အခန်း (၃၁) - မတရားသေဆုံးခဲ့ရသော ဝိညာဉ်တို့၏ အရိုးစုနှင့် ရှေးဟောင်းဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်!
ဝတ်ရုံဖြူတာအိုဆရာက ဝုန်းခနဲခုန်ထ၍ ကျွန်တော့်ပုခုံးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး -
“အောင်မြင်သွားပြီ” ဟု ပြောလိုက်သည်။
“သေခြင်းဆရား ကတ်ဆိုးကြီးက ပျက်ပြယ်သွားပြီလေ၊ တစ္ဆေလက်ထက်စာချုပ်က ဘယ်လိုလုပ်ပြီး အောင်မြင်သွားရမှာလဲ”
ကျွန်တော် ပထမတော့ ကြောင်အသွားပြီးမှ ရယ်မောကာ
“ဝတ်ရုံဖြူဆရာကြီး... ကျွန်တော့်ကို နောက်နေတာလား” ဟု မေးလိုက်မိသည်။
ဝတ်ရုံဖြူတာအိုဆရာက စိတ်မရှည်သလို အော်ဟစ်လိုက်ပြီး -
“မင်းရဲ့ အဲဒီညာဘက်မျက်လုံးက တစ္ဆေလက်ထက်စာချုပ် အောင်မြင်သွားတယ်ဆိုတဲ့ သက်သေပဲ။ လူသားတစ်ယောက်မှာ အဲဒီလိုမျက်လုံးမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ အဲဒါ အဆိပ်အတောက်တွေနဲ့ အအေးဓာတ်တွေ ပြည့်နှက်နေတာ။ မင်းရဲ့ သေမဲ့ဘေးဆိုးက ကျော်လွန်သွားပြီဆိုတာ သိပေမဲ့ မင်းကိုယ်ပေါ်က ယင်အမှောင်ဓာတ်တွေက ဘာလို့မပြယ်ဘဲ ပိုတိုးလာတာလဲလို့ ငါတွေးနေတာ။ မင်းရဲ့ အဲဒီမျက်လုံးကို မြင်လိုက်ရတော့မှ ငါ ချက်ချင်းသဘောပေါက်သွားတော့တယ်။ တစ္ဆေလက်ထက်စာချုပ်က ဟိုးကတည်းက အောင်မြင်ပြီးသား ဖြစ်နေတာ၊ ဒီညဟာ မင်းအတွက် သေခြင်းတရားဘေးဆိုးလို့တောင် ပြောလို့မရဘူး”
ကျွန်တော် ညာဘက်မျက်လုံးကို တို့ထိရင်း မျက်မှောင်ကုတ်ကာ -
“ဆရာကြီးပြောချင်တာက တစ္ဆေလက်ထက်စာချုပ်က အောင်မြင်သွားလို့ ဒီမျက်လုံးက ဒီလိုဖြစ်သွားတာပေါ့ ဟုတ်လား” ဟု မေးလိုက်သည်။
ဝတ်ရုံဖြူတာအိုဆရာက လေးလေးနက်နက် ခေါင်းညိတ်ပြပြီး -
“ဒါ အသေအချာပဲ။ မဟုတ်ရင် သာမန်လူတစ်ယောက်ရဲ့ မျက်လုံးက သရဲမျက်လုံးလို ဖြစ်သွားနိုင်တဲ့ တခြားဘယ်နည်းလမ်းမှ ငါ စဉ်းစားလို့မရဘူး။ ငါ ဖူလုံတောင်ကို ပြန်တုန်းက တစ္ဆေလက်ထက်စာချုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အထူးတလည် စုံစမ်းခဲ့သေးတယ်။ ကတိသစ္စာဆိုတာ အဓိကသော့ချက်ပဲ။ မင်းရဲ့ အဲဒီမျက်လုံးက ကတိသစ္စာ အောင်မြင်သွားတဲ့ သင်္ကေတ ဖြစ်ရမယ်။ ကတိသစ္စာဆိုတာ မင်းနဲ့သူမကြား တစ်ခုခု အပြန်အလှန် ပေးအပ်ခဲ့ကြတာကို ပြတာ၊ သူမက မင်းကိုပေးလိုက်တာက အဲဒီမျက်လုံး ဖြစ်နိုင်တယ်။ ဒါကြောင့် မင်းဘက်ကလည်း သူမကို အမှတ်တရပစ္စည်းတစ်ခုခု ပေးခဲ့လို့သာ ဒါက အောင်မြင်သွားတာဖြစ်ရမယ်”
ကျွန်တော်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး -
“မဖြစ်နိုင်တာ။ ကျွန်တော် ကတိသစ္စာအကြောင်း သိကတည်းက အရာရာကို ဂရုစိုက်ခဲ့တာ။ ဒီညဆိုရင် ဆရာကြီးကလွဲလို့ ဘယ်လူသားနဲ့မှ မထိတွေ့ခဲ့သလို အမှတ်တရပစ္စည်း ပေးဖို့ဆိုတာ ဝေးရော”
“အမှတ်တရပစ္စည်း... နေပါဦး”
ကျွန်တော် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
“ဝတ်ရုံဖြူဆရာကြီး... ဒီမျက်လုံး အသွင်ပြောင်းသွားတာက ကတိသစ္စာ အောင်မြင်သွားလို့ဆိုတော့ ကတိသစ္စာက အရင်ဖြစ်ပျက်ခဲ့တာပေါ့။ ဒါဆို အမှတ်တရပစ္စည်း ပေးခဲ့တဲ့ အပြုအမူက ဒီမျက်လုံး အသွင်မပြောင်းခင်ကတည်းက ဖြစ်ပျက်ခဲ့တာပေါ့”
ဝတ်ရုံဖြူတာအိုဆရာက -
“အတိအကျပဲ။ လွန်ခဲ့တဲ့ရက်ပိုင်းက မိန်းကလေးတစ်ယောက်ယောက်ကို တစ်ခုခု ပေးခဲ့မိလားဆိုတာ သေသေချာချာ ပြန်စဉ်းစားကြည့်။ ကတိသစ္စာရဲ့ ကန့်သတ်ချက်တွေကြောင့် သူမက ပစ္စည်းပေးချိန်မှာ မိန်းကလေးအသွင်နဲ့ ပေါ်လာမှာဖြစ်ပြီး မင်းကိုယ်တိုင်ကလည်း လိုလိုလားလား ပေးခဲ့တာ ဖြစ်ရမယ်။ သေသေချာချာ စဉ်းစားစမ်း၊ ဒီရက်ပိုင်း မင်းဘေးနားမှာ သံသယဖြစ်စရာလူတွေ ပေါ်လာသေးလား”
“မိန်းကလေးအသွင်နဲ့... ကျွန်တော်ကိုယ်တိုင်လည်း လိုလိုလားလား ပေးခဲ့တယ်...”
