အခန်း (၄၂) - အနီရောင် ရန်ရှန်းသေတ္တာ၏ စွမ်းပကား တစ်ဖန်ပြသခြင်း
ကျောင်းအပြင်ဘက်က တည်းခိုခန်းထဲမှာ ဖြစ်သည်။
ချီချီကတော့ သေသပ်လှပတဲ့ ကုတင်ပေါ်မှာ ဂဏာမငြိမ်ဖြစ်ရင်း ထိုင်နေရှာပြီး အကျီစွန်းကိုပဲ တလဲလဲ လိမ်ကျစ်နေသည်။ ပြီးတော့ ကျွန်တော့်ကိုလည်း မကြာခဏဆိုသလို ခိုးခိုးကြည့်နေသေးသည်။
ဒါပေမဲ့ ကျွန်တော့်မှာတော့ သူမကို အာရုံစိုက်နေဖို့ အားလပ်ချိန် မရှိခဲ့ပါဘူး။
အခုဆိုရင် ညရှစ်နာရီတောင် ရှိနေပြီဖြစ်လို့ ဘာမှမထူးခြားရင်တောင် ဒီညတော့ ထူးခြားတဲ့ အန္တရာယ်တစ်ခုခု သေချာပေါက် ရောက်လာတော့မှာဆို တာကိုအာရုံရနေသည်။
ဒီတစ်ခေါက်မှာတော့ ကျွန်တော် သေတ္တာနီ ရော၊ မကောင်းဆိုးဝါး အရိုးကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့ပြီး ဝိညာဉ်မီးလျှံလည်း ရှိနေသည့်တိုင်အောင် ဒီဘေးဒုက္ခကနေ ကျော်ဖြတ်နိုင်ပါ့မလား ဆိုတာကို မသေရှာမရေရာ ဖြစ်နေသည်။
တကယ်တော့ ကျွန်တော် အဓိက မျှော်လင့်ချက်ထားနေတာက သေတ္တာနီပေါ်မှာဖြစ်သည်။
‘ဒီသေတ္တာနီက သေခြင်းတရားကနေ ရှောင်လွှဲနိုင်မယ့် နိမိတ်တစ်ခုခုကို ပြသပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။’
ကျွန်တော်က မကောင်းဆိုးဝါး အရိုးကို ရင်ခွင်ထဲပိုက်ပြီး ဆိုဖာပေါ်မှာ ထိုင်နေမိသည်၊ ဘေးက ကျောပိုးအိတ်ထဲမှာတော့ သေတ္တာနီကို ထည့်ထားရင်း အချိန်ကုန်လွန်သွားမှာကိုပဲ ငြိမ်ငြိမ်လေး ထိုင်စောင့်နေမိသည်။
မီးရောင်အောက်မှာ ဓာတ်တော်က တစ်ခါတရက် သက်တံရောင်စဉ်တွေ၊ နီမြန်းတဲ့ အလင်းတန်းတွေ ဖြာထွက်ပြီး အရောင်အသွေးစုံ လင်းလက်လို့နေသည်။
ချီချီက ဓာတ်တော်ကို သတိထားမိသွားပြီး စနောက်လာသည် "အာစိ... နင်က ဘယ်တုန်းကစပြီး နားကပ်တွေ ဝတ်နေတာလဲ"
"ယောကျ်ားကြီးတန်မဲ့ အဲဒါကြီးကို ဘယ်လိုလုပ် ဝတ်ထားရတာလဲဟင်"
"ဒါပေမဲ့ တကယ်တော့ တော်တော်လှတာပဲ၊ ငါ့ကို ပေးကြည့်ဦးလေ"
ကျွန်တော်က သူမကို မျက်မှောင်ကုတ်ပြီး စိုက်ကြည့်လိုက်ကာ လန့်သွားအောင် ခြောက်လိုက်သည်။ "အရွယ်ရောက်ပြီးသား အမျိုးသမီးပီပီ ဒီလိုနေရာမျိုး ရောက်ရင် ကိုယ့်ဘာသာကိုယ် ပျော်အောင်နေတတ်ဖို့ သင်ထားဦး၊ ငါက နင့်ကို လာဆော့ပေးမှာကိုပဲ ထိုင်စောင့်မနေနဲ့"
