အခန်း ၂၆ ဆရာတော်ကြီး လျှောင်ကော်၏ နောက်ဆုံးမျှော်လင့်ချက်
ချင်းလုံကျောင်းတိုက် သိမ်တော်ကြီးအတွင်းရှိ တရားထိုင်ဖျာပေါ်တွင် ပစ္စည်းသုံးမျိုး တင်ထားသည်ကို တွေ့ရသည်။ ၎င်းတို့မှာ ဟင်္သာပြဒါးနီ တရားစာများ ရေးသားထားသော စာရွက်အချို့၊ ပျစ်ချွဲနေသော အနီရောင်အရည်များ ထည့်ထားသည့် ခွက်တစ်ခွက်နှင့် စုတ်တံတစ်ချောင်း တို့ ဖြစ်ကြသည်။
ထို့အပြင် ပြောင်လက်နေသော အညိုရင့်ရောင် သစ်သားငါးတစ်လုံးနှင့် စာသားအနည်းငယ်သာ ရေးသားထားသော စာရွက်တစ်ရွက်လည်း ရှိနေသည်။
ကျွန်တော်သည် ထိုတရားစာများကို နားမလည်သည့်အပြင် သစ်သားဓါး၏ တိကျသော အသုံးဝင်ပုံကိုလည်း မသိရှိသဖြင့် စာသားအနည်းငယ်သာ ရေးသားထားသော ထိုစာရွက်ဆီသို့သာ အာရုံပြောင်းလိုက်ရသည်။
ကျွန်တော် စာရွက်ကို ကောက်ယူကာ အမြန် ဖတ်ရှုလိုက်မိသည်။
“ကြီးမားသော အပြစ်ရှိသူ လျှောင်ကော် ချန်ထားခဲ့သောစာ- မင်း ဒီစာကို မြင်ရတဲ့အချိန်မှာ ငါ သေဆုံးသွားခဲ့ပြီ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်လာမယ့် ကိစ္စရပ်တွေကို မင်း ရင်ထဲမှာ မြဲမြံစွာ မှတ်သားထားရမယ်။ ဒါက မင်းရဲ့ သေခြင်းတရားဘေးဆိုးကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ ဖြစ်တယ်”
“မင်း ချင်းလုံကျောင်းတိုက်ကို ပထမဆုံး ရောက်ရှိလာကတည်းက ဒီရဟန်းအိုဟာ မင်းရဲ့ လိုအပ်ချက်ကို သိရှိပြီး ပထမဆုံး ပြင်ဆင်မှုတွေကို ချက်ချင်း စတင်ခဲ့တာ ဖြစ်တယ်။ မင်းဘေးက ရှိနေတဲ့အရာက လုံးဝ မရိုးရှင်းဘူး။ သူ ဘာကောင်လဲဆိုတာ ငါ အသေအချာ မမြင်နိုင်ပေမဲ့ သူက အလွန်အမင်း အန္တရာယ်များတယ်”
“မင်း ကျောင်းတိုက်ကို ရောက်တဲ့နေ့က သူ မင်းရဲ့နောက်ကနေ အနီးကပ် လိုက်ပါလာခဲ့တယ်။ ဒါကလည်း ငါတို့ မင်းကို တံခါးချက်ချင်း မဖွင့်ပေးရတဲ့ အကြောင်းရင်းပဲ။ သူ ရုတ်တရက် ပျောက်ကွယ်သွားပြီးတဲ့ အခါမှပဲ ငါတို့ တံခါးဖွင့်ပေးရဲခဲ့တာ။ ချင်းလုံကျောင်းတိုက်ကို မြတ်စွာဘုရားက ကာကွယ် စောင့်ရှောက်ထားပေမဲ့ ဒါဟာ တံခါးပိတ်ထားတဲ့ အချိန်မှာပဲ အကျုံးဝင်တယ်။ သေခြင်းတရားဘေးဆိုးကြီး မကျရောက်ခင်အထိ ချင်းလုံကျောင်းတိုက်က မင်းကို ကာကွယ်ပေးနိုင်လိမ့်မယ်”
