အခန်း (၅၂) - ခေါင်းတလားကြီး။
အပြင်ဘက်က ကုတ်ကုတ်ကပ်ကပ်နဲ့ လျှောက်လာနေတဲ့ ခြေသံတွေက တစ်ချက်ပြီးတစ်ချက် ပိုလို့ စိပ်လာသည်။
ကျွန်တော် ဝိညာဉ်ရိုးတံကို ဆုပ်ကိုင်ရင်း မျက်နှာက ပိုမိုလေးနက်တည်ကြည်သွားသည် "အချိန်ဆွဲလို့ မဖြစ်တော့ဘူး၊ မြန်မြန်လုပ်ကြ!"
ပြောပြီးတာနဲ့ ချက်ချင်းပဲ စာသင်ခန်းတံခါးကို သွားပိတ်ပြီး အတွင်းက သစ်သားမင်းတုံးကို အသာအယာ ထိုးလိုက်သည်။
အခြားတစ်ဖက်မှာတော့ လင်းရင်က လိုက်ကာကြိုးကို လှမ်းဆုပ်ကိုင်ပြီး အောက်ကို စတင်တွဲလောင်းခိုဆင်းနေပါပြီ။ ကြိုးရဲ့ အခြားတစ်ဖက်ကိုတော့ ကုလားထိုင် နှစ်လုံးမှာ အသေသတ် ချည်နှောင်ထားသည်။
ကြိုးက တင်းအားကြောင့် ဆွဲဆန့်ခံလိုက်ရတဲ့အခါ ကုလားထိုင်နှစ်လုံးက တစ်ခုနဲ့တစ်ခု ပူးကပ်သွားပြီး ပြတင်းပေါက်ဘောင်မှာ အကွက်ချိတ်လို့ သွားပါတော့သည်။
ကျွန်တော် တံခါးဝမှာ နားကို ကပ်ပြီး နားစွင့်နေမိသည်။ အပြင်က တောက်တောက် တောက်တောက်နဲ့ လျှောက်နေတဲ့ ခြေသံတွေက ပိုပြီး စိပ်လာသလို ပိုပြီးတော့လည်း နီးကပ်လာခဲ့ပါပြီ။
ကြောက်လန့်တုန်လှုပ်မှုကြောင့် ကျွန်တော့်ရဲ့ လက်ဖမိုးတွေမှာ ချွေးစေးတွေ ရွှဲနစ်လို့နေသည်။
ဒေါက်... ဒေါက်...
အပြင်က အရာက ဘာကို ရည်ရွယ်မှန်းမသိဘဲ စာသင်ခန်းတံခါးတွေကို တစ်ခန်းပြီးတစ်ခန်း လိုက်ပြီး ခေါက်နေသည်။
ဒေါက်... ဒေါက်... အခုတစ်ခေါက်တော့ ကျွန်တော့်ဘေးက စာသင်ခန်းတံခါးကို ခေါက်တဲ့အသံပဲ ဖြစ်သည်။
လင်းရင်ရဲ့ ပုံရိပ်ကတော့ အောက်ကို ရောက်သွားပြီမို့ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။ ကျွန်တော် ကိုယ်တိုင် ပြုတ်ကျသေဆုံးမလားဆိုတာကို ဂရုမစိုက်နိုင်တော့ဘဲ ချီချီကို မျက်မှောင်ကုတ်ပြပြီး အမြန်ဆင်းဖို့ အချက်ပြလိုက်သည်။
သူမ သဘောပေါက်သွားပြီး လင်းရင်ရဲ့ နည်းလမ်းအတိုင်း အောက်ကို တွဲလောင်းခိုဆင်းရှာသည်။
ကျွန်တော် တံခါးဝကနေ ဖြည်းဖြည်းချင်း ဆုတ်ခွာရင်း ပြတင်းပေါက်ဆီကို ချဉ်းကပ်လာခဲ့သည်။
ဇောက်... ဇောက်...
ခြေသံတွေက ကျွန်တော်ရှိနေတဲ့ စာသင်ခန်းဆီကို တိုးလာပြီးမှ... ရုတ်တရက် ရပ်တန့်သွားသည်။ ‘အပြင်ကလူက ရပ်လိုက်သလိုမျိုးပေါ့။’
ကျွန်တော် အသက်ရှူချဖို့တောင် အချိန်မရလိုက်ပဲ၊ ဒေါက် ဒေါက်။!