"ဟွန့်..." ချီချီက မကျေမနပ်နဲ့ ပါးဖောင်းလေးလုပ်ပြီး ဘေးမှာ တစ်ယောက်တည်း စိတ်ကောက်ပြီး ထိုင်နေပါတော့သည်။
အခြေအနေက တင်းမာနေပေမဲ့ အခုလို ငြိမ်သက်သွားတာကလည်း တစ်မျိုးကောင်းသည်။
အချိန်တွေက တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။ ရှစ်နာရီကနေ ဆယ်နာရီ၊ ပြီးတော့ တဖြည်းဖြည်းနဲ့ တစ်ဆယ့်တစ်နာရီအထိ ရောက်လာခဲ့သည်။
ဒီလိုမျိုး စိတ်ကို အမြဲတမ်း တင်းကျပ်ထားရတဲ့ အကျိုးဆက်ကတော့ ပင်ပန်းနွမ်းနယ်ပြီး အိပ်ငိုက်လာသည်။ ဆယ်နာရီလောက်မှာတင် ကျွန်တော် တော်တော်လေး အိပ်ငိုက်လာလို့ ကိုယ့်ကိုယ်ကိုယ် ဆိတ်ဆွဲပြီးတော့ပဲ အတင်း ထိန်းထားရသည်။ ကျန်တဲ့အချိန်တွေကိုတော့ အတင်းအကျပ်ပဲ တောင့်ခံသွားရမှာဖြစ်သည်။
ချီချီကတော့ ဖုန်းကို စိတ်ကြိုက် ကစားနေပြီး နေ့ခင်းဘက်က ရှိခဲ့တဲ့ ကြောက်ရွံ့စိုးရိမ်စိတ်တွေ လုံးဝမရှိတော့ပါဘူး။ အဆောင်ဟောင်းကြီးက ကိစ္စကို ခေါင်းထဲကနေ လုံးဝထုတ်ပစ်လိုက်ပြီ ထင်သည်။
ကျွန်တော့် မျက်လုံးတွေကတော့ နာရီဆီမှာပဲ အမြဲရှိနေခဲ့တယ်...
ဒေါက်... ဒေါက်... ဒေါက်...
"လူကြီးမင်း... လက်ဖက်ရည် သောက်မလားခင်ဗျာ" တံခါးအပြင်ဘက်ကနေ ဝန်ထမ်းတစ်ယောက်ရဲ့ ယဉ်ကျေးပျူငှာတဲ့ အသံ ထွက်လာသည်။
ကျွန်တော် ချက်ချင်းပဲ လန့်နိုးသွားပြီး အရင်ဆုံး နာရီကို လှမ်းကြည့်လိုက်တော့ "၁၁:၅၉" ဖြစ်နေပြီ။ ပြီးတော့ သတိပြန်ဝင်လာအောင် ကိုယ့်ပါးကိုယ် ချက်ချင်း ဖြန်းဖြန်းဆိုပြီး နှစ်ချက်လောက် ရိုက်လိုက်ရသည်။
‘တောက်... ငါ တကယ်ပဲ သတိမထားမိဘဲ အိပ်ပျော်သွားတာလား၊ ဒါ တကယ့်ကို အန္တရာယ်များလွန်းတယ်။’
‘ချီချီကတော့ ဘေးမှာ ဖုန်းကစားနေတုန်းပါပဲ၊ သူကတော့ တကယ့်ကို ညဉ့်နက်တဲ့အထိ နေနိုင်တဲ့ ဘုရင်မလေးပါပဲ။’
"မသောက်တော့ပါဘူး၊ ကျေးဇူးပါပဲ။"
ရုတ်တရက် ဘေးက ကျောပိုးအိတ်ထဲကနေ လှုပ်ရှားမှုအချို့ ရှိလာတာမို့ ကျွန်တော် စိတ်ကို နိုးကြားစေပြီး ကျောပိုးအိတ်ကို ယူကာ ရေချိုးခန်းထဲ ဝင်ခဲ့လိုက်သည်။
ကျွန်တော် ထင်ထားတဲ့အတိုင်းပဲ၊ သေတ္တာနီက ပွင့်ဟလာပြီး တုန်ခါနေခဲ့သည်။ ကွဲဟကြောင်းက တဖြည်းဖြည်း ပိုပြီး ကျယ်လာပြီး ခြောက်သွေ့ပိန်လှီနေတဲ့ လက်ညှိုးတစ်ချောင်းက ဖြည်းဖြည်းချင်း ထွက်လာပါတော့သည်။ ပြီးတော့မှ သေတ္တာကို အသာအယာ လှန်ပြီး တဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်သည်။
