အခန်း (၄၁) - ဘယ်လိုမှ ရှောင်မရခဲ့ပါလား
‘ကျောင်းထဲမှာ ကျွန်တော် အကြောက်ဆုံးနေရာကို ပြပါဆိုရင် အဆောင်ဟောင်းကြီးကိုပဲ ညွှန်ပြရပါလိမ့်မယ်။ အဲဒီနေရာနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သရဲတစ္ဆေ ကောလာဟလတွေကတင် ကျွန်တော့်ခြေလှမ်းတွေကို တုန့်ခနဲ ရပ်တန့်သွားစေဖို့ လုံလောက်နေခဲ့တာပါ။
ဒါပေမဲ့ အဲဒီအဆောင်ဟောင်းကြီးကို ဘယ်လိုမှ ရှောင်လွှဲလို့မရဘဲ ပြန်ဆုံတွေ့ရလိမ့်မယ်လို့တော့ စိတ်ကူးထဲတောင် ထည့်မထားခဲ့မိပါဘူး။
ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်တော့မှ ဒါဟာ တကယ့်ကို အဆောင်ဟောင်းကြီးဖြစ်ကြောင်း ပိုပြီး သေချာသွားသည်။
ကျွန်တော် ဘာဖြစ်လို့ ဒီနေရာအထိ ယောင်ချာချာနဲ့ လျှောက်လာမိပါလိမ့်။ ပြီးတော့ ဒီအူကြောင်ကြောင်မလေး ချီချီနဲ့ကော ဘာလို့ ထပ်တိုးရပြန်တာလဲ။’
ကျွန်တော့်မျက်နှာပျက်နေတာကို မြင်တော့ ချီချီက ဇွတ်အတင်း မေးတော့တာပါပဲ။ "အာစိ... နင် ဘာဖြစ်လို့လဲဟင်၊ မျက်နှာလည်း မကောင်းဘူး"
ကျွန်တော် စကားပင် မဟနိုင်တော့ဘဲ နှုတ်ခမ်းထောင့်တွေသာ တွန့်ကွေးသွားမိသည်။ ချီချီတစ်ယောက် ‘ကျွန်တော့်အသက်ကို ရန်ရှာဖို့သက်သက် တမင်သက်သက် ရောက်လာတာများလားလို့ တကယ်ကို သံသယဝင်မိတော့တာပဲ။’
"နင် ဘယ်နေရာ ရောက်နေလဲဆိုတာ ကိုယ့်ဘာသာကိုယ် ပတ်ပတ်လည်ကို သေသေချာချာ ကြည့်လိုက်ဦး"
ချီချီက မျက်မှောင်ကုတ်ပြီး ကြည့်လိုက်ရာကနေ ရုတ်တရက် မျက်လုံးတွေ ပြူးကျယ်သွားပြီး အခုမှ သတိထားမိတဲ့အတိုင်း အော်လိုက်ပါတော့တသည်။ "အဆောင်ဟောင်းကြီးလား"
"ငါ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။ ငါ အဆောင်သစ်ကို သွားနေတာ သေသေချာချာ မှတ်မိပါတယ်"
ချီချီတင် မကပါဘူး၊ စောစောက အထဲကို အရင်ဝင်သွားတဲ့ ကျောင်းသား ဆယ်ယောက်ကျော်လောက်လည်း အခုမှပဲ ပြဿနာကို ရိပ်မိကြပုံရသည်။ သူတို့တွေ အပေါ်ထပ်ကို တက်ခါနီးကျမှ အဆောင်ဟောင်းကြီးထဲ ရောက်နေမှန်း သတိထားမိသွားကြသည်။
အဆောင်ဟောင်းကြီးမှာ သရဲခြောက်တယ်ဆိုတဲ့ ကောလာဟလက တော်တော်လေး ဟိုးဟိုးကျော်နေတာမို့ မိန်းကလေးအချို့ဆိုရင် ချက်ချင်းပဲ မျက်နှာတွေ သွေးဆုတ်ဖြူလျော်ဖြစ်နေ၍
"အဆောင်ဟောင်းကြီးပဲ။ သရဲခြောက်တယ်ဆိုတဲ့ အဆောင်ဟောင်းကြီး"
"အရင်က စီနီယာအစ်မတစ်ယောက် ပြောဖူးတယ်။ ဒီအဆောင်ဟောင်းကြီးနဲ့ ဝေးဝေးနေပါတဲ့။ ဒီမှာ သေတဲ့ကျောင်းသားတွေ မနည်းတော့ဘူး၊ အကုန်လုံး ခေါင်မိုးပေါ်ကနေ ခုန်ချသေကြတာတဲ့"
"ငါက နင့်နောက်က လိုက်လာတာလေ၊ နင်က ဘာလို့ ငါ့ကို ဒီခေါ်လာရတာလဲ"
"ငါလည်း မသိဘူးလေ။ ငါ အဆောင်သစ်ကို သွားနေတာပါဆို"
ဒါပေမဲ့လည်း အကြောက်အလန့်မရှိ၊ ဘာမှမဖြစ်သလို သဘောထားတဲ့ လူအချို့လည်း ရှိနေပါသေးသည်။
