အခန်း ၂၅ ဘယ်သူက သရဲလဲ
ကိုရင်လေး ကျန့်ချူ၏ စကားကြောင့် ကျွန်တော့်ခြေလှမ်းများ လုံးဝ ရှေ့သို့ဆက်မလှမ်း နိုင်တော့ဘဲ ရပ်တန့်သွားခဲ့သည်။
ကျွန်တော့်မျက်လုံးများကိုမူ ဆရာတော်ကြီး လျှောင်ကော်က အုပ်ပိတ်ထားဆဲ ဖြစ်သည်။ သို့သော် ကိုရင်လေး ကျန့်ချူ၏ စကားလုံးများက အပ်နှင့် ထိုးဆွလိုက်သကဲ့သို့ ကျွန်တော့်နှလုံးသားကို စူးဝင်သွားပြီး သတိဝင်လာစေခဲ့သည်။
‘အမျိုးသမီးတစ်ယောက် ဟုတ်လား။ ကျွန်တော့်ဘေးကလူက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကျွန်တော်က အမျိုးသမီးတစ်ယောက်နောက်ကို လိုက်သွားနေတာလို့ သူက ပြောတာလား။
ဒါ ဘယ်လိုပြက်လုံးမျိုးလဲ။ ချင်းလုံကျောင်းတိုက်ထဲမှာ အမျိုးသမီးတစ်ယောက် ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ။ ကျွန်တော့်ဘေးမှာ ရှိနေတာ ဆရာတော်ကြီး လျှောင်ကော် မဟုတ်ဘူးလား။’
ကျွန်တော့်မျက်လုံးများကို အုပ်ထားသော လျှောင်ကော်က ကျွန်တော့်ခန္ဓာကိုယ်ကို လှုပ်ခါပြီး “နားမထောင်နဲ့။ အဲဒီအကောင်တွေရဲ့ သရဲစကားတွေကို မယုံနဲ့။ ဘယ်အသံကိုမှ အာရုံမစိုက်ဖို့ ငါ မင်းကို ပြောထားတယ် မဟုတ်လား။ သေခြင်းတရားဘေးဆိုးကြီး စတင်နေပြီ၊ ငါတို့ ဒီနေရာကနေ ချက်ချင်း ထွက်သွားရမယ်။ ရဟန်းတွေက သူတို့ကို ခဏ တားဆီးပေးထားလိမ့်မယ်၊ ငါတို့ အမြန်သွားကြစို့” ဟု စိုးရိမ်တကြီး ပြောသည်။
ကျွန်တော့်အနောက်ဘက်ရှိ လျှောင်ကော်ကမူ အားနည်းသောအသံဖြင့် “ရပ်လိုက်စမ်း။ ကျန်းအာစိ... မင်း သွားလို့မရဘူး။ မင်း သူ့နောက်ကို လိုက်မသွားနဲ့။ သူက မင်းရဲ့ သေခြင်းတရားပဲ။ မင်း အသက်ဆုံးရှုံးလိမ့်မယ်” ဟု အော်ဟစ်သည်။
ကိုရင်လေး ကျန့်ချူကလည်း ကြားညှပ်၍ “အဲဒီအမျိုးသမီးက ပုံမှန်မဟုတ်ဘူး၊ ကျန်းအာစိ... သူ့ဆီကနေ အမြန်ရုန်းထွက်။ ချက်ချင်း ပြန်လာခဲ့” ဟု ဆော်ဩပြန်သည်။
ကျွန်တော့်ဘေးရှိ လျှောင်ကော်ကလည်း “မြန်မြန်သွား။ ဒီအသံတွေကို အာရုံမစိုက်နဲ့၊ သူတို့က မင်းကို လှည့်စားနေကြတာ” ဟု ငေါက်ငမ်းပြန်သည်။
‘ဤအခြေအနေတွင် ကျွန်တော့်ရင်ထဲ၌ ဝေခွဲမရဘဲ စိုးရိမ်စိတ်များ လွန်ကဲလာခဲ့သည်။ ကျွန်တော် ဘယ်သူ့ကို ယုံရမည်နည်း။’
