အခန်း (၃၆) - အဆောင်တွင်း အသည်းအသန် လိုက်လံခြင်း
“အဆောင်မှူး ဟုတ်လား။ မဟုတ်နိုင်တာ။ ငါတို့အဆောင်ရဲ့ အဆောင်မှူး အဘိုးကြီးက အောက်ထပ်မှာ ရှိနေတာလေ၊ အဲဒီအဆောင်မှူးဦးလေးကြီးက အောက်ထပ်မှာ ငါနဲ့ စကားတပြောပြောနဲ့ ရှိနေတာတာကို...” ဂဏန်းပေါင်းစက်၏ အံ့သြမှင်တက်နေသည့် အသံက ဖုန်းထဲမှတစ်ဆင့် ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့သည်။
ကျွန်တော်သည် လက်ထဲမှ ရန်ငြိုးဖွဲ့အရိုးကို မသိမသာ ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
သံသယဖြစ်စရာမလိုဘဲ ဒါဟာ နောက်ထပ် ထိတ်လန့်စရာကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်နေပြီ။
ကျွန်တော်တို့ အဆောင်မှာ အဆောင်မှူး တစ်ယောက်တည်းသာ ရှိပြီး ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို မကြာခဏ တွေ့ဖူးခြင်းမရှိပါ။ ဂဏန်းပေါင်းစက်က အဆောင်မှူးသည် အောက်ထပ်၌ ကျောင်းသားများနှင့် စကားပြောနေသည်ဟု ဆိုသဖြင့် စောစောက အပေါ်ထပ်တွင် တွေ့ခဲ့ရသည့် အဆောင်မှူးမှာ အတုဖြစ်နေသည်မှာ သေချာပေသည်။
ဂဏန်းပေါင်းစက်ကလည်း အခြေအနေတစ်ခုလုံးကို နားထောင်ပြီးနောက် ဆန်းစစ်သုံးသပ်လာသည် -
“မင်းအနားက အဆောင်မှူးက အခုထိ မင်းအနားမှာ ရှိနေတုန်းပဲလား”
“သူ အခု အဆောင်အခန်းအပြင်ဘက်မှာ ရှိနေတုန်းပဲ။ ငါထင်တာတော့ သူက စောစောက သူခိုးရဲ့ ကြံရာပါ ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များတယ်။ သူတို့က ပစ္စည်းလာခိုးတာဆိုရင် တစ်ယောက်တည်း လာမှာမဟုတ်ဘူး။ အဲဒီနှစ်ယောက်က တစ်ဖွဲ့တည်းပဲ” ကျွန်တော်က လည်ချောင်းများ ခြောက်ကပ်လာသဖြင့် တံတွေးကို အနိုင်နိုင် မျိုချရင်း ပြောလိုက်မိသည်။
ထိုအချိန်မှာပင် အခန်းအပြင်ဘက်ရှိ အဆောင်မှူးက စိတ်မရှည်စွာဖြင့် လှမ်းအော်တော့သည် -
“မင်း ရှာနေတဲ့ ပစ္စည်းကို တွေ့ပြီလား”
“ဒီအဆောင်ထဲမှာ အခု အန္တရာယ် အလွန်များနေတာကို မင်းက ဘာလို့ ဒီလောက်အထိ အချိန်ဆွဲနေရတာလဲ။ မြန်မြန်လုပ်၊ ငါနဲ့အတူ အောက်ထပ်ကို ဆင်းရအောင်”
“လုံခြုံရေးအဖွဲ့က မကြာခင် ရောက်လာပြီး တစ်ဆောင်လုံးကို ရှာဖွေတော့မှာ”
ဓာတ်မီးရောင်သည် အဆောင်အခန်းထဲသို့ ညှာတာမှုမရှိဘဲ လှမ်းထိုးလာခဲ့သည်။
ကျွန်တော်သည် ရန်ငြိုးဖွဲ့အရိုးကို ဆုပ်ကိုင်လျက် တံခါးနောက်ကွယ်တွင် ပုန်းကွယ်လိုက်ပြီး အပြင်သို့ လှမ်းအော်လိုက်သည် -
“အစ်ကို... ဒီထဲမှာ အလွန်မှောင်နေလို့ဗျာ။ အထဲကို ဝင်လာပြီး ဓာတ်မီးနဲ့ ကူရှာပေးလို့ ရမလား”
“အေးပါ... အေးပါ၊ ဒီလိုအချိန်ကြီးကျမှ ဘာပစ္စည်းကို ဒီလောက်အထိ လိုက်ရှာနေရတာလဲ မသိဘူး” အဆောင်မှူးအတုက ညည်းညူရင်း အထဲသို့ လျှောက်လှမ်း ဝင်ရောက်လာခဲ့သည်။