"ဟွန့်... ကောလာဟလတွေကိုပဲ၊ မင်းတို့တွေကလည်း ကြောက်လိုက်ကြတာ။ ဒါ ခေတ်သစ်ကြီး ရောက်နေပြီလေ၊ သရဲတွေ ဘာတွေ ယုံနေတုန်းပဲလား"
"ဟုတ်ပတ်၊ လမ်းမှားဝင်လာမိတာပဲဟာ။ ဝင်လာရုံတင် ဘယ်ကမလဲ၊ ငါ ဒီထဲမှာ သေးပေါက်ချလိုက်ရင်တောင် မနက်ဖြန် ဘာမှဖြစ်မှာ မဟုတ်ဘူး"
"သွားစို့၊ သွားစို့၊ အဆောင်သစ်ကို ပြန်ပြီး အတန်းတက်ရအောင်"
"မနက်စောစောဆိုတော့ လူက ဝေခွဲမရဖြစ်တာ သဘာဝပါပဲ"
ကျွန်တော်ကတော့ ဘာစကားမှမပြောဘဲ ဘေးမှာ ငြိမ်ငြိမ်လေး ရပ်နေမိသည်။ ‘သဘာဝကျတယ် ဟုတ်လား။ လူအများကြီး တစ်ပြိုင်နက်တည်း ဝေခွဲမရဖြစ်ပြီး လမ်းမှားတူတူ ဝင်လာကြတာက သဘာဝကျတယ်လို့ ပြောလို့ရမလား။’
ဒီလိုတွေးမိတော့ ချီချီကို မကျေမနပ် စိုက်ကြည့်မိသည်။ ‘တစ်ခါတလေကျရင် ရဲတောင် တိုင်ပစ်ချင်စိတ် ပေါက်လာသည်။ စောစောကပဲ တစ်ယောက်ယောက်က တားထားလို့ တော်သေးတယ်ဆိုရမယ်၊ ဒါပေမဲ့ ဒီအူတူတူမလေးကြောင့် နောက်ဆုံးတော့ အထဲကို ဝင်လာမိတာပဲ မဟုတ်လား။’
အဆောင်ဟောင်းကြီးရဲ့ ကိစ္စတွေထဲ ဝင်မပတ်သက်ပါဘူးလို့ ဝတ်လုံဖြူတာအိုဆရာတော်ကို ကတိပေးခဲ့ပြီးကာမှ၊ ပြီးတော့ သူကလည်း ဒီထဲကို ဘယ်တော့မှ မဝင်ဖို့ သတိပေးထားခဲ့တာကို၊ ကတိပေးပြီးပြီးချင်းမှာပဲ လှည့်ထွက်လာပြီး ဇွတ်တိုးဝင်မိသလို ဖြစ်သွားခဲ့ရသည်။
ချီချီ့မျက်နှာလေး ဖြူလျော်သွားပြီး ပျာပျာသလဲနဲ့ ကျွန်တော့်လက်မောင်းကို တင်းတင်းဆုတ်ကိုင်ထားသည်။ ဒီလိုလုပ်မှပဲ သူ စိတ်အေးရပုံပါပဲ။ "အာစိ... ငါတို့ ဘာလုပ်ကြမလဲ"
"ငါတို့ သရဲခြောက်တဲ့ အဆောင်ထဲ ရောက်နေပြီ"
သူမ စိတ်သက်သာရာရစေဖို့အတွက် ကျွန်တော်က အတင်းပြုံးပြရင်း ဆင်ခြေတစ်ခု ပေးလိုက်သည်။ "အခုမှ ကြောက်တတ်နေပြီလား"
"ဘာမှမဖြစ်ပါဘူး။ သူတို့လည်း ပြောနေကြတာပဲ မဟုတ်လား။ ဒီလောကမှာ သရဲဆိုတာ မရှိပါဘူး၊ ဘယ်က သရဲက ရှိမှာလဲ။ ကိုယ့်ဘာသာကိုယ် ကြောက်နေကြတာပါ။"
"ပြီးတော့ ငါတို့ လူအများကြီး ရှိနေတာပဲ၊ အားလုံး ဒုက္ခရောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး"
‘ချီချီကတော့ ဒါကို ကြားပြီး တစ်ဝက်တစ်ပျက် ယုံကြည်သွားပုံရပေမဲ့ ကျွန်တော့်ကို ဆွဲပြီး ဒီနေရာကနေ မြန်မြန် ထွက်ချင်နေတုန်းပါပဲ။’
ကျွန်တော်တို့ ထွက်လာကြစဉ်မှာပဲ ခေါင်းကို လှည့်ပြီး လူဦးရေကို လှမ်းရေတွက်လိုက်မိသည်။ "တစ်... နှစ်..." ‘လောလောဆယ် ကျွန်တော့်နောက်မှာ ကျောင်းသား ဆယ်တစ်ယောက် ရှိနေတယ်၊ ချီချီနဲ့ ကျွန်တော်နဲ့ ပေါင်းရင် စုစုပေါင်း တစ်ဆယ့်သုံးယောက်ပေါ့။’
ချီချီက သိချင်စိတ်နဲ့ မေးလာသည်။ "နင် ဘာတွေ ရေနေတာလဲ"
ကျွန်တော်က စိတ်မရှည်သလိုနဲ့ ပြန်ပြောလိုက်တယ် "လူဦးရေလေ"
"အင်း... တစ်ဆယ့်သုံးယောက်..."
