အခန်း ၃။ စက္ကူအရုပ်
အစ်မဖြစ်သူက “နှေးတိနှေးကန်လုပ်နေလို့ ခုတော့ မှောင်ရီပျိုးသွားပြီ။ နောက်တစ်ခါဆို တစ်ယောက်တည်း လမ်းလျှောက်ပြန်ခဲ့တော့” ဟု ဆက်တိုက်ဆိုသလို ညည်းညူဆူပူနေဆဲ ဖြစ်သည်။
နားနားကပ်ထားသည့် ဖုန်းမှ ဖုန်း၀င်လာ၍ ကြည့်လိုက်သော အခါ အမရဲ့ဖုန်းဖြစ်နေသည်။မ၀င့်မရဲ့ဖြင့် ကိုင်ကြည့်လိုက်ရာ အစ်မ၏ ဆူပူသံ ထွက်ပေါ်လာသည် - “နင် ဘယ်ရောက်နေတာလဲ။ ငါ ကျောင်းဂိတ်ဝမှာ စောင့်နေတာ ကြာလှပြီ။”
ဂျုန်း
ဖုန်းက လက်ထဲမှ ခြေဦးတည့်ရာ လျှောကျသွားသည်။
ချက်ချင်းဆိုသလို အိပ်ချင်စိတ်များ အကုန်စင်သွားပြီး ကိုယ်ခန္ဓာတစ်ခုလုံး ဆတ်ခနဲ တုန်တက်သွားမိသည်။
ကျွန်တော် လုံးဝ အမှတ်မမှား။ အစ်မ၏ သုံးဘီပေါ်သို့ တက်စီးခဲ့ခြင်း ဖြစ်သည်။
ယခုလည်း ကျွန်တော်သည် အစ်မ၏ သုံးဘီးပေါ်တွင်သာ ရှိနေဆဲ ဖြစ်သည်။
သို့သော် ဘာဖြစ်လို့ အစ်မဆီက ဖုန်းခေါ်ဆိုမှုတစ်ခုက ယခုမှ ရုတ်တရက် ဝင်လာရသနည်း။
ပြီးတော့ သူမက ကျောင်းဂိတ်ဝမှာ စောင့်နေတယ်လို့ လည်းပြောနေသည်။
ထိုအချိန်တွင် သုံးဘီးမောင်းနေသည့် အစ်မက “အာစိ… ဘယ်သူလဲ” ဟု လှည့်မကြည့်ဘဲ မေးလိုက်သည်။
ယာဉ်ကို မောင်းနှင်နေသည့် ထိုအမျိုးသမီး၏ နောက်ကျောပြင်ကို ကြည့်ရင်း ကျွန်တော့်နှလုံးသားတစ်ခုလုံး ရပ်တန့်လုနီးပါး ဖြစ်သွားရသည်။
ယခုအချိန်တွင် ကောင်းကင်ယံတစ်ခုလုံး မှောင်မည်းနေပြီဖြစ်ပြီး တောလမ်းလေးပေါ်တွင် လမ်းမီးတိုင် တစ်တိုင်မျှပင် မရှိချေ။
သုံးဘီး၏ မှုန်ဝါးဝါး ရှေ့မီးရောင်က ရှေ့ကလူ၏ မျက်နှာကို ကောင်းကောင်းမလင်းစေနိုင်ပါ။
ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မှိုင်တိတ်ဆိတ်နေပြီး သစ်ကိုင်းခြောက်များက လေအဝှေ့တွင် သရဲသရဲ တစ္ဆေတစ္ဆေ ပုံသဏ္ဌာန်မျိုးစုံဖြင့် ရိမ်းနွဲ့လှုပ်ရှားနေကြသည်။
ထိုနောက်ကျောပြင်တစ်ခုလုံးလည်း တစ်မျိုးကြီး စိမ်းသက်နေသလို ခံစားရသည်။
ကျွန်တော် ရင်ကို တင်းပြီး “သူငယ်ချင်းပါ” ဟု ပြန်ဖြေလိုက်ရသည်။
သုံးဘီးမောင်းနေသည့် အစ်မက “အော်” ဟု တစ်ချက်ညည်းပြီး “အိမ်ရောက်ခါနီးပြီ၊ ခဏလောက် ထပ်အိပ်လိုက်ဦး” ဟု ပြောသည်။
“ဟုတ်ကဲ့။”
ပါးစပ်ကသာ ဟုတ်ကဲ့ဟု ဖြေလိုက်ရသော်လည်း ဤသို့သောအခြေအနေမျိုးတွင် မည်သို့လုပ်ပြီး အိပ်ပျော်နိုင်တော့မည်နည်း။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိရာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်ထလာရသည်။