‘ကျွန်တော် ဖုန်းကို လှမ်းကြည့်လိုက်တော့ "၁၁:၅၉" ပါပဲ။ အရင်က သေတ္တာနီ ချန်ထားခဲ့တဲ့ နိမိတ်စကားတွေကလည်း ဒီအချိန်အပိုင်းအခြားမှာပဲ ဖြစ်ပုံရတယ်၊ ဒီအချိန်က သတ်မှတ်ထားတာ ဖြစ်ရမယ်။’
‘နေ့တိုင်း ဒီအချိန်ရောက်ရင် သူက သူ့ဘာသာပွင့်လာပြီး စာတိုတစ်ခုခု ချန်ထားခဲ့လေ့ရှိတာကိုး။’
သစ်ကိုင်းခြောက်တစ်ခုလို ခြောက်ကပ်ပိန်လှီနေတဲ့ ထူးဆန်းတဲ့လက်ကြီးက သေတ္တာထဲကနေ တဖြည်းဖြည်းချင်း ဆန့်ထွက်လာသည်။ သူ့ရဲ့ ရှည်လျားပြီး ထက်မြက်တဲ့ လက်သည်းတွေက ကြမ်းပြင်ပေါ် ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့ အသံတွေ ထွက်ပေါ်လာသည် - ဂျိမ်း... ဂျိမ်း...
ဒါပေမဲ့ ဒီအချိန်မှာတော့ ကျွန်တော့်မှာ ရွံရှာစိတ် လုံးဝမရှိဘဲ ဝမ်းသာစိတ်တောင် ဖြစ်မိသည်။
မကြာခင်မှာပဲ ဒီထူးဆန်းတဲ့ လက်ကြီးက ရိုးရှင်းတဲ့ စာကြောင်းတစ်ကြောင်းကို ကြမ်းပြင်ပေါ်မှာ ခြစ်ကုတ်ရေးသားလိုက်ပါသည် - "အိပ်ပျော်သွားရင် သေလိမ့်မယ်။"
ဒီလိုလုပ်ပြီးတဲ့နောက်မှာတော့ အဲဒီထူးဆန်းတဲ့ လက်ကြီးက သေတ္တာနီထဲကို ပြန်ဝင်သွားပြီး သေတ္တာကလည်း သူ့ဘာသာသူ ပြန်ပိတ်သွားပါတော့သည်။
‘အိပ်ပျော်သွားရင် ဟုတ်လား။ ဒါက မနေ့က ကျွန်တော် အဆောင်ကို ပထမဆုံးအကြိမ် ပြန်ရောက်တုန်းက ချန်ဇီနဲ့ ၀တုတ်တို့ နှစ်ယောက်လုံး အိပ်ပျော်နေတာကို ပြန်သတိရစေသည်။ ဒါဟာ အဆောင်ဟောင်းကြီး သရဲက လူသတ်ဖို့အတွက် ကြိုတင်သတ်မှတ်ထားတဲ့ စည်းကမ်းချက်များလား။’
ကျွန်တော် သေတ္တာနီကို ကျောပိုးအိတ်ထဲ ပြန်ထည့်ပြီး ရေချိုးခန်းထဲက ထွက်လာခဲ့သည်။ ထွက်လာလာချင်းမှာပဲ ချက်ချင်း ဆွံ့အသွားရတယ် ချီချီတစ်ယောက် အိပ်ပျော်နေသည်။
အိပ်ပျော်နေတဲ့ မလေးက သူမရဲ့ ဖုန်းပွင့်နေတုန်းပဲဆိုတာတောင် မသိရှာပါဘူး။ သူက ကုတင်ပေါ်မှာ တစ်စောင်းလေး လှဲနေပြီး မျက်မှောင်လေးတွေ တင်းကျပ်လို့နေသည်။
ကျွန်တော် ခြေလှမ်းတစ်လှမ်းတည်းနဲ့ အပြေးအလွှား သွားလိုက်ပြီး သူမရဲ့ တင်ပါးကို ဖြန်းခနဲ ရိုက်ချလိုက်သည်။ ဒါကြောင့် သူ ချက်ချင်း လန့်နိုးလာပြီး ထိတ်လန့်တကြားနဲ့ ဒေါသထွက်သွားရှာသည်။