အနောက်ဘက်မှ လျှောင်ကော်နှင့် ကိုရင်လေး ကျန့်ချူတို့က ကျွန်တော့်ဘေးက လျှောင်ကော်တွင် ပြဿနာရှိနေသည်ဟု အခိုင်အမာ ပြောနေကြသည်။ သို့သော် ကျွန်တော့်ဘေးက လျှောင်ကော်ကမူ ထိုအသံများကို လှည့်စားမှုများဟု ဆိုကာ လျစ်လျူရှုခိုင်းနေသည်။
ဘယ်သူက ပြဿနာရှိနေသူ ဖြစ်သနည်း။
ကျွန်တော် နှစ်ဖက်ညှပ်ပြီး စိတ်ဒုက္ခရောက်နေစဉ်မှာပင် အခြားသော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။
“ကလေး... အမြန်လာခဲ့။ မင်းဘေးက အကောင်က မသန့်ရှင်းဘူး”
၎င်းမှာ ပန်းပွင့်ရောင်အကျီ ဝတ်ဆင်ထားသော ထိုအဖွားကြီး၊ သို့မဟုတ် သေဆုံးနေသော ကလေးဝိညာဉ်ကို ပွေ့ပိုက်ထားသည့် အမျိုးသမီး၏ အသံ ဖြစ်သည်။ သူ ကွယ်ပျောက်သွားခဲ့ပြီ မဟုတ်ပါလား၊ ဘာဖြစ်လို့ ထပ်မံ ပေါ်လာပြန်တာလဲ။ အသံအရဆိုလျှင် သူသည် ကျွန်တော့်ဘေးနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အဖွားကြီးက တတွတ်တွတ်ဖြင့် “ကလေး... ဒီဘက်ကို လာပါ။ ဒီအဖွားအိုက မင်းကို ရန်ရှာပါ့မလား။ အဲဒီကတုံးအို လျှောင်ကော်ကို ငါ သတ်ပစ်လိုက်ပြီ။ မင်းနဲ့ငါက ရေစက်ရှိလို့ ငါ မင်းကို မသတ်ဘူး။ မင်းရဲ့ သေဘေးဆိုးကို ကျော်လွှားနိုင်ဖို့ ငါ့ကို ကူညီခိုင်းခဲ့တယ် မဟုတ်လား။ အမြန်လာခဲ့ပါ၊ မင်းဘေးက အကောင်က တကယ်ကို မသန့်ရှင်းဘူး” ဟု ပြောသည်။
ကျွန်တော့်ဘေးရှိ လျှောင်ကော်ကလည်း “မယုံနဲ့။ သူတို့ ဘာပဲပြောပြော နားမထောင်နဲ့၊ ငါ့စကားကိုပဲ နားထောင်။ ငါ့နောက်ကို လိုက်ခဲ့” ဟု ပျာပျာသလဲ ပြောရင်း ကျွန်တော့်လက်မောင်းကို ဆွဲကိုင်ကာ ရှေ့သို့ ဆွဲခေါ်သည်။
သို့သော် ခြေလှမ်းနှစ်လှမ်းခန့်သာ လှမ်းရသေးစဉ်မှာပင် ကျွန်တော့်အကျီ ကို အနောက်ကနေ တစ်ယောက်ယောက်က အတင်း ဆွဲလိုက်သည်။
ကိုရင်လေး ကျန့်ချူသည် မည်သည့်အချိန်ကတည်းက အနောက်သို့ ရောက်ရှိနေမှန်းမသိဘဲ “ကျန်းအာစိ... အမြန်ပြန်လာခဲ့။ မင်း အသက်ကို မလိုချင်တော့ဘူးလား” ဟု အော်သည်။
အနောက်ဘက်မှ အခြားသော လျှောင်ကော်ကလည်း “ဒကာလေးကျန်း... မင်း ဒီရဟန်းအိုကို မယုံကြည်ဘူးလား။ မင်း ငါ့အသက်ကို ကယ်ခဲ့ဖူးတယ်၊ ငါလည်း ငါ့အသက်နဲ့လဲပြီး မင်းကို ကယ်တင်ချင်တာပါ။ မင်း ဒီရဟန်းအိုကို ယုံကြည်ရမယ်၊ ရှေ့ကို လုံးဝ ဆက်မသွားပါနဲ့တော့” ဟု တတွတ်တွတ် ပြောရှာသည်။
ကိုရင်လေး ကျန့်ချူကလည်း အစိုးရိမ်ကြီး စိုးရိမ်လျက် “မင်းက ဘုန်းဘုန်းကြီး လျှောင်ကော်ဆီကနေ အကူအညီတောင်းဖို့ တမင်သက်သက် လာခဲ့တာ မဟုတ်လား။ အကယ်၍ မင်းက ဘုန်းဘုန်းကြီးကို မယုံရင် ဘုန်းဘုန်းကြီးက မင်းကို ဘယ်လိုလုပ် ကူညီပေးနိုင်မလဲ” ဟု ထပ်ပြောသည်။
