အခန်း ၄။ ဝိညာဉ်ထိမ်းမြားခြင်း ကတိကဝတ်
နောက်ကွယ်မှ အော်ဟစ်ဆူညံသံများက တဖြည်းဖြည်းနှင့် ပို၍ နီးကပ်လာသည်။
ရှေ့တွင်လည်း ကျား၊ နောက်တွင်လည်း ခလုပ် ဆိုသလိုပင် ဘေးကျပ်နံကျပ် အခြေအနေကြီးကြောင့် ကျွန်တော့်ဦးရေပြားတစ်ခုလုံး ထိတ်လန့်မှုကြောင့် တင်းခနဲ ဖြစ်သွားရသည်။
ပျာပျာသလဲ ဖြစ်နေသည့်ကြားမှ စက္ကူအရုပ်ကြီးကို ဘေးသို့ အတင်းတွန်းဖယ်ကာ ဦးတည်ချက်မရှိဘဲ ဆက်ပြေးရန် ပြင်လိုက်သည်။
သို့သော် ရုတ်တရက် ခြေထောက်က တစ်ခုခုနှင့် ခလုတ်တိုက်မိပြီး ရှေ့သို့ မှောက်ခုံ လဲကျသွားတော့သည်။
ဓာတ်မီးရောင်က ကျွန်တော့်ကိုယ်ပေါ်သို့ တည့်တည့်ကျရောက်လာသည်။
မြေပြင်ပေါ်မှ လူးလဲထပြီး ပြန်ပြေးရန် ကြိုးစားသော်လည်း ခြေကျင်းဝတ်ဆီမှ ရုတ်တရက် အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။
တစ်ခုခုက အတင်းဖမ်းဆွဲထားသလို ဖြစ်သည်။
ထို့နောက် နောက်ကွယ်မှ တစ်ခုခုက အတင်းဆွဲငင်နေသကဲ့သို့ ကျွန်တော့်ကိုယ်ခန္ဓာကြီးက မြေပြင်ပေါ်တွင် နောက်ပြန် လဲကျသွားတော့သည်။
မြက်မြစ်များနှင့် သစ်ကိုင်းခြောက်များက ကိုယ်ခန္ဓာကို စူးခြစ်ကုန်လေသည်။
ရုန်းကန်လှုပ်ရှားရန် ကြိုးစားသော်လည်း လက်နှစ်ဖက်စလုံးကို အခြားအေးစက်စက် လက်တစ်စုံက အတင်းချုပ်ကိုင်ထားပြန်သည်။
စက္ကူဖြင့် ကပ်ထားသည့် မျက်နှာကြီးတစ်ခုက မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာပြီး မည်းနက်နေသည့် မျက်တွင်းကြီးက ကျွန်တော့်ကို စိုက်ကြည့်နေသည်။
“အာစိ… မင်း ဘယ်သွားမလို့လဲ။”
ထိုမည်းနက်လှသည့် မျက်တွင်းကြီးများကို စိုက်ကြည့်ရင်း ကျွန်တော့်အမြင်အာရုံတစ်ခုလုံး တဖြည်းဖြည်း အမှောင်တိကျသွားတော့သည်။
အေးစက်စက် အရှိန်အဝါများက ကိုယ်ခန္ဓာပေါ်သို့ ပျံ့နှံ့လာပြီး ခြေဖျားလက်ဖျားများသည်ပင်လျှင် အားအင်တွမရှိတော့သလို တဖြည်းဖြည်း နုံးချည့်သွားစေသည်။
ငါ သေရတော့မှာလား… ငါ ဒီနေရာမှာပဲ သေရတော့မှာလား။စိတ်ထဲမှာ ရေရွတ်၍
ရင်ထဲတွင်လည်း တစ်ခါမျှ မခံစားဖူးသည့် မကျေနပ်မှုနှင့် နာကျည်းမှုများ ပြည့်နှက်လာရသည်။
ငယ်စဉ်ကတည်းက သေကံမရောက် သက်မပျောက် သေဘေးဆိုးကြီးကို ကျော်ဖြတ်လာနိုင်ခဲ့ပြီးမှ ယခုလို နေရာမျိုးတွင် အကြောင်းရင်းမရှိဘဲ သေရတော့မည်လား။