ကျွန်တော် မျက်လုံးကို အသာမှိတ်ကာ စိတ်ကိုငြိမ်အောင်ထားပြီး လွန်ခဲ့တဲ့ရက်ပိုင်းက အမှတ်တရတွေကို အသည်းအသန် လိုက်လံရှာဖွေမိသည်။ အမှန်တော့ လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော် လူအများကြီးနဲ့ မတွေ့ခဲ့ရသလို ကျွန်တော့်လက်ထဲကနေ တခြားသူလက်ထဲ ပေးလိုက်ရတဲ့ ပစ္စည်းဆိုတာလည်း အလွန်နည်းပါးသည်။
‘ပထမဆုံး အချိန်ကို သတ်မှတ်ရမည်။ ညာဘက်မျက်လုံး အသွင်ပြောင်းသွားတာက ရှင်းလုံဘုရားကျောင်းကို အပြေးအလွှား လာနေတဲ့အချိန်မှာ ဖြစ်ခဲ့တာ။ အဲဒီအချိန်တုန်းက ကျွန်တော် ရေနစ်သရဲရဲ့ ဆွဲချခြင်းကိုခံရပြီး ရေနစ်သေလုနီးပါး ဖြစ်ခဲ့ရသည်။ အဲဒီအချိန်မှာ အစိမ်းရောင် သရဲမီးတောက်နဲ့ ညာဘက်မျက်လုံးရဲ့ ထူးဆန်းတဲ့ အသွင်ပြောင်းလဲမှုက ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တာ။ ဒါကြောင့် ကတိသစ္စာက အဲဒီမတိုင်ခင်ကတည်းက ဖြစ်ပျက်ခဲ့ရမည်။
ဟိုတယ်ပိုင်ရှင်လား။ ဟိုတယ်ပိုင်ရှင်ကို ကျွန်တော် ပိုက်ဆံပေးခဲ့တာ မှန်ပေမဲ့ ပိုင်ရှင်က ယောကျာ်းကြီးလေ။
ပန်းပွင့်ပုံအင်္ကျီဝတ် အဘွားအိုလား။ သူမက မိန်းမတစ်ယောက် ဖြစ်ပြီး သူမအိမ်မှာ ကျွန်တော် ခေါက်ဆွဲတစ်ပန်းကန် ကမ်းပေးခဲ့ဖူးပေမဲ့ မဖြစ်နိုင်လောက်ပါဘူး၊ သူမရဲ့ အထောက်အထားက အတည်ပြုပြီးသားပဲလေ။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်က ရန်ငြိုးကြီးတဲ့ သရဲမက ကျွန်တော့်ရဲ့ ဝိညာဉ်ထိမ်းမြားခြင်းကတိကဝတ်နဲ့ ဘာဆိုင်လို့လဲ။
အဲဒီထက် ပိုစောတာ ရှိသေးလား။’
လမ်းသွားလမ်းလာတွေ၊ ဖြတ်သန်းသွားလာသူတွေ... ကျွန်တော်မြင်ခဲ့ရတဲ့ လူတိုင်းက ခေါင်းထဲမှာ တရိပ်ရိပ် ဖြတ်ပြေးသွားသည်။
‘ရုတ်တရက်ဆိုသလို... သေးငယ်ပြီး ဝေဝါးနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံရိပ်က ခေါင်းထဲမှာ ထင်ထင်ရှားရှား ပေါ်လာသည်။ အဲဒီအမှတ်တရကို အကုန်အစင် ပြန်တူးဆွမိသွားသည်။
အရမ်းကို ရှင်းလင်းထင်ရှားနေသည်။ ကျွန်တော် သူမရဲ့လက်ထဲကို သကြားလုံးတစ်လုံး ထည့်ပေးခဲ့ဖူးသည်။ သူမ ပုံစံက အသက်တစ်ဆယ်ကျော်လောက်ပဲ ရှိဦးမှာဆိုပေမဲ့...။
သူမပဲ။ ကားဂိတ်က မိန်းကလေးငယ်လေး။
အလွန်အံ့သြဖို့ကောင်းပေမဲ့ အဲဒါက အမှန်တရားပဲ။ အဲဒါကလွဲလို့ ဆက်စပ်နိုင်တဲ့ တခြားဘယ်အမှတ်တရကိုမှ ရှာမတွေ့တော့ပါ။ အသက်ငယ်ပေမဲ့ သူမက မိန်းကလေးဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း လိုလိုလားလားနဲ့ အဲဒီသကြားလုံးကို ကမ်းပေးခဲ့တာ။ သူမက တစ္ဆေလက်ထက်စာချုပ်ရဲ့ ကတိသစ္စာအတွက် ရောက်လာတဲ့သရဲမပဲ။ ပြီးတော့ လျှောင်ကော်ကို သတ်ခဲ့တာလည်း သူမပဲ ဖြစ်ရမယ်။’
ကျွန်တော့်ရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားတာကို မြင်တော့ ဝတ်ရုံဖြူတာအိုဆရာက ဦးအောင် မေးလိုက်သည် -
“မင်း သတိရသွားပြီလား”
ကျွန်တော်က သက်ပြင်းတစ်ချက်ချကာ -
“ဖြစ်နိုင်တယ်” ဟု ပြောလိုက်ပြီး -
“ဒါဆို... နောက်ဆုံးတော့လည်း ကျွန်တော် တစ္ဆေလက်ထက်စာချုပ်ရဲ့ ကတိသစ္စာကနေ မလွတ်မြောက်နိုင်ခဲ့ဘူးတာ တကယ်ပဲလား”
