အခန်း (၄၉) - တစ္ဆေလက်ထက်စာချုပ်၏ အကျိုးနှင့် အကြောင်း
တတိယထပ် လူသွားလမ်းရဲ့ ထောင့်စွန်းမှာ လင်းရင်က သူမရဲ့ ပါးစပ်ကို လက်နဲ့ ကျစ်ကျစ်ပါအောင် ပိတ်ထားပြီး စိတ်ကို ပြန်တည်ငြိမ်အောင် အသက်ပြင်းပြင်း သုံးလေးခေါက်လောက် ရှူလိုက်ရရှာသည်။
မှောင်မိုက်မှုထဲမှာ ပေါ်ထွက်လာတဲ့ အလောင်းကောင်ကို မြင်လိုက်ရတာကြောင့် သူမရဲ့ မျက်နှာက ထိတ်လန့်တုန်လှုပ်မှုတွေနဲ့အတူ ဖြူဖျော့ပြီး သွေးမရှိတော့သည့်အတိုင်း ဖြစ်နေသည်။
သူမ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
နံရံကို မှီဖို့ ရည်ရွယ်ချက်နဲ့ နောက်ဆုတ်လိုက်တာ ဖြစ်ပေမဲ့ သူမရဲ့ ခြေထောက်က ရုတ်တရက် အိစက်စက်နဲ့ မာကြောကြော ဖြစ်နေတဲ့ အရာတစ်ခုကို နင်းမိသွားသည်။
‘သူမ ခြေထောက်နဲ့ နှစ်ချက် သုံးချက်လောက် ထပ်ပြီး ဖိနင်းကြည့်မိတော့ အပြင်ဘက်က ပျော့အိပြီး အတွင်းထဲမှာ မာကြောတဲ့ အရိုးတွေ ရှိနေတဲ့ ခံစားချက်မျိုး...’
အသိစိတ် ချက်ချင်း ပြန်ဝင်လာတော့မှ ဒါဟာ လူ့လက်တစ်ဖက် ဖြစ်မှန်း သူမ သိလိုက်ရပါတော့သည်။
ကျွန်တော် ဖုန်းမီးကို သုံးပြီး အလောင်းရဲ့ မျက်နှာပေါ်ကို လှမ်းထိုးပြလိုက်သည်။
ရုတ်တရက် ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ အသက်ရှူသံတွေ ရပ်တန့်လုနီးပါး ဖြစ်သွားပြီး ခြောက်ကပ်နေတဲ့ လူသွားလမ်းထဲမှာ ရင်ဘတ်ထဲက တဒုန်းဒုန်း ခုန်နေတဲ့ နှလုံးခုန်သံတွေကိုပဲ အတိုင်းသား ကြားနေရသည်။
လင်းရင်က သူမရဲ့ လက်ဖမိုးကို ကိုက်ထားရင်း မျက်စိရှေ့က မြင်ကွင်းကို မယုံနိုင်စရာ ကောင်းလောက်အောင် မျက်လုံး အဝိုင်းသားနဲ့ ကြည့်နေမိရှာသည် -
"ဘယ်... ဘယ်လိုလုပ် သူဖြစ်နေရတာလဲ"
"သူ တကယ်ပဲ သေသွားပြီလား"
ကျွန်တော်လည်း အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိရင်း "သူ ဒီမှာ သေလိမ့်မယ်လို့ ငါလည်း ထင်မထားခဲ့ဘူး။"
"ကျောက်ခန့်..."