ချီချီက ချက်ချင်းပဲ မျက်မှောင်ကုတ်ပြီး ပြန်ငြင်းရှာသည်။ "နင် ရေတာ မှားနေပြီ။ ငါတို့ အပါအဝင်မှ ဆယ်နှစ်ယောက်ထဲ ရှိတာကို"
"ဘယ်ကလာ တစ်ဆယ့်သုံးယောက် ရှိရမှာလဲ"
ဆယ်နှစ်ယောက် ဟုတ်လား။ ကျွန်တော် ချက်ချင်းပဲ ခေါင်းကို လှည့်ပြီး ဘယ်ကနေ ညာကို ပြန်ရေတွက်ကြည့်လိုက်သည်။ "တစ်... နှစ်... သုံး..." ဘယ်လိုပဲ ရေရေ တစ်ဆယ့်သုံးယောက် ဖြစ်နေတုန်းပါပဲ။
ရုတ်တရက် လူအုပ်ထဲက လူတစ်ယောက်က ကျွန်တော့်အာရုံကို ဖမ်းစားသွားပါသည်။ ဆံပင် ဝါညိုညိုနဲ့ အသားနည်းနည်း ညိုတဲ့လူ...
သူက စောစောက လူဝကြီးကို တားပေးခဲ့တဲ့ လူဖြစ်ပြီး ကျွန်တော် သတိထားမိခဲ့တဲ့ ငါးယောက်ထဲက အခြားလူတွေရဲ့ မျက်စိထဲမှာ တည်ရှိမနေသလို ဖြစ်နေတဲ့ နှ စ်ယောက်ထဲက တစ်ယောက်လည်း ဖြစ်သည်။
သူက ကျွန်တော့်အကြည့်ကို တည့်တည့် ဆုံလာပြီး နှုတ်ခမ်းတွေကို ဖြဲကာ ကြောက်မက်ဖွယ်ကောင်းတဲ့ အပြုံးတစ်ခုကို ပြုံးပြသည်။
ကျွန်တော့်မျက်မှောင်တွေ ကုတ်သွားပြီး သူ့ကို ဖမ်းဖို့ အတင်း ပြေးထွက်သွားလိုက်ရာ
သူက တဟားဟား ရယ်မောပြီး အပေါ်ထပ်ကို လှည့်ပြေးသွားပါတော့သည်။
ကျွန်တော် ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး နှစ်ပေါင်းများစွာ သန့်ရှင်းရေး မလုပ်ထားဘဲ ဖုန်တွေ ထူထပ်နေတဲ့ အဆောင်ဟောင်းကြီးရဲ့ လှေကားထစ်တွေနဲ့ မှောင်မည်းနေတဲ့ အထပ်တွေကို ကြည့်လိုက်မိသည်။
သူ့နောက်ကို ဆက်ပြီး မလိုက်ရဲတော့ပါဘူး။
အခြားလူတွေက ဒါကို မြင်တော့ အဆောင်ဟောင်းကြီးထဲကနေ တစ်ယောက်ပြီး တစ်ယောက် ပြိုင်တူ ပြေးထွက်ကြပါတော့တယ်။ "သူတို့ ရူးနေကြပြီလား" "ကြောက်လို့ စိတ်လွတ်သွားတာလား"
ကျွန်တော့်ရဲ့ ရုတ်တရက် အပြုအမူကြောင့် ချီချီတင် မကဘဲ အဲဒီမိန်းကလေးအချို့ပါ လန့်ဖျပ်သွားကြသည်။ သူတို့တွေ အော်ဟစ်ပြီး အပြင်ကို ပြေးထွက်သွားကြသလို ချီချီလည်း အပြင်ဘက်မှာ သွားပုန်းနေသည်။
အထဲကို ဆက်ပြီး မဝင်နိုင်တော့တာမို့ ကျွန်တော်လည်း အရင်ဆုံး နောက်ဆုတ်လိုက်သည်။ နောက်ဆုတ်လိုက်တယ်ဆိုပေမဲ့ အဆောင်ဟောင်းကြီးထဲကို ခြေချမိသွားပြီးသား ဆိုတဲ့အချက်ကိုတော့ ပြောင်းလဲလို့ မရတော့ပါဘူး။
ချီချီက တုန်တုန်ရင်ရင်နဲ့ မေးရှာပါတယ်။ "အာစိ... နင် ဘာမှမဖြစ်ဘူးမလား"
ကျွန်တော် ခေါင်းခါပြလိုက်သည်။
"ဘယ်သူက မင်းတို့ကို ပေးဝင်လို့လဲ။ ထွက်သွားကြ။ ထွက်သွားကြစမ်း။" "ဝေးဝေးမှာ နေကြ၊ မင်းတို့တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး။" ခြောက်ကပ်ပြီး နားမခံသာတဲ့ အသံကြီးတစ်ခုက သေနတ်ပစ်ဖောက်လိုက်သလို ရုတ်တရက် ဟိန်းထွက်လာသည်။
ဆံပင်အနည်းငယ်ပဲ ကျန်တော့တဲ့ ကတုံးတောက်တောက်၊ စုတ်ပြတ်နေတဲ့ လုံခြုံရေး ယူနီဖောင်းကို ဝတ်ထားတဲ့ အသက်လတ်ပိုင်း အမျိုးသားတစ်ယောက် အဆောင်ဟောင်းကြီးရဲ့ ဘေးဘက်ကနေ ပြေးထွက်လာသည်။
