အခန်း (၃၅) - မလွှဲမရှောင်သာသော သေခြင်းတရား နိမိတ်စကား
ဆရာကြီးခို၏ တောင်းဆိုချက်ကို ရင်ဆိုင်ရင်း ကျွန်တော်က လက်လှမ်းပေးလိုက်ကာ မသိမသာ ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည် -
“ကျွန်တော့်ဘက်က ပိုလို့တောင် ဝမ်းသာရပါသေးတယ်ဗျာ”
ဆရာကြီးခိုသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်နိုင်ပြီး အလွန်အမင်း ဝမ်းသာအားရဖြစ်လျက် ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ကာ လှုပ်ခါတော့သည် -
“ငါ ခိုကျန့်ဟိုင်ဟာ တခြားအရာတွေကိုတော့ အသေအချာ မကတိပေးနိုင်ပေမဲ့ မောင်ရင်လေးမှာ လိုအပ်ချက်တစ်ခုခု ရှိလာမယ်ဆိုရင်တော့ ငါ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပုံအောပြီးတော့တောင် ဘာမဆို အစွမ်းကုန် ကူညီပေးမယ်လို့ ရဲရဲကြီး ပြောရဲတယ်”
“ကျွန်တော့်နာမည်က ကျန်းအာစိပါ။ အဘိုးက လူကြီးတစ်ယောက်ဖြစ်တာမို့ နောက်နောင် ကျွန်တော့်ကို အာစိ ဒါမှမဟုတ် ရှောင်ကျန်း လို့ပဲ ခေါ်နိုင်ပါတယ်”
“အကယ်၍ ကျွန်တော့်မှာ တကယ် အခက်အခဲ ရှိလာရင်လည်း အဘိုးကို လုံးဝ မေ့ပစ်မှာ မဟုတ်ပါဘူးဗျာ”
ဆရာကြီးခိုက ကျွန်တော့်ပုခုံးကို အားရပါးရ ပုတ်လိုက်ရင်း စနောက်လာသည် -
“မင်းရဲ့ စကားကို အသေအချာ မှတ်ထားနော်။ တစ်နေ့ကျလို့ အခက်အခဲရှိပါလျက်နဲ့ ငါ့ဆီ လာမကူညီခိုင်းရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့”
“ကဲ... ပုတီးစေ့ကို ငါ့ကိုပေးဦး။ ဒါကို နားကပ်လုပ်ချင်တာ မဟုတ်လား”
“ငါ့ရဲ့ လက်ရာကို ပြသရတာပေါ့”
ကျွန်တော်က ပုတီးစေ့ကို လွှဲပြောင်းပေးလိုက်သည် - “ဒါဆိုရင်တော့ အံ့သြမှင်တက်ရမယ့် လက်ရာကို မျှော်လင့်စောင့်စားနေပါ့မယ်”
ဆရာကြီးခိုသည် နောက်ဘက်သို့ ပြန်အလှည့်တွင် ဝန်ထမ်းမိန်းကလေးငယ်၏ ဘေးမှ ဖြတ်သန်းသွားခဲ့သည်။ သူ ဘာတွေပြောလိုက်သည်ကိုတော့ ကျွန်တော် မသိရသော်လည်း ဝန်ထမ်းမိန်းကလေးငယ်မှာ ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွသွားခဲ့တော့သည်။
သူမသည် ကျွန်တော့်အနားသို့ တရွေ့ရွေ့ လျှောက်လာပြီး အကြိမ်ကြိမ် ဦးညွှတ်အရိုအသေပြုသည် -
“ကျေးဇူးတင်ပါတယ်၊ တကယ်ကို ကျေးဇူးတင်ပါတယ်ရှင်”
“အစ်ကိုသာ မရှိခဲ့ရင် ဒီကိစ္စကို ရင်ထဲမှာပဲ မျိုသိပ်ထားဖို့ တွေးထားတာပါ”
ကျွန်တော်က စနောက်လိုက်သည် - “ဆိုင်မန်နေဂျာ ဖြစ်တော့မှာလား”
ဝန်ထမ်းမိန်းကလေးငယ်၏ မျက်နှာတစ်ခုလုံး ခဏချင်းအတွင်း နီမြန်းသွားခဲ့ရသည် -
“ဆရာကြီးခိုက ဆိုင်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိစ္စရပ်တွေကို အရင်ဆုံး လေ့လာသင်ယူထားဖို့ ပြောတာပါရှင်...”