ဤလမ်းကို ကျွန်တော် တစ်ခါမျှ မလာဖူးသလို အစ်မကလည်း ဤလမ်းအတိုင်း တစ်ခါမျှ မခေါ်ဖူးချေ။
ဤလမ်းတွင် မီးရောင်ဟူ၍ လုံးဝမရှိဘဲ တောအုပ်ထဲ ဖြတ်သန်းဖောက်လုပ်ထားသည့် မြေသားလမ်းကြမ်းတစ်ခုသာ ဖြစ်သည်။
ရှေ့ကို မျှော်ကြည့်လိုက်လျှင်လည်း မည်သည့်ရွာ၏ မီးရောင်မှိန်မှိန်လေးကိုမျှ မတွေ့ရ။
“အိမ်ရောက်ခါနီးပြီ” ဟု ပြောရအောင် ဘယ်အိမ်ကို ရောက်မှာမလို့လဲ။
အခြေအနေကို သေချာမြင်ရအောင် ထရပ်ရန် ပြင်လိုက်စဉ် တံတောင်စစ်ဖြင့် သုံးဘီး၏ ဘေးဘောင်ပြားကို ထောက်မိသွားသည်။
ဖောက်
တံတောင်စစ်က ဘေးဘောင်ပြားထဲသို့ ချက်ချင်း ကျွံဝင်သွားသဖြင့် သေချာ စိုက်ကြည့်မိသောအခါ သုံးဘီးပေါ်မှ လိမ့်ကျလုနီးပါး ထိတ်လန့်သွားရသည်။
ဤသုံးဘီးကြီးက သေသူအတွက် မီးရှို့မြေချရာတွင် သုံးသည့် စက္ကူဖြင့် ပြုလုပ်ထားခြင်း ဖြစ်နေသည်။
သုံးဘီးမောင်းနေသည့် အစ်မက လှုပ်ရှားမှုကို သတိပြုမိသွားပြီး “ဘာဖြစ်လို့လဲ” ဟု မေးသည်။
“ဘာမှမဟုတ်ပါဘူး၊ ကိုယ်ဟန်အနေအထား ပြောင်းချင်လို့ပါ။”
ထိုအချိန်တွင် ကျွန်တော့်နှုတ်ခမ်းများ မည်မျှအထိ အေးစက်တုန်လှုပ်သွားသည်ကို စကားဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့သည့်အထိ ဖြစ်ခဲ့သည်။
သုံးဘီးနင်းနေသူ အစ်မ၏ နောက်ကျောကို စိုက်ကြည့်နေမိရာ မှိန်ပျပျမီးရောင်အောက်တွင် ထိုသူ၏ ကိုယ်လုံးက ပို၍ ပိန်လှီခြောက်ကပ်လာသလို ထင်ရသည်။
ရုတ်တရက် လေပြင်းတစ်ချက် ဝှေ့တိုက်သွားသည်။
သစ်ကိုင်းတစ်ကိုင်းက အပေါ်မှ ပြုတ်ကျပြီး အစ်မ၏ ခေါင်းကို ထိမှန်သွားသည်။
အစ်မက ခေါင်းကို လှည့်လာပြီး “ဒီနေ့ လေ တော်တော်တိုက်တာပဲ” ဟု ဆိုသည်။
စက္ကူဖြင့် ကပ်ထားသည့် မျက်နှာသွင်ပြင်နှင့် သစ်ကိုင်း စူးဝင်နေသည့် ခေါင်းကြီးကို ကြည့်ရင်း ကျွန်တော် ဆွံ့အစွာဖြင့် ခေါင်းငြိတ်ပြလိုက်မိသည်။
အစ်မက ခေါင်းကို ရှေ့သို့ ပြန်လှည့်ကာ သုံးဘီးကိုဆက်မောင်းနေသည်။
သို့သော် ကျွန်တော် ထိုနေရာတွင် ဆက်ပြီး မထိုင်နိုင်တော့ပါ။
သုံးဘီးကြီးက စက္ကူဖြင့် လုပ်ထားရုံတင်မကဘဲ ဤအစ်မဆိုသူကလည်း စက္ကူဖြင့် လုပ်ထားသည့် အရုပ်ကြီး ဖြစ်နေသည်။
ဤလမ်းသည်လည်း ရွာသို့ ပြန်သည့်လမ်း လုံးဝမဟုတ်။