ပန်းပွင့်ရောင်အကျီ ဝတ်ဆင်ထားသော အဖွားကြီးသည် ကျွန်တော့်၏ အခြားတစ်ဖက်သို့ ရောက်လာပြီး ကျွန်တော့်၏ အခြားလက်မောင်းတစ်ဖက်ကို ဆွဲကိုင်ကာ ဘေးသို့ ဆွဲခေါ်ရန် ကြိုးပမ်းသည်။
“ကလေး... ဒီအဖွားအိုက မင်းကို ကယ်တင်ခဲ့ဖူးတာကိုတောင် မယုံသေးဘူးလား။ ငါ ပြောပြမယ်၊ မင်းဘေးက ရှိနေတဲ့အရာတွေထဲက တစ်ခုမှ လူမဟုတ်ဘူး။ မင်းသာ အဲဒီအမျိုးသမီးနောက်ကို လိုက်သွားရင် နတ်ဘုရားတွေတောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”
ဘေးက လျှောင်ကော်သည် ကျွန်တော့်လက်မောင်း ပြတ်ထွက်တော့မည့်အတိုင်း ပြင်းထန်စွာ ဆွဲခေါ်နေပြီး ၎င်းမှာ သက်ကြီးရွယ်အိုတစ်ဦး၏ အားအင်ဟု ထင်မှတ်ရခက်လှသည်။ ထိုနည်းတူစွာ အနောက်ဘက်ရှိ အခြားသော လျှောင်ကော်နှင့် ကိုရင်လေး ကျန်းချူတို့ကလည်း ကျွန်တော့်အဝတ်အစားများကို ဆွဲကိုင်ကာ အားပြိုင်နေကြသဖြင့် ကျွန်တော့်အဝတ်အစားများမှာ ခံနိုင်ရည်မရှိတော့ဘဲ စုတ်ပြဲသံနှင့်အတူ ပြဲထွက်သွားခဲ့သည်။
အခြားတစ်ဖက်တွင်လည်း ထိုအဖွားကြီး၏ ချွန်ထက်သော လက်သည်းများက ကျွန်တော့်အသားထဲသို့ စိုက်ဝင်နေသဖြင့် သွေးများ စိမ့်ထွက်နေလောက်ပြီ ဖြစ်သည်။
‘ဘယ်သူက အစစ်လဲ။ ဘယ်သူက မကောင်းဆိုးဝါးလဲ။
ဒီစောက်ကောင်တွေထဲက တစ်ကောင်မှ လူမဟုတ်ဘူး။’
ကျွန်တော့်မျက်မှောင်များ ကျုံ့ဝင်သွားပြီး စိတ်တိုဒေါသထွက်စွာဖြင့် လက်နှစ်ဖက်ကို ရမ်းခါလိုက်မိသည်။
“တောက်... အားလုံး ငါ့အနားကနေ လစ်စမ်း။”
ကျွန်တော့်၏ ရုန်းကန်မှုက သူတို့ကို လွင့်စင်မသွားစေခဲ့ဘဲ ပိုမို ဒေါသထွက်စေခဲ့ပုံရသည်။
ကျွန်တော့်လက်ကို ဆွဲထားသော လျှောင်ကော်သည် ကျွန်တော့်ကို လမ်းပြရန် မကြိုးစားတော့ဘဲ ကျွန်တော့်လက်မောင်းကို တိုက်ရိုက် ဆွဲဆုတ်တော့သည်။ အဖွားကြီး၏ ခြောက်ကပ်ပြီး ချွန်ထက်သော လက်သည်းများက ကျွန်တော့်လက်မောင်းပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာများကို ချန်ထားခဲ့ပြီး အသားစအချို့ပင် ကွာကျသွားခဲ့သည်။ အနောက်ဘက်ရှိ လျှောင်ကော်နှင့် ကိုရင်လေး ကျန့်ချူတို့မှာမူ ကျွန်တော့်ပုခုံးပေါ်သို့ ခုန်တက်ကာ ကိုက်ခဲကြတော့သည်။
အတိအကျပင် ထိုစဉ်...
