အခန်း (၄၅) - ဟိုတယ်တွင် တစ်ညလုံး မအိပ်ဘဲ တောင့်ခံခြင်း
‘ဒီနေ့ညလည်း ကျွန်တော် လုံးဝအိပ်လို့မဖြစ်ဘူး။ စိတ်ကိုအမြဲနိုးကြားနေစေဖို့အတွက် ငရုတ်သီးတွေ၊ အနံ့ရှူဆေးတွေ၊ ကွမ်းယာတွေနဲ့ တခြားအရာတွေကို ကြိုတင်ဝယ်ယူထားခဲ့သည်။
ညရှစ်နာရီမှာတော့ ပထမဆုံး ငရုတ်သီးတစ်တောင့်ကို ကိုက်စားလိုက်သည်။ စပ်ရှရှနဲ့ ပူလောင်တဲ့ခံစားချက်က ပါးစပ်တစ်ခုလုံးကို ပျံ့နှံ့သွားပါတော့သည်။ ပြီးတော့ မုန်ညင်းစိမ်းဆော့စ် အနည်းငယ်ကို ပါးစပ်ထဲ ညှစ်ထည့်လိုက်ရာ အစပ်ရှိန်က ဦးနှောက်ဆီကို ချက်ချင်း ဆောင့်တက်သွားပြီး မျက်လုံးတွေ ဝင်းခနဲ ပွင့်လာသည်။ တကယ့်ကို ချက်ချင်း လန်းဆန်းသွားသည်။
‘ဒီပစ္စည်းတွေရှိနေရင်တော့ ဒီနေ့ညက သိပ်ပြီး ခက်ခဲမှာမဟုတ်တော့ပါဘူး။ ဒါတွေရယ်၊ ဟိုတယ်က ကွန်ပျူတာရယ်ကို အားကိုးပြီး ကျွန်တော်တစ်ညလုံး ဂိမ်းထိုင်ဆော့တဲ့အစီအစဉ်ကို စတင်လိုက်ပါတော့သည်’...
ဒေါက်... ဒေါက်... ဒေါက်...
"အာစီ..."
ကျွန်တော် ချီချီရဲ့အသံကို ကြားလိုက်ရတာလား။
နားကြပ်ကို ချွတ်လိုက်တော့ ချီချီရဲ့အသံက ကျွန်တော့်နားထဲမှာ တကယ်ပဲ မြည်ဟည်းနေခဲ့တာပါ။
"ကျန်းအာစီ... အာစီ..."
ဒေါက်... ဒေါက်... ဒေါက်...
သူမက အပြင်ဘက်မှာ တံခါးကို ခေါက်ရင်း လှမ်းခေါ်နေတာ ဖြစ်သည်။
ကျွန်တော် တံခါးသွားဖွင့်ပေးချင်ပေမဲ့ ကျွန်တော့်ရဲ့ အသိစိတ်ကတော့ လုံးဝခွင့်မပြုပါဘူး။ ခေတ္တမျှ ဇဝေဇဝါဖြစ်ပြီးတဲ့နောက် အပြင်ဘက်ကို လှမ်းအော်ပြောလိုက်တယ် "ချီချီ... နောက်ထပ်ခဏလောက်ပဲ စောင့်လိုက်ပါဦး။ ဟိုလေ... ညတစ်ဆယ့်နှစ်နာရီအထိ စောင့်လိုက်ပါလား..."
ချီချီက အပြင်ကနေ အံ့ဩတကြား လှမ်းအော်ပါတယ် "တစ်ဆယ့်နှစ်နာရီဟုတ်လား။ နင်က ငါ့ကို တစ်ဆယ့်နှစ်နာရီအထိ စောင့်ခိုင်းနေတာလား"
ကျွန်တော်ကတော့ ဂိမ်းဆော့လို့ကောင်းနေတာမို့ သိပ်ဂရုမစိုက်အားပါဘူး "ဒါဆိုလည်း ဟိုတယ်ပိုင်ရှင်ဆီသွားပြီး တခြားအခန်းတစ်ခန်း ထပ်ယူလိုက်ပါလား"
ချီချီ "ငါ... ငါ ကြောက်လို့ပါ။ ခုနက လင်းရင်ရဲ့အိမ်မှာတောင် ငါ ဆက်မနေရဲတော့ဘူး... မင်းနဲ့အတူရှိနေမှ ပိုပြီးစိတ်ချရမှာ။"
"တံခါးဖွင့်ပေးပါဟာ၊ ငါက လူဆိုးမှမဟုတ်တာ။"
ကျွန်တော် "နင်က 'လူကောင်း' ဖြစ်နေမှာကိုပဲ ငါက ကြောက်နေတာ..."