သူ အထဲသို့ ခြေတစ်လှမ်း ချလိုက်သည့် အချိန်မှာပင် ကျွန်တော်က အရှိန်ဖြင့် လွှားခနဲ ပြေးထွက်လိုက်ပြီး လက်ထဲရှိ အရိုးတုတ်ဖြင့် သူ့ဦးခေါင်းနောက်စေ့ကို အားကုန် လွှဲရိုက်လိုက်တော့သည်။
ရိုက်နှက်ပြီးနောက် ၎င်းက ထိရောက်မှု ရှိ၊ မရှိကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အရင်ဆုံး အပြေးအလွှား ထွက်ပြေးဖို့သာ စဉ်းစားလိုက်သည်။
အဆောင်မှူးအတုသည် ကျွန်တော့်၏ တိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားခဲ့သော်လည်း သတိလစ်မသွားခဲ့ကြောင်းကိုတော့ မရေမရာ မှတ်မိနေသည်။
သေချာပါသည်... ကျွန်တော် ခြေလှမ်းအနည်းငယ်မျှသာ ပြေးရသေးသော်လည်း နောက်ဘက်မှနေ၍ ဓာတ်မီးရောင်က လှမ်းထိန်လာခဲ့ပြန်သည်။
အဆောင်မှူးအတုက ဒေါသတကြီးဖြင့် လှမ်းအော်သည် -
“ရပ်စမ်း... အဲဒီမှာ ရပ်စမ်း”
“မင်းကိုသာ ငါ ဖမ်းမိလို့ကတော့... မင်းတော့ နာပြီသာ မှတ်တော့ ကောင်ဆိုးလေး”
စင်္ကြံလမ်း၏ ဝဲ၊ ယာ နှစ်ဖက်စလုံးတွင် လှေကားများ ရှိသော်လည်း ဘယ်ဘက်လှေကားသည် အဆောင်ထွက်ပေါက်နှင့် အနီးဆုံး ဖြစ်သည်။
စောစောက ဝက်ခြံများနှင့် အမျိုးသားသည် ညာဘက်လှေကားကို အသုံးပြု၍ အပေါ်ထပ်များသို့ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်က ဘယ်ဘက်လှေကားအတိုင်း အောက်သို့ ဆင်းခဲ့လိုက်သည်။ ပိတ်မှောင်နေသည့် စင်္ကြံလမ်းထဲတွင် ကျွန်တော့်ဖုန်း၏ ဓာတ်မီးရောင်မှိန်မှိန်လေးသာ ရှိပြီး ခြေသံများကလည်း အဆက်မပြတ် ပဲ့တင်ထပ်နေသည်။
ကျွန်တော် တတိယထပ်သို့ ရောက်ရှိပြီး ဆက်လက် ဆင်းသက်ရန် ပြင်လိုက်စဉ်...
ကျွန်တော့်ဖုန်း မီးရောင်သည် တတိယထပ် လှေကားထောင့်တွင် ရပ်တန့်နေသည့် လူရိပ်တစ်ခုအပေါ်သို့ ကျရောက်သွားခဲ့သည်။
မှိန်ပျပျ အလင်းရောင်အောက်တွင်ပင် ဝက်ခြံများနှင့် ချိုင့်ခွက်များ ပြည့်နှက်နေသည့် ထိုမျက်နှာကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရပြီး သူ၏ မျက်လုံးများကလည်း ထူးဆန်းလှသည့် သွေးနီရောင်အသွင် ဆောင်နေခဲ့သည်။
ကျွန်တော်တို့ နှစ်ယောက် ဆုံတွေ့သွားခဲ့ကြပြီး နှစ်ဦးစလုံး ဆွံ့အသွားခဲ့ရသည် - တစ်ယောက်နဲ့တစ်ယောက် ဒီနေရာမှာ ပြန်ဆုံလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားခဲ့ကြဘူးလေ။
ဒီကံကြမ္မာဆိုးကတော့ တကယ်ကိုပဲ...။
ဝက်ခြံမျက်နှာသည် တုံ့ဆိုင်းမနေဘဲ လက်ထဲရှိ ဓားမြှောင်ကို ကိုင်ဆောင်လျက် ကျွန်တော့်ထံသို့ အရှိန်ပြင်းစွာ ပြေးဝင်လာခဲ့တော့သည်။
