူရဲ့ နိမိတ်လက္ခဏာတွေပဲ။”
“မနေ့ကညက နင့်အိမ်က အဘိုးအို ဝင်ရောက်စွက်ဖက်ခဲ့လို့သာ သေခြင်းတရာက အဆုံးမသတ်နိုင်ခဲ့ဘဲ ဒီနေ့ညဆီကို ရွေ့ဆိုင်းသွားတာ။”
သူက ကျွန်တော့်ကို စိုက်ကြည့်ရင်း ဒုန်းတိပင် ပြောလိုက်သည် - “ဒီနေ့ည ၁၀ နာရီကနေ မနက် ၁ နာရီအထိက မင်းရဲ့ သေခြင်းတရားပဲ။ အဲဒီအရာက မင်းအသက်ကို လာနှုတ်လိမ့်မယ်။”
“မင်းရဲ့ တစ်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့အထိ စောင့်နေစရာ မလိုတော့ဘူး၊ မင်း အဲဒီအချိန်အထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။”
ထိုစကားကို ကြားလိုက်ရသဖြင့် အမေသည် ခေါင်းတစ်ခုလုံး မူးနောက်သွားကာ တုန်ရင်နေသည့် လက်များဖြင့် အိမ်ပြင်သို့ အပြေးအလွှား ထွက်သွားတော့သည်။
သူမသည် တိတ်ဆိတ်နေသည့် ခြံဝင်းကြီးထဲသို့ ကြည့်ကာ ဟစ်အော်ဆဲဆိုပြီး မကောင်းဆိုးဝါးများကို တော်လှန်လေတော့သည်။
မျက်ရည်များ၊ နှပ်ရည်များဖြင့် ငိုယိုဆဲဆိုရင်း မိမိသားအစား မိမိအသက်ကိုသာ လာနှုတ်ယူရန် အော်ဟစ်နေရှာသည်…
ကျွန်တော်ကတော့ ရင်ထဲတွင် နာကျင်ရုံမှတစ်ပါး ဘာမှမပြောနိုင်ပါ။ သရဲတစ္ဆေများကို အော်ဟစ်ဆဲဆိုခြင်းသည် ကျေးလက်ရိုးရာ ဓလေ့တစ်ခုသာ ဖြစ်သည်။
လူကြီးအချို့က ဤသို့ ဆဲဆိုတတ်ကြသော်လည်း တကယ် စွမ်း၊ မစွမ်းကိုမူ မည်သူမျှ မသိပါ။
ထို့ပြင် ထိုအရာက ခြံဝင်းထဲမှာ တကယ် ရှိနေလို့လား။
အော်ဟစ်ဆဲဆိုရုံဖြင့် တကယ်ပဲ ပြေးသွားမှာတဲ့လား။
ခက်ခက်ခဲခဲ ကိုယ်ဝန်ဆောင်ပြီး မွေးဖွားခဲ့ရကာ လူလားမြောက်အောင် ပြုစုပျိုးထောင်ခဲ့ရသည့် သားဖြစ်သူမှာ နောက်ဆုံးတွင် အသက်က ဆံဖျားလေးတင် ချိတ်နေရရှာသည်။
အမေ့ရင်ဘတ်ကြီးကတော့ ဒေါသနှင့် ဝမ်းနည်းမှုများကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
အခန်းထဲသို့ ပြန်ဝင်လာပြီးနောက် သူမသည် ဝတ်လုံဖြူဆရာတော်၏ ရှေ့တွင် ရုတ်တရက် ဒူးထောက်ချလိုက်တော့သည်။
“ဆရာတော်… သမီး တောင်းပန်ပါတယ်၊ သမီးသားလေးကို ကယ်ပေးပါဦ။”
“သူ့ကို ကယ်ပေးပါဦး၊ ဘိုးဘွားတွေရဲ့ အမှားကို သားသမီးတွေက မခံသင့်ပါဘူး။ ဝဋ်ကြွေးတွေကို သားမြေးတွေဆီ မရောက်ပါစေနဲ့တော့။”
ဆရာတော်ကြီးက အမေ့ကို အမြန် ထူပေးလိုက်သည်။
ဆင်းရဲသားပြည်သူတွေ ဒုက္ခရောက်နေတာကို ငါကိုယ်တိုင်လည်း ဒီအတိုင်း ကြည့်မနေနိုင်ပါဘူး။ အရင်ထပါဦး။”
အမေ နေရာတွင် ပြန်ထိုင်ပြီးမှ ဆရာတော်ကြီးက ဖြေရှင်းမည့် နည်းလမ်းကို စတင်ပြောပြသည် -
“ဒါ ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ။ ငါက ဒီကလေး မွေးတဲ့နေ့ကလည်း ရောက်ခဲ့တယ်။”
“ဒီနေ့လည်း ဒီကလေးရဲ့ သေကံဆိုးနဲ့ ထပ်ဆုံရပြန်တယ်၊ ဒါ ကောင်းကင်ဘုံရဲ့ စီမံမှုပဲ။”
“ဝိညာဉ်ထိမ်းမြားခြင်း အခမ်းအနားအကြောင်းကို ရှေးဟောင်းကျမ်းစာတွေထဲမှာ ငါ ဖတ်ဖူးပေမဲ့ ဖြေရှင်းနည်းကိုတော့ ငါမသိဘူး။ အဘိုးအို ပြောခဲ့တဲ့ ချင်းလုံဘုရားကျောင်းအကြောင်းကိုတော့ ငါ ကြားဖူးတယ်။”