“ဒါပေမဲ့ (၁၄) ရက်နေ့ည ဘေးဆိုးကြီး စတင်တဲ့အချိန်မှာတော့ ချင်းလုံကျောင်းတိုက်ကြီးဟာလည်း အဲဒီအရာကို တားဆီးနိုင်တော့မှာ မဟုတ်ဘူး။ (၁၄) ရက်နေ့ ညတစ်ဆယ့်နှစ်နာရီ ကျော်လွန်ပြီးနောက်မှာ မင်းရဲ့အသက်ကို ကာကွယ်ဖို့က ကောင်းကင်ဘုံကို တက်လှမ်းရသလို ခက်ခဲလိမ့်မယ်။ ဒါကြောင့် ဒီရဟန်းအိုဟာ သူ့ရဲ့ သက်တမ်းကုန်ခါနီး ဘဝကို လောင်းကြေးထပ်ပြီး မင်းအတွက် ရှင်သန်နိုင်မယ့် မျှော်လင့်ချက်ရောင်ခြည် အနည်းငယ်ကို တိုက်ယူပေးသွားမယ်”
“မိစ္ဆာလက်ထပ်စာချုပ်ကို ချေဖျက်မယ့် နည်းလမ်းကိုတော့ လွန်ခဲ့တဲ့ အနှစ်လေးဆယ်က အလောင်းကောက်သမားတစ်ယောက်ဆီကနေ ဒီရဟန်းအို တိုက်တိုက်ဆိုင်ဆိုင် ကြားသိခဲ့ရတာ ဖြစ်တယ်။ ဒါကပဲ မင်း ငါ့ကို လာရှာရတဲ့ အကြောင်းရင်း ဖြစ်လိမ့်မယ်။ ကံကြမ္မာရဲ့ အလှည့်အပြောင်းက တကယ်ပဲ ဆန်းကြယ်လှပေတယ်”
“မိစ္ဆာလက်ထပ်စာချုပ်ဆိုတာ နောက်ဆုံးတော့ လက်ထပ်စာချုပ်တစ်ခုပဲ ဖြစ်တယ်၊ ဒါပေမဲ့ လက်ထပ်ရမယ့် အရာကတော့ ယင်နဲ့ယန် (လူနဲ့သရဲ) တို့ရဲ့ ဆုံစည်းမှု ဖြစ်တယ်။ လက်ထပ်ပွဲလို့ ခေါ်ဝေါ်တဲ့အတွက် လင်မယားအဖြစ် ကန်တော့တဲ့ အခမ်းအနားကို ဖြတ်သန်းရမှာဖြစ်ပြီး မိစ္ဆာလက်ထပ်စာချုပ်မှာလည်း သက်ဆိုင်တဲ့ မရှိမဖြစ် လိုအပ်ချက်တစ်ခု ရှိတယ်၊ အဲဒါကတော့ ‘ကတိသစ္စာ’ ပဲ ဖြစ်တယ်”
“ကတိသစ္စာ ဆိုတာကတော့ နှစ်ဦးနှစ်ဖက်စလုံး အမှတ်တရလက်ဆောင် ပစ္စည်းတွေကို လဲလှယ်ပြီး မိစ္ဆာလက်ထပ်စာချုပ်ကို လုံးဝ အတည်ပြုလိုက်တာ ဖြစ်တယ်။ ကတိသစ္စာ ပြီးမြောက်သွားတာနဲ့ အဲဒီမိစ္ဆာလက်ထပ်စာချုပ်က ဘယ်လိုမှ ပြောင်းလဲလို့ မရတော့ဘူး။ ဒါကြောင့် မင်း ဒီစာကို မြင်တဲ့အချိန်ကစပြီး အသေအချာ မှတ်ထားပါ”
“မင်းကို မည်သူကပဲ ပစ္စည်းတစ်ခုခု ပေးပေး၊ ဒါမှမဟုတ် မင်းရဲ့ရှေ့မှာ ဘယ်အရာပဲ ပေါ်လာပေါ်လာ၊ လုံးဝ မထိတွေ့ပါနဲ့၊ လုံးဝ လက်မခံပါနဲ့။ အရာရာမှာ သတိကြီးကြီးထားပါ။ သူက ကတိသစ္စာ ပြီးမြောက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလိမ့်မယ်။ ကတိသစ္စာ ပြီးမြောက်သွားတာနဲ့ သူ မင်းရဲ့အသက်ကို ယူလိမ့်မယ်”