တံခါးကို အားနဲ့ လာခေါက်တာပါပဲ!
ဒေါက်... ဒေါက်...
ဒုတိယအကြိမ် ထပ်ခေါက်ပြန်သည်။
ကျွန်တော် တံခါးကို မျက်နှာမူလျက်သားနဲ့ နောက်ကို တရွေ့ရွေ့ဆုတ်လာခဲ့ရာ နောက်ဆုံးတော့ ပြတင်းပေါက်ရဲ့ အစွန်းကို ခန္ဓာကိုယ်နဲ့ ထိမိသွားသည်။
ဇောက်... ခြေသံတွေက ထပ်မံ ထွက်ပေါ်လာပြီး အခြားအရပ်မျက်နှာဆီကို လျှောက်သွားသည်။
ကျွန်တော် မြေပြင်ပေါ်ကို ငုံ့ကြည့်ဖို့ ပြင်လိုက်တဲ့ အချိန်မှာတင် -
"ဟေး... ဆင်းလို့ရပြီလား။ မြန်မြန်ဆင်းခဲ့တော့လေ။!"
တိတ်ဆိတ်နေတဲ့ အဆောင်ဟောင်းကြီးထဲမှာ လင်းရင်ရဲ့ လှမ်းအော်သံက ရုတ်တရက် ပျံ့လွင့်လာသည်။
‘သူမရဲ့ အသံက သိပ်မကျယ်တဲ့အပြင် အပြင်ဘက်ကနေ အော်တာမို့ အတွင်းထဲကို ဝေဝါးစွာပဲ ကြားရတာ ဖြစ်ပေမဲ့၊ ဒါဟာ လုံလောက်သွားခဲ့ပါပြီ။’
ဘာလို့လဲဆိုတော့ သူမက ကျွန်တော်ရှိနေတဲ့ စာသင်ခန်းရဲ့ အောက်တည့်တည့်မှာ ရောက်နေလို့ပါပဲ!
ဒုန်း ဒုန်း ဒုန်း။!!
စာသင်ခန်းတံခါးကို တတိယအကြိမ်မြောက် ပြင်းထန်စွာ လာရောက် ထုရိုက်ပါတော့သည်!
ကျွန်တော် စိတ်ထဲကနေ ကျိန်ဆဲလိုက်ရင်း ဝိညာဉ်ရိုးတံကို ကျောပိုးအိတ်ထဲ အမြန်ထည့်၊ ပြတင်းပေါက်ဘောင်ပေါ်ကို ချက်ချင်းခုန်တက်ကာ ကြိုးကို ဆုပ်ကိုင်ပြီး အောက်ကို အသည်းအသန် တွဲလောင်းခိုဆင်းခဲ့လိုက်သည်။
ဂျိမ်း။ ‘တံခါးကို အားနဲ့ ဝင်တိုက်လိုက်တဲ့ အသံကြီး ထွက်လာပေမဲ့ ကံကောင်းထောက်မစွာနဲ့ တံခါးနောက်မှာ စာပွဲခုံတစ်လုံး ခံနေတာပါ။’
ဝုန်း... ကျွိ... နောက်ထပ် ပြင်းထန်တဲ့ ရိုက်ခတ်မှုတစ်ခု...
စာပွဲခုံကြီး လဲကျသွားပြီး တံခါးကလည်း ညည်းညူသံနဲ့အတူ အတင်း ပွင့်ထွက်သွားတော့သည်။
အဲဒီအချိန်မှာတော့ ကျွန်တော် ကြိုးအတိုင်း အောက်ကို တော်တော်လေး ဆင်းမိနေပြီ ဖြစ်ပြီး၊ စာသင်ခန်း တံခါးဝမှာ ရပ်နေတဲ့ အရိပ်မည်းကြီးတစ်ခုကို ဝေဝါးစွာ မြင်လိုက်ရသည်။ ၎င်းကလည်း ကျွန်တော့်ကို လှမ်းမြင်သွားခဲ့ပြီ။
ရှဲ... ရှဲ...