ကြောက်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း ဤအရာနောက်သို့ လုံးဝ လိုက်သွား၍မဖြစ်ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။
အခွင့်ကောင်းကို စောင့်ပြီး သုံးဘီးပေါ်မှ ဖျတ်ခနဲ ခုန်ချကာ အသက်လုပြီး ထွက်ပြေးခဲ့တော့သည်။
ခြေလှမ်းအနည်းငယ်မျှသာ ပြေးရသေးသည် နောက်ကွယ်မှ သုံးဘီးသံကို ထပ်မံကြားလိုက်ရသည်။
“ဟေ့… အာစိ၊ နင် ဘယ်သွားမလို့လဲ။”
“အိမ်ရောက်ခါနီးပြီလေ။”
“အာစိ… မပြေးနဲ့လေ။”
ကျွန်တော် နောက်သို့ လှည့်မကြည့်ရဲတော့ဘဲ ထူထပ်လှသည့် တောအုပ်ကြီးထဲသို့ တိုးဝင်ပြေးလွှားခဲ့သည်။
အနည်းဆုံးတော့ သုံးဘီးကြီးက ဤတောအုပ်ထဲသို့ လိုက်ဝင်လာနိုင်မည် မဟုတ်ပါ။
ဤနေရာသို့ တစ်ခါမျှ မရောက်ဖူးခြင်း၊ လမင်း၏ အလင်းရောင်လည်း မရှိခြင်းတို့ကြောင့် ဇွတ်တရက် ရှေ့ဆက်မတိုးရဲတော့ချေ။
တောထဲသို့ ဝင်ပြီး မကြာမီမှာပင် မြေကျင်းတစ်ခုကို တွေ့သဖြင့် ဝင်၍ ဝပ်နေလိုက်သည်။
ရင်ဘတ်ထဲမှ နှလုံးခုန်သံက တဒုတ်ဒုတ်ဖြင့် တုန်ခရင်နေပြီး မည်မျှကြာသွားသည်ကို မသိတော့ပါ။
ရုတ်တရက် အပေါ်ဘက်မှ လှုပ်ရှားသံအချို့ ကြားလိုက်ရသည်။
စပ်… စပ်… စပ်… စပ်… စပ်… စပ်…
“အာစိ… အာစိ…”
“အာစိ။ နင် ဘယ်ရောက်သွားတာလဲ။”
“မပုန်းနေနဲ့တော့၊ မြန်မြန်ထွက်လာခဲ့။ အိမ်ပြန်ရအောင်။ ဘယ်အချိန်ရှိနေပြီလဲ။ အမေ တော်တော်စိတ်ပူနေပြီ။”
သစ်ကိုင်းခြောက်များနှင့် သစ်ရွက်ခြောက်များ နင်းခြေသံများနှင့်အတူ ထိုအသံက ပို၍ ပို၍ နီးကပ်လာသည်။
ခွပ်… ဂျွတ်…
မြေတံတိုင်းကို ကျောမှီထားရင်း ထိုခြေသံများ၏ တုန်ခါမှုကိုပင် ခံစားနေရသည်။
ပါးစပ်ကို လက်ဖြင့် အတင်းပိတ်ထားပြီး အသက်ကိုပင် ပြင်းပြင်းမရှူရဲချေ။
နောက်ဆုံးတွင် ထိုခြေသံများက ကျွန်တော့်အနီးနားသို့ ရောက်ရှိလာပြီး ရပ်တန့်သွားသည်။
ထို့နောက် အခြားဘက်သို့ ရှာဖွေရင်း တဖြည်းဖြည်းနှင့် ဝေးကွာသွားတော့သည်။
ခြေသံများ ဝေးသွားမှသာ တင်းမာနေသည့် အာရုံကြောများ အနည်းငယ် လျော့ကျသွားရသည်။
တီ… တီ… တီ… တီ… တီ… တီ…
ကံဆိုးချင်တော့ ထိုအချိန်တွင် ဖုန်းက မြည်လာပြန်သည်။
ထိတ်လန့်တုန်လှုပ်သွားပြီး ဖုန်းကို အတင်းဆုပ်ကိုင်ထားလိုက်မိသည်။
ဖုန်းခေါ်ဆိုသူက အစ်မ ဖြစ်နေသည်။
ကျောင်းဂိတ်ဝမှာ စောင့်ရလွန်း၍ စိတ်မရှည် ဖြစ်နေပုံရသည်။
ရင်ထဲတွင်တော့ “အစ်မရယ်… ဘာလို့ ဒီလိုအချိန်မှ ဖုန်းခေါ်ရတာလဲ” ဟုသာ အော်ဟစ်ညည်းတွားနေမိသည်။