ချီချီက လက်မလျှော့ဘဲ ဆက်ပြီး လှမ်းခေါ်နေခဲ့တယ်၊ မကြာခင်မှာပဲ ရှိုက်ကြီးတငင် ငိုသံတွေပါ ထွက်လာပါတော့သည်။ ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ နားကြပ်ကို ပြန်တပ်လိုက်မိသည်။ အခြားလူအပေါ် ကြင်နာသနားပြနေခြင်းက ကိုယ့်ကိုယ်ကိုယ် ဖြည်းဖြည်းချင်း သတ်သေနေတာနဲ့ အတူတူပါပဲ...
...
တစ်နာရီ နှစ်နာရီခန့် ကုန်လွန်သွားပြီးတဲ့နောက်မှာတော့ အချိန်က ညတစ်ဆယ့်နှစ်နာရီကို ကျော်လွန်သွားခဲ့သည်။
ချီချီကတော့ တံခါးအပြင်ဘက်မှာ တရှုံ့ရှုံ့နဲ့ ငိုနေတုန်းပါပဲ။
ကျွန်တော် ခုတင်ဘေးကို သွားလိုက်သည်။ ကျွန်တော့်ကျောပိုးအိတ်ထဲက အနီရောင်သေတ္တာ ကတော့ မထိန်းနိုင်မသိမ်းနိုင် ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့အကြိမ်ကလိုပဲ ၎င်းကို ရေချိုးခန်းထဲ ယူသွားလိုက်သည်။
ခြောက်ကပ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ညှိုးခြောက်ခြောက် လက်တစ်ဖက်က သေတ္တာကို တွန်းဖွင့်လိုက်ပြီး ၎င်းရဲ့လက်သည်းနဲ့ ကြမ်းပြင်ပေါ်မှာ စာတစ်ကြောင်းကို အလိုအလျောက် ထွင်းထုလိုက်သည် - "တံခါးဖွင့်ရင် သေလိမ့်မယ်။"
ဒါကို လုပ်ဆောင်ပြီးတဲ့နောက် အဲဒီညှိုးခြောက်ခြောက် လက်ကြီးက သေတ္တာထဲ ပြန်ဝင်သွားပြီး ၎င်းဘာသာ တံခါးကို ပြန်ပိတ်လိုက်ပါတယ်။ ‘ကျွန်တော် အဲဒီစာသားကို စိုက်ကြည့်ရင်း ရင်ထဲက တုန်လှုပ်မှုက မပြယ်သေးပါဘူး။’
‘တကယ်ပါပဲ၊ တံခါးအပြင်ဘက်မှာ ဘာသန့်ရှင်းတဲ့အရာမှ ရှိမနေခဲ့ပါဘူး။ ဒီမိစ္ဆာဝိညာဉ်တွေက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကို အသုံးချတာ တကယ်ကို ကျွမ်းကျင်လွန်းလှသည်။ ခုနကသာ စိတ်ပျော့ပြီး တံခါးဖွင့်ပေးမိရင် သေချာပေါက် သတ်သေမိသလို ဖြစ်သွားမှာပါ။
ဒီစာသားကို မြင်ပြီးတဲ့နောက်မှာတော့ အပြင်မှာ ချီချီရှိနေဖို့နေနေသာသာ... နတ်သမီး အယောက် တတ်နိုင်သမျှ ရှိနေပါစေဦးတော့၊ ကျွန်တော် လုံးဝ တံခါးဖွင့်မှာ မဟုတ်ပါဘူး။’