သူက အဲဒီကျောင်းသားတွေကို အကုန် မောင်းထုတ်လိုက်ပြီးမှ ကျွန်တော်နဲ့ ချီချီ့ဘက်ကို လှည့်လာသည်။ လူရူးတစ်ယောက်လို ပုံစံနဲ့ သူက အော်ဟစ်နေခဲ့ရင်း "ထွက်သွားကြစမ်း။ ဘယ်သူက မင်းတို့ကို ပေးဝင်လို့လဲ။" "မင်းတို့ သွားပြီ၊ အကုန်လုံး သေကြရတော့မယ်။"
"ဦးလေး... ကျွန်တော်တို့လည်း မတော်တဆ ဝင်မိသွားတာပါ၊ စိတ်မဆိုးပါနဲ့ဦး..." ကျွန်တော်က စကားကို ယဉ်ယဉ်ကျေးကျေးနဲ့ ဖျန်းဖြေလိုက်ရသည်။ အဓိကကတော့ ဒီလူ့ဆီကနေ အချက်အလက် တချို့ကို နှိုက်ထုတ်ချင်လို့လည်း ခုလိုပြောလိုက်ခြင်းဖြစ်သည်။
‘ဒီလူ တစ်ခုခုကို သေသေချာချာ သိထားတာ မြေကြီးလက်ခတ်မလွဲပါပဲ။
သူ့ကို မြင်ဖူးတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။’ ကျွန်တော် ဒီကျောင်းကို စရောက်ခါစက အတန်းတက်ရမယ့်နေရာကို ရှာမတွေ့လို့ သူ့ကို မေးဖူးသည်။ အဲဒီတုန်းကလည်း သူ့ရဲ့ ရူးကြောင်ကြောင် အပြုအမူတွေကြောင့် တော်တော်လေး လန့်သွားခဲ့ရသေးသည်၊ ပြီးတော့မှ ချီချီနဲ့ မတော်တဆ ဆုံပြီး အတန်းထဲကို လိုက်ပို့ပေးခဲ့ခြင်းဖြစ်သည်။
အဲဒီလုံခြုံရေးဦးလေးကြီးက ကျွန်တော့်ကို မြင်မြင်ချင်းမှာပဲ သရဲသရဲ မြင်လိုက်ရသလို မျက်လုံးအစုံ ပြူးကျယ်သွားပြီး ခြေလှမ်းတွေ တုန်ရီကာ လဲကျလုနီးပါး ဖြစ်သွားသည်။ "မင်း... မင်း ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ။... မင်း မသေဘူးလား... မင်း ရှင်နေတုန်းပဲ... ဘာလို့ မသေသေးတာလဲ။"
သူက စကားတွေကို ထောက်ထောက်ထောက်ထောက်နဲ့ ယောင်ယမ်းပြီး ပြောနေရှာသည်။
ကျွန်တော် သံသယဝင်မိတာနဲ့ သူ့ကို လှမ်းဆွဲဖို့ လုပ်လိုက်ပေမဲ့ သူက ချက်ချင်းပဲ ကိုယ်ကိုလှည့်ပြီး ထွက်ပြေးသွားပါတော့သည်။
အသက်လတ်ပိုင်း လူတစ်ယောက်ရဲ့ အရှိန်မျိုး လုံးဝမဟုတ်ဘဲ တော်တော်လေး မြန်မြန်ဆန်ဆန် ပြေးသွားပြီး တောအုပ်လေးထဲကို တိုးဝင်သွားခဲ့သည်။
ကျွန်တော်လည်း သူ့နောက်ကို အမှီလိုက်ရင်း ချီချီ့ကို လှမ်းအော်ပြောလိုက်သည်။ "နင် အရင်ပြန်နှင့်ဦး။ ငါ လုပ်စရာလေး ရှိလို့"
ကျွန်တော် လုံခြုံရေးဦးလေးကြီးရဲ့ နောက်ကို ကပ်လိုက်သွားသည်။ ‘ဒီအဖိုးကြီးက ပုံမှန်လမ်းအတိုင်း လုံးဝမသွားဘဲ ကွေ့ကောက်ပြီး သွားနေတာပါ၊ တော်တော်ကြာအောင် လိုက်ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ အဆောင်ဟောင်းကြီးရဲ့ အနောက်ဘက်ကို ပြန်ပတ်မိသွားကြပါတယ်။’
သူက အဆောင်ဟောင်းကြီးထဲကို မဝင်ဘဲ အဆောင်ရဲ့ အနောက်ဘက်ဆီကို ပြေးသွားသည်။
ကျွန်တော်လည်း လိုက်သွားခဲ့ပြီး အဆောင်ဟောင်းကြီးရဲ့ အနောက်ဘက်မှာတော့ အမှိုက်သရိုက်တွေ စုပုံနေပြီး အဲဒီထဲမှာ စွန့်ပစ်ထားတဲ့ လုံခြုံရေးကင်းတဲအိုလေး တစ်ခု ရှိနေသည်။