ထို့နောက်တွင် ကျွန်တော်သည် ဝန်ထမ်းမိန်းကလေးငယ်နှင့် ခင်မင်ရင်းနှီးစွာ ဆက်လက် စကားစမြည် ပြောဆိုဖြစ်ခဲ့သည်။ သူမသည် ကျွန်တော့်ထက် အသက်အနည်းငယ် ပိုကြီးပြီး ကျောင်းစောစောထွက်ကာ အလုပ်လုပ်ခဲ့ရသူ ဖြစ်သည်။ အလုပ်အကိုင် အနည်းငယ် ပြောင်းလဲပြီးနောက်တွင် ယခု ဝမ်ပေါင်ဂေဟာသည်သာ သူမ ရေရှည်လက်တွဲနိုင်သည့် တစ်ခုတည်းသော နေရာ ဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။
စကားပြောရင်းနှင့် ဆရာကြီးခိုနှင့် ပတ်သက်သည့် ကောလာဟလ အချို့ကိုလည်း ကြားသိခဲ့ရသည်။ ဆရာကြီးခိုသည် အလွန်ပင် လျှို့ဝှက်ဆန်းကြပ်သူတစ်ဦး ဖြစ်ပြီး ဝမ်ပေါင်ဂေဟာ၏ အကြီးအကဲလည်း ဖြစ်ကာ ရှေးဟောင်းပစ္စည်းနှင့် ကျောက်မျက်ရတနာ အသိုင်းအဝိုင်းတွင် အလွန် ထင်ရှားကျော်ကြားသူ ဖြစ်သည်။ သူ ခြေတစ်ချက်ဆောင့်လိုက်လျှင်ပင် ထိုအသိုင်းအဝိုင်းတစ်ခုလုံး တုန်လှုပ်သွားနိုင်သည်ဟု ဆိုရမည် ဖြစ်သည်။
နာရီဝက်ခန့် ကြာပြီးနောက် ဆရာကြီးခိုသည် လက်ထဲတွင် သေတ္တာတစ်လုံးကို ကိုင်ဆောင်လျက် ထွက်လာပြီး ယုံကြည်ချက်အပြည့်ဖြင့် ကျွန်တော့်ထံ လွှဲပြောင်းပေးအပ်လာသည်။
ကျွန်တော်က ၎င်းကို လက်ခံရယူကာ ဖွင့်လှစ်ကြည့်ရှုလိုက်ရာ ခဏချင်းအတွင်း မျက်တောင်မခတ်တမ်း ငေးမောသွားမိတော့သည်။
ဓာတ်တော်ကို သေသပ်လှပလှသည့် ကျောက်စိမ်းပြားမျှင်လေး အနည်းငယ်ဖြင့် ရစ်ပတ်ထားရာ ၎င်းသည် သီးပွင့်နေသည့် သစ်ကိုင်းခြောက်လေးတစ်ခုနှင့်ပင် တူနေတော့သည်။ ထို့ပြင် ယင်းပေါ်တွင် ရွှေရောင်အစင်းကြောင်းလေးအချို့ကိုလည်း ရစ်ပတ်မွမ်းမံထားသေးသည်။
ဆရာကြီးခိုသည် ကျောက်စိမ်းကို မည်သို့ မွမ်းမံကာ ဓာတ်တော်ကို ဤမျှလောက် သေသပ်လှပစွာ ရစ်ပတ်ထားနိုင်သည်ကို စဉ်းစားရခက်လှပြီး ဓာတ်တော်၏ အစိတ်အပိုင်း အများစုကိုလည်း အပြင်သို့ ထင်ထင်ရှားရှား ပေါ်လွင်စေဆဲ ဖြစ်သည်။ ၎င်းကျောက်စိမ်းမျှင်လေးများသည် တောက်လောင်နေသည့် မီးလျှံများနှင့် တူညီနေပြီး နုနယ်ပျော့ပျောင်းလွန်းခြင်း မရှိဘဲ ဆရာကြီးခိုသည် ဝတ်ဆင်မည့်သူ၏ ကျား၊ မ သဘာဝကိုပါ ထည့်သွင်းစဉ်းစားပေးထားခြင်း ဖြစ်ပေသည်။
ဆရာကြီးခိုက ဂုဏ်ယူဝင့်ကြွားစွာဖြင့် -
“ငါက ထိပ်တန်းအဆင့် ကျောက်စိမ်းကို သုံးထားပြီး ရွှေကပ်ကျောက်စိမ်း နည်းပညာနဲ့ ပြုလုပ်ပေးထားတာပါ။ မင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ကျွန်တော်က ၎င်းကို ဝတ်ဆင်ကြည့်ရာ တကယ့်ကို ကွက်တိပင် ဖြစ်သည်။ ကျွန်တော် ငယ်ငယ်တုန်းက စတိုင်ထုတ်ချင်ရုံသက်သက်ဖြင့် နားဖောက်ခဲ့ဖူးရာ ယခုမူ တကယ့်ကို အသုံးတည့်သွားခဲ့ပြီ ဖြစ်သည်။
ကျေနပ်အားရသွားပြီးနောက် ကျွန်တော်က စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဆရာကြီးခို၏ မျက်နှာက ချက်ချင်း တည်တံ့သွားခဲ့သည် -
“မင်းက ငါ့ကို ပိုက်ဆံပေးဖို့ တောင်းဆိုတာမျိုး ဒါမှမဟုတ် အဲဒီလို စကားမျိုး ထပ်ပြောရင်တော့ ငါ မင်းကို အခုချက်ချင်း မောင်းထုတ်လိုက်မှာနော်”
“ဒီပိုက်ဆံ အနည်းငယ်က ငါ့အတွက် အရေးမကြီးပါဘူး။ ညီအစ်ကို အာစိအနေနဲ့ ငါ့ကို ဒီလိုမျိုး စော်ကားလိမ့်မယ်လို့ မမျှော်လင့်ပါဘူး”