ဒါက ကျွန်တော့်ကို တကယ်ပဲ ဇဝေဇဝါ ဖြစ်စေသည်။ ကျွန်တော်တို့က ဒီအတိုင်း မတော်တဆ ဆုံမိတာတင်ဥစ္စာ၊ ဒီလောက်အထိ အသက်နဲ့လဲပြီး တိုက်ခိုက်ဖို့ လိုအပ်လို့လား။
သူ့မျက်လုံးထဲက သွေးနီရောင် အမူအရာက ကျွန်တော့်ရဲ့ အာရုံကို ဖမ်းစားသွားခဲ့သည်။
ဒါက ယုတ္တိမရှိဘူး... အကယ်၍ သူက ပစ္စည်းခိုးတာ သက်သက်ပဲဆိုရင် အခိုးခံရမှန်း သိတာနဲ့ ချက်ချင်း ထွက်ပြေးရမှာပေါ့။ ဘာဖြစ်လို့ ငါ့ကို တိုက်ခိုက်ဖို့ နောက်ပြန်လှည့်လာရတာလဲ။
ကျွန်တော်လည်း တုံ့ဆိုင်းမနေဘဲ လက်ထဲရှိ ရန်ငြိုးဖွဲ့အရိုးဖြင့် သူ့ကို ပြန်လည် လွှဲရိုက်လိုက်တော့သည်။
ကျွန်တော်တို့ နှစ်ဦးစလုံးတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုမျိုး မရှိကြပါ။
ဤတိုက်ပွဲသည် ဒဏ်ရာချင်း လဲလှယ်ခြင်းသာ ဖြစ်သည် - သူ့ဓားမြှောင်က ကျွန်တော့်ကို တစ်ချက်ခြစ်မိလျှင် ကျွန်တော့်အရိုးတုတ်က သူ့ကို တစ်ချက် ပြန်ရိုက်သည်။
ကျွန်တော်က သူ့ကို အရိုးတုတ်ဖြင့် ရိုက်နှက်လိုက်သဖြင့် သူ သွေးချင်းချင်းနီသွားခဲ့ရသလို၊ သူ့ဓားမြှောင်ကလည်း ကျွန်တော့်၏ လက်မောင်းအထက်ပိုင်းတွင် စင်တီမီတာအနည်းငယ်ခန့် ရှည်လျားသည့် ဒဏ်ရာတစ်ခုကို ပေးစွမ်းသွားခဲ့သည်။
ရှပ်... ရှပ်...
အပေါ်ထပ် လှေကားမှနေ၍ ခြေသံများ ပဲ့တင်ထပ်လာခဲ့ပြီး လူမရောက်လာခင် ဓာတ်မီးရောင်က နံရံပေါ်သို့ အရင်ဆုံး ကျရောက်လာခဲ့သည်။
“ရပ်စမ်း... ကောင်လေး၊ အဲဒီမှာ ရပ်စမ်း”
‘ကျွန်တော် စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။ တကယ်ကိုပဲ ရှေ့တွင် ကျား၊ နောက်တွင် ကျားသစ် ဖြစ်နေပြီ’ - အဆောင်မှူးအတုကလည်း အမှီ လိုက်လာခဲ့ပြီ ဖြစ်သည်။
ဝက်ခြံမျက်နှာနှင့် ဆက်လက် လုံးထွေးမနေနိုင်တော့သဖြင့် ကျွန်တော်က အရိုးတုတ်ကို အသုံးပြု၍ သူ့ဓားကို ကာကွယ်လိုက်ကာ သူ့ကို လှေကားအောက်သို့ အားကုန် ကန်ချလိုက်တော့သည်။
ထို့နောက် တတိယထပ် စင်္ကြံလမ်းထဲသို့ လှည့်၍ အပြေးအလွှား ဝင်ရောက်ခဲ့လိုက်သည်။ ဝက်ခြံမျက်နှာသည် လှေကားပေါ်က လိမ့်ကျသွားသဖြင့် အရိုးအချို့ ကျိုးပဲ့သွားနိုင်ပြီး ကျွန်တော့်နောက်သို့ ချက်ချင်း လိုက်လာနိုင်ဦးမည် မဟုတ်ဟု တွေးမိသည်။
ကျွန်တော်က မူလက ညာဘက်လမ်းအတိုင်း အောက်သို့ ဆင်းရန် ရည်ရွယ်ထားသော်လည်း ဓာတ်မီးရောင်က ပိုမို နီးကပ်လာခဲ့ပြီဖြစ်သဖြင့် အချိန်မမှီတော့သည်မှာ ထင်ရှားလှသည်။
ထို့ကြောင့် ကျွန်တော်က တိတ်တဆိတ် လှုပ်ရှားလိုက်ပြီး အဆောင်အခန်းတစ်ခုထဲသို့ ဝင်ရောက် ပုန်းကွယ်လိုက်ကာ တစ်ပြိုင်နက်တည်းမှာပင် ဖုန်းဓာတ်မီးကိုပါ ပိတ်ပစ်လိုက်တော့သည်။