လုံခြုံရေးဦးလေးကြီးက အဲဒီထဲမှာ ဝင်ပုန်းနေသည်။
ကျွန်တော် အနားကို လျှောက်သွားပြီး ကင်းတဲတံခါးကို ခေါက်လိုက်ပါတယ်။ "ဦးလေး... ကျွန်တော့်ကို ဘာလို့ ဒီလောက်တောင် ပုန်းနေရတာလဲ။" "ကျွန်တော်က လူဆိုးမဟုတ်ပါဘူး၊ ပြီးတော့ ဦးလေးကလည်း တော်တော်လေး ရူးချင်ယောင်ဆောင်ပြပြီးပြီ မဟုတ်လား"
‘ကျွန်တော် လုံခြုံရေးဦးလေးကြီးရဲ့ နောက်ကြောင်းတချို့ကို ရိပ်မိနေခဲ့ပါပြီ။ သူက ဒီကျောင်းသားတွေကို ခြောက်လှန့်ပြီး မောင်းထုတ်ဖို့အတွက် တမင်သက်သက် ရူးချင်ယောင်ဆောင်နေခြင်းသာဖြစ်သည်။ ဒီဦးလေးကြီးက စည်းစနစ်မရှိဘဲ ပြေးနေသလို ထင်ရပေမဲ့ တကယ်တော့ တော်တော်လေး ပါးနပ်သည်၊ ဘယ်နေရာမှာ လမ်းရှိတယ်၊ ဘယ်နေရာက သွားရခက်တယ်ဆိုတာကို အကုန်သိနေခဲ့သည်။’
အဲဒီကင်းတဲထဲက ပစ္စည်းတွေကလည်း သေသေသပ်သပ် စီရီထားတာကိုးတွေရသည်။
လုံခြုံရေးဦးလေးကြီးက တံခါးကို မြဲမြဲဆွဲထားပြီး အထဲကနေ သူ့အသံ ထွက်လာတာကို ကျွန်တော် ကြားနေရသည်။ "မင်း ဘာလို့ မသေတာလဲ။ မင်း အဲဒီအဆောင်ထဲကို သေသေချာချာ ဝင်သွားတာပဲကို၊ ဘယ်လိုလုပ် အသက်ရှင်နေရတာလဲ"
‘သူ ဘာကို ဆိုလိုတယ်ဆိုတာ ကျွန်တော် နားလည်လိုက်ပါပြီ။ ကျွန်တော် အဆောင်ဟောင်းကြီးထဲ ဝင်သွားပြီးတာတောင် ဘာလို့ မသေတာလဲလို့ မေးနေတာပါ...’
ကျွန်တော် ပခုံးတွန့်ပြလိုက်ရင်း "ဦးလေးရာ... ကျွန်တော် ဒီမနက်တင် အဆောင်ဟောင်းကြီးထဲ ဝင်မိတာပါ၊ မကောင်းဆိုးဝါးတစ်ခုခုနဲ့ တိုးခဲ့ရင်တောင် ဒီလောက် မြန်မြန်ကြီးတော့ မသေနိုင်သေးပါဘူး မဟုတ်လား"
လုံခြုံရေးဦးလေးကြီးက လုံးဝမယုံကြည်ဘဲ ရုတ်တရက် သူ့ဖုန်းကို ထုတ်ပြီး တုန်တုန်ရီရီနဲ့ တစ်ခုခုကို ရှာနေသည်။ ရဲခေါ်နေတာလားလို့တောင် သံသယဝင်မိသေးသည်။ ခဏနေတော့ သူ တစ်ခုခုကို ရှာတွေ့သွားပုံရပြီး မျက်လုံးတွေ နီမြန်းကာ စိတ်လှုပ်ရှားစွာနဲ့ အော်ပါတော့သည်။ "လျှောက်မပြောနဲ့။ မင်း အဲဒီအဆောင်ထဲကို လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဝင်ခဲ့တာ။" "ကိုယ့်ဘာသာကိုယ် ကြည့်လိုက်ဦး။" သူက အော်ဟစ်ရင်း ဖုန်းကို ကင်းတဲမှန်ပြတင်းပေါက်မှာ လာကပ်ပြသည်။
ဒီတစ်ခါတော့ ကျွန်တော် တကယ့်ကို မယုံနိုင် ဖြစ်သွားပြီး မှန်နောက်က ဖုန်းကို စိုက်ကြည့်မိသည်။ သူ့ဖုန်းထဲမှာ ပြသနေတာက စောင့်ကြည့်ကင်မရာ ဗီဒီယိုတစ်ခုပါ။ အဲဒီကင်မရာက အဆောင်ဟောင်းကြီးဘက်ကို တည့်တည့်ချိန်ထား ခြင်းဖြစ်သည်။ ကျွန်တော်က အထုပ်အပိုးတွေကို သယ်ပြီး တစ်ခုခုကို ရှာနေတဲ့အတိုင်း အဆောင်ဟောင်းကြီး ပတ်ပတ်လည်မှာ ယောင်ချာချာ လျှောက်သွားနေရင်း၊ သတိမထားမိဘဲ အဆောင်ဟောင်းကြီးထဲကို ခြေချမိသွားခဲ့သည်။
ကျွန်တော့်ခြေထောက်က စည်းကို ကျော်သွားပြီးတဲ့နောက်မှာတော့ လုံခြုံရေးဦးလေးကြီး ပေါ်လာပြီး ရူးကြောင်ကြောင်နဲ့ အော်ဟစ်ကာ ကျွန်တော့်ကို မောင်းထုတ်ခဲ့တာကို တွေ့ရသည်။
လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်တော် အတန်းရှာရင်း ကျောင်းထဲမှာ တကယ်ပဲ ယောင်လည်လည် ဖြစ်ခဲ့ဖူးသည်။ အဲဒီတုန်းက အဆောင်ဟောင်းကြီးရဲ့ ကောလာဟလတွေကို မသိခဲ့သလို၊ အဲဒီထဲကို ဝင်ခဲ့မိတယ်ဆိုတာကိုလည်း လုံးဝမမှတ်မိတော့ပါဘူး။
ဗီဒီယိုထဲမှာတော့ ကျွန်တော် အဲဒီစည်းကို ကျော်သွားပြီး လုံခြုံရေးဦးလေးကြီးက ထွက်သွားဖို့ အော်ဟစ်မောင်းထုတ်တာပဲ ပြနေသည်။
ကျွန်တော် ခေါင်းကို ပွတ်ရင်း ဦးနှောက်တွေ ရှုပ်ထွေးသွားပြီး လုံခြုံရေးဦးလေးကြီးကို ကြည့်လိုက်သည်။ "ဦးလေးက ကျွန်တော့်ကို မှတ်မိနေတာလား"
လုံခြုံရေးဦးလေးကြီးက ကြောက်မက်ဖွယ်ကောင်းပြီး ထိတ်လန့်စရာ အပြုံးမျိုး ပြုံးလိုက်ပါသည်။ "အဆောင်ဟောင်းကြီးထဲမှာ သေခဲ့တဲ့လူတိုင်းကို ငါ မှတ်မိတယ်။"
"မင်းက ဘာလို့ မသေသေးတာလဲ"
ကျွန်တော် ခါးခါးသီးသီးနဲ့ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်မောလိုက်မိသည်။ "ကျွန်တော်လည်း မသိဘူး"
‘တကယ်ပဲ မသိလို့ပါ။ လွန်ခဲ့တဲ့ နှစ်နှစ်က အဲဒီကို ရောက်ခဲ့ဖူးတယ်ဆိုတာကိုတောင် မမှတ်မိတဲ့အပြင်၊ သေလုနီးပါး ဖြစ်ခဲ့မှန်းလည်း မသိခဲ့ဘူး။’ ဒါဟာ တစ္ဆေလက်ထပ်စာချုပ် ကြောင့် ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များသည်။
‘အဖိုးက တစ်ခါက ပြောဖူးသည်။ လက်မထပ်ခင်မှာ သူက ငါ့ကို ကာကွယ်ပေးလိမ့်မယ်၊ လက်ထပ်ပြီးရင်တော့ သရဲတစ္ဆေတွေက အသက်ကို ရန်ရှာလိမ့်မယ်တဲ့။’
အဲဒီအချိန်တုန်းက ကျွန်တော်က အသက် တစ်ဆယ့်ခုနစ်နှစ်တောင် မပြည့်သေးဘူး။ ကိုယ်ပေါ်မှာ တစ္ဆေလက်ထပ်စာချုပ် ရှိနေတာကြောင့် ဘယ်လို မကောင်းဆိုးဝါး၊ ဘယ်လို မိစ္ဆာတွေပဲ ရှိရှိ အသက်ဆုံးရှုံးဖို့က ခက်ခဲသည်။
‘ဒါပေမဲ့ အခုကတော့ မတူတော့ဘူး။ အသက် တစ်ဆယ့်ရှစ်နှစ်မှာ ကတိသစ္စာက ပြီးမြောက်သွားပြီ ဖြစ်လို့၊ တစ္ဆေလက်ထပ်စာချုပ်ထဲက လူကော ကျွန်တော့်အသက်ကို လိုချင်နေမလားဆိုတာ စိုးရိမ်မိသည်။’
ခဏလောက် စိတ်ဓာတ်ကျသွားပြီးတဲ့နောက်မှာ ကျွန်တော် ဆက်မေးလိုက်သည်။ "ဒါပေမဲ့ ဦးလေးကို မေးပါရစေဦး၊ အဆောင်ဟောင်းကြီးအကြောင်း ဦးလေး ဘာတွေ သိထားလဲ။" "ကျွန်တော့်ကို အမှန်အတိုင်း ပြောပြပေးပါ၊ ဘာလို့လဲဆိုတော့ ဦးလေး မြင်တဲ့အတိုင်းပဲ၊" "ကျွန်တော်တို့ ကျောင်းသားတွေ အများကြီး အဲဒီအဆောင်ထဲကို ခြေချမိကုန်ကြပြီ"
လုံခြုံရေးဦးလေးကြီးက လှောင်ရယ်လိုက်သည်။ "မင်းတို့အားလုံး သေကြရမှာ။"
"ကျွန်တော်ကတော့ အသက်ရှင်ချင်တယ်"
လုံခြုံရေးဦးလေးကြီးက လှည့်ထွက်သွားပြီး စုတ်ပြတ်နေတဲ့ ဆက်တီခုံအိုကြီးပေါ်မှာ အေးအေးလူလူ လှဲချလိုက်ရင်း ပြောသည်။ "မင်းတို့ အသက်မရှင်နိုင်ပါဘူး။ အဲဒီအဆောင်ထဲ ဝင်တဲ့လူတိုင်း သေရမှာပဲ။" "အထဲကို ဝင်သွားပြီဆိုတာနဲ့ အကုန်လုံး အဆောက်အအုံပေါ်ကနေ ခုန်ချကြမှာပဲ။"