ကျွန်တော် လက်ကို အနည်းငယ် လျှော့လိုက်တာကြောင့် စက္ကန့်ပိုင်းအတွင်းမှာတင် လက်ဖဝါးနဲ့ ကြိုးကြား ပွတ်တိုက်မိပြီး ပူလောင်တဲ့ ခံစားချက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ စူးရှပြီး ပူစပ်ပူလောင် ဖြစ်သွားတဲ့ နာကျင်မှုမျိုး။
ဒါပေမဲ့ ဒါက ပိုပြီး မြန်ဆန်စေတာတော့ အမှန်ပါပဲ။ မြေပြင်နဲ့ နီးကပ်လာတဲ့ အခါမှာတော့ ကျွန်တော် အရှိန်ကို အမြန်သတ်လိုက်ရသည်။’မဟုတ်ရင်တော့ အဆောက်အအုံပေါ်က ခုန်ချတာနဲ့ ဘာမှထူးမှာ မဟုတ်တော့ဘူးလေ။’
ဘုန်း။ ကြိုးအတိုင်း လျှောဆင်းလာပြီးနောက် ကျွန်တော် မြေပြင်ပေါ်ကို ဘုန်းခနဲ လဲကျသွားပါတော့သည်။
လက်နှစ်ဖက်နဲ့ မြေကြီးကို ထောက်ရင်း မော့ကြည့်လိုက်ရာ၊
ကျွန်တော်တို့ ခုနတင် ဆင်းလာခဲ့တဲ့ ဒုတိယထပ် စာသင်ခန်းရဲ့ ပြတင်းပေါက်ဝမှာ ပုံရိပ်တစ်ခု ရပ်နေတာကို မြင်လိုက်ရသည်။ သူ့ရဲ့ ရုပ်ရည်ကို သဲသဲကွဲကွဲ မမြင်ရပေမဲ့ သူက ကျွန်တော့်ကို ကြည့်ပြီး ပြုံးနေသည်။ အဲဒီနောက် အဲဒီပုံရိပ်က ဒုတိယထပ်ကနေ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ဟူးးး... ကျွန်တော် သေးငယ်တဲ့ ပန်းခင်းလေးထဲမှာ ရုပ်ပျက်ဆင်းပျက်ကြီး လဲလျောင်းနေမိရင်း၊ ကုန်ခမ်းလုနီးပါး ဖြစ်နေတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို လျှော့ချကာ အသက်ကို အသည်းအသန် လုရှူနေမိသည်။
လင်းရင်က ကျွန်တော့်ဘေးမှာ ရှိနေရင်း "ဟို... ဟိုလေ..."
"ဘာဖြစ်လို့လဲ"
"ဒီမှာ လဲလျောင်းနေတာက သိပ်ပြီး မကောင်းဘူး ထင်တယ်..."
ကျွန်တော် ပထမတော့ ဇဝေဇဝါ ဖြစ်သွားပေမဲ့၊ ကျွန်တော့်လက်က ရက်ရက်စက်စက် စုတ်ပြတ်နေတဲ့ အသားစုံ ပုံကြီးကို သွားထိမိတဲ့ အခါမှာတော့ ဝုန်းခနဲ ချက်ချင်း ထရပ်မိပါတော့သည်။
ရန်ချန် ပြုတ်ကျသေဆုံးခဲ့တာက ကွက်တိ ဒီနေရာရဲ့ ဘေးတင် ဖြစ်လို့နေသည်။
ကျွန်တော်တို့ သုံးယောက်လုံး အနားယူဖို့အတွက် လင်းရင်ရဲ့ ဗီလာ အိမ်ကို ပြန်ခဲ့ကြသည်။ အိပ်လို့မရရင်တောင် ကျွန်တော် သေချာပေါက် ရေချိုးဖို့ လိုအပ်သည်။ ‘ညစ်ပတ်မှာကို ကြောက်လို့ မဟုတ်ဘဲ၊ လူသေတစ်ယောက်ရဲ့ သွေးညှီစော်တွေနဲ့ အသားစတွေထဲမှာ လဲလျောင်းခဲ့ရတာက စိတ်ပိုင်းဆိုင်ရာအရ ဘယ်လိုမှ လက်ခံရခက်လွန်းလို့ပါ။’
ကျွန်တော်တို့ ပြန်ရောက်တဲ့ အချိန်မှာ ညဉ့်နက် သုံးနာရီပဲ ရှိပါသေးသည်။
အားလုံး သန့်ရှင်းရေး လုပ်ပြီးတဲ့နောက်မှာတော့ ဒုတိယထပ်က ဧည့်ခန်းထဲမှာ ထပ်မံ စုမိကြပြန်သည်။
‘ပြီးခဲ့တဲ့ အခေါက်တုန်းကတော့ ကျွန်တော်တို့ ခြောက်ယောက် ရှိခဲ့သေးတာ...’