“အရာရာဟာ သုံးကြိမ်ထက်မက မဖြစ်နိုင်ဘူး ဆိုသလိုပဲ၊ ညတစ်ဆယ့်နှစ်နာရီကနေ မနက်သုံးနာရီအထိ အချိန်က မင်းရဲ့ ဘေးဆိုး အချိန်ဖြစ်ပြီး သူ ပေါ်လာမယ့် အချိန်လည်း ဖြစ်တယ်။ မနက်သုံးနာရီ ကျော်လွန်သွားတဲ့အထိ ကတိသစ္စာ မပြီးမြောက်သေးဘူးဆိုရင် မိစ္ဆာလက်ထပ်စာချုပ်ရဲ့ ဘေးဆိုးကြီးက ပြေပျောက်သွားလိမ့်မယ်”
“ဒီရဟန်းအိုဟာ သိမ်တော်ကြီးတစ်ခုလုံးမှာ ဟင်္သာပြဒါးတွေနဲ့ မြတ်စွာဘုရားရဲ့ တရားစာတွေကို ရေးသားထားခဲ့ပြီးပြီ၊ ဒါပေမဲ့ ဒါက ပထမဆုံး ခံစစ်တံတိုင်းမျှသာ ဖြစ်တယ်။ အဲဒီအချိန်မှာ ဒီရဟန်းအိုနဲ့ တခြားရဟန်းတွေက မင်းအတွက် သူ့ကို အပြင်မှာ တားဆီးထားပေးလိမ့်မယ်”
“တရားထိုင်ဖျာပေါ်မှာ တရားစာတွေ ရေးထားတဲ့ စာရွက်သုံးရွက် ရှိတယ်။ စာကို ဖတ်ပြီးတာနဲ့ ဘေးက ဟင်္သာပြဒါးမှင်ကို အသုံးပြုပြီး သိမ်တော်ကြီးတစ်ခုလုံးကို လုံးဝ ပိတ်ဆို့နိုင်ဖို့ တံခါးချပ်တွေရဲ့ အဆက်အဟဟူသမျှမှာ အဲဒီတရားစာတွေကို ချက်ချင်း ကူးရေးပါ၊ ဒါက ဒုတိယ ခံစစ်တံတိုင်း ဖြစ်တယ်”
“တရားထိုင်ဖျာပေါ်မှာ သစ်သားငါးတစ်လုံးလည်း ရှိသေးတယ်၊ ဒါက တတိယ ခံစစ်တံတိုင်း ဖြစ်တယ်။ ဒီသစ်သားငါးက ချင်းလုံကျောင်းတိုက်ကို စတင်တည်ထောင်ကတည်းက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ရှေ့မှောက်မှာ ပူဇော်လာခဲ့တာ ဖြစ်တယ်။ သစ်သားငါးအသံ ထွက်ပေါ်နေသရွေ့ မကောင်းဆိုးဝါးတွေ အထဲကို မဝင်ရောက်နိုင်ဘူး။ ဒကာလေး... မနက်သုံးနာရီကျော်လို့ သေဘေးဆိုးကြီး ပြီးဆုံးသွားတဲ့အထိ၊ ပြီးတော့ ဒီရဟန်းအို ပြန်ရောက်မလာမချင်း သစ်သားငါးကို မရပ်မနား တီးခတ်နေပါ”
“အကယ်၍ မနက်သုံးနာရီကျော်လို့မှ ဒီရဟန်းအို ပြန်မရောက်လာခဲ့ရင် ချင်းလုံကျောင်းတိုက်ကနေ ချက်ချင်း ထွက်ခွာသွားပါ”
“နောက်ဆုံးတစ်ခုအနေနဲ့ ကျေးဇူးပြုပြီး မှတ်ထားပါ ဒကာလေး... မည်သူ့ကိုမှ မယုံကြည်ပါနဲ့...”