ကျွန်တော်လည်း မတတ်နိုင်ဘဲ ရယ်မောလိုက်မိသည် -
“နားလည်ပါပြီဗျာ။ ဒါနဲ့ပဲ... ကျွန်တော်ကိုယ်တိုင်လည်း ဒီလောက်အထိ အဖိုးတန်တဲ့ ပိုက်ဆံကို မတတ်နိုင်ပါဘူး”
‘ထိပ်တန်းအဆင့် ကျောက်စိမ်း၏ ခန့်မှန်းခြေ တန်ဖိုးနှင့် ဆရာကြီးခို၏ ပြိုင်ဘက်ကင်းလှသော လက်ရာတို့ကို ပေါင်းစပ်လိုက်ပါက ၎င်းသည် ကောင်းကင်ဘုံက တန်ဖိုးမျိုး ဖြစ်နေပေလိမ့်မည်။’
ထိုအခါမှ ဆရာကြီးခိုက ပြုံးပြနိုင်တော့သည် - “ဒါမှပေါ့”
အတန်ကြာအောင် ဆက်လက် စကားပြောဆိုပြီးနောက် သူက ကျွန်တော့်ကို ထမင်းကျွေးရန် အတင်းအကျပ် ဆွဲထားသော်လည်း ကျွန်တော်က စောစောတင် စားသောက်ထားခဲ့ပြီးဖြစ်သည့်အပြင် ကျောင်းသို့လည်း ပြန်ရဦးမည်ဖြစ်သဖြင့် ငြင်းပယ်ခဲ့လိုက်သည်။
ကျွန်တော် ထွက်ခွာခါနီးတွင် ဆရာကြီးခိုက ကျွန်တော့်ဖုန်းကို လှမ်းယူကာ သူ၏ ဖုန်းနံပါတ်ကို မှတ်တမ်းတင်ပေးခဲ့သည်။ ဤမျှလောက် စိတ်ထက်သန်လှသည့် လူမျိုးနှင့် ကြုံတွေ့ရတာ ဒါပထမဆုံးအကြိမ် ဖြစ်သဖြင့် ကျွန်တော်လည်း အနည်းငယ် အသားမကျသေးပါ။ သူ ကြုံတွေ့ရမည့် သွေးထွက်သံယို ဘေးဆိုးနှင့် ပတ်သက်၍ ကျွန်တော် အကူအညီ ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
ကျွန်တော်သည် မွန်းလွဲပိုင်းတွင် ကျောင်းသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး မွန်းလွဲပိုင်း အတန်းများကို မှီခဲ့သည်။ ကျွန်တော့်၏ စားပွဲဖော်သူငယ်ချင်းမှာ ‘ကန့်ဖာချိုင်’ ဖြစ်ပြီး စီးပွားရေး အတွေးအခေါ် ကောင်းမွန်လှသဖြင့် ‘ဂဏန်းပေါင်းစက်’ ဟု အမည်ပြောင် ပေးထားကြကာ သူသည် ကျွန်တော့်၏ အဆောင်ဖော်လည်း ဖြစ်သည်။
ကျွန်တော်တို့ အဆောင်တွင် လူလေးယောက် ရှိပြီး စာသင်ခန်း၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် ထောင့်စွန်းများတွင် အသီးသီး ထိုင်ကြသည်။ ကျွန်တော်နှင့် ဂဏန်းပေါင်းစက်က အရှေ့ဘက်ထောင့်စွန်း တွင် ထိုင်ကြပြီး အနောက်ဘက်နှင့် မြောက်ဘက်တွင် အဆောင်ဖော် တစ်ယောက်စီ ထိုင်ကြသည် - ၎င်းနေရာများသည် နောက်ဆုံးတန်းရှိ အညံ့ဆုံး ထိုင်ခုံများဖြစ်ကြပြီး ‘ချန်ဇီ’ နှင့် ‘ဝတုတ်’ ဟု အမည်ပြောင် ရထားကြသူများ ဖြစ်သည်။
ကျွန်တော် ခုံသို့ ပြန်ရောက်ရောက်ချင်း ဂဏန်းပေါင်းစက်က လှမ်းမေးတော့သည် -
“မင်း ဘယ်တွေ သွားနေတာလဲ။ ဒီလောက် ရက်အများကြီး ခွင့်တိုင်ထားရအောင်? မိန်းကလေးတစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေတာလား”
ကျွန်တော်က ကျောပိုးအိတ်ကို စားပွဲပေါ်သို့ စိတ်ပျက်လက်ပျက်ဖြင့် ပစ်တင်လိုက်ကာ -
“အေးပါ... ဟုတ်ပါတ်၊ ဒီရက်ပိုင်းတွေမှာ ငါ မိန်းမတွေနဲ့ပဲ နေ့တိုင်း အတူရှိနေခဲ့တာ”
ကျွန်တော်က ပြဌာန်းစာအုပ်များကို ထုတ်ယူရန် ပြင်လိုက်စဉ်... ဝုန်း... တစ်ခုခုက စာအုပ်များနှင့်အတူ အပြင်သို့ ပြုတ်ကျလာခဲ့သည်။
ဂဏန်းပေါင်းစက်က ထိုအရာကို ကောက်ယူကာ သံသယဖြင့် မေးသည် -
“ဒီအနီရောင် သေတ္တာထဲမှာ ဘာရှိတာလဲ။ အစားအသောက်လား”
ကျွန်တော့် လက်လှုပ်ရှားမှု ရပ်တန့်သွားပြီး ဂဏန်းပေါင်းစက်ကို စူးစိုက်ကြည့်လိုက်မိသည်။ သူ ကိုင်ဆောင်ထားသည့်အရာမှာ အနီရောင် သေတ္တာလေး ဖြစ်နေသည် - ‘အနီရောင် ရန်ရှန်းသေတ္တာ’ ပင် ဖြစ်သည်။