အဆုံးအစမရှိသည့် အမှောင်ထုကြီးထဲတွင် ဖျော့တော့တော့ အနီရောင်မီးလင်းပွင့်လေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ထိုမီးရောင်က တဖြည်းဖြည်းနှင့် ကြီးမားလာပြီး နောက်ဆုံးတွင် မျက်စိရှေ့သို့ ရောက်ရှိလာသည်။
၎င်းက အနီရောင် မီးအိမ်တစ်လုံး ဖြစ်နေပုံရသည်။
“ငါ့မြေး… ဘာလို့ မြေကြီးပေါ်မှာ ဝပ်နေတာလဲ။”
အိုမင်းရင့်ရော်လှသည့် အသံတစ်ခုကြောင့် သတိပြန်ဝင်လာပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။
မျက်စိရှေ့တွင် အနီရောင်မီးအိမ်တစ်လုံး တကယ်ရှိနေသည်။
ကျွန်တော်က ဖားတစ်ကောင်လို မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေသဖြင့် အရင်ဆုံး ခြေလက်များကို လှုပ်ရှားကြည့်လိုက်သည်။
ဟင်… လှုပ်ရှားလို့ရသားပဲ။
အလန့်တကြားနှင့် အမြန်ထထိုင်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မီးအိမ်ကိုင်ထားသည့် ဤအဘိုးအိုမှတစ်ပါး အခြားမည်သူမျှ မရှိချေ။
စောစောက ကြုံတွေ့ခဲ့ရသမျှအရာအားလုံးက အိမ်မက်တစ်ခုလိုပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ ဤသက်ကြီးရွယ်အို အဘိုးအိုကိုတော့ ကျေးဇူးတင်ရမည် ဖြစ်သည်။
ကျွန်တော်က ယဉ်ကျေးပျူငှာစွာဖြင့် “အဘိုး… တကယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ” ဟု ပြောလိုက်သည်။
ရုတ်တရက် ပုံမှန်မဟုတ်သောအရာတစ်ခုကို သတိပြုမိသွားသဖြင့် အဘိုးအို၏ အနီးသို့ တိုးကပ်ကြည့်လိုက်သည်။
ဤအဘိုးအို၏ မျက်နှာက တစ်နေရာရာတွင် မြင်ဖူးသလိုလိုနှင့် အတော်လေး ရင်းနှီးနေသည်။
အဘိုးအိုက စိတ်မဆိုးသည့်အပြင် ကျွန်တော် သေသေချာချာ မြင်ရအောင် မီးအိမ်ကို အသာအယာ မြှင့်ပေးလိုက်သည်။
သို့သော် မျက်နှာကို သေသေချာချာ မြင်လိုက်ရချိန်တွင်မူ…
ထိတ်လန့်လွန်းသဖြင့် မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြန်ထိုင်ကျသွားပြီး မျက်နှာတစ်ခုလုံး ကြောက်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားရသည်။
တုန်ရင်နေသည့် လက်ညှိုးဖြင့် အဘိုးအိုကို ညွှန်ပြရင်း “အဘိုး… အဘိုးပဲ” ဟု ပြောမိတော့သည်။