တတိယထပ် လူသွားလမ်းရဲ့ ထောင့်စွန်းမှာ ရှိနေတဲ့ အလောင်းကတော့ ကျောက်ခန့် ဖြစ်လို့နေသည်။
ဘယ်အချိန်က ဖြစ်သွားမှန်း မသိပေမဲ့ အလောင်းက ထောင့်စွန်းမှာ မှီလျက်သား ရှိနေခဲ့တာမို့ လင်းရင်က မတော်တဆ လှမ်းနင်းမိသွားတာ ဖြစ်သည်။
လင်းရင်က ခေါင်းကို အခြားတစ်ဖက်သို့ လွှဲလိုက်ပြီး ရက်ရက်စက်စက် သေဆုံးနေတဲ့ ကျောက်ခန့်ကို ဆက်ပြီး မကြည့်ရဲတော့သဖြင့် အကြည့်လွှဲလိုက်သည်။
‘သူမအနေနဲ့ ကျောက်ခန့်ရဲ့ အချစ်ကို တစ်ခါမှ လက်မခံခဲ့ဖူးပေမဲ့ သူက သူမနောက်ကို ဒီလောက်အကြာကြီး လိုက်ခဲ့တာ ဖြစ်လို့၊ မျက်စိရှေ့မှာ အမြဲတမ်း ဝဲလည်ဝဲလည် လုပ်နေတဲ့ ခွေးတစ်ကောင်ဆိုရင်တောင် အချိန်ကြာလာရင် သံယောဇဉ် တွယ်မိတတ်တာမျိုး မဟုတ်လား။’
သူမက တုန်ရီနေတဲ့ လေသံနဲ့ ပြောလာတယ် "သူ ဘယ်လိုလုပ် ဒီမှာ သေရတာလဲ"
"ငါတို့ ဒီကိုလာတော့ လူငါးယောက်ပဲ ရှိတာ၊ ကျောက်ခန့် ပေါ်မလာခဲ့ဘူး။ သူတစ်နေရာရာမှာ ပုန်းနေနိုင်တယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ သူလည်း ဘယ်လိုမှ မလွတ်မြောက်နိုင်ဘဲ ဒီမှာပဲ သေဆုံးခဲ့ရရှာပြီ။"
"အဲဒီအစား... ငါကတော့ မင်းနောက်ကို လိုက်ခဲ့လို့ အသက်ရှင်ကျန်ရစ်တာပေါ့။"
ကျွန်တော် ရုတ်တရက် ကြောင်အသွားမိတယ် "ခဏလေး။"
"မင်း ခုနက ဘာပြောလိုက်တာလဲ"
"'အဲဒီအစား... ငါကတော့ မင်းနောက်ကို လိုက်ခဲ့လို့ အသက်ရှင်ကျန်ရစ်တာပေါ့' ဆိုတာလား"
"မဟုတ်ဘူး... အဲဒီစာကြောင်း မဟုတ်ဘူး၊ အရှေ့က စာကြောင်း!"
"'ငါတို့ ဒီကိုလာတော့ လူငါးယောက်ပဲ ရှိတာ၊ ကျောက်ခန့် ပေါ်မလာခဲ့ဘူး။ သူတစ်နေရာရာမှာ ပုန်းနေနိုင်တယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ သူလည်း ဘယ်လိုမှ မလွတ်မြောက်နိုင်ဘဲ ဒီမှာပဲ သေဆုံးခဲ့ရရှာပြီ...'"
"ကျောက်ခန့်က တစ်လျှောက်လုံး ငါတို့နဲ့အတူ ရှိနေတာ မဟုတ်ဘူးလား။ လူငါးယောက် ဟုတ်လား။ သူ ပေါ်မလာခဲ့ဘူးဆိုတာ ဘာကို ပြောတာလဲ"
လင်းရင်က ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ သူမရဲ့ နှုတ်ခမ်းလေးကို ဖွင့်ဟပြီး ပြန်လည်ခြေလိုက်သည်။ "မုတ်ဘူးလေ... ကျောက်ခန့်က အဆောင်ဟောင်းကြီးကို လုံးဝ ပါမလာခဲ့ဘူး။"
"ငါတို့ ခေါင်မိုးပေါ်မှာ ရှိနေတုန်းက ငါ၊ မင်း၊ ဝိညာဉ်ရေးရာပညာရှင်၊ ရန်ချန်နဲ့ ချီချီ... ငါတို့ ငါးယောက်တည်း ရှိခဲ့တာ မဟုတ်ဘူးလား။ ကျောက်ခန့်က အစကတည်းက ဒီကို ရောက်မလာခဲ့ဘူး။"
"ငါတို့ ငါးယောက်ပဲ အောက်ကိုဆင်းတုန်းက တစ်ယောက်ရဲ့ ခါးပတ်ကို တစ်ယောက် လှမ်းကိုင်ခဲ့ကြတာလေ။"
"ငါကတော့ တွေးမိတာ ကျောက်ခန့်က ငါ့အိမ်မှာ ကျန်ခဲ့တယ်လို့ပဲ၊ သူ့အလောင်းက ဒီမှာ ရှိနေလိမ့်မယ်လို့ ဘယ်လိုမှ မျှော်လင့်မထားဘူး..."