အကယ်၍ တစ်ယောက်တည်းသာဆိုလျှင် ပြန်လည် တိုက်ခိုက်ဖို့ နည်းလမ်းရှာနိုင်သော်လည်း ယခုမူ နှစ်ယောက်ဖြစ်နေသဖြင့် အလွန်ပင် ဒုက္ခရောက်လှသည်။
ဝက်ခြံမျက်နှာ ခြစ်လိုက်သည့် လက်မောင်းဒဏ်ရာမှ သွေးများ အဆက်မပြတ် စီးကျနေဆဲ ဖြစ်သဖြင့် ကျွန်တော်က လက်တိုအင်္ကျီကို ချွတ်လိုက်ကာ ဒဏ်ရာကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားလိုက်သည်။
ထိုအချိန်မှာပင် တံခါးအောက်ခြေ ကွာဟချက်မှတစ်ဆင့်
ဓာတ်မီးရောင်သည် စင်္ကြံလမ်း၏ တစ်ဖက်မှ အခြားတစ်ဖက်သို့ လိုက်လံ ဝေ့ဝဲရှာဖွေနေသည်ကို မြင်တွေ့လိုက်ရသည်။
ရှပ်... ရှပ်... ရှည်လျားလှသည့် လူရိပ်တစ်ခုသည် ကျွန်တော် ရှိနေသည့် အခန်းအပြင်ဘက်မှနေ၍ တရွေ့ရွေ့ ဖြတ်သန်းသွားခဲ့သည်။
ကျွန်တော်သည် ခန္ဓာကိုယ် တင်းကြပ်မနေစေရန်နှင့် နှလုံးခုန်နှုန်းကို လျှော့ချနိုင်ရန်အတွက် အသက်ရှူနှုန်းကို အသေအချာ ထိန်းချုပ်လိုက်ရသည်။
လူရိပ် ဖြတ်သန်းသွားစဉ်... လူရိပ်၏ အောက်ခြေတွင် အနက်ရောင် စနီကာဖိနပ်တစ်စုံက တံခါးဝမှ ဖြတ်သန်းသွားသည်ကို တွေ့လိုက်ရသည်။
ထိုစနီကာဖိနပ်များ ပေါ်လာသည့် အချိန်တွင် ကျွန်တော် အလိုလို အသက်အောင့်ထားမိပြီး သူ ဖြတ်သန်းသွားပြီးမှသာ သက်ပြင်းတစ်ချက်ကို အသာချနိုင်တော့သည်။
ဓာတ်မီးရောင်ကလည်း တဖြည်းဖြည်းနှင့် ဝေးကွာသွားခဲ့ပြီ...။
ရုတ်တရက်ဆိုသလို... ဓာတ်မီးရောင်က နောက်ဘက်သို့ ပြန်လည် လှည့်ပတ် လင်းထိန်လာခဲ့သည်။
ဝုန်း... ဝုန်း... လျင်မြန်လှသည့် ခြေသံများသည် ကျွန်တော် ရှိနေသည့် အခန်းဆီသို့ ဦးတည်လျက် ပြေးဝင်လာခဲ့တော့သည်။
စနီကာဖိနပ်တစ်စုံ ပေါ်လာပြန်သည်။
ဒိုင်း... တံခါးကို အရှိန်ဖြင့် ဆောင့်ဖွင့်လိုက်ပြီး...
အနက်ရောင် စနီကာဖိနပ်ပိုင်ရှင်သည် ဓာတ်မီးကို ကိုင်ဆောင်လျက် အထဲသို့ ဝင်ရောက်လာခဲ့ကာ သူ၏ ပထမဆုံး တုံ့ပြန်မှုအဖြစ် တံခါးနောက်ကွယ်သို့ ချက်ချင်း လှမ်းထိုးကြည့်တော့သည်။
မည်သူ့ကိုမျှ မတွေ့ရှိရသဖြင့် သူက အခန်းတစ်ခုလုံးကို တစ်နေရာချင်းစီ စတင် ရှာဖွေတော့သည်။
ကုတင်အောက်တွင် ပုန်းကွယ်နေသည့် ကျွန်တော်သည် ရန်ငြိုးဖွဲ့အရိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားလိုက်သည်။
ရှပ်... ဖိနပ်တစ်စုံက ကျွန်တော့်မျက်စိရှေ့မှ ဖြတ်သန်းသွားသည် ။ ထိုလူက အနက်ရောင် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။
သူက အဆောင်၏ ဝရန်တာဘက်သို့ သွားရောက် ရှာဖွေပုံရပြီး အတန်ကြာမှ နောက်သို့ ပြန်လည် လျှောက်လှမ်းလာခဲ့သည်။
ရုတ်တရက်... သူက ကျွန်တော့်မျက်စိရှေ့တည့်တည့်တွင် ရပ်တန့်သွားခဲ့သည်။
ရွှတ်... ရွှတ်...