စာသားမှာ ထိုနေရာတွင်တင် ပြတ်တောက်သွားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် စာရွက်၏ ထောင့်စွန်းတစ်ခုမှာ စုတ်ပြဲပျောက်ဆုံးနေသောကြောင့် ဖြစ်သည်။ အလွန်ထူးဆန်းလှသည်၊ နောက်ဆုံးက “မှတ်ထားပါ” ဆိုသည်မှာ ဘာကို ရည်ညွှန်းမှန်း ကျွန်တော် မသိရပေ။
တောက်... အရေးအကြီးဆုံး အစိတ်အပိုင်းကျမှ ပျောက်ဆုံးနေရတယ်လို့။
သို့သော်လည်း ယေဘုယျ အကြောင်းအရာကိုမူ ရှင်းလင်းစွာ သဘောပေါက်လိုက်ပြီ ဖြစ်သည်။
ဆရာကြီး လျှောင်ကော်သည် ကျွန်တော့်၏ သေခြင်းတရားအတွက် အစကတည်းက ကြိုတင်ပြင်ဆင်ပေးနေခဲ့ခြင်း ဖြစ်သည်။ ဤသိမ်တော်ကြီးတစ်ခုလုံးတွင် တရားစာများ ပြည့်နှက်နေအောင် သူ မည်မျှ အချိန်ပေးပြီး ရေးသားခဲ့ရသည်ကို ကျွန်တော် မခန့်မှန်းနိုင်တော့ပေ။
ဤစာရွက်မှာလည်း သူ ကြိုတင်ချန်ထားခဲ့ခြင်း ဖြစ်မှာ သေချာသည်။ ပန်းပွင့်ရောင်အကျီ ဝတ်ဆင်ထားသော အဖွားကြီး ရောက်လာလိမ့်မည်ကိုပင် သူ ကြိုတင်သိရှိနေခဲ့ပုံရသည်။
သွေးများပေကျံနေသည့်ကြားက ခေါင်းလောင်းကြီးကို အစွမ်းကုန် တီးခတ်ပေးနေခဲ့သော ဆရာကြီး လျှောင်ကော်ကို တွေးမိသည့်အခါ ကျွန်တော့်ရင်ထဲတွင် အလွန် စိတ်မကောင်းဖြစ်ရသည်။
ကျွန်တော်သည် သူစိမ်းတစ်ယောက်မျှသာ ဖြစ်သော်လည်း ချင်းလုံကျောင်းတိုက်သည် ကျောင်းတိုက်တစ်ခုလုံး၏ အင်အားကို အသုံးပြု၍ ကျွန်တော့်ကို ကယ်တင်ရန် ကြိုးပမ်းပေးခဲ့ကြသည်။
ကျွန်တော် မည်သို့လျှင် ပေါ့ဆရဲပါမည်နည်း။
ကျွန်တော် မိမိပါးကို မိမိ ခပ်ပြင်းပြင်းတစ်ချက် ရိုက်လိုက်ပြီး ရင်ထဲရှိ ကြောက်ရွံ့မှုများနှင့် ဇဝေဇဝါဖြစ်မှုများကို မောင်းထုတ်လိုက်ရာ ကျွန်တော့်၏ အကြည့်များမှာ တစ်ဖက်တွင် ပြန်လည် ရှင်းလင်းပြတ်သားပြီး ခိုင်မာလာခဲ့သည်။
ကျွန်တော် ဆရာတော်ကြီး လျှောင်ကော်၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့သည်။
သိမ်တော်ကြီး၏ တံခါးများကို ပိတ်လိုက်ပြီး တရားစာများ ပြည့်နှက်နေသော စာရွက်သုံးရွက်ကို ကောက်ယူကာ တံခါးအဆက်များတွင် ကူးရေးရန် ပြင်ဆင်လိုက်သည်။
ယခုအခါ သိမ်တော်ကြီးတစ်ခုလုံးတွင် တရားစာများ မရှိသေးသည့် တစ်ခုတည်းသော နေရာမှာ တံခါးများ ပိတ်ဆို့ထားသည့် အဆက်အဟများသာ ဖြစ်ပြီး အခြားနေရာအားလုံး၊ ပြတင်းပေါက် အဆက်အဟများတွင်ပင် တရားစာများ ရှိနေခဲ့ပြီးဖြစ်သည်။