ကျွန်တော် ကျောက်ခန့်ရဲ့ အလောင်းကို စိုက်ကြည့်ရင်း မျက်မှောင်ကုတ်ကာ တွေးတောနေမိသည်။
‘လူငါးယောက်... ကျောက်ခန့်က အစကတည်းက ရောက်မလာခဲ့ဘူး...
ဒါပေမဲ့ ကျွန်တော် ခေါင်မိုးပေါ်မှာ ကျောက်ခန့်ကို တကယ်ပဲ မြင်ခဲ့တာ ဖြစ်ပြီး၊ သူက အောက်ကိုဆင်းတုန်းက ကျွန်တော့်ရဲ့ ခါးပတ်ကိုတောင် လှမ်းကိုင်ထားခဲ့သေးတာ။
ကြည့်ရတာ ကျောက်ခန့်က လမ်းမှာတင် သေဆုံးသွားခဲ့ပြီ ထင်သည်။
ကျွန်တော်တို့ ခေါင်မိုးပေါ်မှာ ရှိနေတဲ့ အချိန်ကတည်းက သူက သရဲဖြစ်နေခဲ့လို့သာ ကျွန်တော်တစ်ယောက်တည်း သူ့ကို မြင်နိုင်ခဲ့တာ ဖြစ်ရမည်။’
သူက ကျွန်တော်တို့ ဒီကို မရောက်ခင်ကတည်းက သေဆုံးသွားခဲ့တာ ဖြစ်နိုင်သည်။
‘လင်းရင်ကတော့ ကျွန်တော့်ရဲ့ မေးခွန်းတွေကို နားမလည်နိုင် ဖြစ်နေရှာပေမဲ့ ဒါတွေကို သူမကို ပြောပြဖို့ အကြောင်းမရှိပါဘူး။’
‘ကျောက်ခန့် သေဆုံးသွားတဲ့ ကိစ္စအပေါ် ကျွန်တော် တကယ်တော့ သိပ်ပြီး အံ့ဩမနေပါဘူး၊ ဒါဟာ မျှော်လင့်ထားပြီးသား ဖြစ်ရပ်တစ်ခုမို့ပါ။
ပြောရရင် ကျောက်ခန့် သေရတာက ကျွန်တော့်ကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေတယ်လို့ ဆိုရမှာပေါ့။’
ကျောက်ခန့်ရဲ့ သေဆုံးမှုက တကယ့်ကို ရက်စက်လှသည်။ သူ့ရဲ့ မျက်လုံးအစုံက အပြင်ကို ကျွတ်ထွက်နေပြီး သွေးတွေ ရွှဲနစ်နေတဲ့ တွင်းချိုင့်ကြီးနှစ်ခုပဲ ကျန်ခဲ့ကာ၊ ခြေလက်တွေကလည်း လုံးဝ စုတ်ပြတ်ကာ မူမမှန် ဖြစ်နေခဲ့သည်။
ကျွန်တော့်အမြင်မှာတော့ ဒီလို သေဆုံးတဲ့ ပုံစံမျိုးက တော်တော်လေးကို ရိုးအီနေပါပြီ - ‘ဒါဟာ ကျွန်တော့်နောက်ကိုပဲ တကောက်ကောက် လိုက်နေတဲ့ ကံကြမ္မာဆိုးတစ်ခု မဟုတ်လား။
ချင်လုံဘုရားကျောင်းက ဆရာတော် လျှောင်ကော် သေတုန်းကလည်း ဒီလိုပုံစံမျိုးပဲ ဖြစ်ပြီး၊ အရင်က အချုပ်ခန်းထဲမှာ ဝက်ခြံပုန်းတို့ သေဆုံးခဲ့စဉ်ကလည်း ဒီလိုကံကြမ္မာမျိုးကိုပဲ ရင်ဆိုင်ခဲ့ရတာပွ။
အခုတော့ ကျောက်ခန့်လည်း အတူတူပါပဲ။’
သူတို့ရဲ့ သေဆုံးမှုတွေက သေချာပေါက် လူတစ်ယောက်တည်းရဲ့ လက်ချက်လို့ ပြောလို့ရသည်။ - ‘မဟုတ်ဘူး၊ သူမက လူမှမဟုတ်တာ!’