"အဲဒီအရာတွေက သေပြီးသားလူအတွက် ဘာမှအသုံးမဝင်တော့ဘူး၊ မင်းလည်း ဘာကိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး"
ကျွန်တော် နေရောင်ကို လှမ်းကြည့်လိုက်မိသည်။ "ဒီနေ့ ရာသီဥတုက တော်တော် သာယာပုံရတယ်နော်။" အဲဒီလိုပြောရင်း ကျွန်တော် ကိုယ်ကို လှည့်လိုက်ပြီး တံတောင်ဆစ်နဲ့ ကင်းတဲရဲ့ မှန်ပြတင်းပေါက်ကို အားနဲ့ တွတ်ခနဲ ရိုက်ခွဲလိုက်သည်။ ပြီးတော့ အထဲကို လက်လှမ်းပြီး လုံခြုံရေးဦးလေးကြီးရဲ့ ပခုံးကို ကိုင်လိုက်သည် "လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်တော် အဆောင်ဟောင်းကြီးထဲ လမ်းမှားဝင်ခဲ့ပေမဲ့ အသက်ရှင်ခဲ့တယ်။ ဒီနေ့လည်း ကျွန်တော် အသက်ရှင်အောင် နေပြဦးမှာပါ"
လုံခြုံရေးဦးလေးကြီးရဲ့ မျက်လုံးတွေ ပြာသွားပြီး နောက်ဆုတ်သွားသည်။ "ငါ ပြောပြနိုင်တာကတော့ ဒါတွေအားလုံးကို သရဲတစ်ကောင်က လုပ်နေတာပဲ။" "ပိုပြီး သိချင်ရင်တော့ အသက်ရှင်အောင် နေပြပြီးမှ ငါ့ကိုလာမေး။"
သရဲတစ်ကောင် ဟုတ်လား။ ကျွန်တော် ချက်ချင်းပဲ စောစောက ဆံပင် ဝါညိုညိုနဲ့ လူကို ပြေးမြင်မိသည်။
ဒီကောင်က နှစ်ကြိမ်တိုင်တိုင် ပေါ်လာခဲ့ပြီး ပေါ်လာခဲ့သည့် အချိန်တိုင်းမှာလည်းလည်း ကျွန်တော်တစ်ယောက်တည်းပဲ သူ့ကို မြင်နိုင်သည်။
ဒါဟာ တစ္ဆေလက်ထပ်စာချုပ်ကြောင့် ရလာတဲ့ စွမ်းရည်တွေထဲက တစ်ခု ဖြစ်နိုင်သည်၊ သာမန်လူတွေ မမြင်နိုင်တဲ့ အရာအချို့ကို မြင်နိုင်စွမ်းပေါ့။
လုံခြုံရေးဦးလေးကြီးက လက်လျှော့လိုက် သည့်ပုံစံ မျိုးဖြင့် စက်တီးခုံပေါ်တွင် လှဲလျောင်း၍ နေသည်။
ကျွန်တော်လည်း သူ့ကို အတင်းအကျပ် မတောင်းဆိုတော့ပါဘူး။ အတန်းထဲကို ပြန်တဲ့လမ်းမှာ ဝတ်လုံဖြူဆရာတော်ဆီ ဖုန်းဆက်လိုက်သည်။ "ဆရာတော်... ကိစ္စတွေက နည်းနည်း ရှုပ်ထွေးသွားပြီ ထင်တယ်"
ဝတ်လုံဖြူဆရာတော်က အံ့ဩသွားပုံရပါတယ်။ "ဘာဖြစ်လို့လဲ"
ကျွန်တော် ဘာမှ ပြန်မပြောမိဘူး။
ဝတ်လုံဖြူဆရာတော်က ရိပ်မိသွားသည်။ "မင်း အဆောင်ဟောင်းကြီးက သရဲကိစ္စထဲ ဝင်မပတ်သက်မိဘူးမလား။ ငါ မင်းကို ပြောထားတယ်မဟုတ်လား။ ငါ မရောက်ခင်အထိ အဲဒီက ပစ္စည်းတွေကို သွားမထိနဲ့လို့။" သူက သက်ပြင်းချရင်း ဆက်ပြောသည် "အခု ခြေလှမ်းဆုတ်ဖို့ မနှောင်းသေးပါဘူး။ အဆောင်ဟောင်းကြီးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဘာမှ ဆက်မလုပ်နဲ့တော့၊ ကျောင်းကနေ ခွင့်တိုင်ပြီး ထွက်သွားရမယ်ဆိုရင်တောင် ဖြစ်တယ်"
ကျွန်တော် ဘာမှမပြောဘဲ... ဆွံ့အလို့ နေမိသည်။
ဝတ်လုံဖြူဆရာတော်က တော်တော်ကြာအောင် ဆွံ့အသွားပြီးမှ ထိတ်လန့်တကြား အော်ပါတော့သည်။ "မင်း အထဲကို ဝင်သွားမိပြီလား"