ကျွန်တော်က သူမကို နှာဘူးထချင်လို့ မဟုတ်ပါဘူး၊ အဲဒီ... ဖြတ်ခနဲ... သူမရဲ့ တင်ပါးက ပိုပြီး လက်လှမ်းမီတဲ့ နေရာမှာ ရှိနေလို့ဖြစ်သည်။
ကံကောင်းတာက ချီချီက အခုမှ အိပ်ပျော်ကာစမို့ ကျွန်တော် အချိန်မီ နှိုးလိုက်နိုင်တာ ဖြစ်သည်။ ဒါကို ရှင်းပြဖို့ကတော့ မလွယ်ကူတာမို့ မုသားစကားတွေ အများကြီး သုံးပြီးတော့ပဲ သူမကို သတိရှိနေအောင် အတင်း ဖျောင်းဖျထားရသည်။
‘သူမ အိပ်ပျော်သွားတာက အရေးမကြီးပေမဲ့ ပြဿနာက ကျွန်တော်တို့ နှစ်ယောက်က အခန်းတစ်ခန်းတည်းမှာ ရှိနေတာမို့ သူမ အိပ်ပျော်သွားတာက ကျွန်တော့်ကိုပါ ဆွဲထည့်သွားမလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ’။
‘ကိုယ့်အသက်ရှင်သန်ရေးအတွက်တော့ ဘယ်လိုအမှားမျိုးမှ အဖြစ်မခံနိုင်ပါဘူး။
ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် တစ်ညလုံး စောင့်ကြည့်ရင်းနဲ့ပဲ ဒီညကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။ နေ့ခင်းဘက်မှာလည်း ကျွန်တော် အိပ်ပျော်လို့ ရမှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ အဆောင်ဟောင်းကြီးရဲ့ ရာဇဝင်မှာ နေ့ခင်းဘက် ခေါင်မိုးပေါ်က ခုန်ချသေတဲ့သူတွေလည်း အများကြီး ရှိခဲ့ဖူးတာကိုး။’
‘သေတ္တာနီက မအိပ်နဲ့လို့ ပြောထားတာပဲ၊ နေ့ခင်းဘက် အိပ်ရင် သေမလား မသေဘူးလားဆိုတာကို သိဖို့အတွက်နဲ့တော့ အသက်နဲ့ရင်းပြီး မလောင်းကြေးမထပ်ချင်ပါဘူး။’
ပင်ပန်းနွမ်းနယ်စွာနဲ့ အခန်းထဲက ထွက်ပြီး အောက်ထပ်ကို ဆင်းလာခဲ့သည်။ တည်းခိုခန်းသူဌေးက ကျွန်တော်တို့ရဲ့ ပုံစံကို မြင်တော့ ကျွန်တော်တို့ရဲ့ လူငယ်သဘာဝ လန်းဆန်းတက်ကြွမှုကို သက်ပြင်းချရင်း ပြုံးစိစိနဲ့ ပြောလာသည် "လူငယ်လေး... မင်းတို့ တစ်ညလုံး မအိပ်ကြဘူးမလား"
ကျွန်တော် သူ့ကို အားမရှိသလိုနဲ့ မျက်လုံးအစုံ လှန်ပြလိုက်ရင်း "ဦးလေးရဲ့ တည်းခိုခန်း ဝန်ဆောင်မှုက မဆိုးပါဘူး။ သန်းခေါင်ယံကြီးမှာတောင် လက်ဖက်ရည် လာပို့ပေးတဲ့သူ ရှိသေးတယ်"
တည်းခိုခန်းသူဌေးက ကျွန်တော် သူ့ကို နောက်နေတယ်လို့ ထင်ပြီး ရယ်မောလိုက်သည် "ဒီဆိုင်သေးသေးလေးမှာ ငါတစ်ယောက်တည်း ရှိတာလေ၊ ဘာလက်ဖက်ရည် ဝန်ဆောင်မှု ပေးရမှာလဲ။ ဒီလို နောက်ပြောင်မှုမျိုး မလုပ်ပါနဲ့"
ကျွန်တော့် ခြေလှမ်းတွေ အေးခဲသွားပြီး နောက်ကို လှည့်ကာ မေးလိုက်မိတယ် "ချီချီ... နင် မနေ့ညက တံခါးခေါက်သံ ကြားလိုက်လား"