ဆရာကြီးက ခဏမျှ လည်ချောင်းသံကြီးဖြင့် -
“ကတိသစ္စာက ပြီးမြောက်သွားပြီ၊ တစ္ဆေလက်ထက်စာချုပ်ကလည်း သတ်မှတ်ပြီးသားဖြစ်သွားပြီ၊ ဒါကို ပြောင်းပြန်လှန်လို့ မရတော့ဘူး။ ဒီလောက်အလှည့်အပြောင်းတွေ ကြုံခဲ့ရတာတောင် ဒါကို တားဆီးဖို့ မတတ်နိုင်ခဲ့ဘူးလို့ ငါ တကယ်မထင်ထားမိဘူး”
“ဒါ မင်းအပြစ်မဟုတ်ပါဘူး။ အမှန်အတိုင်းပြောရရင် မင်းက ငါမြင်ဖူးသမျှထဲမှာ စိတ်အခြေအနေ အတည်ငြိမ်ဆုံးလူပဲ။ တခြားလူသာဆိုရင် ဒီလိုအကျပ်အတည်းမျိုးမှာ ရူးတောင်ရူးသွားလောက်ပြီ။ သရဲကြောက်တာက လူ့သဘာဝပဲ၊ ဒါပေမဲ့ မကောင်းဆိုးဝါးတွေကို အံတုဖို့ သတ္တိရှိတဲ့လူက အလွန်နည်းပါတယ်၊ မင်းက ကံကြမ္မာကိုတောင် အံတုနေရတာလေ။ မင်းမွေးဖွားလာတာကို ငါကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။ အဲဒါ မင်းကံကြမ္မာကို ပထမဆုံးအကြိမ် ဆန့်ကျင်ခဲ့တာ။ အခုက ဒုတိယအကြိမ်ပေါ့၊ ဒါပေမဲ့ မင်း ရှုံးနိမ့်သွားခဲ့တယ်... ကံကြမ္မာကို ဆန့်ကျင်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ”
ကျွန်တော် မောပန်းနွမ်းနယ်စွာဖြင့် ညာဘက်မျက်လုံးကို မှိတ်လိုက်ပြီး -
“ကျွန်တော့်ရဲ့ ကံကြမ္မာက ဘာဖြစ်လာမှာလဲ ဆရာကြီး။ ကျွန်တော် သေရမှာလား၊ ဒါမှမဟုတ် အဲဒီထက် ပိုဆိုးတဲ့ ရလဒ်မျိုး ရှိနေဦးမှာလား။ ဖြစ်နိုင်ရင်တော့ ကျွန်တော် တခြားသူတွေကို မပတ်သက်စေချင်ဘူး” ဟု မေးလိုက်သည်။
ဝတ်ရုံဖြူတာအိုဆရာက ခေါင်းခါပြကာ -
“ငါလည်း မသိဘူး။ ငါ ဖူလုံတောင်က လူကြီးအချို့ဆီမှာ တစ္ဆေလက်ထက်စာချုပ် အကြောင်း လိုက်စုံစမ်းခဲ့တာပဲ ရှိတာ။ တစ္ဆေလက်ထက်စာချုပ် ကတိကဝတ် အောင်မြင်ပြီးရင် ဘာဖြစ်မလဲဆိုတာကိုတော့... သူတို့လည်း အသေအချာ မသိကြဘူး။ အသေအချာ သိရတာတစ်ခုကတော့ တစ္ဆေလက်ထက်စာချုပ် ရှိတဲ့လူဟာ ကံကြမ္မာ ဆိုးဝါးတတ်တယ်၊ သေရုံတင်မကဘဲ အများကြီး ပိုဆိုးလိမ့်မယ်”
ကျွန်တော် လေကို အဝဝရှူသွင်းပြီး ခဏအောင့်ထားကာမှ ပြန်မှုတ်ထုတ်လိုက်သည်။ ရင်ထဲက မွန်းကျပ်မှုတွေ သို့မဟုတ် တခြားခံစားချက်တစ်ခုခုကို ဖွင့်ထုတ်လိုက်သလိုပင်ဖြစ်သည်။
ကျွန်တော် ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ မေးလိုက်သည် -
“ဒါနဲ့... ညာဘက်မျက်လုံး ပထမဆုံး ပေါ်လာတုန်းက ကျွန်တော့်ကိုယ်ပေါ်မှာ တခြားထူးဆန်းတဲ့ အရာတစ်ခု ရှိသေးတယ်။”
ကျွန်တော် လက်ညှိုးနဲ့ လက်ခလယ်ကို မြှောက်ပြလိုက်ပြီး -
“အဲဒီအချိန်တုန်းက ဒီလက်ချောင်းနှစ်ချောင်းပေါ်မှာ အစိမ်းရောင် သရဲမီးတောက်တစ်မျိုး တောက်လောင်ခဲ့တယ်။ စောစောကတင်ပဲ အဲဒီမီးတောက်က ထပ်ပေါ်လာပြီး ကျွန်တော့်အသက်ကို ကယ်ခဲ့တာ။ ဒီမီးတောက်က မကောင်းဆိုးဝါးတွေကို နှိမ်နင်းရာမှာ အသုံးဝင်ပုံရတယ်”
ကျွန်တော် စက္ကူအရုပ်ကို နှိမ်နင်းခဲ့တာနဲ့ သံကြိုးတွေကို တိုက်ခိုက်ခဲ့တဲ့အကြောင်း ပြန်ပြောပြမိသည်။ ‘အဲဒီမီးတောက်ကို ကျွန်တော် တော်တော်လေး စိတ်ဝင်စားမိသည်၊ လက်ပေါ်မှာ မီးတောက်ရှိနေတာက တကယ့်ကို အမိုက်စားပဲ မဟုတ်လား။’
ဝတ်ရုံဖြူတာအိုဆရာက နားထောင်ပြီးနောက် အတော်ကြာအောင် မျက်မှောင်ကုတ်နေပြီးမှ -