‘ဤအရာက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေရသနည်း။ ကျွန်တော် ဤသေတ္တာကို အိမ်ရှိ ဗီရိုအောက်တွင် အသေအချာ ဝှက်ထားခဲ့သည်ကို မှတ်မိနေသည်။ ၎င်းက ဘယ်လိုဖြစ်ပြီး ကျွန်တော့် ကျောပိုးအိတ်ထဲကနေ ထွက်ကျလာရသနည်း။’
ဤအရာသည် အလွန်ပင် မိစ္ဆာဆန်လှသည်။ ကျွန်တော် ဂဏန်းပေါင်းစက်ကို ဆက်လက် ကိုင်ဆောင်ခွင့်မပြုဝံ့ဘဲ ၎င်းကို လှမ်းဆွဲကာ အိတ်ထဲသို့ အတင်းပြန်ထည့်လိုက်တော့သည်။
ဂဏန်းပေါင်းစက်က လျှာသပ်ရင်း - “လျှို့ဝှက်ချက်တွေ အများကြီးပဲ၊ အကောင်းတော့ မဟုတ်တာ သေချာတယ်။ အာစိ... မင်းတော့ ပျက်စီးနေပြီ”
မွန်းလွဲပိုင်း အတန်းများကတော့ ပုံမှန်အတိုင်းပင် ကုန်လွန်သွားခဲ့သည်။ အတန်းနားချိန်တွင် အဆောင်ဖော်များနှင့် စကားပြောဆိုခြင်း၊ ဂိမ်းတူတူဆော့ခြင်းတို့ဖြင့် အားလုံးက ပုံမှန်အတိုင်း အေးအေးလူလူ ရှိနေခဲ့ကြသည်။
ညနေစာသင်ချိန် စတင်ချိန်ကျမှသာ ကျွန်တော့်ရင်ထဲတွင် စိုးရိမ်ပူပန်မှုအချို့ စတင် စိုးမိုးလာခဲ့တော့သည်။
‘ညနေ ၇ နာရီ ၁၀ မိနစ်မှာ မင်း သေရမယ်။’
‘အနီရောင် သေတ္တာက ပေးအပ်ထားသည့် စကားများကို လျစ်လျူရှုထား၍ မရပါ၊ ကျွန်တော် အထူး ဂရုစိုက်ရမည် ဖြစ်သည်။ ညနေစာသင်ချိန်က နှစ်ကြိမ်ရှိပြီး ည ၇ နာရီခွဲတွင် ပြီးဆုံးမည် ဖြစ်သည်။ ထို့ကြောင့် ညနေ ၇ နာရီ ၁၀ မိနစ်တွင် ကျွန်တော်သည် စာသင်ခန်းထဲ၌ ရှိနေရမည် ဖြစ်သည်။ စာသင်ခန်းထဲတွင် ကျွန်တော် ဘယ်လိုဖြစ်ပြီး သေဆုံးနိုင်မည်နည်း။ လူအများကြီး ရှိနေသည့် ရှေ့မှောက်တွင် သရဲတစ္ဆေတစ်ကောင်ပင် ဖြစ်ပါစေ ရုတ်တရက် လှုပ်ရှားနိုင်မည် မဟုတ်ချေ။
ကျွန်တော်သည် ဒုတိယအကြိမ် ညနေစာသင်ချိန်တွင် စိတ်ကူးယဉ်နေမိပြီး နာရီကို ကြည့်လိုက်ရာ ၇ နာရီသို့ နီးကပ်လာခဲ့ပြီ ဖြစ်သည်။’
ရုတ်တရက်ဆိုသလို... ကျိ... တစ်ခန်းလုံး မှောင်အတိ ကျသွားခဲ့တော့သည်။ မီးပျက်သွားခြင်း ဖြစ်သည်...။
“အား...” မိန်းကလေးအချို့က ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်ကြပြီး ယောကျ်ားလေးများကတော့ အော်ဟစ်အောင်ပွဲခံကာ ကခုန်ကြတော့သည်၊ ယောကျ်ားလေးအချို့က အမှောင်ထဲတွင် မိန်းကလေးများကို ခြောက်လှန့်ရသည်ကို သဘောကျကြသည်လေ။
ဆရာက ပျာပျာသလဲ လှမ်းအော်သည် -
“မဆူကြနဲ့၊ မဆူကြနဲ့။ လျှပ်စစ်လိုင်း ဟောင်းနွမ်းနေတဲ့ ပြဿနာမို့လို့ပါ။ ကဲ... အားလုံး စည်းကမ်းတကျနဲ့ စာသင်ခန်းထဲကနေ ထွက်ကြပါ”
‘မှောင်အတိကျနေသည့် စာသင်ခန်းထဲတွင် ကျွန်တော့်၏ မျက်နှာအမူအရာကသာ အဆန်းပြားဆုံး ဖြစ်နေပေလိမ့်မည်။ ဘာဖြစ်လို့ ဒီအချိန်ကျမှ မီးပျက်ရတာလဲ။’
ဂဏန်းပေါင်းစက်က ကျွန်တော့်လက်မောင်းကို ပျော်ရွှင်စွာဖြင့် လှမ်းတို့သည် - “သွားစို့... အတန်းတက်စရာ မလိုတော့ဘူး”
စာသင်ခန်းထဲက ထွက်လာပြီးနောက် ကျောင်းတစ်ခုလုံး မီးပျက်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ချန်ဇီနှင့် ဝတုတ်တို့က စ္စတ္တလမ်းဘက်တွင် ကျွန်တော်တို့ကို လာရောက် ဆုံတွေ့ကြသည်။ ထိုအချိန်တွင် ဝတုတ်က ရယ်မောကာ -