ဖုန်းသံကို လုံအောင် ကိုယ်ခန္ဓာကို လိပ်ပတ်လည်အောင် ကွေးထားပြီး မျက်လုံးများကို အတင်းမှိတ်ထားလိုက်သည်။
တီ… တီ… တီ… နောက်ဆုံးတော့ ဖုန်းသံ စဲသွားခဲ့သည်။
မျက်လုံးကို အသာအယာဖွင့်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
တော်သေးသည်၊ အရှာမခံလိုက်ရပါ။
သက်ပြင်း အရှည်ကြီးတစ်ချက်ချပြီး မြေတံတိုင်းကို နုံးချည့်စွာ မှီချလိုက်သည်။
မော့အကြည့်တွင် မီးသွေးခဲလို မည်းနက်နေပြီး မျက်တွင်းထဲ သစ်ကိုင်းစိုက်ဝင်နေ၍ ဖြူဖျော့ကာ စက္ကူဖြင့် ကပ်ထားသည့် မျက်နှာကြီးတစ်ခုက ကျွန်တော့်ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
နှုတ်ခမ်းများက သွေးလိုရဲနေပြီး အရေပြားက စက္ကူဖြူကြီးအတိုင်းပင်။
စက္ကူအရုပ် အစ်မကြီးက ကျွန်တော့်မျက်နှာနှင့် လက်မအနည်းငယ်အကွာတွင် ရောက်နေခြင်း ဖြစ်သည်။
တောက်
ရင်ဘတ်တစ်ခုလုံး တင်းခနဲ ဖြစ်သွားပြီး ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ခြေဦးတည့်ရာသို့ လိမ့်ပတ်ကာ ထွက်ပြေးခဲ့တော့သည်။
“အာစိ… နင် ထပ်ပြေးရင် အစ်မ စိတ်ဆိုးမှာနော်။”
“အာစိ…”
ထိုအသံက အစ်မ၏ အသံနှင့် ထပ်တူကျနေသော်လည်း ကျွန်တော် နောက်သို့ လှည့်မကြည့်ရဲတော့ပါ။
ထိုစက္ကူအရုပ်နှင့် ဝေးရာသို့ ရောက်လျှင်ပြီးရော ဆိုသည့်စိတ်ဖြင့် ဘယ်နေရာမှန်းမသိဘဲ ရှေ့တည့်တည့်သို့သာ ဇွတ်တိုးပြေးနေမိသည်။
ပြေးရင်းလွှားရင်းနှင့် ရုတ်တရက် ရှေ့တွင် မီးရောင်နှစ်ခုကို လှမ်းမြင်လိုက်ရသည်။
“အာစိ… အာစိ…”
ရင်းနှီးသောအသံတစ်ခုက မီးရောင်ရှိရာဘက်မှ ထွက်ပေါ်လာပြီး အခြားအသံတစ်ခုကလည်း ကျွန်တော့်နာမည်ကို ခေါ်နေသည်။
ထိုအသံကို ကြားလိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်သွားသည်။
အမေနှင့် အစ်မ ဖြစ်သည်။
အမေနှင့် အစ်မက ကျွန်တော့်ကို လိုက်ရှာနေကြတာလား။
ယခုတစ်ကြိမ်တွင်တော့ အရင်ဆုံး တိတ်တဆိတ် ချဉ်းကပ်ကြည့်လိုက်သည်။ အနီးသို့ ရောက်၍ အမေနှင့် အစ်မအစစ် ဖြစ်ကြောင်း သေချာမှ သက်ပြင်းချနိုင်တော့ပြီး ရှေ့သို့ ထွက်လာခဲ့သည် - “အမေ… အစ်မ။”
ဓာတ်မီးရောင်က ကျွန်တော့်မျက်နှာပေါ်သို့ ကျရောက်လာသည်။
အစ်မက ခပ်သွက်သွက် လျှောက်လာပြီး “ဇော်အားစိ… နင် ဒီလို သရဲခြောက်တဲ့နေရာမှာ ဘာလို့ ပုန်းနေတာလဲ” ဟု ဆူပူလေတော့သည်။
