အခန်း ၂၈ မိစ္ဆာလက်ထပ်စာချုပ် ပြေပျောက်သွားခြင်း
ကျွန်တော့်ရင်ထဲ တစ်ကိုယ်လုံး စိမ့်ခနဲ အေးတက်သွားရသည်။ သို့ဆိုလျှင် စောစောက ဆရာတော်ကြီး လျှောင်ကော်သည်လည်း အတုဖြစ်နေပြီး ကျွန်တော့်ကို အပြင်ထွက်လာအောင် လှည့်စားရန် ဇာတ်လမ်းဆင် သရုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
ဆရာတော်ကြီး လျှောင်ကော်က မည်သူ့ကိုမှ မယုံကြည်ရန် စာချန်ထားခဲ့ခြင်းမှာ မဆန်းတော့ပေ။
ကျွန်တော် တစ်စက္ကန့်မျှပင် သတိမလွတ်ရဲပါ၊ အနည်းငယ်မျှ ပေါ့ဆမိရုံဖြင့် သေဆုံးသွားမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။
အပြင်ဘက်တွင်မူ ကိုရင်လေး ကျန့်ချူက ကျွန်တော့်ကို ဆက်လက် အော်ဟစ်ခေါ်ယူနေဆဲ ဖြစ်သည်။
“ကျန်းအာစိ... အမြန်ထွက်လာခဲ့ပါတော့”
“ကျန်းအာစိ... အဲဒီအကောင် လာနေပြီ”
“ဒီအခန်းက ခံနိုင်မှာ မဟုတ်ဘူး”
“အားးး...”
ရုတ်တရက် ကိုရင်လေး ကျန့်ချူ၏ နှုတ်မှ အမျိုးသမီးတစ်ဦး၏ စူးရှသော အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက်... ၎င်း၏ လူရိပ်မှာ အမြန် ပြေးလွှားပျောက်ကွယ်သွားခဲ့သည်။ ၎င်း၏နေရာတွင် ပိုမိုသေးငယ်သော အခြားလူရိပ်တစ်ခု တံခါးရှေ့သို့ ရောက်ရှိလာပြန်သည်။
“အဟွတ်... အဟွတ်... ဒကာလေး ကျန်းအာစိ... မင်း အဆင်ပြေရဲ့လား”
သစ်သားငါးကို တီးခတ်နေသော ကျွန်တော့်လက်လှုပ်ရှားမှုမှာ တုံ့ဆိုင်းမသွားခဲ့သော်လည်း ကျွန်တော့်မျက်ဝန်းများတွင်မူ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
‘ဆရာတော်ကြီး လျှောင်ကော်လား။ အခု တံခါးအပြင်မှာ ရောက်နေတာ ဆရာတော်ကြီး လျှောင်ကော်လား။’
လျှောင်ကော်သည် တံခါးအပြင်ဘက်မှနေ၍ အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက်
“မင်း အပြင်ထွက်မလာတာ တကယ်ပဲ ကံကောင်းတာပဲ”
“စောစောက အဲဒီအကောင်က မင်းကို လှည့်စားဖို့ ကြိုးစားနေတာ၊ ဒီမိစ္ဆာသရဲမက တကယ်ပဲ အစွမ်းထက်လွန်းတယ်”
“ငါ အခုလေးတင် သူ့ကို ယာယီပဲ မောင်းထုတ်နိုင်ခဲ့တာ၊ သူ မကြာခင် ထပ်ပြီး တိုက်ခိုက်လာလိမ့်မယ်”
“သူ့ကို အပြင်ဘက်ကနေ တားဆီးဖို့ ခက်ခဲသွားပြီ။ ငါ အထဲကို ဝင်လာခဲ့မယ်၊ ငါတို့နှစ်ယောက် အတူတူ ခုခံရင် မနက်သုံးနာရီအထိ ခံနိုင်ရည် ရှိလိမ့်မယ်”
စောစောက အတွေ့အကြုံကြောင့် ကျွန်တော့်အနေဖြင့် မည်သူ့ကိုမှ ထပ်မံ ယုံကြည်ရန် အလွန်ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။