ကျွန်တော် သန်းခေါင်ယံအချိန်အထိ ဂိမ်းကို ဆက်ဆော့နေခဲ့ရာ အားအင်တွေက တဖြည်းဖြည်း ကုန်ခမ်းလာသည်။ စိတ်ကို ပြန်နိုးကြားလာစေဖို့ ငရုတ်သီးတစ်တောင့်ကို ပါးစပ်ထဲ ထပ်ငုံလိုက်ရသဘ်။
‘ဒီနေ့ညနဲ့ဆိုရင် ကျွန်တော် သုံးရက်ဆက်တိုက် မအိပ်ရသေးပါဘူး။ ပထမဆုံးနေ့တုန်းက ဝတုတ်ကြီးတို့ရဲ့ ကိစ္စတွေကြောင့် ရဲစခန်းဆီကို တစ်ယောက်တည်း သုံးခေါက်တောင် ပြန်ပြေးခဲ့ရတာ၊ အဲဒီညက ဘယ်လိုလုပ် အိပ်ပျော်နိုင်ပါ့မလဲ။
ဒုတိယနေ့မှာတော့ အဆောင်ဟောင်းကြီးရဲ့ ဖြစ်ရပ်ထဲကို မတော်တဆ ခြေချမိခဲ့တာမို့ ပိုပြီးတော့တောင် မအိပ်ရဲတော့ပါဘူး။ အခု တတိယမြောက်နေ့မှာတော့ စိတ်ကို အတင်းနိုးကြားနေအောင် အသက်နဲ့လဲပြီး တောင့်ခံနေရတာ ဖြစ်သည်။ ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေရင် အသက်တိုတတ်တယ်ဆိုပေမဲ့ အိပ်ပျော်သွားရင်တော့ အသက်က ချက်ချင်း ဆုံးရှုံးရမှာကိုး...’
တံခါးအပြင်ဘက်က ရှိုက်ငိုသံကတော့ ဆက်ရှိနေတုန်းပဲဖြစ်လို့ ပတ်ဝန်းကျင်တစ်ခုလုံးကို ပိုပြီး ဖိစီးမွန်းကျပ်ကာ မှောင်မည်းစေသည်။ အဲဒီအချိန်မှာပဲ ကျွန်တော့်ဖုန်းက ရုတ်တရက် မြည်လာပါတော့သည်။
ဟိုတယ်ပိုင်ရှင်က စိတ်ဆိုးမာန်ဆိုးနဲ့ လှမ်းအော်သည် "မင်းရဲ့ ရည်းစားကို ငိုတာ ရပ်ခိုင်းလိုက်စမ်းပါဗျာ။ တကယ့်ကို ကြောက်စရာကောင်းလွန်းလို့၊ သန်းခေါင်ယံအချိန်ကြီး လာပြီး ငိုညည်းနေရလား။"
"တခြား ဧည့်သည်တွေလည်း လာတိုင်နေကြပြီ။"
ကျွန်တော်လည်း မတတ်နိုင်တဲ့ လေသံနဲ့ ပြောလိုက်တယ် "အဲဒါ ငါ့ရည်းစား မဟုတ်ပါဘူး။ ခင်ဗျားပဲ သွားပြီး နှင်ထုတ်လိုက်ပါလား"
ဟိုတယ်ပိုင်ရှင်က ဒေါသတကြီး ဆဲဆိုပါတော့သည် "မင်း လျှောက်ပြီး ပေါက်ကရတွေ ပြောမနေနဲ့။ သူက မင်းရဲ့အခန်းထဲမှာ ငိုနေတာကို ငါက ဘယ်လိုလုပ် သွားနှင်ထုတ်ရမှာလဲ"
ကျွန်တော် ခဏတာ ဆွံ့အသွားပြီး ပြန်မေးလိုက်မိသည် "သူက တံခါးအပြင်ဘက်မှာ ရှိနေတာ မဟုတ်ဘူးလား"
ဟိုတယ်ပိုင်ရှင် "ငါ အခု ဒုတိယထပ် လူသွားလမ်းပေါ်မှာ ရောက်နေတာ၊ ဘယ်သူမှ ရှိမနေဘူး။ အဲဒီငိုသံက မင်းရဲ့အခန်းထဲကနေ ထွက်လာတာကွ။"
'ငါ့အခန်းထဲက ဟုတ်လား။!!'