သူက ကုတင်ပေါ်ရှိ စောင်များကို တစ်ထည်ပြီးတစ်ထည် လှန်လှော ရှာဖွေတော့သည်။
ကျွန်တော့်နဖူးပြင်တွင် ချွေးစေးများဖြင့် ပြည့်နှက်နေရသည် ။ ဒါဟာ အပူရှိန်ကြောင့်တင်မကဘဲ အလွန်အမင်း စိုးရိမ်ထိတ်လန့်မှုကြောင့်လည်း ဖြစ်သည်။
တောက်... ကျွန်တော် သတိမထားမိခင်မှာပင် ချွေးတစ်ပေါက်က မြေပြင်ပေါ်သို့ အစက်ချ ပြုတ်ကျသွားခဲ့သည်။
သူက ထိုအသံကို ကြားလိုက်ရပုံရသည်။
ဓာတ်မီးရောင်သည် အောက်ဘက်သို့ စတင် ဦးတည်လာခဲ့သည်။
ထိုလူသည် ဒူးကို မြေပြင်ပေါ်သို့ တဖြည်းဖြည်းချင်း နှိမ့်ချလိုက်ပြီး ခေါင်းကို အောက်သို့ ငုံ့ကြည့်ရန် ဟန်ပြင်တော့သည်။
ကျွန်တော်လည်း မိမိ၏ အနေအထားကို ပြင်ဆင်လိုက်သည်။ ‘အခုအချိန်မှာတော့ အသက်လုပြီး တိုက်ခိုက်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပြီ။’
ထိုအခိုက်အတန့်မှာပင် အခန်းအပြင်ဘက်မှနေ၍ နောက်ထပ် ခြေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုလူက ကုတင်အောက်သို့ ငုံ့ကြည့်မည့် အစီအစဉ်ကို ရပ်တန့်လိုက်ပြီး မတ်တတ်ရပ်ကာ အပြင်သို့ လျှောက်လှမ်း ထွက်ခွာသွားခဲ့တော့သည်။
သူ့ရဲ့ ကြံရာပါ ရောက်လာတာလည်း ဖြစ်နိုင်သလို၊ လုံခြုံရေးအဖွဲ့ ရောက်လာတာလည်း ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ်... ကံကောင်းထောက်မစွာဖြင့် ကျွန်တော် အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ရသည်။
တီ... တီ... တီ... တီ... တီ... တီ...
ကျွန်တော့်ဖုန်းက ရုတ်တရက် တုန်ခါလာခဲ့ပြီး ဖုန်းမြည်သံသည် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကို ရက်စက်စွာဖြင့် ဖြိုခွဲဖျက်ဆီးပစ်လိုက်တော့သည်။
ဂဏန်းပေါင်းစက် ဖုန်းဆက်ခြင်း ဖြစ်သည်။
ကျွန်တော့်တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထလာခဲ့ရသည်။ ပြီးခဲ့သည့် အဖြစ်အပျက်ပြီးကတည်းက ကျွန်တော် ဖုန်းကို အသံပိတ် (Silent) ထားခဲ့သည်ကို အသေအချာ မှတ်မိနေသော်လည်း ယခုမူ ဖုန်းအသံက အမြင့်ဆုံးအဆင့်အထိ ရောက်ရှိနေသလိုပင်ဖြစ်သည်။
ဝေးကွာသွားခဲ့သည့် ဓာတ်မီးရောင်သည် ချက်ချင်းဆိုသလို နောက်ပြန် လှည့်ပတ် လင်းထိန်လာခဲ့ပြီး လျင်မြန်လှသည့် ခြေသံများသည်လည်း ရှင်းလင်းပြတ်သားလှသည့် ပစ်မှတ်တစ်ခုရှိရာ ကျွန်တော့်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့တော့သည်...။