အဘိုး၏ ဓာတ်ပုံက အိမ်ကနံရံပေါ်တွင် ချိတ်ထားပြီး နေ့တိုင်း မြင်နေရတာမလို့ အဘိုးမှန်း ဘယ်လိုလုပ်ပြီး မသိဘဲ နေမည်နည်း။
အဘိုး၏ အရေးအကြောင်းများ ပြည့်နှက်နေသည့် မျက်နှာအိုကြီးက ပြုံးရွှင်သွားပြီး “ငါ့မြေးလေး ဒီလောက်တောင် ကြီးသွားလိမ့်မယ်လို့ အဘိုး မထင်ထားမိဘူး” ဟု ဆိုသည်။
“မကြောက်ပါနဲ့၊ ငါက မင်းအဘိုးပဲဥစ္စာ၊ ဘာကို ကြောက်နေတာလဲ။”
ကျွန်တော် ငိုမလိုပင် ဖြစ်သွားရသည်၊ အဘိုး ဖြစ်နေလို့ကို ကြောက်နေရတာပါဗျာ။
ကျွန်တော့်အဘိုး ဆုံးပါးသွားခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့ပြီ ဖြစ်သည်။
ယခု အဘိုးကို မြင်နေရသည်ဆိုလျှင် သရဲမြင်နေခြင်း ဖြစ်ရမည်၊ သို့မဟုတ်ပါကလည်း ကျွန်တော် ကိုယ်တိုင် သေသွားခဲ့ပြီ ဖြစ်ရမည်။
အဘိုးက ကိုယ်ကို ကိုင်းညွတ်ပြီး ကျွန်တော့်ပုခုံးကို ပုတ်ပေးကာ “ငါ့မြေး… ထပါ၊ မြေကြီးက အေးတယ်” ဟု ပြောသည်။
ဤအဖြစ်အပျက်များကို ကြုံတွေ့ပြီးနောက် ကျွန်တော့်၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က အနည်းငယ် ပိုမိုကြံ့ခိုင်လာပုံရသည်။
သရဲမြင်တာလည်း သရဲမြင်တာပေါ့၊ ဘိုးဘွားသင်္ချိုင်းထဲမှာလည်း သရဲတစ်ကောင် မြှုပ်နှံထားတာပဲ မဟုတ်လား။
မည်သို့ပင်ဖြစ်စေ၊ ကျွန်တော် ဆက်ပြီး မပြေးနိုင်တော့ပါ၊ သေရမယ်ဆိုရင်လည်း သေရုံပေါ့။
ထို့ကြောင့် တည့်တည့်ဘဲ မေးလိုက်သည် - “အဘိုး… သားကို လာခေါ်တာလား။”
အဘိုး၏ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး ကျွန်တော့်ခေါင်းကို ဖြတ်ခနဲ ရိုက်လိုက်ကာ “လျှောက်မပြောနဲ့” ဟု ငေါက်သည်။
“မင်းက ကောင်းကောင်းမွန်မွန် အသက်ရှင်နေတာ၊ ဘယ်သူသေသေ မင်းကတော့ သေလို့မဖြစ်ဘူး။”
“မင်းက ကျန် မိသားစုရဲ့ နောက်ဆုံးကျန်တဲ့ သွေးသားအရင်းအမြစ်ပဲ။”
ဤသို့ပြောပြီးနောက် အဘိုးက မီးအိမ်ကို စိုက်ကြည့်ရင်း လမ်းတစ်ခုအတိုင်း ဦးဆောင်လျှောက်လှမ်းသွားသည်။
“မြန်မြန်လိုက်ခဲ့၊ ဟိုအကောင်တွေ မကြာခင် ပြန်လာတော့မယ်။”
အဘိုး ပြောနေသည့်အရာက ဘာလဲဆိုတာကို ခန့်မှန်းမိသဖြင့် မည်သို့လုပ်ပြီး တွန့်ဆုတ်နေရဲမည်နည်း။
ကိုယ့်မိသားစု သရဲက ပြင်ပကသရဲထက်စာရင်တော့ လက်ခံရ ပိုလွယ်ကူပါသည်။