“အဲဒါက စန်းမြို့ပြင်က ဝမ်မောက်တောင်ပေါ်မှာ ရှိတာ။ ငါတို့လောကက လူတွေ ပြောတာတော့ ချင်းလုံဘုရားကျောင်းက ရဟန်းတွေက တန်ခိုးအာနုဘော် ကြီးမားကြပြီး တရားဓမ္မတွေကလည်း နက်နဲလှတယ်တဲ့။”
“အဘိုးအိုက ချင်းလုံဘုရားကျောင်းကို သွားခိုင်းတယ်ဆိုရင် အဲဒီမှာ ဝိညာဉ်ထိမ်းမြားခြင်း ကတိကဝတ်ကို ဖျက်သိမ်းမယ့် နည်းလမ်း ရှိနေလို့ပဲ ဖြစ်ရမယ်။”
“ဒီနေ့ည အဲဒီအရာက ရောက်လာလိမ့်မယ်။ မင်း ချက်ချင်း အခုပဲ ထွက်သွားရမယ်။”
ကျွန်တော့်မျက်နှာ ညှိုးငယ်သွားရသည် - “ဆရာတော်… ကျွန်တော့်မှာ သေမယ့်နိမိတ်တွေ ရှိနေပြီး သေကံဆိုးနဲ့ ကြုံနေရတယ်လို့ ဆရာတော် ပြောခဲ့တယ်မလား။ ကျွန်တော် ထွက်သွားရင် သူမက ကျွန်တော့်ကို တကယ်ပဲ မသတ်တော့ဘူးလား။”
“မနေ့က မအောင်မြင်လို့ ဒီနေ့ည ထပ်လာမှာလား…”
“ဒါက လက်ထပ်ရတာနဲ့ မတူဘဲ ရန်ငြိုးကြီးတဲ့ သရဲတစ်ကောင်က အသက်လာနှုတ်တာနဲ့ ပိုတူနေတယ်။”
ဝတ်လုံဖြူဆရာတော်၏ မျက်လုံးများထဲတွင် ထက်မြက်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး “သတ္တိရှိရှိသာ သွားစမ်းပါ။ ဒီနေ့ည သူမကို ငါ ရင်ဆိုင်မယ်။”
“ဒီနေ့ည သူမကို လှည့်စားဖို့ အခမ်းအနားတစ်ခု ငါ လုပ်ထားမယ်။ မင်းကတော့ ချင်းလုံဘုရားကျောင်းကို မြန်မြန်သွား။”
“သူမ သတိပြုမိသွားချိန်မှာတော့ နောက်ကျသွားပြီ ဖြစ်လိမ့်မယ်။”
ကျွန်တော် ဆွံ့အသွားရသည် - “အခု ချက်ချင်းကြီး သွားရမှာလား။”
“အခု ချက်ချင်းပဲ။”
ဝတ်လုံဖြူဆရာတော်နှင့် အမေတို့ သဘောတူညီချက် ရရှိပြီးနောက် အမေကလည်း ဘာမှ တွန့်ဆုတ်မနေတော့ချေ။
သူမသည် ကျွန်တော့်အတွက် အဝတ်အစား အနည်းငယ်ကို အမြန်ထုတ်ပိုးပေးပြီး လက်ထဲသို့ ပိုက်ဆံအချို့ အတင်းထည့်ကာ အိမ်ပြင်သို့ တွန်းထုတ်လေတော့သည်။
ဆရာတော်ကြီးက ပြောသည်မှာ အကယ်၍ ကျွန်တော် ဒီနေ့ည ထွက်မသွားပါက၊
မိသားစုတစ်ခုလုံး ကျွန်တော်နှင့်အတူ သေကျရလိမ့်မည် ဟု ဆိုသည်။
အမေ့မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေပြီး ကျွန်တော့်ကို မခွဲခွာချင်ရှာသော်လည်း ဤနည်းလမ်းတစ်ခုသာ ရှိတော့သည်။
ကျွန်တော်က အမေ့ကို စိတ်မပူရန် ပြောခဲ့သည်၊ ဆရာတော်ကြီးက ယခုတစ်ကြိမ်တွင် ဘာမှအမှားအယွင်း ရှိမှာမဟုတ်ဘူးဟု ပြောခဲ့သည်မဟုတ်လား။
ထွက်လာချိန်တွင် အဘိုး၏ ကုတင်အောက်မှ ရရှိခဲ့သည့် သေတ္တာအိုလေးကိုပါ ယူဆောင်လာခဲ့သည်။
ကျွန်းသားသေတ္တာလေးတွင် သော့ခတ်ထားသည်။ စောစောက လွှနှင့် တူများကို သုံးပြီး ဖျက်ရန် ကြိုးစားခဲ့သော်လည်း လုံးဝ မအောင်မြင်ခဲ့ချေ။
ထို့ကြောင့် လောလောဆယ်တော့ အတူတူ ယူလာခဲ့ရသည်။
ကျွန်တော် ထွက်သွားပြီးနောက် အိမ်တွင် အမေ၊ အစ်မနှင့် ထိုဝတ်လုံဖြူတာအိုဆရာတော်ကြီး သုံးယောက်သာ ကျန်ရစ်ခဲ့သည်။