ကျွန်တော်ကတော့ ရှက်ရှက်နဲ့ပဲ ပြောလိုက်ရတယ် "အဲဒါ တကယ့်ကို အဆိုးဆုံး အခြေအနေပါပဲ"
ဝတ်လုံဖြူဆရာတော်ဘက်က တော်တော်နဲ့ အသံထွက်မလာ "လူက ဘာကို စိုးရိမ်စိုးရိမ် ၊ အဲဒီအရာက တကယ်ပဲ ဖြစ်လာတော့တာပဲ။" "ငါ့ကို စောင့်နေ၊ ငါ အခု ချက်ချင်း လာခဲ့မယ်။" "ငါ မင်းအတွက် တွက်ချက်ကြည့်ပြီးပြီ။ နေ့ခင်းဘက်မှာတော့ မင်း ဘာမှဖြစ်မှာ မဟုတ်ဘူး၊ မင်းဆီမှာ ကာကွယ်ပေးမယ့် ဓာတ်တော် ရှိနေလို့ပဲ။ ဒါပေမဲ့ ဒီညကတော့ တကယ်ကို ဒုက္ခရောက်လိမ့်မယ်။ ငါ အရောက်လာဖို့ အနည်းဆုံး တစ်ရက်တော့ ကြာလိမ့်မယ်။" "ဆိုလိုတာက ဒီညတော့ မင်း ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ အဆင်ပြေအောင် ကြံဖန်ရလိမ့်မယ်"
ကျွန်တော် ဒါကို ကြိုတင်မျှော်လင့်ထားပြီးသားပါ။ "ကျွန်တော် ကြိုတွေးထားပြီးသားပါ။ အခု ကျွန်တော့်ဆီမှာ ငြိုးမာန်ဖွဲ့အရိုးနဲ့ ဝိညာဉ်မီးလျှံ ရှိနေပြီဆိုတော့ တောင့်ခံနိုင်ကောင်းပါရဲ့"
ဝတ်လုံဖြူဆရာတော်က ဖုန်းကို မြန်မြန်ပဲ ချသွားသည်၊ ‘လမ်းမှာ ရောက်နေပြီ ထင်ပါရဲ့။’
ကျွန်တော် အတန်းထဲကို ပြန်ပြီး ပုံမှန်အတိုင်း အတန်းတက်ခဲ့သည်။ နေ့ခင်းဘက်မှာတော့ အရာအားလုံးက ပုံမှန်ပါပဲ၊ အဓိကက ညဘက်ဖြစ်သည်။
ညနေစောင်းခါနီးမှာ ကျွန်တော် ချီချီ့ကို အပြင် ခေါ်ထုတ်လိုက်သည်။
သူမလည်း အဆောင်ဟောင်းကြီးထဲ ဝင်ခဲ့မိတာမို့ ကျွန်တော်သာ ပစ်ထားလိုက်ရင် သူ သေချာပေါက် ဒုက္ခရောက်မှာဖြစ်သည်။
ကျွန်တော် သူမလက်ကို ဆွဲပြီး ကျောင်းတံခါးကနေ ခိုးထွက်ခဲ့ကြသည်။
ကျွန်တော်တို့ ကျောင်းအပြင်ဘက်က ဟိုတယ်လမ်းထဲကို ရောက်လာပြီး တွေ့တဲ့ တည်းခိုခန်းတစ်ခုထဲ ဝင်လိုက်သည်။
"သူဌေး... အခန်းတစ်ခန်း ပေးပါ"
ချီချီကတော့ လုံးဝ ဆွံ့အသွားပြီး မျက်နှာလေး ချက်ချင်း ရဲခနဲ ဖြစ်သွားသည်။ သူမက ကျွန်တော့်နောက်ကျောကို လှမ်းဆိတ်ရင်း "နင် ဘာလုပ်တာလဲ။ ငါ့ကို ဘာလို့ ဒီခေါ်လာရတာလဲ"
ကျွန်တော်ကတော့ တိုးတိုးလေး ရေရွတ်လိုက်ပြီး "နင့်အသက်ကို ကယ်မလို့"
ချီချီက "အသက် သွင်းမလို့လား"
ကျွန်တော့် မျက်နှာကြွက်သားတွေ တုန်ခါသွားရသည်။ ရှင်းပြနေဖို့ တကယ်ကို ပျင်းရိနေတာကြောင့် အခန်းကတ်ကို ယူပြီး ကိုယ့်ဘာသာကိုယ် အပေါ်ထပ်ကို တက်လာခဲ့လိုက်သည်။ ချီချီကလည်း သူမရဲ့ ပူထူနေတဲ့ မျက်နှာလေးကို ကိုင်ရင်း နောက်ကနေ လိုက်လာရှာသည်။
တည်းခိုခန်းသူဌေးက ကျွန်တော်တို့ရဲ့ ကျောပြင်ကို ကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပါဘူး။ "ငယ်ရွယ်ရတာ တော်တော်ကောင်းတာပဲ။" "ငါ့တုန်းကတော့ ဒီလောက်အထိ အထာမကျခဲ့ပါဘူး။ အခုခေတ် လူငယ်တွေကတော့ တကယ် ဆော့တတ်တာပဲ။" "အခန်းတစ်ခန်းတည်းမှာ ယောကျ်ားတစ်ယောက်နဲ့ မိန်းမနှစ်ယောက်..."