“အခွင့်အရေးကောင်းပဲ။ ငါ အပြင်ကနေ အစားအသောက်တွေ မှာထားတယ်၊ သွားပြီး ပျော်ကြရအောင်”
ဂဏန်းပေါင်းစက်က ကြောင်အသွားသည် -
“ဘယ်မှာသွားပျော်မှာလဲ။ ကျောင်းက အပြင်စာ သယ်ဆောင်ခွင့် ပိတ်ထားတာလေ။ ငါတို့အဆောင်က အဆောင်မှူး အဘိုးကြီးဆိုရင် အာလူးကြော်တစ်ထုပ်တောင် ပေးမဝင်တာ၊ အပြင်စာဆိုရင် ဝေးသေး။ ပြီးတော့ ငါတို့ ခိုးယူသွားရင်တောင် အဆောင်ထဲမှာ အရက်သောက်နေတာကို တစ်ယောက်ယောက်က တိုင်လိုက်ရင် ငါတို့ သေပြီမဟုတ်လား”
ချန်ဇီနှင့် ဝတုတ်က တစ်ယောက်ကိုတစ်ယောက် ဖက်လှဲတကင်း ပြုလုပ်ရင်း -
“ငါတို့ ဒါကို စဉ်းစားထားပြီးသားပါ။ ကျောင်းဆောင်ဟောင်း ထဲမှာ သွားပြီး စားသောက်ကြရအောင်။ ကျောင်းဆောင်ဟောင်းက အခု လုံးဝ အလွတ်ကြီးလေ”
ကျွန်တော့် နှုတ်ခမ်းများ အလိုလို တွန့်သွားမိသည် -
“မင်းတို့... ကျောင်းဆောင်ဟောင်းက ဘာလို့ အလွတ်ကြီး ဖြစ်နေရလဲဆိုတာ မသိကြဘူးလား။ အဲဒီမှာ သရဲခြောက်တယ်လေ”
ကျွန်တော်တို့ကျောင်းတွင် ကြောက်စရာကောင်းသည့် ကောလာဟလများစွာ ရှိသည့်အနက် ကျောင်းဆောင်ဟောင်းအကြောင်းကလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ၎င်းကျောင်းဆောင်ကို လူသေသင်္ချိုင်းမြေပုံဟောင်းတစ်ခုကို အတင်းအကျပ် ဖြိုဖျက်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ တည်ဆောက်ပြီး သိပ်မကြာခင်မှာပင် ထူးဆန်းသော အဖြစ်အပျက်များ မကြာခဏ ဖြစ်ပွားခဲ့သည် - ကျောင်းသားများ ပျောက်ဆုံးခြင်း၊ ရူးသွပ်သွားခြင်း စသည်ဖြင့်။
ထိုကျောင်းဆောင်ကို ရေရှည် ပိတ်ပစ်လိုက်ရသည့် အဓိက အကြောင်းရင်းမှာ ကျောင်းသားများ စုပေါင်းကာ ခုန်ချ သေဆုံးခဲ့သည့် အဖြစ်အပျက်ကြောင့် ဖြစ်သည်။ ကျောင်းဆောင်ဟောင်းသည် ခြောက်ထပ်အထိ မြင့်မားသည်။ ထိုနေ့ကလည်း ယခုကဲ့သို့ပင် ကျောင်းတွင် မီးပျက်သွားခဲ့ရာ ကျောင်းသားတစ်စုသည် မီးပျက်ခြင်းကို အခွင့်ကောင်းယူကာ အမိုးပေါ်သို့ တက်ရောက်၍ အောက်သို့ ခုန်ချခဲ့ကြခြင်း ဖြစ်သည်။
ထိုအကြိမ်တွင် ကျောင်းသား ၁၂ ယောက် ခုန်ချခဲ့ကြပြီး တစ်ယောက်မျှ အသက်မရှင်ခဲ့ပါ။ ထို့နောက်တွင် ကျောင်းကို အတော်ကြာအောင် ပိတ်ထားခဲ့ပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှသာ ကျောင်းကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ထိုကျောင်းဆောင်ဟောင်းကိုမူ သဘာဝအတိုင်း ချိတ်ပိတ်ထားခဲ့တော့သည်။
ဝတုတ်က နှာခေါင်းရှုံ့ကာ -
“အာစိ... မင်းက ဘာလို့ ဒါတွေကို ယုံနေရသေးတာလဲ။ ဒါတွေက ကောလာဟလတွေတင်ပါ။ ငါက မင်းထက် ပိုသိတာပေါ့၊ ငါ့အဖေက ကျောင်းဒါရိုက်တာအဖွဲ့ဝင်လေ။ အဲဒီကျောင်းဆောင်ကို ပိတ်ထားရတာက ဆောက်လုပ်တုန်းက ဒီဇိုင်းပိုင်းဆိုင်ရာ ပြဿနာ ရှိခဲ့လို့ ဘေးအန္တရာယ် ရှိနိုင်လို့ပါ။ ငါတို့က သွားပြီး သောက်စားရုံသက်သက်ပဲဥစ္စာ၊ ဘာဖြစ်မှာလဲ”
ချန်ဇီက ဝင်ပြောသည် -
“အာစိ... မင်း ပြန်လာကတည်းက ဘာလို့ ဒီလောက်အထိ ကြောက်တတ်နေရတာလဲ။ အရင်တုန်းက ငါတို့ ညဈေးသွားဖို့ တံတိုင်းကျော်တုန်းကတောင် မင်း မကြောက်ခဲ့ပါဘူး။ ကောလာဟလ ထွက်နေတဲ့ ကျောင်းဆောင်တစ်ခုကို ဘာလို့ ကြောက်နေရမှာလဲ။ ငါတို့ ယောက်ျားရင့်မကြီး လေးယောက်ရဲ့ ယန်စွမ်းအင် နဲ့တင် အဲဒီသရဲတွေကို အသေခြောက်လှန့်လို့ ရတယ်”