ကျွန်တော် တံခါးအဆက်အဟမှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်ရန် ကြိုးပမ်းလိုက်သော်လည်း မြင်တွေ့ရသည်မှာ ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။
‘ဟုတ်တယ်... ဘာမှမရှိဘူး။
လူရိပ်တစ်ခု ထင်ဟပ်နေသည်မှာ ရှင်းလင်းနေသော်လည်း ကျွန်တော် သေသေချာချာ စိုက်ကြည့်သည့်အခါတွင်မူ ဘာမှ မမြင်ရပေ။’
ထိုစဉ် စုန်းပူးသကဲ့သို့ ကျွန်တော်သည် မိမိ၏ ညာဘက်မျက်လုံးကို အသုံးပြု၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ကျွန်တော့်၏ ညာဘက်မျက်လုံးမှာ အပြင်ပန်းအားဖြင့် သိသိသာသာ ပြောင်းလဲနေသော်လည်း အမှန်တကယ်တွင်မူ ဘယ်ဘက်မျက်လုံးနှင့် ဘာမှ မခြားနားပေ။
ကျွန်တော် ညာဘက်မျက်လုံးကို တံခါးအဆက်တွင် ကပ်၍ ကြည့်လိုက်ရာ ထူးဆန်းသော မျက်စိသူငယ်အိမ်က ကန့်လန့်ကာကို တဖြည်းဖြည်း ဆွဲဖွင့်လိုက်သကဲ့သို့ ရှိနေခဲ့သည်။
အပြင်ဘက်တွင် မြင်လိုက်ရသည်မှာ...
ပယင်းကျောက်ကဲ့သို့ ပြောင်လက်နေသော မျက်နှာပြင်ပေါ်တွင် ရဲရဲနီနေသော မျက်လုံးများက လှုပ်ရှားနေပြီး သိမ်တော်ကြီးအတွင်းပိုင်းသို့ စိုက်ကြည့်နေခဲ့သည်။
မျက်လုံးတစ်လုံးသည် တံခါးအဆက်တွင် ကပ်လျက်ရှိနေပြီး ကျွန်တော့်၏ ညာဘက်မျက်လုံးနှင့် ကွက်တိ ဆုံတွေ့သွားခဲ့သည်။
ကျွန်တော် အလွန် ထိတ်လန့်သွားသဖြင့် နောက်သို့ ခြေလှမ်းအကြီးကြီး ဆုတ်လိုက်ရပြီး နှလုံးမှာလည်း လန့်ဖျတ်သွားသော သမင်တစ်ကောင်ကဲ့သို့ တဒုန်းဒုန်း ခုန်နေခဲ့သည်။ စောစောက ဘာမှမရှိဟု ထင်ရသော်လည်း အခြားမျက်လုံးတစ်ဖက်ဖြင့် ကြည့်လိုက်သည့်အခါမှ မျက်လုံးတစ်လုံး ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုမျက်လုံးက အတွင်းသို့ ဆက်လက် စိုက်ကြည့်နေဆဲ ဖြစ်သည်။
တံခါးပြင်ပရှိ လျှောင်ကော်က တံခါးကို ခေါက်ရင်း—
“ဒကာလေး ကျန်းအာစိ... ဘာဖြစ်လို့လဲ”
“မင်း ဒီရဟန်းအိုကို မယုံကြည်ဘူးလား”
“ဒကလေး... ဒါက ငါ့ကို တကယ်ပဲ စိတ်မကောင်းဖြစ်စေတယ်။ ဒီရဟန်းအိုဟာ မိမိရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းကို ပဓာနမထားဘဲ မင်းကို ကယ်တင်ဖို့ ကြိုးစားခဲ့တယ်၊ ချင်းလုံကျောင်းတိုက်က ရဟန်းတွေအားလုံးရဲ့ အင်အားကိုလည်း ကုန်ဆုံးစေခဲ့တယ်၊ ဒါပေမဲ့ မင်းရဲ့ ယုံကြည်မှု အနည်းငယ်မျှကိုတောင် ငါ မရရှိနိုင်ဘူးပဲ”