ခန္ဓာကိုယ်ကော စိတ်ပါ နွမ်းလျနေကြပြီး၊ လူအများကြီး သေဆုံးတာကို မျက်ဝါးထင်ထင် မြင်ခဲ့ရတာမို့ ဘယ်သူ့မှာမှ စကားအပို ပြောချင်စိတ် မရှိကြ။
ကျွန်တော် ဆိုဖာကို မှီရင်း လင်းရင်ကို စိုက်ကြည့်နေမိသည်။
သူမက ရေချိုးပြီးခါစမို့ တကယ့်ကို နုနယ်ပျော့ပျောင်းနေပုံရပြီး အဝေးကနေတောင် သင်းပျံ့ပြီး မြင့်မြတ်တဲ့ ရနံ့လေးကို ရနေသည်။
သူမရဲ့ စိုစွတ်နေတဲ့ ဆံနွယ်တွေက ပုခုံးပေါ်မှာ တွဲလောင်းကျနေပြီး မီးရောင်အောက်မှာ စိုပြည်တဲ့ အရောင်အဝါတွေနဲ့ တောက်ပလို့နေသည်။
ကျွန်တော့်ရဲ့ အကြာကြီး စိုက်ကြည့်ခြင်းကို ခံရပြီးနောက် လင်းရင်က မသိမသာ မျက်မှောင်ကုတ်မိသွားရှာသည်။ အဲဒီ မိတ်ကပ်မရှိဘဲ လှပလွန်းတဲ့ မျက်နှာလေးက ဆက်ပြီး တည်ငြိမ်မနေနိုင်တော့ဘဲ ရက်စက်ပြီး ပြတ်သားတဲ့ လေသံနဲ့ ပြောလာတော့သည် "ငါ့ကို Friend အဖြစ် Add လိုက်ဦး! ပြီးတော့ ပိုက်ဆံ လွှဲပေးမယ်!"
ကျွန်တော့်ရဲ့ နှုတ်ခမ်းထောင့်လေးတွေ မသိမသာ တွန့်သွားပြီး ကြိုတင်ပြင်ဆင်ထားတဲ့ QR Code ကို ချက်ချင်း ထုတ်ပြလိုက်သည် "အဆင်သင့်ပဲ။ ဈေးနှုန်းကတော့ သတ်မှတ်ပြီးသားနော်။"
သူမ ကျွန်တော့်ကို မျက်စောင်းအကြီးကြီး ထိုးလိုက်ပေမဲ့ Friend အဖြစ် အတင်း Add ပြီး ငွေနှစ်သိန်းကို ရက်ရက်ရောရောပဲ ချက်ချင်း လွှဲပေးရှာသည်။
ကျန်ရှိနေတဲ့ ညဉ့်နက်ပိုင်း အချိန်တွေကိုတော့ အတူတူ အောင့်အည်းပြီး ဖြတ်ကျော်ခဲ့ကြရသည်။ ဘယ်လို ဖြတ်ကျော်ခဲ့လဲဆိုတာတော့ -‘ မီးဖိုချောင်ထဲမှာ ငရုတ်သီးတွေ ရှိနေတာမို့ ကျွန်တော် ထပ်ပြောနေစရာ မလိုတော့ဘူး မဟုတ်လား။’
နေ့ခင်းဘက် ရောက်တဲ့အခါမှာတော့ ကျွန်တော့်ကို ချက်ချင်း စိတ်လှုပ်ရှားသွားစေမယ့် ဖုန်းကောလ်တစ်ခု ဝင်လာခဲ့သည်။
‘ဝတ်စုံဖြူဝတ် တာအိုဆရာ ရောက်လာခဲ့ပါပြီ!