ဝတ်လုံဖြူတာအိုဆရာတော်ကြီးက ခြံဝင်းထဲတွင် လမ်းလျှောက်ရင်း လက်ချောင်းများကို သုံးကာ တွက်ချက်နေသည်။
အစ်မဖြစ်သူက ကြည့်ရင်း ခေါင်းမူးလာသဖြင့် ဇဝေဇဝါဖြင့် မေးလိုက်သည် - “ဆရာတော်… ဆရာတော် တကယ်ပဲ သေချာလို့လား။”
ဆရာတော်ကြီး၏ မျက်နှာက ပို၍ ပျက်ယွင်းသွားပြီး “ငါ လောကီနိမိတ် ဖတ်ကြည့်တာ၊ ဒီနေ့ည အဲဒီအရာရဲ့ တည်ရှိမှုကို လုံးဝ တွက်ချက်လို့ မရဘူး။”
“အဲဒီအရာက သာမန်မဟုတ်ဘူး။”
“မိန်းကလေး… မြန်မြန်သွားပြီး ကြက်ဖအကောင် အနည်းငယ်၊ စက္ကူဝါတွေနဲ့ ခေါင်းတလား တစ်လုံး ရှာခဲ့ပါ။”
အစ်မက လန့်အော်လိုက်သည် - “ခေါင်းတလား ဟုတ်လား။ ကြက်ဖနဲ့ စက္ကူဝါကတော့ ရှာရလွယ်ပါတယ်၊ ဒါပေမဲ့ ခေါင်းတလားကို ကျွန်မ ဘယ်ကနေ သွားရှာရမှာလဲ။”
ဆရာတော်ကြီးက သူမစကားကို မကြားသလို ဟန်ဆောင်ကာ ဆက်ပြောသည် - “ခေါင်းတလားရဲ့ အရွယ်အစားက နင့်မောင်လေးရဲ့ ကိုယ်လုံးနဲ့ အနေတော် ဖြစ်ရမယ်၊ ပြီးတော့ ဒီနှစ်ထဲမှာ အသစ်လုပ်ထားတဲ့ ခေါင်းတလား ဖြစ်ရမယ်။”
“အချက်အလက် တစ်ခုခုလွဲသွားရင် နင့်မောင်လေး အန္တရာယ်ရှိလိမ့်မယ်။”
အစ်မက နှုတ်ခမ်းကို တင်းတင်းစေ့ရင်း “နားလည်ပါပြီ ခေါင်းတလား တစ်လုံး ရအောင် ရှာခဲ့ပါမယ်” ဟု ဆိုသည်။
ဆရာတော်ကြီးက အမေ့ဘက်သို့ လှည့်ကာ “ဒကာမကြီးရဲ့သားလေး ပုံမှန်ဝတ်လေ့ရှိတဲ့ အဝတ်အစားတွေ သွားရှာပေးပါ။”
“ပြီးတော့ သူ့မွေ့ရာထဲက ဂွမ်းတွေနဲ့ သူစီးတဲ့ ဖိနပ်တစ်စုံကိုပါ ယူခဲ့ပါ။”
အမေကလည်း “ဟုတ်ကဲ့… ဟုတ်ကဲ့ပါဘုရား” ဟု ထပ်တလဲလဲ ပြန်ဖြေရှာသည်။
ထိုလူနှစ်ယောက် ထွက်သွားမှသာ ဆရာတော်ကြီး၏ မျက်နှာအမူအရာက အနည်းငယ် ပြေလျော့သွားတော့သည်။
အိမ်က ရေများက ရွာရေတွင်းမှ ခပ်ယူလာခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ခြံဝင်းထဲက ရေအိုးကြီးထဲတွင် သိုလှောင်ထားလေ့ ရှိသည်။
ဆရာတော်ကြီးက ရေအိုးကြီးအနီးသို့ လျှောက်သွားပြီး ရေမှုတ်ကို ယူကာ ရေသောက်ရန် ပြင်လိုက်သည်။
ရေမှုတ်က ပါးစပ်နားသို့ ရောက်ခါနီးတွင် ရေအိုးထဲမှ အလင်းပြန်မှုကို ဖျတ်ခနဲ မြင်လိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ထိတ်လန့်တုန်လှုပ်မှုများ ချက်ချင်း ပေါ်လာတော့သည်။
ဂလွမ်
ရေမှုတ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ဆရာတော်ကြီးက ရေအိုးအနားသို့ တိုးကပ်ပြီး သေသေချာချာ စိုက်ကြည့်လိုက်သည်။
မည်းနက်လှသည့် အမှောင်ထုတစ်ခုက သူ့မျက်နှာပေါ်တွင် ဖုံးလွှမ်းနေပြီး၊ မျက်ခုံးကြားတွင်လည်း မကောင်းဆိုးဝါး အရှိန်အဝါများ စုဝေးနေသည်…
ဒါတွေက သေမည့်သူရဲ့ နိမိတ်လက္ခဏာတွေပဲ…
…
စန်းမြို့သို့ သွားမည့် ဘတ်စ်ကားပေါ်တွင် ထိုင်ရင်း ဘေးဘီဝဲယာက ရှုခင်းများကို ငေးကြည့်နေမိသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဟောက်သံများ ဆူညံနေသော်လည်း ကျွန်တော့်မှာတော့ အိပ်ချင်စိတ်ဟူ၍ စိုးစဉ်းမျှ မရှိချေ။