‘ယခုအချိန်တွင် ကျွန်တော့်ခန္ဓာကိုယ်ပေါ်၌ ယင်စွမ်းအင် မည်မျှလောက် ပြင်းထန်နေသနည်းဆိုသည်ကို ကျွန်တော်ကိုယ်တိုင် ကောင်းကောင်း သိထားသည်။ ဓာတ်တော်က ဖိနှိပ်ပေးထားသည့်တိုင်အောင် စိတ်မအေးရရသည့်ကြားထဲ သရဲခြောက်သည်ဟု ကောလာဟလထွက်နေသည့် နေရာသို့ ကိုယ်တိုင် သွားရောက်ပြီး အသေခံရန် ဆန္ဒမရှိပါ။’ အနီရောင် သေတ္တာ၏ နိမိတ်စကားသည် ကျွန်တော့်နှလုံးသားထဲတွင် စူးတစ်ခုလို စူးဝင်နေပြီး အချိန်ပြည့် နာကျင်စေလျက် ရှိသည်။
ကျွန်တော်က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည် -
“တော်ပါပြီ၊ ငါ မလိုက်တော့ဘူး။ ကွင်းထဲမှာ ခဏလောက် လမ်းလျှောက်နေရင် မီးပြန်လာလိမ့်မယ်။ မင်းတို့လည်း မသွားကြပါနဲ့။ ညသန်းခေါင်ယံအချိန်ကြီး ဘာလို့ အဲဒီလိုနေရာကို သွားချင်နေရတာလဲ။ တနင်္ဂနွေနေ့ကျရင် ငါ မင်းတို့ကို အဝကျွေးပါ့မယ်”
ဝတုတ်က စိတ်မဝင်စားဟန်ဖြင့် -
“ငါ အစားအသောက်တွေအကုန် အဝယ်ရပြီးပြီ၊ ဆိုင်ရှင်ကလည်း ခြံစည်းရိုးနားမှာ စောင့်နေတာ။ သွားစို့... ငါ့ကိုယုံစမ်းပါ၊ ဘာမှမဖြစ်ပါဘူး။ ဘယ်သရဲပဲဖြစ်ဖြစ် ကျောင်းဒါရိုက်တာရဲ့ သားဖြစ်တဲ့ ငါ့ရှေ့မှာတော့ ကြောက်လန့်တကြား ထွက်ပြေးရမှာပဲ”
ချန်ဇီ - “ငါတို့က အဆောင်တူတူပဲဥစ္စာ။ မင်းမလိုက်ရင် ငါတို့ သုံးယောက်တည်း ပျင်းစရာကြီး ဖြစ်နေမှာပေါ့။ ခဏနေရင် ပြန်လာမှာပါ။ ကျောင်းထဲမှာ လူအများကြီး ရှိနေတာပဲ၊ ကျောင်းဆောင်ဟောင်းထဲကနေ အော်လိုက်ရင်တောင် အပြင်ကလူတွေ ကြားနိုင်တာပဲ။ ဘာဖြစ်မှာလဲ”
ကျွန်တော်ကတော့ အရင်အတိုင်းပင် မလိုက်ဖို့ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
ဝတုတ်နှင့် ချန်ဇီတို့သည် ကျွန်တော့်ကို ကြောက်တတ်သည်ဟု ယူဆကြပြီး ဖျောင်းဖျ၍မရသည့်အဆုံး လက်လျှော့သွားကြတော့သည်။
ကျွန်တော်က ဝတုတ်၏ ပုခုံးကို ကိုင်ဆွဲကာ ထပ်မံ တားဆီးမိသည် -
“ငါ့ကိုယုံစမ်းပါ၊ မင်းတို့ ကောင်းဖို့အတွက် ပြောနေတာမို့လို့ မသွားကြပါနဲ့။ မဟုတ်ရင် တခြားနေရာ သွားကြရအောင်။ ဘာလို့ အဲဒီလိုနေရာမျိုးမှာ စွန့်စားချင်နေရတာလဲ”
ဝတုတ်က ကျွန်တော့်ပုခုံးကို လှမ်းဖက်ကာ -
“မင်း ဘယ်လောက်အထိ ကြောက်တတ်လဲဆိုတာ ကြည့်စမ်း။ ဒီနေ့ ငါ ဝတုတ်က မင်းကို ဒီလောကမှာ သရဲမရှိကြောင်း သက်သေပြမယ်။ ငါ ပြန်လာတဲ့အခါ တနင်္ဂနွေနေ့ကျရင် ထမင်းကျွေးဖို့ မမေ့နဲ့ဦး ဟုတ်ပြီလား”
သူနှင့် ချန်ဇီတို့သည် ဘေးချင်းယှဉ်လျက် ထွက်ခွာသွားကြတော့သည်။ ကျွန်တော်နှင့် ဂဏန်းပေါင်းစက်က သူငယ်ချင်းကောင်းများဖြစ်ကြပြီး သူသည်လည်း သတ္တိ သိပ်မရှိလှသူ ဖြစ်သည်။ ကျွန်တော် မလိုက်သည်ကို မြင်သောအခါ သူလည်း မလိုက်တော့ဘဲ နေခဲ့တော့သည်။
ကျွန်တော် သက်ပြင်းတစ်ချက်ချမိရင်း ကျောင်းဆောင်ဟောင်းသည် သန့်ရှင်းစင်ကြယ်ပါစေကြောင်းသာ ဆုတောင်းမိတော့သည်။
ဂဏန်းပေါင်းစက် - “အခု ငါတို့ ဘာလုပ်ကြမလဲ။ အဆောင်ပြန်ရင်လည်း မှောင်အတိကျပြီး အလွန်ပူနေမှာပဲ”