“မင်းပြောပုံအရဆိုရင် ဒီမီးတောက်က သာမန်တော့ မဟုတ်ဘူး။ ဒါကလည်း တစ္ဆေလက်ထက်စာချုပ်ကနေ မင်းဆီကို ယူဆောင်လာပေးတာ ဖြစ်ရမယ်။ အစိမ်းရောင် သရဲမီးတောက်... ငါ ဖူလုံတောင်က စာအုပ်တစ်အုပ်ထဲမှာ မြင်ဖူးသလိုလို ရှိပေမဲ့ အခု ချက်ချင်းတော့ မမှတ်မိသေးဘူး။ ငါ ဖူလုံတောင်ကို ပြန်ရောက်ရင် ဒီမီးတောက်က ဘာလဲဆိုတာ အသေအချာ ပြန်ရှာကြည့်ပေးမယ်။ ဒါနဲ့ ဒါ ငါ့ရဲ့ ဖုန်းနံပါတ်ပဲ။ အချိန်တန်ရင် ငါ မင်းဆီ ဖုန်းဆက်လိုက်မယ်”
သူက ရင်ဘတ်ထဲကနေ ဟင်္သာပြဒါးစုတ်တံကို ထုတ်ပြီး ကျွန်တော့်လက်မောင်းပေါ်မှာ ဖုန်းနံပါတ်တစ်ခု ရေးပေးခဲ့သည်။
ဖုန်းကို မြင်လိုက်ရတော့မှ ကျွန်တော့်ဖုန်းက နောက်ဖေးဝင်းထဲက မြေပြင်ပေါ်မှာ ကျန်ခဲ့တာကို သတိရသွားသည်။
လိုက်ရှာဖို့ အလုပ်တွင် တစ်ခုခုကို သတိရပြီး နောက်ပြန်လှည့်လျှောက်သွားမိသည်။ ကျွန်တော့်အကြည့်က လျှောင်ကော်၏ ရုပ်အလောင်းပေါ်သို့ ကျရောက်သွားပြီး -
“ဝတ်ရုံဖြူဆရာကြီး... ကျွန်တော် တစ်ခုလောက် အကူအညီတောင်းလို့ ရမလား”
ရှင်းလုံဘုရားကျောင်း၏ နောက်ဖေးဝင်းထဲရှိ...
ဟင်းသီးဟင်းရွက်စိုက်ခင်း နောက်ကွယ်မှာ ဝှက်ထားတဲ့ ဘုန်းကြီးဂူဗိမာန် အများအပြားကြားမှာ ဒီနေ့တော့ အသစ်တစ်ခု ထပ်တိုးလာခဲ့ပြီဖြစ်သည်။
ဝတ်ရုံဖြူတာအိုဆရာက စုတ်တံကိုကိုင်ပြီး ဂူဗိမာန်ပေါ်မှာ နာမည်တစ်ခုကို ရေးသားပြီးစီးခဲ့သည် - “လျှောင်ကော်”။
ကျွန်တော် ပင်မဆောင်ထဲကနေ အမွှေးတိုင်တွေကို ယူလာပြီး မီးညှိကာ ဂူဗိမာန်တွေကို တစ်ခုပြီးတစ်ခု အမွှေးတိုင် စိုက်ပေးခဲ့သည်။
‘ဒီအမွှေးတိုင် ကုန်သွားပြီးရင် ရော... နောက်ထပ် ဒီနေရာကို ဘယ်သူက အမွှေးတိုင်လာစိုက်ပေးဦးမှာလဲ။’
‘ကျွန်တော် ဒီလိုခြောက်ကပ်ကပ် အကြောင်းအရာတွေကို ဆက်မတွေးချင်တော့ပါ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အနာဂတ်တောင် မရေမရာဖြစ်နေတာ၊ အဲဒါတွေကို တွေးပြီး စိတ်ဓာတ်မကျချင်တော့ပါ။ ကျွန်တော် လုပ်ပေးနိုင်တာကတော့ နှစ်တိုင်း အချိန်ရရင် ဒီနေရာကို အမွှေးတိုင်လာစိုက်ပေးဖို့ပါပဲ။
သေခြင်းတရားဘေးဆိုး ပြီးသွားတဲ့နောက် ရှင်းလုံဘုရားကျောင်းထဲမှာ တခြားဘုန်းကြီးတွေကို မတွေ့ရတော့ပါ။ သူတို့က ဝတ်ရုံဖြူတာအိုဆရာကို ကြောက်လို့ ပုန်းနေကြတာလား၊ ဒါမှမဟုတ် သေခြင်းတရားဘေးဆိုးအတွင်း တစ်ခုခု ဖြစ်သွားကြတာလားတော့ မသိပါ။’
ဖုန်းမျက်နှာပြင်က လင်းနေတာမို့ ရှာရတာ လွယ်ကူသည်။ အနှံ့အပြား လိုက်ရှာပြီးနောက် ဖုန်းကို ပြန်တွေ့ခဲ့သည်။
ပြီးတော့ တခြားအရာတစ်ခုကိုလည်း ထပ်တွေ့ခဲ့သေးသည်။
နှင်းပွင့်လို ဖြူဆွတ်နေတဲ့ အရိုးတစ်ခု၊ အောက်ခြေက တုတ်ပြီး အပေါ်ပိုင်းက သွယ်လျနေတာက လူ့ပေါင်းရိုးတစ်ခုနဲ့ တူလှသည်။
ကျွန်တော် အဲဒီအရိုးကို ကောက်ကိုင်လိုက်သည်။ ထိလိုက်တာနဲ့ အေးစိမ့်သွားပြီး ဆယ်စုနှစ်ချီအောင် ကိုင်တွယ်အသုံးပြုထားတဲ့ အရိုးထည်ပစ္စည်းတစ်ခုလို ချောမွေ့နေသည်။
“ဝတ်ရုံဖြူဆရာကြီး... ဝတ်ရုံဖြူဆရာကြီး... ဒါကို လာကြည့်ပါဦး...”