မထွက်ခွာမီက ဝတ်လုံဖြူဆရာတော်ကြီးက ကျွန်တော့်ကို အသက်ဘေးမှ လွတ်မြောက်စေမည့် မှာတမ်းစကား နှစ်ခွန်း ပြောခဲ့သည်။
“မှောင်သွားရင် အပြင်မထွက်နဲ့၊ ညဘက် လမ်းမလျှောက်နဲ့၊ မိုးလင်းတဲ့အထိ တည်းခိုမယ့်နေရာတစ်ခု အရင်ရှာပါ။”
“တစ်ဆယ့်လေးရက်နေ့ ညမတိုင်ခင် ချင်းလုံဘုရားကျောင်းထဲကို မဖြစ်ဖြစ်အောင် ဝင်ရမယ်။”
ဖုန်းကို ထုတ်ကြည့်လိုက်ရာ ဒီနေ့က တစ်ဆယ့်နှစ်ရက်နေ့ ဖြစ်သဖြင့် တစ်ဆယ့်လေးရက်နေ့အထိ နှစ်ရက် လိုသေးသည်။
ကံကောင်းသည်မှာ စန်းမြို့က သိပ်မဝေးလှချေ။ မမှောင်ခင် မြို့ထဲသို့ ရောက်နိုင်ပါသည်။ ဟိုတယ်တစ်ခု ရှာပြီး တည်းခိုလိုက်လျှင်တော့ ဘေးကင်းနိုင်လိမ့်မည်။
အိမ်က ဆရာတော်ကြီးရဲ့ စီမံမှုတွေ ဘာတွေဖြစ်နေပြီလဲ မသိဘူး။ ထိုအရာကို တကယ်ပဲ လှည့်စားနိုင်ပါ့မလား။
စန်းမြို့သို့ ရောက်ရှိချိန်တွင် ညနေ ၆ နာရီ ရှိနေပြီ ဖြစ်သည်။ အချိန်ကို စစ်ဆေးကြည့်ရာ စောပါသေးသည်။
ဟိုတယ်မှာ တည်းခိုမှာဆိုတော့ ဝမ်မောက်တောင်နဲ့ နီးတဲ့နေရာမှာ ရှာတာ ပိုကောင်းလိမ့်မည်၊ ဒါမှ နောက်ပိုင်း ရှာရလွယ်ကူလိမ့်မည်။
စန်းမြို့က ဝူလျောင်မြို့နယ်က ဝမ်မောက်တောင်နဲ့ တော်တော်လေး နီးသည်။ ဗဟိုကားဂိတ်ကနေ ကားမှတ်တိုင် လေးခုပဲ ဝေးသည်။
ကျွန်တော်က ဓာတ်မြေဩဇာအိတ်ဝါကြီးဖြင့် ထည့်ထားသည့် အထုပ်အပိုးများကို သယ်ဆောင်ရင်း မြို့ထဲတွင် လျှောက်လာခဲ့သည်။
စန်းမြို့က စီးပွားရေး အလွန်တရာ ကျဆင်းနေသည့် မြို့နယ်လေးတစ်ခုသာ ဖြစ်သည်။ လူငယ်အများစုက အခြားမြို့များသို့ အလုပ်သွားလုပ်ကြကုန်သည်။
သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသာ ကျန်ရစ်ခဲ့သဖြင့် လမ်းတွင် လမ်းလျှောက်သူဟူ၍ပင် မတွေ့ရသလောက် ဖြစ်သည်။
ကားမှတ်တိုင်က မဝေးလှသဖြင့် မိနစ်အနည်းငယ်အတွင်း ရောက်နိုင်ပါသည်။
ရုတ်တရက် နာကျင်စွာ အော်ဟစ်ညည်းတွားသံတစ်ခုကြောင့် ခြေလှမ်းများ ရပ်တန့်သွားရသည်။
အသံလာရာသို့ ကြည့်လိုက်ရာ လမ်းဘေးတွင် လဲကျနေသည့် အဝတ်အစား ရောင်စုံဝတ်ထားသော အဘွားအိုတစ်ဦးကို တွေ့လိုက်ရသည်။
သူမ၏ လက်တွင် သွေးများ ထွက်နေသဖြင့် အရေပြား ပွန်းပဲ့သွားခြင်း ဖြစ်ပုံရသည်။
သူမ၏ တုတ်ကောက်ကလည်း ကိုက်အနည်းငယ်အကွာသို့ လွင့်စင်နေသည်။
ဖြတ်သွားဖြတ်လာ လမ်းသွားလမ်းလာ တစ်ယောက်၊ နှစ်ယောက်ကတော့ သူမကို မမြင်သလို ဟန်ဆောင်ကာ ကျော်ဖြတ်သွားကြသည်။
ကျွန်တော် သက်ပြင်းမချဘဲ မနေနိုင်တော့ပါ။ ယခုခေတ်တွင် ပိုက်ဆံအပိုမရှိဘဲ မည်သူက လူနာကို ထူရဲမည်နည်း။
အမှားအယွင်းတစ်ခုခုဖြစ်သွားပါက စီးပွားပျက်ကိန်း ဆိုက်သွားနိုင်သည်။
ပြဿနာကို ရှောင်ရှားရန် အကောင်းဆုံးဖြစ်သဖြင့် မျက်စိမှိတ်ကာ ကျော်သွားဖို့ ပြင်လိုက်သည်။