သူတို့ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ကျွန်တော် အကြမ်းဖျင်း ကောက်ချက်တစ်ခု ချမိသွားသည်။
ဒါကတော့ တကယ့်ကို ရယ်စရာကောင်းပြီး မောက်မာလှတဲ့ ကောက်ချက်တစ်ခုပါပဲ - ဝက်ခြံပုန်း၊ ကျောက်ခန့်တို့အားလုံး မသေခင်မှာ အရာတစ်ခုကို အတူတူ လုပ်ခဲ့ကြပါတယ်၊ အဲဒါကတော့ 【ကျွန်တော့်ကို လာပြီး စော်ကားမိတာပဲ!】
‘ဝက်ခြံမျက်နျာက ကျွန်တော့်ကို ဓားနဲ့ ခုတ်ခဲ့ဖူးတယ်၊ ကဏာန်းပေါင်းစက်က ကျွန်တော့်ရဲ့ နှလုံးသားတည့်တည့်ကို ဓားနဲ့ ထိုးဖို့ လုပ်ခဲ့ဖူးတယ်၊ ပြီးတော့ ကျောက်ခန့်က ကျွန်တော့်ကို ကန်ဖို့ လုပ်ခဲ့ပြီး အင်္ကျီကော်လာကို လှမ်းဆွဲခဲ့ဖူးတယ်။
ဒါတွေအပြင် တခြား ဘယ်လို ဆက်စပ်မှုကိုမှ ကျွန်တော် စဉ်းစားလို့ မရပါဘူး။
ကျွန်တော့်ရဲ့ သရဲဇနီး နဲ့ သူတို့ကြားမှာ ဘယ်လို ပတ်သက်မှု ရှိနေလဲဆိုတာကိုလည်း စဉ်းစားလို့ မရပါဘူး။’
‘သူ့ရဲ့ သေဆုံးခြင်းက ပြဋ္ဌာန်းပြီးသား ကံကြမ္မာတစ်ခုပါပဲ။ အဆောင်ဟောင်းကြီးထဲက သရဲတစ္ဆေတွေရဲ့ လက်ကနေ ဘယ်လိုလုပ် လွတ်မြောက်နိုင်ပါ့မလဲ။
သူက ကျွန်တော့်ထက်တောင် စောပြီး ဒီကို ရောက်နေခဲ့တာ ရှင်းနေပြီး၊ ရောက်ရောက်ချင်းမှာပဲ သရဲနှစ်ကောင်ရဲ့ ပစ်မှတ်ထားခြင်းကို ခံလိုက်ရတာ ဖြစ်ပါလိမ့်မယ်။’
ဇောက်... ဇောက်... ဇောက်...