ဝတ်ရုံဖြူတာအိုဆရာက ကျွန်တော့်အသံကို ကြားတော့ အပြေးအလွှား ရောက်လာပြီး အရိုးကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်သည်။ သူက အရိုးကို လွှဲပြောင်းယူပြီး အတော်ကြာအောင် အကဲခတ်နေပြီးမှ -
“ဒီပစ္စည်းက မရိုးရှင်းဘူး။ သာမန်လူတွေ ကိုင်လို့မရဘူး။ ဒါက ရန်ငြိုးဖွဲ့ဝိညာဉ်ရဲ့ အရိုးပဲ။ ရန်ငြိုးကြီးမားတဲ့ သရဲတစ်ကောင် သေဆုံးပြီး ဝိညာဉ်ပျက်ပြယ်သွားတဲ့အခါ အဲဒီရန်ငြိုးတွေအကုန်လုံးက သူတို့ခန္ဓာကိုယ်ရဲ့ အရှည်ဆုံးအရိုးပေါ်မှာ စုစည်းသွားတတ်တယ်လို့ ပြောကြတယ်။ အဲဒါက ရန်ငြိုးတွေက ရှည်လျားပြီး ဘယ်တော့မှ မပျက်ပြယ်ဘူးဆိုတာကို ပြတာပဲ။ သရဲတိုင်း သေပြီးရင် ဒီလိုအရိုးမျိုး ကျန်ရစ်ခဲ့တာတော့ မဟုတ်ဘူး။ ရန်ငြိုးဖွဲ့အရိုး ဖြစ်လာဖို့ အကြောင်းရင်းတွေ အများကြီးရှိသလို ဒါကို လူလုပ်ပြီး ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ အရင်က သရဲမွေးတဲ့လူတစ်ယောက် ရှိဖူးတယ်၊ သူက ဒီလိုရန်ငြိုးကြီးတဲ့ သရဲတွေကို အထူးတလည် မွေးမြူပြီး ဝိညာဉ်ပျက်ပြယ်သွားတဲ့အထိ ရိုက်နှက်ကာ ရန်ငြိုးဖွဲ့အရိုးကို ရဖို့ ကြိုးစားခဲ့တယ်။ ရလဒ်ကတော့ ရန်ငြိုးဖွဲ့အရိုးကို မရရုံတင်မကဘဲ သူ မွေးထားတဲ့သရဲတွေရဲ့ ပြန်လည်တိုက်ခိုက်တာကို ခံရပြီး အသက်ပျောက်သွားခဲ့ရတယ်”
“ဒီပစ္စည်းက အဲဒီလောက်တောင် ရှားတာလား” ‘ကျွန်တော် ပန်းပွင့်ရောင်အင်္ကျီဝတ် အဘွားအိုရဲ့ ရန်ငြိုးကို မတွေးဘဲ မနေနိုင်ခဲ့ပါ၊ ရှင်းလုံဘုရားကျောင်းကို အမြစ်ပြတ်ချေမှုန်းဖို့ အနှစ်လေးဆယ်တောင် လိုက်လံရန်ငြိုးဖွဲ့ခဲ့တာ။ သူမ သေဆုံးပြီးနောက် ဒီရန်ငြိုးဖွဲ့အရိုး ကျန်ရစ်ခဲ့တာက သဘာဝကျပါတယ်လေ။’
ဝတ်ရုံဖြူတာအိုဆရာက ခဏမျှ လှည့်ပတ်ကြည့်ရှုပြီးနောက် ရန်ငြိုးဖွဲ့အရိုးကို ကျွန်တော့်ဆီ လှမ်းပစ်ပေးကာ -
“မင်းပဲ သိမ်းထားလိုက်။ မင်းက ယင်အမှောင်ဓာတ် ထူပြောတော့ ဒါကို မကြောက်ဘူး၊ တခြားလူတွေကတော့ ကိုင်လို့မရဘူး။ ဒီပစ္စည်းက ရန်ငြိုးတွေနဲ့ စုစည်းထားတာမို့ သံမဏိလို မာကျောပြီး သရဲတွေကို နာကျင်စေနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သိမ်းထားလိုက်။ တစ္ဆေလက်ထက်စာချုပ် ကတိသစ္စာ ပြီးသွားရင် ဘာဖြစ်လာမလဲဆိုတာ ဘုရားပဲ သိလိမ့်မယ်”
‘ကျွန်တော် ရန်ငြိုးဖွဲ့အရိုးကို ကိုင်ပြီး တအံ့တသြ ရေရွတ်မိသည်။ ယင်အမှောင်ဓာတ် ထူပြောတာကလည်း ဒီလိုအကျိုးကျေးဇူး ရှိတာပဲလား။
ဒီရန်ငြိုးဖွဲ့အရိုးက သာမန်ပေါင်းရိုးထက် နည်းနည်းပိုရှည်ပြီး ကိုင်ထားရတာ ဘေ့စ်ဘောရိုက်တံတစ်ခုကို ကိုင်ထားရသလိုပဲ။ ဒါပေမဲ့ ကိုယ်နဲ့မကွာ ယူဆောင်သွားဖို့ဆိုရင်တော့ အဝတ်တစ်ခုခုနဲ့ အသေအချာ ထုပ်ပိုးထားရမည်။ လူ့အရိုးကြီးကို ကိုင်ပြီး လမ်းပေါ်မှာ လျှောက်သွားဖို့ဆိုတာ... တွေးတောင် မတွေးရဲစရာပဲ။’
လျှောင်ကော်ကို သင်္ဂြိုဟ်ပြီးတဲ့နောက် အရုဏ်တက်ဖို့ နီးကပ်နေပြီ ဖြစ်သည်။
ကိစ္စအားလုံး အဆုံးသတ်သွားခဲ့ပြီ၊ ရှင်းလုံဘုရားကျောင်းကလည်း လုံးဝကို သရဲဘုရားကျောင်းတစ်ခု ဖြစ်သွားခဲ့ပြီ။ ကျွန်တော်တို့ ဆက်နေဖို့ မလိုတော့ပါ။