သို့သော် ထိုနာကျင်စွာ ညည်းတွားသံများက ကျွန်တော့်ရင်ဘတ်ကို အပ်ဖြင့် ဆွတ်သကဲ့သို့ ခံစားရသည်။ ကိုးနှစ်တာ အခြေခံပညာသင်ကြားခဲ့ရမှုကလည်း မိမိ၏ တာဝန်ဝတ္တရားကို အမြဲ သတိပေးနေသည်။
နောက်ဆုံးတွင် သွားကြိတ်ရင်း ခြေလှမ်းကို ရပ်တန့်လိုက်တော့သည်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ရက်အနည်းငယ်အတွင်း ငါ သေရမှာဘဲဥစ္စာ။ လူတစ်ယောက်ကို ကယ်တင်လိုက်ရရင်လည်း ဒီခရီးက တန်သွားတာပေါ့။
အနီးနားရှိ မိန်းကလေးငယ်တစ်ဦးကို တွေ့သဖြင့် ဖုန်းကို ပေးကာ ဗီဒီယိုရိုက်ပေးရန် အကူအညီတောင်းလိုက်သည်။
ဒါက ကျွန်တော် ကူညီပေးခြင်းသာဖြစ်ပြီး ကျွန်တော် တိုက်မိတာမဟုတ်ကြောင်း သက်သေပြရန် ဖြစ်သည်။
ရှေ့သို့ လျှောက်သွားပြီး တုတ်ကောက်ကို ကောက်ယူကာ အဘွားအိုကို ထူပေးလိုက်သည် -
“အဘွား… ဘာဖြစ်လို့လဲခင်ဗျာ။”
“သေသေချာချာ ကြည့်ထားပါဦးနော်၊ ကျွန်တော်က အဘွားကို တိုက်မိတာမဟုတ်ဘူး၊ ကျွန်တော်က ကူညီပြီး ထူပေးတာပါ။”
အဘွားအိုက ခါးကို လက်တစ်ဖက်ဖြင့် ထောက်ရင်း အခြားလက်တစ်ဖက်ကို ယမ်းပြကာ “ရပါတယ်၊ အဘွား နင့်ကို ပိုက်ဆံမတောင်းပါဘူး။ လမ်းလျှောက်ရင်း သတိမထားမိလို့ ခလုတ်တိုက်မိတာပါ။”
“တကယ်ပဲ ကျေးဇူးတင်ပါတယ် ကွယ်။ မဟုတ်ရင် အဘွား ဒီနေရာကနေ ထနိုင်မှာ မဟုတ်တော့ဘူး” ဟု ဆိုသည်။
ကျွန်တော် သက်ပြင်းချနိုင်တော့ပြီး “ဒါဆိုရင်တော့ ကောင်းတာပေါ့။”
“အသာအယာ လျှောက်ပါဦး၊ ကျွန်တော် သွားရဦးမယ်။”
ထွက်ခွာရန် ပြင်လိုက်စဉ် တစ်စုံတစ်ယောက်က ကျွန်တော့်အင်္ကျီစကို အတင်းဆွဲထားပြန်သည်။
ထိုအဝတ်အစား ရောင်စုံဝတ် အဘွားအို၏ အရေးအကြောင်းများက သစ်ပင်ခြောက်ကြီးကဲ့သို့ တွန့်ချိုးနေပြီး၊ အသက်အရွယ်ကြောင့် ဖြစ်သည့် အမည်းစက်များကလည်း စုပြုံနေသည်။
“အဘွားကို ကားမှတ်တိုင်အထိ လိုက်ပို့ပေးပါဦးလား ကွယ်။ ရှေ့နားတင်တင်လေးပါ။ စောစောက လဲကျသွားလို့ ခါးနာသွားလို့ပါ။”
ကျွန်တော် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း ခေါင်းငြိတ်ပြလိုက်မိသည်။
မိမိကိုယ်တိုင်လည်း ကားမှတ်တိုင်ကို သွားမှာဆိုတော့ လမ်းကြုံ ကူညီပေးလိုက်တာပေါ့။
“ဒါဆိုလည်း ဟုတ်ပါပြီ။ အဘွား… ခဏလောက် စောင့်ပါဦး၊ ကျွန်တော် ဖုန်းသွားယူလိုက်ဦးမယ်။”
ဖုန်းကို ပြန်ယူရန် ပြေးသွားပြီး မိန်းကလေးငယ်ကို သကြားလုံးတစ်လုံး ထုတ်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ညီမလေး။”
မိန်းကလေးငယ်က အနည်းငယ် တွန့်ဆုတ်နေပြီး “တောင်းပန်ပါတယ် အစ်ကို။ သမီး အမှားပြင်ဆင်မိလို့ ဖုန်းမျက်နှာပြင် ပိတ်သွားလို့ ဗီဒီယို မရလိုက်ဘူး” ဟု ဆိုသည်။
“ရပါတယ်၊ ရော့… ဒါ စားလိုက်။”
ထိုသို့ပြောမှသာ သူမက သကြားလုံးကို ယူရဲတော့သည်။
သို့သော် သူမက ကျွန်တော့်နောက်ကွယ်ကို လည်ပင်းကြီး ဆန့်ကြည့်ရင်း စူးစမ်းသလို မေးသည် - “အစ်ကို… အစ်ကိုက ဘာဖြစ်လို့ လေထုကြီးကို စကားပြောပြီး ဗီဒီယိုရိုက်ခိုင်းနေတာလဲ။”