“ကောင်းပါပြီ... မင်း ငါ့ကို မယုံကြည်ဘူးဆိုမှတော့ ငါလည်း ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး။ မင်း သဘောရှိသလိုသာ လုပ်ပါတော့ ဒကာလေး”
ထိုသို့ပြောပြီးနောက် တံခါးအပြင်ဘက်ရှိ လူရိပ်မှာ တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။
သိမ်တော်ကြီးအတွင်းရှိ ကျွန်တော့်မျက်နှာအမူအရာမှာမူ အလွန် ဆိုးဝါးနေခဲ့ပြီ ဖြစ်သည်။ ပထမဦးစွာ ထိုမျက်လုံးကြောင့် ထိတ်လန့်သွားခဲ့ရပြီး ဒုတိယအနေဖြင့် ရင်တထိတ်ထိတ် ဖြစ်ရသော ကြောက်ရွံ့မှုများက လွှမ်းမိုးနေခဲ့သည်။ ၎င်းက အလွန် အန္တရာယ်များပြီး ခွဲခြားရ ခက်ခဲလွန်းလှသည်။
ထိုအရာသည် ဆရာတော်ကြီး လျှောင်ကော်၏ အသွင်ကို ယူရုံတင်မကဘဲ ကျွန်တော့်အတွက် နှစ်ထပ်ထောင်ချောက်ကိုပါ ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ပထမဦးစွာ မိစ္ဆာကို မျှားခေါ်သွားသည့် ပြကွက်ကို လုပ်ဆောင်ပြခဲ့သည်၊ ထို့နောက် ကိုရင်လေး ကျန့်ချူက ကျွန်တော့်ကို ခေါ်ထုတ်ရန် ရောက်လာသည်။ ကိုရင်လေး၏ မဟုတ်မှန်မှု ပေါ်ပေါက်သွားသည့်အခါ မိစ္ဆာကို မောင်းထုတ်လိုက်သည့် အသွင်ဖြင့် နောက်ထပ် ပြကွက်တစ်ခုကို ထပ်မံ ဖန်တီးခဲ့ပြန်သည်။ ဤအရာအားလုံးမှာ ကျွန်တော့်၏ ယုံကြည်မှုကို ရရှိရန်နှင့် ဆရာတော်ကြီး လျှောင်ကော်၏ အသွင်ဖြင့် တံခါးဖွင့်ခိုင်းရန် ဖြစ်သည်။
ဆရာတော်ကြီး၏ တောင်းဆိုမှုကို ငြင်းပယ်ရန် ကျွန်တော့်အတွက် အလွန်ခက်ခဲလှသည်၊ အထူးသဖြင့် စိတ်မကောင်းဖြစ်ကာ လှည့်ထွက်သွားသည့် သူ၏ သရုပ်ဆောင်မှုမှာ အလွန် ပြောင်မြောက်လှသည်။ ၎င်းသည် ဆရာတော်ကြီး မဟုတ်မှန်း သိနေသည့်တိုင်အောင် ကျွန်တော့်ရင်ထဲတွင် တံခါးဖွင့်ပေးလိုက်ရမလားဆိုသည့် အတွေးတစ်ချက် ဖြတ်ပြေးသွားခဲ့သေးသည်။ ‘အကယ်၍ ကျွန်တော်သာ အရိပ်အယောင်များကို ကြိုတင် မရိပ်မိခဲ့ပါက တံခါးကို ဖွင့်ပေးမိပြီးသား ဖြစ်နေလောက်ပြီ။
မျှော်လင့်ထားသည့်အတိုင်း မည်သူ့ကိုမှ မယုံကြည်ရ၊ ဆရာတော်ကြီး လျှောင်ကော်ကိုပင် မယုံကြည်ရပေ။’
ထပ်မံ၍ လမ်းမှားမရောက်စေရန် ကျွန်တော် သစ်သားငါးကို ပွေ့ပိုက်လျက် တရားထိုင်ဖျာပေါ်သို့ ပြန်သွားလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ နားကို ပိတ်ဆို့ရန် စာရွက်အချို့ကို ရှာဖွေပြီး နားထဲသို့ ထိုးထည့်လိုက်တော့သည်။
မျက်စိကို မှိတ်၊ နားကို ပိတ်ထားပါက မင်း ဘယ်လိုအရာပဲ ဖြစ်ဖြစ် ငါ ဘာမှ မြင်ရ၊ ကြားရတော့မည် မဟုတ်ပေ။
တောက်... တောက်... တောက်...