သိမ်တော်ထဲကို တစ်ခေါက်ပြန်ဝင်ပြီး ဖိတ်စင်နေတဲ့ မင်ရည်တွေကို သန့်ရှင်းရေးလုပ်လိုက်သည်။
သိမ်တော်ကို အနည်းငယ် သန့်ရှင်းရေးလုပ်ပြီး မြတ်စွာဘုရားဆင်းတုတော်ရဲ့ လည်ပင်းပေါ်က သွေးတွေကို သုတ်သင်ပေးခဲ့သည်။ ဖြစ်နိုင်ရင် တစ်နေ့နေ့မှာ ဒီတန်ဖိုးရှိတဲ့ ဘုရားကျောင်းဟာ လျှောင်ကော်လို ဘုန်းကြီးတစ်ပါးကို ထပ်မံကြိုဆိုခွင့် ရကောင်းရနိုင်ပါလိမ့်မည်။
သန့်ရှင်းရေးလုပ်ပြီးနောက် နေမင်းက စတင်ပေါ်ထွက်လာပြီ ဖြစ်သည်။
နေရောင်ခြည်က သစ်ကိုင်းတွေကြားထဲကနေ တစ်ဆင့်ချင်းစီ ဖြတ်သန်းစီးဆင်းလာပြီး ဒီရှေးဟောင်းတန်ဖိုးရှိလှတဲ့ ဘုရားကျောင်းကြီးကို လွှမ်းခြုံသွားခဲ့သည်။
ကျွန်တော် သိမ်တော်ထဲကနေ ထွက်လာပြီး ပျက်စီးနေတဲ့ တံခါးချပ်ကို ဆွဲပိတ်ဖို့ လုပ်လိုက်သည်။
နေရောင်ခြည်တန်းတွေက ကျွန်တော့်ကျောပြင်ပေါ် ကျရောက်ပြီး ခေါင်းပေါ်ကနေတစ်ဆင့် ပင်မဆောင်ထဲကို ရောက်ရှိသွားသည်။
ဝင်းခနဲ... ကျွန်တော့်မျက်လုံးတွေ ရုတ်တရက် အဖြူရောင်တွေပဲ မြင်ရတော့သည်။
ကျွန်တော် နာကျင်စွာဖြင့် မျက်လုံးကို မှိတ်လိုက်မိသည်။ စောစောကတင် နေရောင်ခြည်က သိမ်တော်ထဲကို ဖြတ်သန်းသွားချိန်မှာ ရွှေရောင်တောက်ပနေတဲ့ အရာတစ်ခု ရုတ်တရက် ပေါ်လာတာကို မှတ်မိလိုက်သည်။
ဝတ်ရုံဖြူတာအိုဆရာက အပြေးအလွှား ရောက်လာပြီး -
“ဘာဖြစ်လို့လဲ” ဟု မေးသည်။
ကျွန်တော် မျက်လုံးကို အုပ်ထားရင်း သိမ်တော်ထဲကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါ... ဒါက ဓာတ်တော်ပဲ။” တာအိုဆရာက အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
ဘာလဲ... ကျွန်တော် မျက်လုံးကို အနိုင်နိုင် ဖွင့်ကြည့်လိုက်သည်။
‘ဒါက တိုက်ဆိုင်မှုလား ဘာလားတော့ မသိပါ’၊ အပြင်ကလာတဲ့ နေရောင်ခြည် စုဆုံရာနေရာက မြတ်စွာဘုရားဆင်းတုတော်ရဲ့ ကျိုးပဲ့နေတဲ့ လည်ပင်းနေရာ ဖြစ်နေသည်။
ပြီးတော့ ဘုရားဆင်းတုတော်ရဲ့ လည်ပင်းပေါ်မှာ တောက်ပနေတဲ့ အရာတစ်ခု ရှိနေပြီး နေရောင်ခြည်ကို အဆက်မပြတ် ရောင်ပြန်ဟပ်နေကာ ခဏအတွင်းမှာပဲ သိမ်တော်တစ်ခုလုံးကို ခန့်ညားထည်ဝါသွားစေသည်။
နားထဲမှာ ဗုဒ္ဓတရားတော်သံတွေ ခပ်ဖျော့ဖျော့ ကြားနေရသလိုပင်... ခေါင်းမပါတဲ့ ဘုရားဆင်းတုတော်ကပင် လူကို အလိုလို ကြည်ညိုလေးမြတ်စိတ် ဖြစ်ပေါ်စေသည်။
တာအိုဆရာက စိတ်လှုပ်ရှားနေတဲ့ အမူအရာနဲ့ ရှင်းပြသည် -
“ဒါ ရှေးဟောင်းဗုဒ္ဓမြတ်စွာဘုရားရဲ့ ဓာတ်တော်ပဲ။ ငါ ကြားဖူးရုံပဲ ရှိတာ၊ ကိုယ်တိုင် မျက်မြင်တွေ့ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ပထမတော့ တစ္ဆေလက်ထက်စချုပ်ရဲ့ ကတိကဝတ်၊ ပြီးတော့ ရန်ငြိုးဖွဲ့အရိုး၊ အခုတော့ ဓာတ်တော်ပါ ပေါ်လာပြီ။ မင်းနောက်ကို လိုက်လာတာ တကယ့်ကို ဗဟုသုတတွေ အများကြီး ရတာပဲ။ ဓာတ်တော်ဆိုတာ သာမန်ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူရုံနဲ့ ဖြစ်တည်လာတာ မဟုတ်ဘူး။ ဒီအရာက နတ်ကံ၊ လူ့ကံ၊ ဘုရားကံတွေအပေါ်မှာ မူတည်နေတာ။ ရှာဖွေဖို့ ခက်ခဲသလို တစ်ခါတလေကျရင်လည်း ဘာမှမရှိသလိုပဲ...။ ဒါက သက်တော်ထင်ရှား ဘုရားပွင့်လာသလိုမျိုး ကြုံတွေ့ရတာပဲ”