လူသွားလမ်းရဲ့ အခြားတစ်ဖက်ကနေ ခြေသံတွေနဲ့အတူ ဖိနပ်အောက်ခြေ ကြမ်းပြင်နဲ့ ပွတ်တိုက်မိတဲ့ အသံတွေက ပျံ့လွင့်လာသည်။
ဒီလို ပတ်ဝန်းကျင်မျိုးမှာ ဘယ်လို လှုပ်ရှားမှုအသံရဲ့ ပဲ့တင်သံမဆို ခြောက်ကပ်ပြီး ကြောက်စရာကောင်းလှသည်။ ရှေ့က မှောင်မည်းနေတဲ့ လူသွားလမ်းကိုတော့ ပြောနေစရာတောင် မလိုတော့ပြီ။
ကျွန်တော် နားကို စွင့်လိုက်ပြီ အသံကို နားထောင်ကြည့်ရသလောက် လူအများကြီး မဟုတ်သလို စကားပြောနေကြတဲ့ အသံတွေပါ ကြားနေရသည်။
ပဲ့တင်သံတွေက တဖြည်းဖြည်း အားနည်းသွားပေမဲ့ စကားပြောသံတွေကတော့ ပိုပြီး နီးကပ်လာခဲ့သည်။
လင်းရင်က အဲဒီအသံရဲ့ ပိုင်ရှင်တွေကို မှတ်မိသွားပုံရပြီး မျက်နှာလေး ဝင်းခနဲ ဖြစ်သွားရှာသည်။
ကျွန်တော် သူမကို ကြည့်ပြီး ခေါင်းခါပြလိုက်ကာ လှေကားထောင့်ဆီကို လက်ညှိုးထိုးပြပြီး အချက်ပြလိုက်သည်။
သူမ ခေတ္တမျှ ကြောင်အသွားပြီးမှ သဘောပေါက်သွားရှာသည်။
လင်းရင်နဲ့ ကျွန်တော် လှေကားထောင့်ဆီကို ခန္ဓာကိုယ်ချင်း ကပ်ပြီး ဆုတ်လိုက်ကြတယ်၊ ဒါမှ လိုအပ်ရင် အလွယ်တကူ ထွက်ပြေးနိုင်အောင် ပြင်ထားလိုက်သည်။
‘တခြားနည်းလမ်း မရှိပါဘူး၊ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ဘယ်သူကမှ စိတ်အေးလက်အေး မနေနိုင်ကြဘူးလေ။’
မှုံဝါးနေတဲ့ မှောင်မိုက်မှုထဲကနေ အလင်းစအချို့ ပေါ်လာပြီး၊ အဲဒီနောက်မှာတော့ အားနည်းပြီး ဖြူဖျော့နေတဲ့ မျက်နှာအချို့ ပေါ်ထွက်လာသည်။
ဝိညာဉ်ရေးရာပညာရှင်၊ ရန်ချန်နဲ့ ချီချီတို့ ဖြစ်သည်။
သူတို့က အရင်တုန်းကလိုပဲ တစ်ယောက်နောက်တစ်ယောက် အစီအရီ ဖြည်းဖြည်းချင်း လျှောက်လာနေကြသည်။
‘ရက်ပေါင်းများစွာ မအိပ်ရသေးတဲ့သူတွေမို့ ဘယ်သူကများ ရုပ်ရည်ကောင်းမွန်ပြီး အားအင်ပြည့်ဝနေပါ့မလဲ။
သူတို့ သတိလစ်မလဲသွားကြတာတင် တော်တော်လေး ကံကောင်းလှပါပြီ။’
လင်းရင်နဲ့ ကျွန်တော် လှေကားထောင့်ကနေ ထွက်လိုက်ပြီး ကိုယ်ကို ပြလိုက်ပေမဲ့ အကွာအဝေးတစ်ခုကိုတော့ ထိန်းထားဆဲ ဖြစ်သည်။
သူတို့ ကျွန်တော်တို့ကို မြင်လိုက်ရတဲ့ အချိန်မှာတော့ ဆွေမျိုးသားချင်းတွေကို ပြန်တွေ့လိုက်ရသလိုမျိုး အတိုင်းထက်အလွန် ဝမ်းသာသွားကြပါတော့သည်။