ကျွန်တော့်ကျောပြင်တစ်ခုလုံး စိမ့်ခနဲ အေးစက်သွားပြီး ချက်ချင်းပဲ အသိစိတ် ဝင်လာသည်။ ‘ကျွန်တော့်ရဲ့ ပထမဆုံး တုန့်ပြန်မှုကတော့ ဝိညာဉ်ရိုးတံ ကို လှမ်းဆွဲလိုက်ဖို့ပါပဲ။’
နောက်ကျမှ ရောက်လာတဲ့ ကြောက်မက်ဖွယ် ခံစားချက်က လူကို တုန်လှုပ်ခြောက်ခြားစေသည်။ ကျွန်တော် ဝိညာဉ်ရိုးတံကို ဆုပ်ကိုင်ရင်း ထရပ်လိုက်သည်။
ဒေါက်... ဒေါက်... ဒေါက်...
တံခါးက ထပ်ပြီး အခေါက်ခံရပြန်သည်။
ဟိုတယ်ပိုင်ရှင်ရဲ့ အသံက အပြင်ကနေ ဟိန်းထွက်လာတယ် "တံခါးဖွင့်စမ်း။ မင်းတို့ ဘာတွေလုပ်နေကြတာလဲ။ သန်းခေါင်ယံကြီး လာပြီး ငိုယို ဆူညံနေကြတာ။"
"ဒီမှာ ဆက်မနေနဲ့တော့၊ တခြားနေရာ သွားရှာတည်းကြတော့။"
"ဧည့်သည်တွေ တစ်ယောက်မှ အိပ်လို့မရဘူး၊ အားလုံး လာတိုင်နေကြပြီ။"
ဒေါက်... ဒေါက်... ဒေါက်...
"ဘယ်သူရှိလဲ။ တံခါးဖွင့်ပြီး ထွက်ခဲ့စမ်း။"
ကျွန်တော့်မျက်နှာကတော့ သံတုံးကြီးလို မာတောင့်နေခဲ့ပြီး ဖုန်းခေါ်ဆိုမှုကလည်း ပြတ်တောက်မသွားသေးပါဘူး။
"မင်း ကြားလား။ မင်းရည်းစားကို ငိုတာ ရပ်ခိုင်းလိုက်တော့။ ငါ အောက်ထပ် ပြန်ဆင်းတော့မယ်။"
"သန်းခေါင်ယံကြီး ဒီလိုကိစ္စမျိုး လာလုပ်နေတာ၊ ငါတော့ တကယ်ကို ပင်ပန်းလှပြီ။"
တီ... တီ...
ကျွန်တော် ဖုန်းကို ပြတ်ပြတ်သားသားပဲ ချလိုက်ပြီး တံခါးဆီကို စိုက်ကြည့်နေလိုက်သည်။
အပြင်ကလူကတော့ ဆက်ပြီး စကားပြောနေတုန်းပါပဲ၊ တောင်းပန်တိုးလျှိုးတဲ့ လေသံနဲ့ "တံခါးဖွင့်ပေးပါဗျာ။ ဒီမှာ ဆက်မနေပါနဲ့တော့။"
"ဒါက ဆိုင်အသေးလေးမို့ မင်းတို့လို လူကြီးလူကောင်း နှစ်ယောက်ကို မဧည့်ခံနိုင်ပါဘူး။ ဒါက သရဲခြောက်တာ မခြောက်တာနဲ့တောင် မဆိုင်တော့ဘူး။"
"တခြားဧည့်သည်တွေက မခံနိုင်တော့လို့ပါ။ သန်းခေါင်ယံကြီး နံရံကို ဖြတ်ပြီး ငိုသံကြားနေရတာကို ဘယ်သူက ခံနိုင်မှာလဲ။ ငါ မင်းတို့ရဲ့ တည်းခိုခကို ပြန်အမ်းပေးမယ်၊ ဟုတ်ပြီလား"
ကျွန်တော် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းလိုက်သည်။ နားကြပ်ကို ကောက်ယူပြီး နားမှာ တပ်လိုက်သည်၊ ကျောပိုးအိတ်ကို လွယ်ကာ ခုတင်ဘေးမှာ ဝင်ထိုင်ရင်း ဝိညာဉ်ရိုးတံကို မှီထားလိုက်သည်။