ထို့နောက်တွင်မူ ကျွန်တော်သည် သစ်သားငါး တီးခတ်ခြင်းထဲ၌သာ လုံးလုံးလျားလျား နစ်မြုပ်နေခဲ့သည်။ ဤအချိန်အတွင်း နာရီကို ရံဖန်ရံခါ လှမ်းကြည့်မိရာ သစ်သားငါး တီးခတ်သံမှာ နာရီ၏ စက္ကန့်တံနှင့်အတူ စည်းချက်ညီစွာ စီးဆင်းနေခဲ့သည်။
နှစ်နာရီ... နှစ်နာရီခွဲ... နှစ်နာရီ မိနစ်လေးဆယ်... သုံးနာရီ... သုံးနာရီ မိနစ်တစ်ဆယ်...
မနက် သုံးနာရီ မိနစ်နှစ်ဆယ် ရောက်သည့်တိုင်အောင် ကျွန်တော် သစ်သားငါးကို ဆက်လက် တီးခတ်နေဆဲ ဖြစ်သည်။ နာရီကို ကြည့်ရင်း ကျွန်တော့်ရင်ထဲတွင် မည်သို့သော ခံစားချက် ဖြစ်ပေါ်နေမှန်း ဖော်ပြ၍မရနိုင်တော့သည်။
‘ဘေးဆိုးကြီးမှ လွတ်မြောက်သွားသည့် ဝမ်းမြောက်မှုလား။ သို့မဟုတ် အကြိမ်ကြိမ် အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရသည့် ထိတ်လန့်ခြောက်ခြားမှုလား။’
ဒေါင်... ဒေါင်... တံခါးခေါက်သံ ထွက်ပေါ်လာသည်။
တံခါးအပြင်ဘက်မှ ဆရာတော်ကြီး လျှောင်ကော်၏ အသံ ထွက်ပေါ်လာခဲ့သည်။
“ဒကလေး အာစိ... မင်း အဆင်ပြေရဲ့လား”
ယခုတစ်ကြိမ်တွင်မူ ကျွန်တော် တံခါးနားသို့ အရင်ချဉ်းကပ်ကာ အခြေအနေကို စောင့်ကြည့်လိုက်သည်။ မနက်သုံးနာရီ ကျော်လွန်သွားခဲ့ပြီ ဖြစ်သဖြင့် ဆရာတော်ကြီး၏ စာရွက်အရ အန္တရာယ်ရှိသော အချိန်မှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ဆရာတော်ကြီး ပြန်လာသည်ကို စောင့်ဆိုင်းရန်သာ လိုအပ်တော့သည် သို့သော်လည်း သတိထားခြင်းက အကောင်းဆုံး ဖြစ်သည်။
တံခါးအဆက်မှတစ်ဆင့် ကျွန်တော် ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ သွေးများ ပေကျံနေသော သင်္ကန်းတစ်ထည် ဖြစ်သည်။ ဆရာတော်ကြီး လျှောင်ကော်၏ ခန္ဓာကိုယ်မှာ အပြင်ဘက်တွင် မောဟိုက်နေပြီး အသက်ရှူသံမှာ အလွန် စိုးရိမ်ရသော အခြေအနေတွင် ရှိနေခဲ့သည်။
သူက အားနည်းသော အသံဖြင့်
“မင်းကို သိမ်တော်ကြီးထဲမှာ တစ်ယောက်တည်း စောင့်ခိုင်းခဲ့ရတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါ့မှာ အခြားရွေးချယ်စရာ မရှိခဲ့ဘူး။ မိစ္ဆာရဲ့ ပစ်မှတ်က မင်းဖြစ်နေလို့ မင်းသာ အပြင်မှာရှိရင် ငါတို့ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
“ကံကောင်းထောက်မစွာနဲ့ ကိစ္စရပ်တွေ ကုန်ဆုံးသွားခဲ့ပြီ။ မင်း ဘေးကင်းနေရင်ပဲ လုံလောက်ပါပြီ” ဟု ပြောသည်။