ကျွန်တော်ကလည်း လန့်လန့်ဖြန့်ဖြန့်ဖြင့် စကားများ ထစ်အငေါ့ငေါ့ဖြစ်ကာ “သရဲ… သရဲရှိတယ်၊ သရဲက အစ်မအယောင်ဆောင်ထားတာ” ဟု ပြောမိသည်။
အစ်မက ကျွန်တော့်စကားကို လုံးဝမယုံဘဲ “နင် လျှောက်ကစားပြီး လမ်းပျောက်နေတာကို ငါ့ကိုပါ လိုက်ရှာခိုင်းနေတာမလား” ဟု ဆိုသည်။
“ညဉ့်နက်သန်းခေါင်ကြီးမှာ အမေပါ လိုက်ရှာရအောင် လုပ်ရတာ နင်မရှက်ဘူးလား။”
အမေက ဘေးမှနေ၍ “တော်ပါတော့၊ အာစိက တမင်လုပ်တာ မဟုတ်ပါဘူး။ လမ်းပျောက်သွားတာ ဖြစ်မှာပါ။ လာ… မြန်မြန်ပြန်ရအောင်၊ ရွာသားတွေကိုလည်း သွားပြောရဦးမယ်၊ သူတို့လည်း အနှံ့လိုက်ရှာနေကြတာ” ဟု ဖြန်ဖြေပေးသည်။
အစ်မက နှာခေါင်းတစ်ချက်ရှုံ့ပြီး လှည့်ထွက်သွားကာ အမေကတော့ ကျွန်တော့်ကို နှစ်သိမ့်စကား အနည်းငယ်ပြောပြီး ခေါ်ဆောင်သွားသည်။
ကျွန်တော်က စူးစမ်းလိုစိတ်ဖြင့် “အစ်မ… ငါ ဒီကို ပြေးလာတာကို ဘယ်လိုသိတာလဲ” ဟု မေးလိုက်သည်။
အစ်မက “နင် အိမ်ပြန်မလာတာ ကြာလို့ အမေနဲ့ငါ အိမ်မှာ မနေနိုင်မထိုင်နိုင် ဖြစ်ပြီး ရွာသားတွေကိုပါ အကူအညီတောင်းပြီး လိုက်ရှာခိုင်းရတာပေါ့” ဟု ဖြေသည်။
“အော်။”
အမေနှင့် အစ်မ၏ နောက်ကွယ်တွင်မူ ကျွန်တော့်မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားရသည်။
အစ်မသည် ကျောင်းဂိတ်ဝတွင် စောင့်နေသည်ဟု ကျွန်တော် သေသေချာချာ မှတ်မိနေသည်။
အစ်မက ဘယ်အချိန်က အိမ်ကို ပြန်ရောက်သွားတာလဲ။
မှောင်မည်းနေသည့် လမ်းငယ်လေးပေါ်တွင် မြူခိုးများကို ခွဲထွက်နေသည့် ဓာတ်မီးရောင် နှစ်ခုသာ ရှိသည်။
ထိုအချိန်တွင် ပုံမှန်မဟုတ်သောအရာတစ်ခုကို သတိပြုမိသွားသည်။
အမေနှင့် အစ်မ၏ နောက်ကွယ်တွင် အရိပ်များ လုံးဝမရှိချေ။
ဓာတ်မီးရောင်က သိပ်မလင်းဘူးဆိုဦးတော့ အနည်းဆုံးတော့ အရိပ်အနည်းငယ် ထွက်ပေါ်ရမည် ဖြစ်သည်။
သို့သော် ထိုလူနှစ်ယောက်၏ နောက်တွင် အရိပ်ဟူ၍ လုံးဝမရှိပါ။
ကျွန်တော့်နောက်ကို အသာငုံ့ကြည့်မိတော့ ကျွန်တော့်အရိပ်ကတော့ အရှည်ကြီး ထွက်နေသည်ကို တွေ့ရသည်။
ထိတ်လန့်စရာ ကောင်းလှသည့် အတွေးတစ်ခုက ရင်ထဲတွင် ရုတ်တရက် ပေါ်လာပြီး ခြေဖျားလက်ဖျားများ အေးစက်ကာ လှုပ်ရှားမှုများပါ တောင့်တင်းသွားရသည်။
ဖုန်းကို အမြန်ထုတ်ပြီး နံပါတ်တစ်ခုကို နှိပ်ကာ ခေါ်ဆိုလိုက်သည်။
ရှေ့က လျှောက်နေသည့် အစ်မက လှည့်ကြည့်ပြီး “အာစိ… ညဉ့်နက်သန်းခေါင်ကြီး ဘယ်သူ့ဆီ ဖုန်းဆက်နေတာလဲ” ဟု စူးစမ်းသလို မေးသည်။