ကျွန်တော့်မျက်နှာပေါ်က အပြုံးများ ချက်ချင်း တောင့်တင်းသွားရသည် - “နင် စောစောက အဝတ်အစား ရောင်စုံဝတ်ထားတဲ့ အဘွားအိုကို မမြင်ဘူးလား။”
မိန်းကလေးငယ်က “ဘယ်အဘွားအိုလဲ။ သမီးက အစ်ကိုတစ်ယောက်တည်းကိုပဲ မြင်တာ။ အစ်ကို တစ်ယောက်တည်း စကားပြောနေတာကိုပဲ တွေ့တာ” ဟု ပြောသည်။
တစ်ကိုယ်လုံး စိမ့်ခနဲ အေးစက်သွားရသည်။
နောက်သို့ လှည့်ကြည့်ရန်ပင် သတ္တိမရှိတော့ချေ။
ငါ သရဲနဲ့ ထပ်တိုးပြန်ပြီလား။
ဒါ တကယ်ပဲ မသန့်ရှင်းတဲ့အရာ ဖြစ်ရမယ်၊ ဒါကြောင့်လည်း လမ်းသွားလမ်းလာတွေက သူမကို မမြင်သလို ကျော်သွားကြတာပေါ့။
မိမိကိုယ်တိုင်လည်း သူမကို အနည်းငယ် သံသယဝင်ခဲ့မိသည်။ ဒီနှစ်ရက်အတွင်း ထူးဆန်းတာတွေ အများကြီး ကြုံခဲ့ရလို့ ဘာမဆို သေသေချာချာ သတိထားနေမိတာ ဖြစ်သည်။
သေသေချာချာ စဉ်းစားကြည့်လျှင် - မိုးချုပ်ခါနီးအချိန်မှာ အဘွားအိုတစ်ယောက်က ရုတ်တရက် ပေါ်လာပြီး တစ်နေရာရာကို လိုက်ပို့ခိုင်းတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ခြောက်ခြားစရာ မကောင်းဘဲ နေမည်နည်း။
မိုးမချုပ်သေးလို့သာပေါ့၊ မသေခင် ကောင်းမှုကုသိုလ်တစ်ခု လုပ်ခဲ့ပါတယ်ဆိုမှ၊ သရဲတစ်ကောင်အတွက် ကောင်းမှုကုသိုလ် ဖြစ်နေရလား။
ထိုအချိန်တွင် နောက်ကွယ်မှ အဘွားအို၏ အသံ ထွက်ပေါ်လာသည် - “ငါ့မြေး… အဆင်သင့် ဖြစ်ပြီလား။”
ကြောက်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း နောက်ပြန်လှည့်မကြည့်ဘဲ မျက်နှာဖြူဖျော့စွာဖြင့် “လာပါပြီ” ဟု ပြန်ဖြေလိုက်ရသည်။
တစ်ချိန်တည်းမှာပင် မိန်းကလေးငယ်၏ ပုခုံးကို ဆွဲကိုင်ပြီး ကျန်တဲ့ သကြားလုံးတွေကို လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။
“မြန်မြန်သွား။ မိဘတွေကို သွားရှာ၊ ဒီနေရာကို နောက်တစ်ခါ ပြန်မလာနဲ့။”
“မဟုတ်ရင် နောက်တစ်ခါတွေ့ရင် သကြားလုံးတွေ အကုန်ပြန်လုမှာနော်။”
မိန်းကလေးငယ်က အကြောင်းရင်းကို နားမလည်သော်လည်း သကြားလုံး ရသဖြင့် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ပြေးထွက်သွားတော့သည်။
ယခုတော့ နောက်ကွယ်က အရာကို မိမိတစ်ယောက်တည်း ရင်ဆိုင်ရတော့မည်။
အဘွားအိုက ကားလာတော့မည်ဖြစ်ကြောင်း စိတ်မရှည်စွာဖြင့် လှုံ့ဆော်နေသည်။
ကျွန်တော် ခြေလှမ်းများကို ရွှေ့ပြီး ထွက်ပြေးရန် ပြင်လိုက်စဉ် ရုတ်တရက် အင်္ကျီက လေးလံသွားပြီး တစ်ခုခုက အတင်းဆွဲကိုင်ထားသလို ခံစားလိုက်ရသည်။
မျက်လုံးထောင့်မှ ကြည့်မိရာ သွေးညစ်များ ပေကျံနေသည့် ခြောက်ကပ်လှသည့် လက်တစ်ဖက်ကို တွေ့လိုက်ရသည်။
ခြောက်သွေ့နေသည့် အရေပြားက လူအိုကြီးတစ်ယောက်၏ မျက်နှာလို ကွာကျနေပြီး၊ ညိုညစ်လှသည့် လက်သည်းများအောက်တွင် ညစ်ပတ်လှသည့် အမည်းစက်များစွာ ကပ်ငြိနေသည်။