ချီချီက "မကြားပါဘူး၊ ဘယ်သူမှ မရှိပါဘူး။ နင်ကလည်း စိုးရိမ်စိတ်လွန်ကဲနေတာ နေမှာပါ"
ကျွန်တော် နားထင်ကို ပွတ်လိုက်ရင်း "ဖြစ်နိုင်ပါတယ်"
‘ဒါက တစ်ယောက်ယောက်က ဒုတိယအကြိမ် ကယ်တင်လိုက်ပြန်တာပဲ... အဲဒီအချိန်တုန်းက တံခါးခေါက်သံသာ မရှိခဲ့ရင် ကျွန်တော် သေချာပေါက် အိပ်ပျော်သွားမှာဖြစ်ပြီး သေတ္တာနီတောင် ကျွန်တော့်ကို ကယ်နိုင်မှာ မဟုတ်တော့ပါဘူး။
ဘယ်သူဖြစ်နိုင်မလဲ။’
ကျွန်တော်တို့ ကျောင်းကို ပြန်လာခဲ့ကြပါတယ်။
ဒါပေမဲ့ ကျောင်းကြီးက ပိတ်ထားတာကို တွေ့လိုက်ရတယ် ဆိုင်းငံ့ထားတာပါပဲ။
ရင်းနှီးနေတဲ့ ရဲအရာရှိ ဝမ်ကိုလည်း ကျောင်းမှာ တွေ့လိုက်ရသည်။ ကျွန်တော် သူ့အနားကို တိုးသွားပြီး မေးလိုက်တယ် "အစ်ကိုဝမ်... ဘာတွေ ထပ်ဖြစ်ပြန်ပြီလဲဟင်"
အရာရှိဝမ်က ကျွန်တော့်ကို အကဲခတ်ကြည့်ပြီး အံ့ဩတကြား မေးလာပါတယ် "မင်း မနေ့ညက ဘာတွေလုပ်ထားတာလဲ သူငယ်ချင်း၊ ပုံစံက သရဲကျနေတာပဲ"
"ကျောင်းမှာ ဖြစ်သွားတဲ့ကိစ္စကို မင်း မကြားသေးဘူးလား။ မနေ့က ကျောင်းသား ခြောက်ယောက်နဲ့ အငြိမ်းစား လုံခြုံရေးဦးလေးကြီးတစ်ယောက် အဆောက်အအုံပေါ်ကနေ ခုန်ချသွားကြတယ်"
ကျွန်တော့် ခြေလက်အင်္ဂါတွေဆီကနေ အအေးဓာတ်တစ်ခု စိမ့်ထွက်လာပြီး ဂုတ်ပိုးက အမွှေးတွေပါ ထောင်ထသွားရသည်။ ‘မနေ့ညက သာ ကျွန်တော်နဲ့ ချီချီ အိပ်ပျော်သွားခဲ့ရင် အခုဆိုရင် အဲဒီလိုပဲ အဆုံးသတ်သွားလောက်ပါပြီ။’
နေဦး... အငြိမ်းစား လုံခြုံရေးဦးလေးကြီး ဟုတ်လား။
နဖူးပေါ်မှာ ချွေးစေးတွေ ချက်ချင်း ပျံတက်လာသည်။ ကျွန်တော် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ကျောင်းထဲကို ပြေးဝင်သွားပြီး အဆောင်ဟောင်းကြီးဆီကို တည့်တည့် ဦးတည်ပြေးမိတော့တာပါပဲ။
အဲဒီနေရာကို ဝါယာကြိုးတွေနဲ့ ပိတ်ဆို့ထားပြီးသား ဖြစ်ပေမဲ့ လုံခြုံရေးကင်းတဲကတော့ အဆောင်ဟောင်းကြီးရဲ့ အနောက်ဘက်မှာ ရှိနေတုန်းပါ။
ကျွန်တော် ကင်းတဲဆီ ရောက်အောင် ပြေးသွားလိုက်ပေမဲ့ အဲဒီက မြင်ကွင်းက ကျွန်တော့်နှလုံးသားကို အေးခဲသွားစေသည်၊ ကင်းတဲထဲမှာ ဘယ်သူမှ မရှိတော့ပါဘူး။
မနေ့က ကျွန်တော် ရိုက်ခွဲခဲ့တဲ့ မှန်ပြတင်းပေါက်ကတော့ ရှိနေတုန်းပဲ...