ဘာမှမသိတဲ့ ကျွန်တော်လို လူသစ်တစ်ယောက်နဲ့ ယှဉ်ရင် ဝတ်ရုံဖြူတာအိုဆရာက အဆမတန် ပိုပြီး စိတ်လှုပ်ရှားနေသည်။
သူက ဓာတ်တော် ပျောက်ကွယ်သွားမှာကို ကြောက်ပုံရပြီး ယူဖို့အတွက် အမြန်ထဲကို လျှောက်ဝင်သွားသည်။
အတန်ကြာ အားထုတ်ပြီးနောက် ဘုရားဆင်းတုတော်ရဲ့ လည်ပင်းနားအထိ တက်သွားပြီး ဓာတ်တော်ကိုလှမ်းယူဖို့ လက်ကို ဆန့်ထုတ်လိုက်သည်။
သူ့ရဲ့လက်ဖဝါးက နေရောင်ခြည်တန်းကို အလွယ်တကူ ဖြတ်သန်းသွားပေမဲ့ လက်ဖဝါးကို ပြန်ကြည့်လိုက်တော့ ဗလာဖြစ်နေသည်။
ဝတ်ရုံဖြူတာအိုဆရာက ကြောင်အသွားပြီး နောက်တစ်ကြိမ် အမြန်လှမ်းဖမ်းပြန်ပေမဲ့ ဒီတစ်ခါလည်း ဗလာဖြစ်နေတုန်းပဲ။
သူ သဘောပေါက်သွားပုံရသည်။
ကျွန်တော့်ဘက် လှည့်လာပြီး ပြုံးကာ -
“ငါ နားလည်ပြီ။ ဒီရှေးဟောင်းဗုဒ္ဓမြတ်စွာဘုရားရဲ့ ဓာတ်တော်က တကယ်ပဲ ရေစက်အပေါ် မူတည်တာပဲ။ အဲဒါက မင်းကြောင့် ပေါ်လာတာဆိုတော့ အခု မင်းပဲ ယူလို့ရလိမ့်မယ်”
‘ကျွန်တော်က သံသယစိတ်နဲ့ ဘုရားဆင်းတုတော်ပေါ်ကို တက်သွားခဲ့သည်။ ကျွန်တော်ကိုယ်တိုင် ဓာတ်တော်ကို ယူနိုင်လိမ့်မယ်ဆိုတာ မယုံနိုင်သေးပါ။ ကျွန်တော်က ဘုရားတရားအပေါ် မလေးမစား လုပ်တာမျိုး မဟုတ်ပေမဲ့ ငယ်ငယ်ကတည်းက မယုံကြည်ခဲ့တာ။ ပထမတော့ သရဲတွေ၊ နတ်တွေကိုတောင် မယုံခဲ့တာ၊ တစ္ဆေလက်ထက်စာချုပ် စတင်လာတဲ့အထိပေါ့...။ လက်တွေ့ဘဝရဲ့ ရိုက်နှက်ခြင်းကို ခံရပြီးနောက်မှာတော့ ဘာကိုမှ မယုံဘဲ မနေရဲတော့ပါ။’
ကျွန်တော့်လက်ဖဝါးက ဓာတ်တော်ဆီကို တဖြည်းဖြည်းချင်း ဆန့်ထုတ်သွားသည်။ လက်ချောင်းတွေက နေရောင်ခြည်တန်းထဲကို အရင်ဆုံး ဝင်ရောက်သွားပြီး နွေးထွေးဖြုစင်တဲ့ နေရောင်ခြည်က အရမ်းကို သက်တောင့်သက်သာ ရှိစေသည်။
ဓာတ်တော် ကိုယ်နှိုက်က အရောင်အသွေး စုံလင်လှသည်၊ နေရောင်ခြည် ထိတွေ့မှသာ တောက်ပလာတာ ဖြစ်သည်။
ကျွန်တော့်လက်ချောင်းငါးချောင်းကို စုစည်းပြီး လှမ်းဆုပ်ကိုင်ကာ ဆွဲယူလိုက်သည်။
ဝတ်ရုံဖြူတာအိုဆရာက အမြန်မေးလိုက်ပြီး -
“ဘယ်လိုလဲ”
ကျွန်တော် သူ့ကို ပြုံးပြလိုက်ပြီး လက်ဖဝါးထဲက လက်သန်းဆစ်ခန့်ရှိတဲ့ အရောင်အသွေးစုံလင်လှတဲ့ ပုတီးစေ့လေးကို ပြသလိုက်သည်။
တာအိုဆရာက ဝမ်းသာအားရဖြစ်သွားပြီး -
“ဟားဟား၊ မင်း တကယ်ရတာပဲ။ ဒါ တကယ့်ကို ရှေးဟောင်းဗုဒ္ဓမြတ်စွာဘုရားရဲ့ ဓာတ်တော်ပဲ။ တခြားဟာတွေ မပြောနဲ့ဦး၊ မင်းရဲ့ ကံဇာတာက တကယ့်ကို ကောင်းတာပဲ။ တစ္ဆေလက်ထက်စာချုပ်ကိုလည်း ကြုံရတယ်၊ ရန်ငြိုးဖွဲ့၀ညာဥ်အရိုးနဲ့ ဓာတ်တော်ကိုလည်း ရသေးတယ်...။ ငါတော့ မင်းကို ဖူလုံတောင်ကို တကယ်ခေါ်သွားချင်ပြီ”
ကျွန်တော်က ပြုံးပြီး ငြင်းပယ်လိုက်သည် -
“တော်ပါပြီ၊ ကျွန်တော် တာအိုဆရာ မလုပ်ချင်ပါဘူး။ ကျွန်တော် စဉ်းစားမိသွားပြီ။ တစ္ဆေလက်ထက်စာချုပ်က ကျွန်တော့်ကို တစ်ဆယ့်ခုနစ်နှစ်လုံးလုံး ကာကွယ်ပေးခဲ့တာပဲ၊ နောက်နောင် ဒီအတိုင်း ဆက်ရှိနေလည်း ကိစ္စမရှိပါဘူး”