ကျွန်တော် သူ့ကို နှစ်ရက်တောင် စောင့်ခဲ့ရတာ၊ နောက်ဆုံးတော့ သူ ရောက်လာခဲ့ပြီပေါ့။’
ကျွန်တော် လင်းရင်နဲ့ တခြားလူတွေကို တာအိုဆရာရဲ့ အကြောင်းကို အသေးစိတ် မပြောပြဘဲ၊ သူငယ်ချင်းတစ်ယောက်က အဆောင်ဟောင်းကြီးရဲ့ ကိစ္စကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ပဲ ပြောလိုက်သည်။
လင်းရင်ကလည်း အခြေအနေကို နားလည်တတ်နေပြီမို့၊ တစ်ယောက်ယောက်က ဖြေရှင်းပေးနိုင်မယ်ဆိုတာ ကြားရုံနဲ့ တင်ပဲ ကိစ္စပြီးမြောက်သွားရင် ငွေငါးသိန်း ပေးပါ့မယ်လို့ ချက်ချင်း အာမခံလာပါတော့သည်။
ဒါကြောင့် ကျွန်တော်က တာအိုဆရာရဲ့ ကိုယ်စား လက်ခံလိုက်သည်။ ‘ဘာပဲဖြစ်ဖြစ် သူ့ကို အလကား ခရီးမပန်းစေချင်ဘူးလေ။’
တာအိုဆရာက ကျွန်တော့်ကို အများကြီး ကူညီခဲ့ဖူးတာမို့ သေသေချာချာ ကျေးဇူးမဆပ်ရသေးတာကြောင့်၊ ဒါဟာ "သူတစ်ပါးရဲ့ ပန်းကိုယူပြီး မြတ်စွာဘုရားအား ကပ်လှူခြင်း" ဆိုသလို အကောင်းဆုံး အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။
ကျွန်တော် ဘူတာရုံဆီကို တက္ကစီစီးပြီး သွားခဲ့ရာ သိပ်မကြာခင်မှာပဲ တာအိုဆရာနဲ့ ဆုံခဲ့သည်။
တာအိုဆရာကတော့ လူအများကြားထဲမှာ မျက်စိကျစရာ ကောင်းလှတဲ့ သူ့ရဲ့ ဝတ်စုံဟောင်းကြီးအတိုင်းပါပဲ - ပိတ်စဖိနပ်၊ ဝတ်စုံဖြူ တာအိုဝတ်ရုံနဲ့ လက်ထဲမှာလည်း သားမြီးယပ် ကို ပိုက်ထားပြီး၊ တကယ့်ကို လောကုတ္တရာနယ်က မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးလို ဟန်ပန်မျိုးရှိသည်။
တာအိုဆရာကြီးက ကျွန်တော့်ကို မြင်မြင်ချင်းပဲ စနောက်လာသည် "မင်း မနေ့ညက ကြုံခဲ့ရတဲ့အရာက သိပ်ပြီး မသန့်ရှင်းဘူး ထင်တယ်နော်။"
ကျွန်တော် ဝယ်လာတဲ့ မနက်စာကို တာအိုဆရာကြီးဆီ လှမ်းပေးလိုက်ရင်း "ဆရာတော်ကြီးကလည်း သိရက်နဲ့ မေးနေပြန်ပြီ။ အသက်နဲ့ ခန္ဓာ အိုးစားကွဲလုနီးပါး ဖြစ်ခဲ့ရတာဗျာ။"
တာအိုဆရာကြီးက ထိုင်ပြီး မနက်စာစားမယ့် နေရာတစ်ခု ရှာတွေ့တာနဲ့၊ ကျွန်တော်လည်း အခွင့်အရေးကို အရယူပြီး မနေ့က ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြောပြလိုက်သည်။
"အပေါ်ကနေ ပြုတ်ကျပြီး သေတာဟုတ်လား။ ကြည့်ရတာ အဲဒီသရဲရဲ့ အာဃာတက တော်တော်လေး ကြီးမားပုံရတယ်။ ဒီလို တွက်ကြည့်ရင် သူက လူအတော်များများကို တစ်ယောက်ပြီးတစ်ယောက် သတ်ခဲ့တာပဲ။"