ကျွန်တော် စဉ်းစားပြီး ပြောလိုက်သည် -
“ကွင်းထဲမှာ လမ်းသွားလျှောက်ရအောင်။ ဒါပေမဲ့ ငါ အဆောင်ကို တစ်ခေါက် ပြန်ဦးမယ်၊ ယူစရာ ပစ္စည်းတစ်ခု ရှိလို့”
ဂဏန်းပေါင်းစက်က နားမလည်နိုင်ဘဲ -
“ဘာပစ္စည်းလဲ။ ကွင်းထဲ လမ်းလျှောက်ဖို့အတွက်နဲ့ ပစ္စည်းပြန်ယူရဦးမလို့လား။ ဒီအတိုင်း သွားလျှောက်ရင် မရဘူးလား”
ကျွန်တော်က လျှို့ဝှက်ဆန်းကြပ်သည့် ပုံစံဖြင့် -
“အကောင်းစားပစ္စည်းပဲ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ အသက်ကယ်ဖို့အတွက်ပေါ့”
ရန်ငြိုးဖွဲ့အရိုးကို အဆောင်ထဲတွင် ထားခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ကွင်းထဲတွင် လမ်းလျှောက်နေလျှင်ပင် ကျွန်တော် စိုးရိမ်ပူပန်မိသည်။ ရန်ငြိုးဖွဲ့အရိုးကို လက်ထဲတွင် ကိုင်ဆောင်ထားမှသာ ပိုမို ဘေးကင်းသည်ဟု ခံစားရမည် ဖြစ်သည်။
ကျွန်တော်တို့ အဆောင်ဆီသို့ ပြန်လည် လျှောက်လှမ်းခဲ့ကြသည်။ အဆောင်အောက်ထပ်တွင် ကျောင်းသားအများအပြား စုဝေးကာ ဂိမ်းဆော့ခြင်း၊ အအေးခံခြင်း ပြုလုပ်နေကြသည်။ အဆောင်အတွင်း၌မူ မည်သူမျှ ရှိနေလိမ့်မည် မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့သော ရာသီဥတုမျိုးတွင် အဆောင်ထဲ၌ နေထိုင်ခြင်းသည် ချွေးထုတ်ခန်း (Sauna) ထဲတွင် နေရသည်နှင့် မခြားသောကြောင့် ဖြစ်သည်။
ဂဏန်းပေါင်းစက်က အောက်ထပ်တွင် စောင့်ဆိုင်းနေခဲ့ပြီး ကျွန်တော် တစ်ယောက်တည်း အပေါ်သို့ တက်လာခဲ့သည်။ ကျွန်တော်တို့ အဆောင်မှာ ငါးထပ်တွင် ရှိသည်။ ကျွန်တော် ထင်ထားသလိုပင် အဆောင်တစ်ခုလုံးတွင် လူသူ လုံးဝ မရှိသလောက်ပဲ ဖြစ်၏။
ကျွန်တော် အဆောင်တံခါးဝသို့ ရောက်ရှိလာပြီး ဖွင့်လှစ်ရန် ပြင်လိုက်စဉ်မှာပင်... ကျွန်တော့်နားထဲ၌ ရုတ်တရက် အသံဗလံအချို့ကို ကြားလိုက်ရသည် -
ဂျိ... ဒေါက်... ဒေါက်...
အဆောင်ထဲတွင် လှုပ်ရှားမှုအချို့ ရှိနေပြီး လူတစ်ယောက်က ဟိုဟိုဒီဒီ လျှောက်လှမ်းကာ တစ်ခုခုကို လိုက်လံ ရှာဖွေနေသလိုပင်။
ဒေါက်... ဒေါက်... ရှပ်...
‘အဆောင်ထဲတွင် လူလေးယောက်သာ ရှိသည်။ ဝတုတ်နှင့် ချန်ဇီက ကျောင်းဆောင်ဟောင်းသို့ သွားကြပြီး ဂဏန်းပေါင်းစက်က အောက်ထပ်တွင် ရှိနေသည်။ ဒါဆိုရင် အခု အဆောင်ထဲမှာ ရှိနေသူက ဘယ်သူလဲ။’
‘အဆက်မပြတ် မွှေနှောက်ရှာဖွေနေသည့် အသံကို နားထောင်ရင်း ကျွန်တော် တစ်ခုခုကို ဆုံးဖြတ်ချက် ချလိုက်သည်။ ကြည့်ရတာ အတွင်းထဲက လူသည် လူကောင်းတစ်ယောက် မဟုတ်သည်မှာ သေချာသည်။ ခြေသံကို နားထောင်ရသလောက် လူတစ်ယောက်တည်းသာ ရှိပုံရပြီး မီးပျက်နေသည့် အချိန်ကို အခွင့်ကောင်းယူကာ အဆောင်ထဲသို့ ခိုးဝင်လာခြင်း ဖြစ်ပေလိမ့်မည်။’
ကျွန်တော် တစ်ခုခု လုပ်ဆောင်ရန် ပြင်လိုက်စဉ်မှာပင် စင်းကြံလမ်း၏ တခြားတစ်ဖက်မှနေ၍ ဓာတ်မီးရောင်တစ်ခု ရုတ်တရက် လင်းထိန်လာခဲ့သည် -
“ဟေ့... မင်း ဘာလုပ်နေတာလဲ”
အတွင်းထဲက လူသည် ထိုအသံကို ကြားလိုက်ရသဖြင့် ခဏချင်းအတွင်း အပြင်သို့ ပြေးထွက်လာခဲ့တော့သည်။ ကျွန်တော်လည်း တံခါးချပ်ကို ချက်ချင်း တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားလိုက်သည် -
ကျိ... ကျိ...