အမည်းစက်များ ပြည့်နှက်နေသည့် အဘွားအို၏ မျက်နှာကြီးက ဘေးမှနေ၍ တိုးကပ်လာသည် - “ငါ့မြေး… သွားကြစို့။”
ခြေဖျားလက်ဖျားများကတော့ ကြောက်စိတ်ကြောင့် အလိုအလျောက် တုန်ရင်နေသည်။
သူမ၏ လက်ကို ခါထုတ်ရန် ကြိုးစားသော်လည်း အင်္ကျီပေါ်တွင် သံရိုက်ထားသကဲ့သို့ လုံးဝ ဖြုတ်၍မရချေ။
ဘယ်လောက်ဘဲ ဆွဲဆွဲ လုံးဝ မလှုပ်ရှားပါ။
အဘွားအိုကတော့ ဇဝေဇဝါမျက်နှာဖြင့် “ကားမှတ်တိုင်က ဟိုဘက်မှာလေ…” ဟု ဆိုသည်။
ထို့ကြောင့် အခြားနည်းလမ်းမရှိဘဲ ထိုအဝတ်အစား ရောင်စုံဝတ် အဘွားအိုကို တွဲပေးရင်း၊ ထွက်ပြေးဖို့ အခွင့်အရေးကိုသာ စောင့်ဆိုင်းနေလိုက်ရသည်။
လျှောက်လှမ်းရင်းနှင့် ကားမှတ်တိုင်သို့ တကယ်ပဲ ရောက်ရှိလာခဲ့သည်။
အဘွားအိုက ဆိုင်းဘုတ်အောက်က ခုံတန်းလျားတွင် ထိုင်ချလိုက်ပြီး ခုံကို ပုတ်ပြကာ ကျွန်တော့်ကိုပါ ထိုင်ရန် အချက်ပြသည်။
ဒါပေမဲ့ ကျွန်တော်က ဘယ်လိုလုပ်ပြီး သူမနဲ့ အတူတူ ထိုင်ရဲမည်နည်း။ ထွက်ပြေးဖို့ အခွင့်ကောင်းကိုသာ ချောင်းနေမိသည်။
တီ… တီ…
ထိုအချိန်တွင် ဝေးကွာလှသော နေရာမှ ဝါကျင်ကျင် ဘတ်စ်ကားတစ်စီး မောင်းနှင်လာသည်။ ကြည့်လိုက်ရာ ကျွန်တော် စီးရမည့် နံပါတ် ၇ ဘတ်စ်ကား ဖြစ်နေသည်။
ရင်ထဲတွင်တော့ အခွင့်အရေးရပြီဟု တွေးလိုက်မိကာ ကားပေါ်သို့သာ အမြန်တက်ရန် ပြင်လိုက်သည်။
အဘွားအိုကတော့ ကျွန်တော့်နောက်ကို လိုက်လာနိုင်မှာ မဟုတ်ပါဘူး၊ ထို့ပြင် ကားပေါ်တွင် လူအများကြီး ရှိနေသဖြင့် မိမိအတွက် သတ္တိအနည်းငယ် ပိုရစေသည်။
ဘတ်စ်ကားက ဆိုင်းဘုတ်ရှေ့တွင် သဘာဝကျကျ ဆိုက်ရပ်သွားသည်။
ကားထဲသို့ လှမ်းကြည့်လိုက်ရာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များစွာဖြင့် ပြည့်နှက်နေပြီး စကားတပြောပြောနှင့် ဆူညံနေသဖြင့် ဝမ်းသာအားရ ဖြစ်သွားသည်။
ကျွန်တော် လူအုပ်ကြီးကို တကယ်သဘောကျသည်။
ကားဒရိုင်ဘာက ကတုံးနှင့် လူတစ်ယောက် ဖြစ်သည်။ သူက ကျွန်တော့်ကို လှမ်းကြည့်ပြီး တံခါးဖွင့်ပေးသည်။
ဤမှတ်တိုင်တွင် ဆင်းမည့်သူမရှိသဖြင့် ကျွန်တော် တက်ပြီးသည်နှင့် ကားက ချက်ချင်း ထွက်ခွာမှာ ဖြစ်သည်။
အဘွားအိုကို နောက်သို့ လှည့်၍ အသာအယာ အကဲခတ်လိုက်ရာ သူမက တုတ်ကောက်ကို မှီပြီး ငိုက်မြည်းနေသည်ကို တွေ့ရသည်။
ယခုက အခွင့်ကောင်းပဲ။
မိမိဘဝတွင် အမြန်ဆုံး လှုပ်ရှားမှုဖြင့် ကားပေါ်သို့ ခြေတစ်ဖက် လှမ်းတက်လိုက်သည်။
ရုတ်တရက် ခြေလှမ်းလှမ်းလိုက်သည်နှင့် နောက်ကွယ်မှ အားတစ်ခုက ကျွန်တော့်ကို အတင်းဆွဲလှည့်လိုက်သည်။
ထိတ်လန့်ဒေါသထွက်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်မှုအဖြစ် ပြောင်းလဲသွားရတော့သည်။
ကျွန်တော့်ကို အတင်းဆွဲထားသူမှာ အခြားသူမဟုတ်ဘဲ အဘွားအို ဖြစ်နေသည်။
အဘွားအိုက သွားမရှိသည့် ပါးစပ်ကြီးဖြင့် ဖြဲပြုံး ပြုံးပြသည်။