"နယ်ပယ်ကလည်း တဖြည်းဖြည်း ပိုပြီး ကျယ်ပြန့်လာပြီ။ အရင်တုန်းကတော့ မတော်တဆ ဝင်မိတဲ့သူတွေပဲ သေတာ၊ အခုတော့ မင်းတို့ကိုပါ အတွင်းထဲရောက်အောင် မျှားခေါ်နိုင်နေပြီ။"
"လူတစ်ဆယ့်နှစ်ယောက်မှာ သုံးယောက်ပဲ အသက်ရှင်ကျန်ရစ်တယ်... တကယ့်ကို ရင်နာစရာ ကောင်းလှချည်ရဲ့။"
ကျွန်တော် မျက်နှာ ပျက်သွားမိသည်။ လက်တွေ့မှာတော့ ကျွန်တော်သာ စောစော မနိုးထခဲ့ရင် လူတစ်ဆယ့်နှစ်ယောက်လုံး လုံးဝ အသက်ခံလိုက်ရမှာ သေချာသည်။
"ဪ... ဒါနဲ့ ဆရာကြီး၊ ကျွန်တော် ပြောခဲ့တဲ့ ငွေငါးသိန်း ကိစ္စကိုကော ဘယ်လို သဘောရလဲဗျာ။"
တာအိုဆရာကြီးက သူ့ရဲ့ သားမြီးယပ်ကို အသာအယာ ခါထုတ်လိုက်ရင်း "တာအိုတရားကို ကျင့်ကြံသူတစ်ယောက်အနေနဲ့ လောကီစည်းစိမ်တွေကို ဘယ်လိုလုပ် မက်မောပါ့မလဲ။ ဒါပေမဲ့ အဲဒီမိန်းကလေးက အတင်းပေးချင်နေမှတော့လည်း ဒီဆရာကြီးမှာ အကန့်အသတ်မရှိ လက်ခံရုံပဲ ရှိတာပေါ့ မဟုတ်ဘူးလား"
"ဟားဟား... ဆရာကြီး ပြောတာ တကယ့်ကို ယုတ္တိရှိပါတယ်ဗျာ။ ဒါဆို ကျွန်တော်တို့ ဘယ်အချိန်မှာ သွားပြီး ဖြေရှင်းကြမလဲ။"
"အခုပဲ သွားကြစို့၊ နောက်ထပ် ဘယ်သူ့ကိုမှ ထပ်ပြီး မထိခိုက်စေချင်တော့ဘူး။"
ပြောပြီးတာနဲ့ ချက်ချင်းပဲ၊ တာအိုဆရာကြီးနဲ့ ကျွန်တော် ကျောင်းဆီကို တက္ကစီစီးပြီး ထွက်ခဲ့ကြသည်။ ဒါပေမဲ့ ကျောင်းကို ချက်ချင်း မသွားသေးဘဲ အနီးနားက ဈေးဝယ်စင်တာတစ်ခုဆီကို အရင်သွားခဲ့ကြသည်။
ကျွန်တော် အတွင်းထဲကို နာရီဝက်လောက် အပြေးအလွှား သွားပြီး တာအိုဆရာကြီးအတွက် သာမန်လူတွေ ဝတ်တဲ့ အဝတ်အစားတစ်စုံ - လက်တိုအင်္ကျီအမည်းနဲ့ ဂျင်းဘောင်းဘီတစ်ထည်ကို ဝယ်ပေးလိုက်သည်။ ပြီးတော့ သူ့ရဲ့ သားမြီးယပ်ကိုလည်း ကြက်တောင်ရိုက်တံ ထည့်တဲ့ အိတ်ထဲကို အမြန်ထည့်ပြီး ဝှက်ပေးလိုက်သည်။
‘တာအိုဆရာကြီးက အနည်းငယ် မလိုလားသလို ဖြစ်နေပေမဲ့ တခြားနည်းလမ်း မရှိပါဘူး။ သူသာ သူ့ရဲ့ မူလဝတ်စုံကြီးနဲ့ ဆိုရင် ကျောင်းဝင်းထဲကို ဘယ်လိုလုပ် ဝင်လို့ရပါ့မလဲ။’
ဒါတွေအပြင်၊ ကျွန်တော် အထူးတလည် ပုဆိန်တစ်လက်ကိုပါ သွားဝယ်ပြီး ကျောပိုးအိတ်ထဲမှာ အသေသတ် ဝှက်ထားခဲ့ပါသေးသည်။