ချီချီက ဝမ်းနည်းပက်လက်နဲ့ လှမ်းအော်တယ် "ကျန်းအာစီ... နင်ကတော့ တကယ်ကို နှလုံးသားမရှိတဲ့လူပဲ။ ခုနက ငါ့ကို ပစ်ထားခဲ့ပြီး နင့်ဘာသာနင် တစ်ယောက်တည်း ထွက်ပြေးသွားတယ်ဟုတ်လား။"
ကျွန်တော် ပုခုံးတွန့်ပြလိုက်ရင်း "ငါက ဒီအတိုင်း မတ်မတ်ရပ်နေတာပါ၊ ထွက်ပြေးသွားတာက နင်တို့ မဟုတ်ဘူးလား"
သူမ မကျေမနပ်နဲ့ နှုတ်ခမ်းကို စူလိုက်ပြီး လင်းရင်ကိုတော့ မလိုလားအပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေမိရှာသည်။
ဝိညာဉ်ရေးရာပညာရှင်ကတော့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ ဟန်ပန်ကို ဆက်ထိန်းထားဆဲ ဖြစ်ပြီး ဩဇာရှိတဲ့ လေသံနဲ့ ပြောလာတယ် "နင်တို့နှစ်ယောက်လုံး ဘာမှမဖြစ်ကြတာ တော်သေးတာပေါ့။"
"အမှားအယွင်း သေးသေးလေးတစ်ခုကြောင့် အဖွဲ့က ကွဲသွားခဲ့တာ၊ ငါတို့ ခုနက နင်တို့ကို လိုက်ရှာနေတာ။ ကံကောင်းလို့ အားလုံး ဘေးကင်းကြပါတယ်။"
ကျွန်တော် ရင်ထဲကနေ တိတ်တဆိတ် ရယ်မောမိလိုက်သည်။
‘ကျွန်တော် ရှင်းရှင်းလင်းလင်း မှတ်မိနေတာကတော့ ဝိညာဉ်ရေးရာပညာရှင်က အရင်ဆုံး စပြီး ထွက်ပြေးတဲ့လူ ဖြစ်ပြီး၊ သူ့ရဲ့ ရည်းစားကိုတောင် ဂရုမစိုက်ဘဲ အသည်းအသန် ပြေးခဲ့တာပါ။ အခုကျတော့မှ လူကောင်းကြီးလို လာလုပ်နေတာပေါ့။’
ကျွန်တော့်လက်ထဲက ဝိညာဉ်ရိုးတံကို လှည့်ကစားရင်း၊ ဝိညာဉ်ရေးရာပညာရှင်က သရဲများ ဖြစ်နေမလားလို့ စိတ်ထဲကနေ တိတ်တဆိတ် သံသယ ဝင်မိနေသည်။
ဝိညာဉ်ရေးရာပညာရှင်က ဆက်ပြောတယ် "နောက်တစ်ခါကျရင်တော့ မင်းတို့ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းရမယ်၊ သိပ္ပံပညာကိုပဲ ယုံကြည်စမ်းပါ။"
"ကံကောင်းလို့ ငါတို့ ပြန်ဆုံကြတာ၊ ပြီးတော့ ငါတို့အဖွဲ့က ပိုတောင် လူများလာသေးတယ်။"
ပြောပြောဆိုဆိုနဲ့ သူက ဘေးကို ဖယ်ပေးလိုက်ရာ၊ မှောင်မိုက်မှုထဲကနေ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ဖုန်းရဲ့ အလင်းရောင်အောက်မှာ၊ ကျောက်ခန့်က သူတို့အလယ်မှာ မတ်မတ်ရပ်နေပြီး သူ့ရဲ့ မျက်နှာပေါ်မှာတော့ အေးစက်ပြီး ယုတ်မာလှတဲ့ အပြုံးကြီးတစ်ခု ရှိနေပါတော့သည်။