ဆရာတော်ကြီး လျှောင်ကော်၏ စကားအရ ထိုတံခါးအဆက်များတွင် တရားစာများကို ကူးရေးလိုက်ပါက သိမ်တော်ကြီးကို လုံးဝ ပိတ်ဆို့နိုင်မည် ဖြစ်သည်။
စုတ်တံပေါ်တွင် ဟင်္သာပြဒါးမှင်အချို့ ကျန်ရှိနေသေးသဖြင့် ၎င်းကိုပင် တိုက်ရိုက်အသုံးပြု၍ စတင်ရေးသားလိုက်သည်။
ဟင်္သာပြဒါးမှင်၏ ခံစားချက်မှာ သာမန်မှင်များနှင့် အလွန်ကွဲပြားပြီး ပျစ်ချွဲကာ လေးလံလှသည်၊ ၎င်း၏ အနက်ရောင်နှင့် ရောယှက်နေသော ရဲရဲနီသည့် အရောင်မှာလည်း အလွန်ထူးဆန်းနေခဲ့သည်။
သေဘေးဆိုးကြီးက စတင်နေပြီ ဖြစ်သည်။ ဆရာတော်ကြီး လျှောင်ကော်နှင့် ရဟန်းများ အပြင်တွင် ရှိနေကြသော်လည်း ကျွန်တော့်တွင် အချိန်အများကြီး မရှိပေ။ သူ၏ ရည်မှန်းချက်က ကျွန်တော် ဖြစ်သဖြင့် အချိန်ကြာလာသည်နှင့်အမျှ သူ ပိုမို စိတ်လောလာလိမ့်မည်။
ထို့ကြောင့် ကျွန်တော် အရှိန်မြှင့်ရမည်။
ကံကောင်းထောက်မစွာဖြင့် ကျွန်တော်သည် ငယ်စဉ်ကတည်းက စာလုံးကြီးများ ရေးဆွဲခြင်းကို ဝါသနာပါခဲ့ပြီး ရွာထဲရှိ စာတန်းကြီးများ ရေးသားတတ်သော အဘိုးကြီးများနှင့်အတူ စုတ်တံကို အကြိမ်အနည်းငယ် ကိုင်တွယ်ဖူးခဲ့သည်။ ကျွန်တော့်လက်ရေးမှာ ဆရာတော်ကြီး လျှောင်ကော်ကဲ့သို့ ခန့်ညားထည်ဝါခြင်း မရှိသော်လည်း ရေးသားသည့် အရှိန်မှာမူ နှေးကွေးမှုမရှိအောင် ရေးရသည်။
ဆရာတော်ကြီး လျှောင်ကော်၏ ကြိုတင်ရေးသားချက်များအရ စာရွက်သုံးရွက်ကို အပိုင်းသုံးပိုင်း ခွဲခြား၍ တံခါးအဆက်များကို အပေါ်၊ အလယ်၊ အောက် ဟု အဆင့်ဆင့် ပိတ်ဆို့ရေးသားရမည် ဖြစ်သည်။
ကျွန်တော် အပေါ်ဆုံးပိုင်းမှ စတင် ရေးသားခဲ့သည်။ အပေါ်ဆုံးပိုင်းကို ရေးသားပြီးစီးချိန်တွင် ကျွန်တော့်ဦးခေါင်းတွင် ချွေးစေးများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်။
‘မပူပန်ဘူး၊ မကြောက်ဘူးဟု ပြောလျှင် လိမ်ညာရာ ရောက်ပေလိမ့်မည်။ ဤသိမ်တော်ကြီးထဲသို့ ဝင်ရောက်လာကတည်းက အပြင်ဘက်တွင် မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ခြင်းမရှိတော့သည်။