စောစောက အကောင်များနှင့် နှိုင်းယှဉ်လျှင် ဘာဖြစ်လို့လဲမသိ၊ မျက်စိရှေ့က အဘိုးအိုအပေါ်တွင် ရင်းနှီးနွေးထွေးမှုကို ခံစားရသည်။
ထို့ကြောင့် သိပ်ပြီးတော့ မကြောက်တော့ချေ။
အဘိုး၏ နောက်ကွယ်မှ လိုက်ပါရင်း “အဘိုး… အဘိုးက သရဲလား” ဟု မမေးဘဲ မနေနိုင် ဖြစ်မိသည်။
အဘိုးက ဘာမှ ပြန်မဖြေပါ။
ကျွန်တော်က ထပ်မံမေးမြန်းပြန်သည် - “စောစောက အကောင်တွေကရော သရဲတွေလား။”
အဘိုးက သက်ပြင်း အရှည်ကြီးတစ်ချက်ချကာ “ဘိုးဘွားတွေရဲ့ ဝဋ်ကြွေးကို သားမြေးတွေက ခံရတာပဲ၊ ငါ ဘိုးဘွားတွေကို မျက်နှာပြဖို့ တကယ်ရှက်မိတယ်” ဟု ဆိုသည်။
နောက်သို့ လှည့်ကြည့်ရင်း “သူတို့က သရဲလားဆိုတာတော့ ငါမသိဘူး၊ ဒါပေမဲ့ နောက်ပိုင်း ရက်အနည်းငယ်အတွင်းမှာ မင်း သေသွားရင်တော့ သရဲဖြစ်သွားမှာ သေချာတယ်” ဟု ပြောသည်။
ငါက သရဲဖြစ်မှာလား။ တစ်ကိုယ်လုံး စိမ့်ခနဲ တုန်သွားရသည်။
“အဘိုး… အဘိုးက ဒီအထိ တကူးတက လာပြီး သားကို ခြောက်လှန့်နေတာတော့ မဟုတ်ပါဘူးနော်။”
“ဘယ်သူက သားကို သတ်ချင်နေတာလဲ။”
အဘိုးက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကျွန်တော့်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမည့် စကားတစ်လုံးကို ပြောလိုက်သည်။
“မင်းမိန်းမ။”
ကျွန်တော် အံ့အားသင့်သွားပြီး ရယ်မောလိုက်မိကာ “အဘိုးကတော့ လျှောက်ပြောနေပြန်ပြီ။ သားက အသက်တစ်ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာ၊ ရည်းစားတောင် မရှိသေးဘူး။”
“ဘယ်ကနေ မိန်းမ ရှိရမှာလဲ။”
အဘိုးက နောက်သို့ ပြန်လှည့်ကြည့်ကာ ဆန်းကြင်းသည့် အပြုံးတစ်ခု ပြုံးပြီး “မင်းမှာ ရည်းစားမရှိတာက နင့်မှာ မိန်းမမရှိဘူးလို့ မဆိုလိုဘူး” ဟု ပြောသည်။
“မင်းမှာ ရှိတယ်၊ ပြီးတော့ မင်းမွေးတဲ့နေ့ကတည်းက ရှိနေခဲ့တာ။”
“မင်းအဖေက ဘိုးဘွားသင်္ချိုင်းကို တူးဆွပြီး ကြီးမားတဲ့ ကတ်ဆိုးကြီးကို ကျူးလွန်ခဲ့ လို့ ကျန် မိသားစုအပေါ် မကောင်းဆိုးဝါး သရဲတွေ ပူးကပ်နေခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းက ကျန်မိသားစုရဲ့ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ သားယောကျ်ားလေးဖြစ်ပြီး မဟာဘေးဒုက္ခနှစ်ဖြစ်တဲ့ ယင်နှစ်၊ လေးလပိုင်း၊ တစ်ဆယ့်လေးရက်နေ့မှာ မွေးဖွားခဲ့တာ။”