ထိုအချိန်တွင် ဖုန်းက ဝင်သွားသည်။
ဖုန်းထဲမှ အစ်မ၏ ရင်းနှီးသောအသံ ထွက်ပေါ်လာသည် - “စောစောက ဖုန်းခေါ်တာ ဘာလို့မကိုင်တာလဲ။”
“နင် ဘယ်ကို လျှောက်ပြေးနေတာလဲ။ ကျောင်းကလူတွေက နင် ပြန်သွားပြီလို့ ပြောတယ်ဟ။”
“ဟဲလို… စကားပြောလေ။”
နားထဲတွင်တော့ အစ်မ၏ ဆက်တိုက်မေးမြန်းသံများ ကြားနေရပြီး ရှေ့တွင်မူ ဓာတ်မီးကိုင်ထားသည့် အစ်မ ရှိနေသည်။
ထိုအချိန်တွင် ကျွန်တော် စကားတစ်လုံးမျှ မဟနိုင်တော့ဘဲ ကြောက်စိတ်များက ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။
ရှဲ… ရှဲ… သစ်ရွက်လှုပ်ရှားသံများက ညဉ့်နက်သန်းခေါင်တွင် ပို၍ ခြောက်ခြားဖွယ် ကောင်းနေသည်။
အန္တရာယ်က ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရှိနေသလို ခံစားရပြီး နဖူးပြင်မှ ချွေးစေးများ တဖြန်းဖြန်း ကျလာသည်။
မျက်လုံးထောင့်မှ ဝေ့ကြည့်မိရာ ပတ်ဝန်းကျင်တွင် သင်္ချိုင်းကုန်း မြေပုံများစွာ ရှိနေသည်ကို သတိပြုမိလိုက်သည်။
ဓာတ်မီးကိုင်ထားသည့် အစ်မက ကျွန်တော် မလှုပ်မယှက် ရပ်နေသည်ကို မြင်တော့ ရှေ့သို့ လျှောက်လာသည်။
သူမ၏ သံသယကို ဖျောက်ဖျက်ရန် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ၎င်းတို့နောက်သို့ ဆက်လိုက်သွားလိုက်သည်။
သို့သော် ခြေလှမ်းအနည်းငယ်မျှ လျှောက်ပြီးသည်နှင့် ရုတ်တရက် နောက်သို့ လှည့်ကာ အခြားဘက်သို့ အသက်လုပြီး ထွက်ပြေးခဲ့တော့သည်။
အတုတွေ… ဒါတွေအားလုံးက အတုတွေပဲ။
ဦးတည်ချက်မရှိ ဇွတ်တိုးပြေးနေမိသည်။
ရုတ်တရက် ရှေ့မှနေ၍ အရိပ်မည်းကြီးတစ်ခု သုတ်ခနဲ ထွက်လာသည်။
လန့်ဖျပ်သွားရပြန်သည်၊ စက္ကူဖြူ အရေပြား၊ ထင်ရှားလွန်းသည့် အရောင်အသွေးများဖြင့် ခြယ်သထားသည့် မျက်နှာသွင်ပြင်နှင့် မျက်လုံးထဲ စူးဝင်နေသည့် သစ်ကိုင်းခြောက်။
စက္ကူအရုပ် အစ်မကြီး ဖြစ်နေသည်။
ထိုအချိန်တွင် နောက်ကွယ်မှ အသံများ ထွက်ပေါ်လာသည်။
“အာစိ… အာစိ၊ နင် ဘယ်သွားမလို့လဲ။”
“ဟိုဘက်ကို မသွားနဲ့၊ ဟိုမှာ အန္တရာယ်ရှိတယ်။”
“ဇော်အားစိ… နင့်ကို သတိပေးနေတယ်နော်၊ ချက်ချင်း ပြန်လာခဲ့။”
စောစောက အမေအတုနှင့် အစ်မအတုတို့၏ အသံများ ဖြစ်သည်။
ထိုအချိန်တွင် စက္ကူအရုပ် အစ်မကြီးကလည်း ယိမ်းထိုးလျက် လျှောက်လာပြီး -
“အာစိ… စောစောက နင် ဘယ်ရောက်သွားတာလဲ။”
“မြန်မြန် အိမ်ပြန်ရအောင်။”