ကျွန်တော် တံခါးကို အက်ကြောင်းအနည်းငယ်မျှသာ အရင် ဖွင့်လိုက်သည်။ သွေးထွက်လွန်မှုကြောင့် ဖြူဖျော့နေသော ဆရာတော်ကြီး လျှောင်ကော်၏ မျက်နှာကို မြင်လိုက်ရသည့် အခါမှပဲ ကျွန်တော် သက်ပြင်းအရှည်ကြီး ချနိုင်တော့ပြီး တံခါးကို အပြည့်အဝ ဖွင့်ပေးလိုက်တော့သည်။
ဆရာတော်ကြီး လျှောင်ကော်သည် ယိုင်နဲ့သော ခြေလှမ်းများဖြင့် အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ကျွန်တော် ဒဏ်ရာအနာတရ မရှိသည်ကို မြင်တွေ့ရသည့် အခါမှပဲ အားနည်းသော အပြုံးတစ်ခုကို ပြသလိုက်ကာ
“မင်း ငါ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခဲ့ပုံရတယ်”
“ငါ အလွန် ဝမ်းမြောက်မိပါတယ်၊ ဘေးဆိုးကြီး ကြုံတွေ့နေရတဲ့ အချိန်အတွင်း မင်း ဘယ်သူ့ကိုမှ တံခါးမဖွင့်ပေးခဲ့ဘူးပဲ” ဟု ဆိုသည်။
ကျွန်တော်က ညည်းတွားလိုက်မိသည်။
“သီသီလေးဗျာ၊ ကျွန်တော် တံခါးဖွင့်ပေးမိတော့မလို့”
“အဲဒီအရာက တကယ်ပဲ ကောက်ကျစ်လွန်းတယ်၊ သူ ကိုရင်လေး ကျန့်ချူရဲ့ အသွင်တင်မကဘဲ ဆရာတော်ကြီးရဲ့ အသွင်ကိုပါ ယူပြီး ကျွန်တော့်ကို လာလှည့်စားခဲ့တာ”
“ဒါနဲ့ ဆရာတော်ကြီး... ဘေးဆိုးကြီး ကျော်လွန်သွားပြီဆိုတော့ ကျွန်တော့်ပေါ်က သေခြင်းတရားဘေးဆိုးကလည်း ပြေပျောက်သွားပြီမလား”
လျှောင်ကော်က လက်အုပ်ချီကာ ပြုံးလျက်—
“ဂုဏ်ယူပါတယ် ဒကာလေး”
“အခုဆိုရင် မင်းရဲ့ မျက်ခုံးကြားက သေမင်းရဲ့ အရိပ်အယောင်တွေ ကွယ်ပျောက်သွားခဲ့ပြီ၊ မင်းရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်က ယင်ဓာတ် (မိစ္ဆာဓာတ်) တွေကလည်း အလိုအလျောက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တယ်”
“မိစ္ဆာလက်ထပ်စာချုပ် ပြေပျောက်သွားခဲ့ပါပြီ” ဟု ဆိုသည်။
ကျွန်တော့်ကို ရက်အနည်းငယ်မျှ နှိပ်စက်ခဲ့သော မိစ္ဆာလက်ထပ်စာချုပ်မှာ နောက်ဆုံးတွင် ပြေပျောက်သွားခဲ့ပြီ ဖြစ်သည်။ ဤရလဒ်မှာ မျှော်လင့်ထားခဲ့သော်လည်း အမှန်တကယ် ဖြစ်လာသည့်အခါတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေခဲ့ရသည်။
ပြေပျောက်သွားပြီလား။ ဒါဆိုရင် ကျွန်တော် ကျောင်းပြန်တက်လို့ ရပြီပေါ့။ အဲဒီ ညစ်ပတ်တဲ့ အရာတွေကို ထပ်ပြီး မြင်တွေ့ရတော့မှာ မဟုတ်ဘူး၊ နောက်ဆုံးတော့ ကျွန်တော် သာမန်လူတစ်ယောက် ပြန်ဖြစ်နိုင်ခဲ့ပြီ။