ကျွန်တော် မကြားရခြင်း ဖြစ်သလော သို့မဟုတ် အပြင်တွင် အမှန်တကယ်ပဲ လှုပ်ရှားမှုမရှိခြင်းလော မသိရပေ။အပြင်ဘက်တွင် တစ်ခုခု လှုပ်ရှားနေသည့် အသံကို ကြားရခြင်းကမှ ပို၍ ကောင်းဦးမည်၊ ဤကဲ့သို့ သေမင်းတမျှ တိတ်ဆိတ်ငြိမ်သက်နေခြင်းက လူကို ပိုမို နှိပ်စက်ပြီး ကြောက်လန့်စေသည်။ တစ်ချိန်ချိန်တွင် တံခါးကြီး ရုတ်တရက် ကန်ဖွင့်ခံရလေမလားဟု စိုးရိမ်နေမိသည်။’
ကျွန်တော် အလယ်ပိုင်းကို စတင်ကူးရေးသည်။ ဤနေရာတွင် လုပ်ငန်းစဉ်က အလွန်ချောမွေ့နေပြီး ၎င်းကို ရေးသားပြီးစီးပါက သစ်သားငါးကို စတင် တီးခတ်နိုင်ပြီ ဖြစ်သည်။
ဖတ်ရခက်ပြီး ထူးဆန်းသော အက္ခရာများရှိသည့် တရားစာများကို ကျွန်တော့်လက်ဖြင့် တံခါးချပ်များပေါ်သို့ တစ်လုံးချင်းစီ ရိုက်နှိပ် ရေးသားနေခဲ့သည်။ ဟင်္သာပြဒါး၏ နီရဲသောအရောင်က စိတ်ကို ဘေးကင်းလုံခြုံမှု အပြည့်အဝ ပေးစွမ်းနိုင်ခဲ့သည်။ တရားစာများကို ကူးရေးနေသော ကျွန်တော့်လက်ဖဝါးတစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေခဲ့ပြီ ဖြစ်သည်။
တရားစာများက ရှုပ်ထွေးလွန်း၍သော်လည်းကောင်း၊ သို့မဟုတ် အခြေအနေက တင်းမာလွန်း၍သော်လည်းကောင်း ဖြစ်နိုင်သည်။
ကျွန်တော်သည် မိမိလက်ကို တည်ငြိမ်အောင်သာ အတတ်နိုင်ဆုံး ကြိုးစားထိန်းချုပ်နေရသည်။ ယခုအချိန်တွင် ကြောက်ရွံ့နေခြင်းက အပိုဖြစ်ပြီး မိမိကိုယ်ကိုယ် သေတွင်းထဲသို့ ပိုမိုတွန်းပို့ရာ ရောက်လိမ့်မည်။ အကယ်၍ လက်များ တုန်ရင်လာပါက တရားစာများကို အကောင်းဆုံး ကူးရေးနိုင်တော့မည် မဟုတ်ပေ။
“ဟူး... ဟူး...”
ကျွန်တော် ခန္ဓာကိုယ်၏ တောင့်တင်းမှုနှင့် တင်းမာမှုများကို လျှော့ချရန် အသက်ရှူနှုန်းကို ညှိယူလိုက်သည်။
ကျွန်တော် အလယ်ပိုင်း တရားစာများကို တစ်ဝက်ခန့် ကူးရေးပြီးချိန်တွင် အပြင်ဘက်၌ တစ်စုံတစ်ခု လှုပ်ရှားလာသည့် အသံကို ကြားလိုက်ရသည်။
“ဖျတ်... ဖျတ်... ဖျတ်...”
ကျွန်တော့်လက်များ ထိန်းမရအောင် တုန်ရင်သွားခဲ့သည်။ ‘ဤလှုပ်ရှားမှုအသံမှာ ကောင်းသောလက္ခဏာ မဟုတ်ပေ။
၎င်းမှာ ခြေသံများ ဖြစ်သည်၊ သို့သော် ဆရာတော်ကြီး လျှောင်ကော်၏ ခြေသံမဟုတ်သလို အမျိုးသားတစ်ဦး၏ ခြေသံနှင့်လည်း လုံးဝ မတူပေ။’
ထိုခြေသံများမှာ ညင်သာပြီး နှေးကွေးလွန်းလှရာ... အမျိုးသမီးတစ်ဦး၏ ခြေသံနှင့် ပို၍ တူနေခဲ့သည်။