တာအိုဆရာက ခေါင်းခါပြီး သက်ပြင်းချကာ -
“မင်းကို ဖူလုံတောင်ကို ခေါ်သွားလို့ နည်းလမ်းရှာတွေ့နိုင်မယ်ဆိုရင် ငါ ဟိုးကတည်းက လုပ်ခဲ့မှာပေါ့။ တစ္ဆေလက်ထက်စာချုပ် ဆိုတာ ကြီးမားတဲ့ ယင်ယန်လျှို့ဝှက်ချက်ရဲ့ တားမြစ်ချက်တစ်ခုပဲ။ ငါ တခြားနည်းလမ်း ရှာကြည့်ပါဦးမယ်။ ဓာတ်တော်ကို မင်းကိုယ်ပေါ်မှာ ဆောင်ထား၊ ဆွဲကြိုးလိုမျိုး ဆင်ယင်ထားပေါ့။ အကောင်းဆုံးကတော့ နေ့တိုင်း နေရောင်ခြည် ပြပေး၊ အဲဒါက မင်းကိုယ်ပေါ်က ယင်အမှောင်ဓာတ်ကို နှိမ်နင်းပေးနိုင်လိမ့်မယ်။ အဲဒါက မင်းကို စိုးရိမ်ပူပန်မှုတစ်ခု လျော့နည်းစေပြီး နေ့တိုင်း သရဲတွေနဲ့ မကြုံရတော့သလို ညဘက်လည်း အပြင်ထွက်လို့ ရသွားတာပေါ့”
‘ရန်ငြိုးဖွဲ့၀ိညာဥ်အရိုးနဲ့ ရှေးဟောင်းဗုဒ္ဓမြတ်စွာဘုရားရဲ့ ဓာတ်တော်ကို ရရှိခဲ့တာမို့ ဒီတစ်ခေါက် ခရီးစဉ်က အဲဒီလောက်ကြီး ဆိုးဝါးမနေတော့ပါ။ အနည်းဆုံးတော့ အရာအားလုံး ဆုံးရှုံးသွားတာမျိုး မဟုတ်ဘဲ အလဟဿ မဖြစ်ခဲ့ရပါ။’
တာအိုဆရာနဲ့ ကျွန်တော် ရှင်းလုံဘုရားကျောင်းကနေ ထွက်ခွာခဲ့ကြသည်။
‘ကျွန်တော်တို့ ရှင်းလုံဘုရားကျောင်းရဲ့ တံခါးကြီးကို မပိတ်ခဲ့ပါ။
လျှောင်ကော်က အနှစ်လေးဆယ်လုံးလုံး ပုန်းအောင်းဖို့ တံခါးပိတ်ခဲ့တာ၊ အနည်းဆုံးတော့ သူ သေဆုံးပြီးနောက် ဒီတံခါးကြီးကို ဖွင့်ထားပေးဖို့ အချိန်တန်ပါပြီ။’
ဒါပေမဲ့ ကျွန်တော်တို့ မသိလိုက်ရတာကတော့...
ကျွန်တော်တို့ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပဲ ရှင်းလုံဘုရားကျောင်းရဲ့ နီညိုရောင်တံခါးကြီးက အလိုလို ဝုန်းခနဲ ပိတ်သွားခဲ့သည်။
တောင်တန်းနဲ့ တောအုပ်တစ်ခုလုံး ဟိန်းခနဲ ဖြစ်သွားတဲ့ အသံကြီးနဲ့အတူပေါ့။
ကျွန်တော် တစ်ခုခု ကြားလိုက်ရလို့ နောက်ပြန်လှည့်ကြည့်ဖို့ အလုပ်တွင် ဝတ်ရုံဖြူတာအိုဆရာရဲ့ ခေါ်ယူခြင်းကို ခံရပြီး အိမ်ပြန်ခရီးကို ဆက်လျှောက်ခဲ့ကြသည်။
ရှင်းလုံဘုရားကျောင်း တံခါးကြီး ပိတ်သွားပြီးနောက်...
ဘာကြောင့်လဲတော့ မသိပါ၊ စောစောကတင် ရှေးဟောင်းဘုရားကျောင်းတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ နေရောင်ခြည်က မည်းမှောင်နေတဲ့ တိမ်တိုက်တွေရဲ့ ကွယ်ခြင်းကို ခံလိုက်ရသည်။
တရားထိုင်တဲ့ အခန်းအများအပြားက ရုတ်တရက် ပွင့်သွားကြပြီး ပင်မဆောင်ကြီးကလည်း လေမတိုက်ဘဲ ပွင့်သွားခဲ့သည်။
ဒါပေမဲ့ ဘယ်သူမှ မရှိသလို ဘာလှုပ်ရှားမှုမှလည်း မရှိပါ။
နေရောင်ခြည် လုံးဝမကွယ်ပျောက်ခင် အချိန်လေးမှာ...
ဝင်းထဲမှာ ဗလာဖြစ်ပြီး ခြောက်ကပ်နေပေမဲ့ သေသေချာချာ ကြည့်လိုက်ရင် မြင်နိုင်တာကတော့...
ရှင်းလုံဘုရားကျောင်းရဲ့ နံရံတွေပေါ်မှာ အရိပ်အများအပြား ရောင်ပြန်ဟပ်နေသည်။
သူတို့ရဲ့ ပုံသဏ္ဌာန်တွေကို ကြည့်ခြင်းအားဖြင့် ကိုရင်လေး ကျင့်ချူ... လျှောင်ကော်... ဘုန်းကြီးတွေဆိုတာ သိနိုင်သည်။
အဲဒီအရိပ်တွေကြားထဲမှာ ဆံပင်အရှည်ကြီးနဲ့ မိန်းကလေးတစ်ယောက်ရဲ့ အရိပ်လည်း ရှိနေသည်။
အရိပ်တွေ မျက်နှာမူထားတဲ့ အရပ်ကတော့ ကျန်းအာစိ ထွက်ခွာသွားတဲ့ လမ်းကြောင်းအတိုင်း အတိအကျပင် ဖြစ်သည်။