သူ့ဆီကနေ အသုံးဝင်မယ့် အချက်အလက် တချို့ ရလိမ့်မယ်လို့ အစက မျှော်လင့်ထားခဲ့တာ၊ ဒါပေမဲ့ သူက တစ်ညတည်းနဲ့ သေဆုံးသွားခဲ့ပြီဖြစ်သည်။
ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ ကင်းတဲကို ခြေကန်လိုက်မိတော့ စုတ်ပြတ်နေတဲ့ ကင်းတဲလေးက ချက်ချင်းပဲ တုန်ခါသွားသည်။
‘ဒီလူယုတ်မာကတော့၊ ငါ့ကို လျှို့ဝှက်ချက်တွေ လုပ်မနေဘဲ မနေ့ကသာ အမှန်အတိုင်း ပြောပြခဲ့ရင် အဆင်ပြေနေပြီ မဟုတ်လား။ ညတွင်းချင်းအထိ စောင့်နေရသေးတယ်။
အခုကြည့်စမ်း၊ စောင့်ရင်းနဲ့ပဲ ကိုယ့်အသက်ပါ ဆုံးရှုံးသွားရပြီ။’
ကျွန်တော် ကင်းတဲထဲမှာ ပုန်းအောင်းရင်း စိတ်ကို ငြိမ်အောင်ထားပြီး အတွေးတွေကို အတတ်နိုင်ဆုံး စီရီကြည့်နေမိသည်။
‘မနေ့က အဆောင်ဟောင်းကြီးထဲကို ဝင်ခဲ့တဲ့သူ စုစုပေါင်း တစ်ဆယ့်နှစ်ယောက် ရှိတယ်၊ ချီချီနဲ့ ကျွန်တော်နဲ့ ဖယ်လိုက်ရင် ဆယ်ယောက်ပေါ့။
ညတွင်းချင်း ခြောက်ယောက် သေဆုံးသွားခဲ့ပြီဆိုတော့ အခု ကျွန်တော်တို့ ခြောက်ယောက်ပဲ ကျန်တော့တာပေါ့။
သူတို့တွေလည်း မအိပ်ဘဲ နေခြင်းအားဖြင့် ဒီဘေးဒုက္ခကို ရှောင်လွှဲနိုင်ခဲ့တာ ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ဒီနည်းလမ်းက ဒီညမှာကော အလုပ်ဖြစ်ဦးမလား။
ဒီနည်းလမ်းကို ဆက်သုံးလို့ရတယ် ဆိုဦးတော့၊ ကျွန်တော်တို့က စူပါမန်းတွေ မဟုတ်ဘူးလေ၊ ထာဝရ မအိပ်ဘဲ နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဒီနေရာက ပြဿနာကိုတော့ အမြစ်ပြတ် ဖြေရှင်းရပါလိမ့်မယ်။
ဝတ်လုံဖြူဆရာတော်လည်း ဒီနေ့တော့ ရောက်လာနိုင်လောက်ပြီ၊ သူ ရောက်လာရင်တော့ ကျွန်တော် နည်းနည်း စိတ်အေးရမှာဖြစ်သည်။’
‘ဒါကလည်း ရာနှုန်းပြည့် စိတ်ချရတယ်လို့တော့ မဆိုလိုပါဘူး။
ဝတ်လုံဖြူဆရာတော် ဒီအကြောင်းကို သိသွားပြီးတဲ့နောက် သူ့ရဲ့ လေးနက်ပြီး တင်းမာနေတဲ့ လေသံကို ကျွန်တော် သတိရနေမိသေးသည်။’
ကျွန်တော် ခေတ္တမျှ နားနားနေနေ နေပြီးတဲ့နောက် ကင်းတဲထဲကနေ ထလိုက်တဲ့အချိန်မှာပဲ ရုတ်တရက် လှဲကုတင်ရဲ့ အောက်မှာ သတင်းစာတစ်စောင်ကို တွေ့လိုက်ရပါတယ်။ အဲဒီသတင်းစာကို စုတ်ပြတ်နေတဲ့ လုံခြုံရေးဦးထုပ်ကြီးတစ်ခုနဲ့ ဖိထားသည်။