‘အခုလို အချိန်မျိုးမှာ ဘယ်သူက ဂိမ်းဆော့ချင်စိတ် ရှိတော့မှာလဲ။ သူက အပြင်ကနေ အော်ဟစ်နေပြီး ကျွန်တော်ကတော့ အထဲကနေ ထိုင်ပြီး စောင့်ဆိုင်းနေလိုက်တာပေါ့။’
အပြင်ကလူ ဘယ်အချိန်မှာ ထွက်သွားလဲဆိုတာတောင် ကျွန်တော် မသိလိုက်ပါဘူး။ အဲဒီလူရဲ့ အော်ဟစ်သံက ချော့သိပ်တဲ့ သီချင်းတစ်ပုဒ်လို ဖြစ်နေပြီး ကုန်ခမ်းလုနီးပါး ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ စိတ်ဓာတ်ကို နောက်ဆုံး လက်ကျန် အလေးချိန်တစ်ခုလို ဖိနှိပ်လိုက်ပါတော့သည်။
စပ်ခနဲ... ညာဘက်မျက်လုံးက ရုတ်တရက် ပူလောင်တဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး...
ကျွန်တော် လန့်နိုးလာတဲ့ အချိန်မှာတော့ ကျွန်တော် ဟိုတယ်ထဲမှာ ရောက်မနေတော့မှန်း သိလိုက်ရသည်။
‘မာကျောတဲ့ ထိုင်ခုံတွေ၊ စာပွဲခုံတွေ အစီအရီ ရှိနေတဲ့ မှိန်ပျပျ နေရာတစ်ခု... စာသင်ခန်းတစ်ခုလား။
ကျွန်တော် အိတ်ကပ်ထဲက မုန်ညင်းစိမ်းဆော့စ်ကို စမ်းရှာပြီး ပါးစပ်ထဲ အနည်းငယ် ညှစ်ထည့်လိုက်တယ်၊ ပြီးတော့ ခေါင်းကို ကုတ်ရင်း နောက်ဆုံးတော့မှ လုံးဝ အသိစိတ် ပြန်ပွင့်လာတယ်။’
‘ခုနက ကျွန်တော် ခေတ္တမျှ စဉ်းခနဲ ငိုက်မြည်းသွားခဲ့သည်။ တစ်ခါတလေကျရင် လူက အကန့်အသတ်အထိ ပင်ပန်းနွမ်းနယ်လာတဲ့အခါ ကိုယ် ဘယ်အချိန်မှာ အိပ်ပျော်သွားမှန်း ဒါမှမဟုတ် ငိုက်သွားမှန်းတောင် ကိုယ်တိုင် မသိလိုက်တတ်ပါဘူး။ အရင်က စက်ရုံမှာ ညဆိုင်းဆင်းတုန်းက တစ်ခါ ငိုက်မိတာ၊ ကုန်ထုတ်လုပ်မှုလိုင်းပေါ်က ပစ္စည်းတွေက တောင်လိုပုံသွားခဲ့ဖူးတယ်လေ။
ကျွန်တော် ထရပ်ပြီး ပြတင်းပေါက်နားကို သွားလိုက်သည်။ စာသင်ခန်းတစ်ခု ဟုတ်လား။ ဒါ ဘယ်နေရာကြီးလဲ။’
‘ကျွန်တော် ခေတ္တမျှပဲ ငိုက်လိုက်တာပါ၊ ဒါပေမဲ့ အိပ်မက်လမ်းလျှောက်သလို ဖြစ်သွားတာလား။ ပြတင်းပေါက်နား ရောက်ပြီးတဲ့နောက် ပတ်ဝန်းကျင် အနေအထားနဲ့ အပြင်ဘက်က မြင်ကွင်းကို နှိုင်းယှဉ်ကြည့်လိုက်ရာ မယုံနိုင်စရာ ကောင်းတဲ့ ကောက်ချက်တစ်ခုကို ရရှိလိုက်ပါတော့တယ်’ - "ငါ အဆောင်ဟောင်းကြီးကို ရောက်နေပြီပဲ။"