ကျောင်းကို ရောက်ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ အဆောင်ဟောင်းကြီးဆီကို တန်းတန်းမတ်မတ် ဦးတည်ခဲ့ကြသည်။
အဆောင်ဟောင်းကြီးရဲ့ ရှေ့ကို ရောက်တဲ့အခါ၊ ကျွန်တော် မနေ့က လျှောဆင်းခဲ့တဲ့ နေရာကို မသိမသာ လှမ်းကြည့်မိရာ၊ အလှစိုက် ပန်းခင်းလေးကတော့ ခြေရာလက်ရာတွေနဲ့ ပရမ်းပတာ ပျက်စီးလို့နေသည်။
‘၎င်းအပြင် ရန်ချန်ရဲ့ အလောင်းကိုလည်း ရှင်းလင်းသွားခဲ့ကြပါပြီ။’
တာအိုဆရာကြီးက အဆောင်ဟောင်းကြီးကို အထက်အောက် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေပြီး၊ သူ့ရဲ့ မျက်မှောင်တွေက တစ်ချက်တစ်ချက် ပြေလျော့သွားလိုက်၊ တစ်ချက်တစ်ချက် ပြန်တွန့်သွားလိုက် ဖြစ်နေသည်။ အဲဒီနောက် သူက ကျွန်တော့်ကိုဆွဲပြီး အဆောင်ဟောင်းကြီးရဲ့ ပတ်ပတ်လည်ကို အကြိမ်ကြိမ် ပတ်ကြည့်ကာ၊ နံရံတွေကို လိုက်ခေါက်ရင်း မြေကြီးတွေကိုပါ တူးဆွကြည့်နေပါတော့သည်။
‘ကျွန်တော်တို့ အဆောက်အအုံရဲ့ ရှေ့ကို ပြန်ရောက်တဲ့ အချိန်မှာတော့ ကျွန်တော် အမောဆို့ပြီး အသက်ကို မနည်းလုရှူနေရပါပြီ။ စဉ်းစားကြည့်ပါဦး၊ ကျွန်တော် ရက်ပေါင်းများစွာ မအိပ်ရသေးတာကြောင့် တကယ့်ကို ရူးသွပ်လုနီးပါး ဖြစ်နေတာပါ၊ ဒီလို ထပ်ပြီး လမ်းလျှောက်ရတာက ကျွန်တော့်ကို သတိလစ်မေ့မြောသွားစေလုနီးပါး ဖြစ်စေခဲ့သည်။’
တာအိုဆရာကြီးက အလွန်တရာ တည်ငြိမ်လေးနက်တဲ့ လေသံနဲ့ မေးလာသည်။ "အာစီ... မင်း ကြည့်ရသလောက် ဒီအဆောက်အအုံကြီးက ဘာနဲ့ တူတယ်လို့ ထင်လဲ။"
သူ အဲဒီလို ပြောလိုက်တော့မှပဲ ကျွန်တော် အဆောင်ဟောင်းကြီးရဲ့ အပြင်ဘက် ပုံသဏ္ဌာန်ကို သေသေချာချာ အာရုံစိုက်ပြီး ကြည့်မိပါတော့သည်။
‘အရင်တုန်းကတော့ ကျွန်တော် သတိမထားမိခဲ့ပါဘူး၊ အဆောင်ဟောင်းကြီးက တခြား အဆောက်အအုံတွေနဲ့ ယှဉ်ရင် တကယ်ပဲ ကွဲပြားခြားနားနေတာပါ။ အစတုန်းကတော့ ဒါဟာ သက်တမ်းရင့်တဲ့ ဗိသုကာလက်ရာ ပုံစံမျိုးပဲလို့ ထင်ခဲ့သည်။’
အခု သေသေချာချာ စိုက်ကြည့်လိုက်တဲ့ အခါမှာတော့၊ ကျွန်တော့်ရဲ့ မျက်သူငယ်အစုံက ဆတ်ခနဲ ကျုံ့ဝင်သွားပါတော့သည်။ အဝေးကနေ ခြုံငုံပြီး ကြည့်လိုက်မယ်ဆိုရင်၊ အဆောင်ဟောင်းကြီး တစ်ခုလုံးရဲ့ ပုံသဏ္ဌာန်က အရာတစ်ခုနဲ့ အတိအကျ ထပ်တူကျနေလို့ပါပဲ။
၎င်းက... ခေါင်းတလားကြီး တစ်လုံးနဲ့ တူနေလို့ပါပဲ။’