ကျွန်တော့်မျက်လုံးများ ပြူးကျယ်သွားရသည်။
အဘိုး ပြောသမျှအရာအားလုံးက အမေ ပြောခဲ့သည်များနှင့် ထပ်တူကျနေသည်။
အနည်းဆုံးတော့ ဤအဘိုးအိုက ကျွန်တော့်အဘိုးအစစ်၏ ဝိညာဉ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အဘိုးက ဆက်ပြောသည် - “အဲဒီနေ့က မင်းအမေ မီးဖွားချိန်မှာ မင်းက ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း အမိဝမ်းထဲမှာတင် သေဆုံးရမှာ၊ ဒါပေမဲ့ ဝတ်လုံဖြူတာအိုဆရာတော် ပေါ်လာပြီး မင်းကို ကယ်တင်ခဲ့တယ်။”
“ဒါပေမဲ့ မင်း မွေးဖွားလာခဲ့ရင်တောင် လေးနာရီထက် ပိုပြီး အသက်မရှင်နိုင်ဘူး။”
“အဲဒီ ဝတ်လုံဖြူတာအိုဆရာတော်ကြီးတောင်မှ ကူညီဖို့ နည်းလမ်းမရှိခဲ့ဘူး။”
“ကောင်းကင်ဘုံက ငါ့ကို သေစေချင်ရင် သေရမှာပဲ၊ ဒါပေမဲ့ ကောင်းကင်ဘုံက ကျန်မိသားစုရဲ့ မျိုးဆက်ကို ဖြတ်တောက်တာကိုတော့ ငါ လုံးဝ သဘောမတူနိုင်ဘူး။”
“မကောင်းဆိုးဝါး ဝိညာဉ်တွေပဲဖြစ်ဖြစ်၊ ကောင်းကင်ဘုံရဲ့ အလိုတော်ပဲဖြစ်ဖြစ်၊ ကျန်မိသားစုရဲ့ တစ်ဦးတည်းသော မျိုးဆက်လေးကို ငါ မဖြစ်ဖြစ်အောင် ကာကွယ်ရမယ်။”
ကျွန်တော်က “ဒါကြောင့် အဘိုးက အမေ့လက်ထဲကနေ သားကို လုယူသွားခဲ့တာပေါ့” ဟု မေးလိုက်သည်။
အဘိုးက ခေါင်းငြိတ်ပြကာ “ငါ ငယ်ငယ်က ဆရာတစ်ယောက်ဆီမှာ ပညာသင်ခဲ့ဖူးလို့ လောကီပညာရပ်အချို့ကို နားလည်ခဲ့တယ်။ အဲဒီအချိန်တုန်းက နည်းလမ်းတစ်ခုပဲ ရှိခဲ့တယ်။”
“အဲဒါကတော့ ဝိညာဉ်ထိမ်းမြားခြင်း ကတိကဝတ်ပဲ။”
“မင်းရဲ့ အသက်လေးကို ကာကွယ်ဖို့အတွက် သရဲမိန်းမတစ်ယောက်နဲ့ လက်ထပ်ပေးခဲ့တာ။”
ကျွန်တော် ဇဝေဇဝါ ဖြစ်သွားပြီး “အဘိုးက သရဲမိန်းမနဲ့ လက်ထပ်ပေးတာက သားအသက်ကို ကာကွယ်ဖို့လို့ ပြောပြီး၊ အခုကျမှ ဘာလို့ သားအသက်ကို နှုတ်ချင်နေရတာလဲ” ဟု မေးမိသည်။
အဘိုးက “ဝိညာဉ်ထိမ်းမြားခြင်း ကတိကဝတ်ဆိုတာ မရဏမင်းရဲ့ အမိန့်တော်ပဲ၊ လက်ထပ်ပြီးရင် မင်္ဂလာခန်းမထဲ ဝင်ရတယ်။”
“တစ်ဝက်က မင်္ဂလာဆောင်၊ တစ်ဝက်က နာရေးပဲ။ လက်မထပ်ခင်မှာ သူမက နင့်ကို ကာကွယ်ပေးပြီး၊ လက်ထပ်ပြီးရင်တော့ နင့်အသက်ကို နှုတ်ယူမှာ။”
“မင်း အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်မယ့်နေ့က သူမ နင့်အသက်ကို နှုတ်မယ့်နေ့ပဲ။”