အတွင်းထဲက လူသည် အန္တရာယ်ကို အာရုံခံမိပုံရပြီး တံခါးကို အသည်းအသန် လာရောက် ဆောင့်တွန်းတော့သည်။ ဆောင့်တွန်းလိုက်တိုင်း တံခါး၏ ကွာဟချက်က ပိုမို ကြီးမားလာခဲ့သည်။
ကျောင်းသားတစ်ယောက်ဖြစ်ရကား ကျွန်တော့်၏ ခွန်အားသည် ထိုလူကို မယှဉ်နိုင်သည်မှာ ထင်ရှားလှသည်။ ဝုန်းခနဲ အသံနှင့်အတူ တံခါးပွင့်ထွက်သွားခဲ့ပြီး ကျွန်တော်လည်း မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
ဓာတ်မီးရောင်၏ အကူအညီဖြင့် ထိုလူ၏ ရုပ်အသွင်အချို့ကို လှမ်းမြင်လိုက်ရသည် - မျက်နှာတစ်ခုလုံး ဝက်ခြံများ ပြည့်နှက်နေပြီး အနည်းငယ် ဝတုတ်တုတ် ဖြစ်ကာ မျက်လုံးများ ပြူးနေပြီး လက်ထဲတွင် ပစ္စည်းအမြောက်အမြားကို ပွေ့ပိုက်ထားသည်။
ထိုအမျိုးသားသည် တံခါးကို ဆောင့်တွန်းဖွင့်ကာ အပြေးအလွှား ထွက်ပြေးသွားတော့သည်။ ‘ကျွန်တော်လည်း သူ့ကို လိုက်လံတားဆီးဖို့အထိ မိုက်မဲခြင်း မရှိပါ။ သူ့လက်ထဲတွင် ကိုင်ဆောင်ထားသည့် ထက်မြက်လှသော ဓားမြှောင်သည် အလှပြထားခြင်း မဟုတ်ပေ။ အသက်လု ထွက်ပြေးနေရသည့် လူတစ်ယောက်သည် ဘာမဆို လုပ်ဆောင်သွားနိုင်သည် မဟုတ်လား။’
ဓာတ်မီးကို ကိုင်ဆောင်ထားသည့် လူသည်လည်း ဤအချိန်တွင် အပြေးအလွှား ရောက်ရှိလာခဲ့သည်။ သူ့မျက်နှာကို အသေအချာ မမြင်ရသော်လည်း အသံကို နားထောင်ရသလောက် အသက်မငယ်တော့ပါ။
“ရပ်စမ်း... မင်း ဘာလုပ်နေတာလဲ”
ဓာတ်မီးရောင်က ကျွန်တော့်မျက်နှာကို တည့်တည့်လာထိုးသဖြင့် မျက်စိဖွင့်ရန် ခက်ခဲလှသော်လည်း သူ့ရင်ဘတ်ရှိ အဆောင်မှူး ကတ်ပြာ ကိုတော့ သတိပြုမိလိုက်သည်။
ကျွန်တော်က လက်ဖြင့် ဓာတ်မီးရောင်ကို ကာကွယ်ရင်း -
“ကျွန်တော်က ဒီက ကျောင်းသားပါ။ စောစောက ပြေးသွားတဲ့လူက သူခိုးဗျ၊ အဆောင်မှူးအနေနဲ့ ကျောင်းလုံခြုံရေးအဖွဲ့ကို အမြန်ဆုံး အကြောင်းကြားပြီး ရဲတိုင်ပေးပါဦး”
အဆောင်မှူးသည် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားသည် -
“သူခိုး ဟုတ်လား။ တောက်... လူကြီးတွေက အမှောင်ထဲမှာ ပစ္စည်းတွေ အခိုးခံရမှာစိုးလို့ ငါ့ကို လှည့်ကင်းပတ်ခိုင်းတာ။ တကယ်ပဲ သူခိုး ရှိနေတာလား။ မဟုတ်သေးပါဘူး၊ မင်းရဲ့ ကျောင်းသားကတ်ကို အရင်ထုတ်ပြဦး”
ကျွန်တော်လည်း မိမိ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန် ကျောင်းသားကတ်ကို ထုတ်ပြလိုက်သည်။ ၎င်းကို မြင်ပြီးနောက်တွင် အဆောင်မှူးသည် အခြေအနေ မဟန်တော့ကြောင်း သိရှိသွားပြီး ချက်ချင်းပင် ဖုန်းလှမ်းဆက်တော့သည်။
ကျွန်တော်လည်း အဆောင်ထဲသို့ အပြေးအလွှား ဝင်ရောက်သွားခဲ့သည်။ တခြားပစ္စည်းတွေ ပျောက်ဆုံးသွားတာက အရေးမကြီးသော်လည်း ထိုရန်ငြိုးဖွဲ့အရိုးကိုတော့ အပျောက်ခံ၍ မရပါ။ အဆောင်တစ်ခုလုံး ရှုပ်ပွနေပြီး စောင်များလည်း မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ ရန်ငြိုးဖွဲ့အရိုးကိုတော့ ကျွန်တော် ကုတင်ဘေးတွင် အသေအချာ ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ ကျွန်တော် သွားရောက် စမ်းသပ်ကြည့်လိုက်ရာ ၎င်းသည် နေရာမှာတင် ရှိနေဆဲ ဖြစ်၏။ သဘာဝအတိုင်း ဘယ်သူခိုးကမှ အရိုးခြောက်တစ်ခုကို ခိုးယူသွားလိမ့်မည် မဟုတ်ပါချေ။
ထိုအချိန်တွင် ကျွန်တော့်ဖုန်း မြည်လာခဲ့သည်။ ဂဏန်းပေါင်းစက် ဆက်ခြင်း ဖြစ်သည် -
“အာစိ... မင်း ဘာဖြစ်လို့လဲအေ။ ပစ္စည်းသွားယူတာ ဒီလောက်တောင် ကြာနေရသလား”
ကျွန်တော်က ရန်ငြိုးဖွဲ့အရိုးကို ကိုင်ဆောင်လျက် ကုတင်ပေါ်မှ ဆင်းကာ အဖြစ်အပျက်ကို ပြောပြလိုက်သည် -
“စောစောတင် အဆောင်ထဲကို သူခိုးတစ်ယောက် ဝင်လာလို့။ အဆောင်မှူး ရောက်လာပြီးတော့မှ အဲဒီလူ ထွက်ပြေးသွားတာ။ တံခါးကို အသေအချာ စောင့်ကြည့်ထားဦး”
ဂဏန်းပေါင်းစက်၏ အသံသည် ရုတ်တရက် ကျယ်လောင်သွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလာတော့သည် -
“အဆောင်မှူး ဟုတ်လား။ မဟုတ်နိုင်တာ။ ငါတို့အဆောင်ရဲ့ အဆောင်မှူး အဘိုးကြီးက အောက်ထပ်မှာ ရှိနေတာလေ၊ အဲဒီအဆောင်မှူးဦးလေးကြီးက အောက်ထပ်မှာ ငါနဲ့ စကားတပြောပြောနဲ့ ရှိနေတာတာကို...”