ဒေါင်...
ကျယ်လောင်လှသော ခေါင်းလောင်းသံကြီးတစ်သံ လုံးဝ ကြိုတင်အချက်မပြဘဲ ကောင်းကင်ယံမှ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာခဲ့သည်။
ခေါင်းလောင်းသံ ပဲ့တင်ထပ်သွားပြီး...
ကျွန်တော့်၏ ရှုပ်ထွေးနေသော အတွေးများ ရုတ်တရက် ရှင်းလင်းသွားကာ တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် စိုးရိမ်စိတ်ပူပင်နေမှုများမှ ချက်ချင်း တည်ငြိမ်အေးချမ်းသွားရသည်။ တစ်ချိန်တည်းမှာပင် ကျွန်တော့်ဘေးရှိ လျှောင်ကော်၊ ကိုရင်လေး ကျန့်ချူနှင့် အဖွားကြီးတို့မှာ မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြသည်။
ကျွန်တော့်အမြင်အာရုံများ နောက်ဆုံးတွင် ပြန်လည် ရှင်းလင်းသွားခဲ့ရသည်။ သို့သော် ကျွန်တော့်၏ ညာဘက်မျက်လုံးမှာမူ မီးလောင်ကျွမ်းတော့မည့်အတိုင်း ပြင်းထန်စွာ ပူလောင်နေခဲ့သည်။
ကျွန်တော် ညာဘက်မျက်လုံးကို အုပ်ကာ မော့ကြည့်လိုက်ရာ ဆရာတော်ကြီး လျှောင်ကော်ကို တွေ့လိုက်ရသည်။
သူသည် သွေးစွန်းနေသော သင်္ကန်းကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ဓားဒဏ်ရာများမှာ သူ၏ လှုပ်ရှားမှုကြောင့် သွေးများ ထပ်မံ စီးကျနေခဲ့သည်။ ထိုရဟန်းအို၏ လက်ထဲတွင် လူခေါင်းခွံခန့်ရှိသော ကြေးခေါင်းလောင်းတစ်လုံးကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင်မူ အမည်းရောင် ခေါင်းလောင်းတီးတံကို ကိုင်ထားရာ စောစောက စိတ်ကို နိုးကြားစေခဲ့သော ခေါင်းလောင်းသံကြီးမှာ ဤအရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဆရာတော်ကြီး လျှောင်ကော်သည် ပြင်းထန်စွာ အသက်ရှူနေပြီး သစ်ခေါက်ကဲ့သို့ တွန့်လိပ်နေသော သူ၏ လက်ဖဝါးများတွင် သွေးများ ပေကျံနေခဲ့သည်။ ရှေးဟောင်းခေါင်းလောင်းကြီးမှာ လေးလံလွန်းလှသဖြင့် ထိုရဟန်းအိုလေးကို အောက်သို့ ဖိနှိပ်ထားသည့်နှယ် ရှိနေသည်။
သူသည် ကျွန်တော့်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ကာ ခေါင်းလောင်းကြီးကို ထပ်မံ တီးခတ်လိုက်ပြန်သည်။
ဒေါင်...
ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့်အမျှ သူက စကားပြောလာခဲ့သည်။ သွေးလွန်မှုကြောင့် ဖြူဖျော့နေသော သူ၏ မျက်နှာတွင် လေးနက်တည်ကြည်သော အမူအရာ ပေါ်လွင်နေပြီး...