ကျွန်တော် လေပူတစ်ချက်ကို အဝေးသို့ မှုတ်ထုတ်လိုက်ပြီး တရားထိုင်ဖျာပေါ်သို့ ထပ်မံ သွားရောက်ကာ ဒူးထောက်လိုက်သည်။ ရွှေချထားသော ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ရှေ့မှောက်တွင် ဦးခေါင်းကို ကြမ်းပြင်နှင့် ထိကပ်၍ ခပ်ပြင်းပြင်း သုံးကြိမ် ကန်တော့ကာ ကျေးဇူးတင်ကြောင်း ကိုဖော်ပြလိုက်မိသည်။
ချင်းလုံကျောင်းတိုက်က ကျွန်တော့်ကို ကယ်တင်ခဲ့သည်မှာ သေချာပါသည်၊ ဆရာကြီး လျှောင်ကော်က ကျွန်တော့်ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ ချင်းလုံကျောင်းတိုက်ကြီးသည် ယခုအခါ သရဲကျောင်းတိုက်ကြီး ဖြစ်နေခဲ့သည့်တိုင်အောင်... အတွင်းရှိ ရဟန်းများတွင် သရဲတစ္ဆေ အသွင်အပြင် အနည်းငယ်မျှ ရှိပါသလော။ ၎င်းတို့သည် အပြင်ဘက်ရှိ လူအချို့ထက်ပင် ပို၍ လူဆန်နေကြသေးသည်။
ရှူး...
အပြင်ဘက်မှ လေညှင်းတစ်ချက် သိမ်တော်ကြီးအတွင်းသို့ တိုက်ခတ်လာခဲ့သည်။ ဤလေ၏ အားပမာဏမှာ အလွန် ညင်သာပြီး အေးစိမ့်ခြင်း လုံးဝမရှိပေ။ သို့သော်လည်း ၎င်းက သိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဦးခေါင်းတော်ပေါ်တွင် ဖုံးအုပ်ထားသော အနီရောင်ပိတ်စကို ပါးနပ်စွာ တိုက်ခတ် လွင့်စင်သွားစေခဲ့သည်။
ဖျတ်...
အနီရောင်ပိတ်စမှာ ကျွန်တော့်ရှေ့တည့်တည့်သို့ ကျရောက်လာခဲ့သည်။ ကျွန်တော် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်မိသည်၊ ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဦးခေါင်းတော်ကို ဘာဖြစ်လို့ အနီရောင်ပိတ်စနဲ့ ဖုံးအုပ်ထားရတာလဲ။
ထို့ကြောင့် ကျွန်တော် မော့ကြည့်လိုက်မိသည်။
ရုတ်တရက်... ကျွန်တော့်ရဲ့ ခန္ဓာကိုယ်နဲ့ ခြေလက်အင်္ဂါတွေ... လက်ချောင်းလေးတွေအပါအဝင်... ရေခဲတုံးကြီးလို တောင့်တင်းသွားခဲ့ရသည်။
ဗုဒ္ဓရုပ်ပွားတော်ကြီးတွင် ဦးခေါင်းတော် မရှိချေ။ ဦးခေါင်းတော်မှာ တစ်စုံတစ်ယောက်၏ ဖြတ်တောက်ခြင်းကို ခံထားရသကဲ့သို့ လည်ပင်းနေရာတွင် ကွက်လပ်ကြီး ဖြစ်နေခဲ့သည်။
ထိုထက် ပို၍ ဆိုးသည်မှာ ထိုလည်ပင်းနေရာပေါ်တွင် အရာတစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ လူတစ်ယောက် ဖြစ်သည်ု။
လျှောင်ကော်သည် စိုက်ကြည့်နေသော မျက်ဝန်းအစုံ၊ အလွန်အမင်း ပုံပျက်ပန်းပျက် ဖြစ်နေသော ခြေလက်များဖြင့် ထိုနေရာတွင် တင်ပလ္လင်ခွေ ထိုင်နေခဲ့သည်... လတ်ဆတ်သော သွေးများက သူ၏ မျက်နှာမှတစ်ဆင့် လည်ပင်းဆီသို့ စီးကျနေခဲ့သည်။
တောက်... တောက်...