အရေးအကြောင်းများနှင့် အမည်းစက်များ တွန့်ချိုးသွားသည့် သူမ၏ အပြုံးက တကယ့်ကို ခြောက်ခြားဖွယ် ကောင်းလှသည်။
“ဒီကား မဟုတ်ဘူး…”
ကျွန်တော်က ဘာမှမဖြစ်သလို ဟန်ဆောင်ကာ “အဘွား… ကျွန်တော်က ဒီကားစီးရမှာပါ။ အဘွားက ဒီမှာ ခဏစောင့်ဦး၊ အဘွားစီးမယ့်ကား မကြာခင် လာလိမ့်မယ်။”
“နံပါတ် ၇ က ကျွန်တော်စီးမယ့်ကားပါ” ဟု ပြောသည်။
သို့သော် အဘွားအိုက ကျွန်တော့်အင်္ကျီကို အတင်းဆွဲထားရင်း “ဒီကား မဟုတ်ဘူး” ဟု တဟားဟား ရယ်မောကာ ဆိုသည်။
တီ… တီ… တီ…
ဒရိုင်ဘာက စိတ်မရှည်စွာဖြင့် ဟွန်းတီးလေတော့သည် - “မြန်မြန်တက်… မြန်မြန်။”
“လူအများကြီးက မင်းတစ်ယောက်တည်းကို စောင့်နေရတာလား။”
ကျွန်တော့်မှာ ချွေးစေးများ ထွက်လာပြီး “ဒရိုင်ဘာ… ခဏလေးပါ၊ ခဏလေး။ လာပါပြီ။”
“အဘွား… ကားထွက်တော့မယ်။”
သူမက အိုမင်းရင့်ရော်နေသော်လည်း ကျွန်တော့်အင်္ကျီကို ဆွဲထားသည့် အားက တကယ့်ကို ပြင်းထန်လှသည်။
အရေးပေါ်အခြေအနေ ဖြစ်နေသဖြင့် အင်္ကျီကို ချွတ်ပစ်ခဲ့ကာ ဓာတ်မြေဩဇာအိတ်ကို သယ်ဆောင်ရင်း ကားဆီသို့ အတင်းပြေးခဲ့သည်။
ရုတ်တရက် လှုပ်ရှားမှုကြီး ရပ်တန့်သွားသည်။ လည်ပင်းက စပ်ခနဲ နာကျင်သွားပြီး နောက်ကွယ်မှ အားတစ်ခုကြောင့် နောက်ပြန် လဲကျသွားတော့သည်။
လမ်းဘေး မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားပြီး ဓာတ်မြေဩဇာအိတ်က အဘွားအို၏ ခြေရင်းသို့ လိမ့်သွားသည်။
ထိုအချိန်မှသာ အဘွားအိုက သူမ၏ တုတ်ကောက်ကွေးကြီးဖြင့် ကျွန်တော့်လည်ပင်းကို ချိတ်ဆွဲထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ဝူး…
ဘီးလှည့်သံများနှင့်အတူ ဘတ်စ်ကားကြီး မောင်းနှင်ထွက်ခွာသွားတော့သည်။
အကြိမ်ကြိမ် အလှည့်စားခံရပြီးနောက် ကျွန်တော့်ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
သတ်ချင်ရင်လည်း သတ်လိုက်တော့၊ ဘာဖြစ်လို့ ဒီလိုမျိုး နှိပ်စက်နေရတာလဲ။
ဘာပဲဖြစ်ဖြစ် ကားကတော့ ထွက်သွားပြီ။
အဆိုးဆုံးကတော့ သေရုံပေါ့။ ဤသရဲမက မိမိကို ဒီအတိုင်း နှိပ်စက်တာကိုတော့ အဖြစ်မခံနိုင်တော့ချေ။
မြေပြင်ပေါ်မှ လူးလဲထကာ “နင် တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ” ဟု အော်ဟစ်လိုက်မိသည်။
အဘွားအိုက တုတ်ကောက်ကို ကိုင်ကာ ပြန်ထိုင်လိုက်ပြီး ထိုစကားကိုပင် ထပ်မံပြောပြန်သည် - “ဒီကား မဟုတ်ဘူး…”
ကျွန်တော်က သူမကို အေးစက်စွာ စိုက်ကြည့်ရင်း အဝတ်အစားများကို ကောက်ယူကာ ထွက်ခွာရန် ပြင်လိုက်သည်၊ အကယ်၍ သူမက ထပ်မံတားဆီးပါက အသေအလဲ ရင်ဆိုင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သေရမှာဘဲဥစ္စာ၊ ယောကျ်ားကောင်းပီပီ သေလိုက်တာကမှ မြတ်ဦးမည်။
ထိုအချိန်တွင် အဘွားအို၏ အသံ ထပ်မံထွက်ပေါ်လာပြန်သည် - “ကြည့်စမ်း… ကားလာပြီ မဟုတ်လား။”
တီ… တီ… တီ…