ကျွန်တော် ခေါင်းကို ကုတ်ရင်း ပို၍ ဇဝေဇဝါ ဖြစ်လာရသည်။
အဘိုးက နောက်ပြောင်နေခြင်း မဟုတ်လျှင် ကျွန်တော့်ကို အသက်နှုတ်မည့် အရာတစ်ခုနှင့် လက်ထပ်ပေးခဲ့ခြင်း ဖြစ်နေသည်။
ကျွန်တော့်ရဲ့ တစ်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ရောက်ဖို့ ရက်အနည်းငယ်သာ လိုတော့သည်၊ ကျွန်တော့်ရဲ့ သရဲမိန်းမက ကျွန်တော့်ကို တကယ်ပဲ သတ်တော့မှာလား။
ဂျွတ်… ဂျွတ်… ဂျွတ်…
ရုတ်တရက် နောက်ကွယ် ခပ်လှမ်းလှမ်းမှ သစ်ကိုင်းခြောက်များ ကျိုးပျက်သံ ကြားလိုက်ရသည်။
ဝူး… ဝူး… ဝူး… လေတိုက်သံလား သို့မဟုတ် အမျိုးသမီးတစ်ယောက် ငိုကြွေးသံလား မသိရဘဲ အသံက တကယ်ကို အက်ကွဲခြောက်ခြားပြီး အထီးကျန်ဆန်လှသည်။
တောအုပ်ထဲက အမှောင်ထုကြီးက သက်ရှိတစ်ခုလို လှုပ်ရှားလာပြီး ကျွန်တော်တို့ဆီသို့ ပျံ့နှံ့လာပုံရသည်။
ငိုသံကလည်း တစ်စုံတစ်ယောက် ငိုယိုပြီး ပြေးလာနေသကဲ့သို့ ကျွန်တော်တို့ဆီသို့ လျင်မြန်စွာ နီးကပ်လာသည်။
အဘိုးက နောက်သို့ လှည့်ကြည့်လိုက်ရာ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားပြီး -
“မကောင်းတော့ဘူး၊ သူမ ရောက်လာပြီ။”
အဘိုးက ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ လက်ထဲက မီးအိမ်ကို ကျွန်တော့်လက်ထဲသို့ အတင်းထည့်ပေးကာ “ပြေး။ နောက်ကို လုံးဝ လှည့်မကြည့်နဲ့။”
“ဒီလမ်းအတိုင်း တည့်တည့်ပြေး၊ နားကို မြက်ရွက်တွေနဲ့ ပိတ်ထားပြီး ပြေး။ ဘာပဲဖြစ်ဖြစ် နောက်ကို လုံးဝ လှည့်မကြည့်နဲ့။”
“အဘိုး… အဘိုးက ဒီမှာ ကျန်ခဲ့မှာလား” အဘိုးက ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်း ကျွန်တော် ခဏတာ မေ့လျော့သွားပုံရသည်။
အဘိုးက ကျွန်တော့်ကို ခုလေးတင် ကယ်တင်ပေးခဲ့ခြင်းကြောင့် ဖြစ်နိုင်သလို၊ မရဏကမ္ဘာနှင့် လူ့ကမ္ဘာကို ဖြတ်သန်းပြီး တွေ့ဆုံရသည့် သွေးသားသံယောဇဉ်ကြောင့်လည်း ဖြစ်နိုင်သည်၊ ကျွန်တော့်ရင်ထဲတွင် ခွဲခွာရခက်သည့် ခံစားချက်တစ်ခု ပေါ်လာသည်။
အဘိုး၏ မျက်နှာအမူအရာက အလွန်တရာ တည်ကြည်လေးနက်နေပြီး ကျွန်တော့်ကို အတင်းတွန်းထုတ်ကာ -
“မေးမနေနဲ့၊ မြန်မြန်ပြေး၊ ငါ သူမကို တားထားရမယ်။”
“အချက်သုံးချက်ကို သေသေချာချာ မှတ်ထား။”