ဗုဒ္ဓရုပ်ပွားတော်ကြီး၏ လည်ပင်းပေါ်တွင် ရှိနေသောသူမှာ ဆရာတော်ကြီး လျှောင်ကော် ဖြစ်သည်။
ဆရာတော်ကြီး လျှောင်ကော် သေဆုံးသွားခဲ့ပြီ။ သူ၏ အလောင်းက ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
တစ်ညလုံး ကြားနေရသော ရေစက်ကျသံမှာ ဆရာတော်ကြီး လျှောင်ကော်၏ သွေးများ စီးကျနေသည့် အသံ ဖြစ်နေခဲ့သည်။
ဆရာတော်ကြီး လျှောင်ကော်၏ အလောင်းသည် အစကတည်းက၊ တစ်ညလုံး ကျွန်တော်နှင့်အတူ တစ်ခန်းတည်းတွင် ရှိနေခဲ့ခြင်းလော။ သို့မဟုတ်ပါက အနည်းဆုံး ကျွန်တော် ဤသိမ်တော်ကြီးအတွင်းသို့ ဝင်ရောက်လာကတည်းက လျှောင်ကော်၏ အလောင်းမှာ ထိုနေရာတွင် ရှိနေခဲ့ပြီး ဖြစ်သည်။
အကယ်၍ ဆရာတော်ကြီး လျှောင်ကော် သေဆုံးသွားခဲ့ပြီဆိုလျှင်... အခု ကျွန်တော့်အနောက်မှာ ရပ်နေတဲ့သူက ဘယ်သူလဲ။
ကျွန်တော် အခုလေးတင် တံခါးဖွင့်ပြီး အထဲကို ပေးဝင်လိုက်တဲ့သူက ဘယ်သူလဲ။
ဒါဆိုရင် တစ်ညလုံး ကျွန်တော် ကြုံတွေ့နေခဲ့ရတဲ့သူက ဘယ်သူလဲ။
ကျွန်တော် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသဖြင့် ဗာဟီရဖြစ်ကာ ငေးမှိုင်သွားမိစဉ်... ညာဘက်မျက်လုံးမှ ပူလောင်သော ခံစားချက်က ကျွန်တော့်ကို သတိပြန်ဝင်လာစေခဲ့သည်။ တောင့်တင်းအေးစိမ့်နေသော ခန္ဓာကိုယ်ကို အတင်းအဓမ္မ ထိန်းချုပ်ကာ ခေါင်းကို လှည့်၍ နောက်သို့ လှမ်းကြည့်လိုက်မိသည်။
နံရံဘေးတွင် ရပ်နေသော လျှောင်ကော်ကို ကျွန်တော် မြင်တွေ့လိုက်ရသည်။
သူ၏ ခြောက်သွေ့တွန့်လိမ်နေသော မျက်နှာက ကျွန်တော့်ကို ကြင်နာစွာ စိုက်ကြည့်နေခဲ့သည်...
တစ်ချိန်တည်းမှာပင် သူ၏ လက်ချောင်းငါးချောင်းက နံရံပေါ်တွင် ရေးသားထားသော တရားစာတစ်ပုဒ်ကို အတင်း ဆွဲဖြဲဖျက်ဆီးပစ်နေခဲ့သည်။