“သွား... သိမ်တော်ကြီးထဲကို အမြန်သွား။ ငါ ဒီမှာ သူတို့ကို တားဆီးထားပေးမယ်။ ရဟန်းတွေက သူ့ကို အကြာကြီး တားဆီးထားနိုင်မှာ မဟုတ်ဘူး၊ မြန်မြန်သွားတော့” ဟု ဆိုသည်။
ထိုအခါမှ သူသည် ကျွန်တော့်နောက်ကွယ်ကို စိုက်ကြည့်နေကြောင်း ကျွန်တော် သတိပြုမိလိုက်သည်။
ကျွန်တော် ခေါင်းကို အနည်းငယ် စောင်းကာ အနောက်ဘက်ရှိ အခြေအနေကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်မိသည်။
ချင်းလုံကျောင်းတိုက်မှ ရဟန်းများသည် လက်ချင်းချိတ်လျက် တရားထိုင်သည့်ပုံစံဖြင့် တန်းစီထိုင်နေကြပြီး တံတောင်ဆစ်ချင်း ယှက်ထားကြသဖြင့် သူတို့၏ မျက်နှာများကို သဲသဲကွဲကွဲ မမြင်ရပေ။ ဝိုးတဝါး ပုံရိပ်များကိုသာ မြင်တွေ့ရပြီး ညမှောင်ရိပ်ထဲတွင် သူတို့၏ အရိပ်များသည် ကျော်ဖြတ်၍မရသော တံတိုင်းကြီးတစ်ခုကဲ့သို့ ရှိနေခဲ့သည်။
ကျွန်တော် အံကြိတ်ကာ သိမ်တော်ကြီးဆီသို့ အပြေးအလွှား သွားခဲ့သည်။ ဆရာတော်ကြီး လျှောင်ကော်၏ အနားမှ ဖြတ်သွားစဉ် သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော သွေးညှီနံ့မှာ စူးရှခြင်းမရှိသော်လည်း ရင်နင့်စရာ ကောင်းလှပေသည်။
သိမ်တော်ကြီး၏ ပြတင်းပေါက်မှ ထွက်ပေါ်နေသော ဝါကျင်ကျင် မီးရောင်ဖျော့ဖျော့ပေါ်တွင် တီကောင်ကဲ့သို့သော ပိုးကောင်များ တွားသွားနေသည့်အလား ထင်မှတ်ရပြီး ပုံမှန်အားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ထားလေ့ရှိသော တံခါးမကြီးမှာမူ တစ်ဖက်တည်းသာ ပွင့်နေခဲ့သည်။
ကျွန်တော် အထဲသို့ အမြန် ဝင်ရောက်လိုက်သည်။ အထဲသို့ ဝင်လိုက်သည့် ခဏ၌ ကျွန်တော့်အနောက်ဘက်ရှိ ရဟန်းများ၏ စူးစူးဝါးဝါး အော်ဟစ်သံများကို ကြားလိုက်ရသကဲ့သို့ ရှိသော်လည်း... ယခုအချိန်တွင် ကျွန်တော် ခြေလှမ်းများကို ရပ်တန့်၍ မရတော့ပေ။
သိမ်တော်ထဲသို့ ရောက်ရှိပြီးနောက် ကျွန်တော့်မျက်သူငယ်အိမ်များ ထိန်းမရအောင် တုန်ရင်သွားခဲ့ရသည်။ သိမ်တော်ကြီးတစ်ခုလုံးသည် ယခင်က ကျွန်တော် ရောက်ရှိခဲ့စဉ်ကနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။
နံရံများ၊ ပြတင်းပေါက်များနှင့် ကြမ်းပြင်များပေါ်တွင်ပင် ဟင်္သာပြဒါးနီများဖြင့် ရေးသားထားသော တရားစာများ ပြည့်နှက်နေခဲ့သည်။ ကျွန်တော့်အနောက်ကို ပြန်ကြည့်လိုက်ရာ သိမ်တံခါး၏ အနောက်ဘက်တွင်လည်း ဟင်္သာပြဒါး တရားစာများ ရေးသားထားသည်ကို တွေ့ရသည်။ ပြတင်းပေါက်ပေါ်တွင် တီကောင်များကဲ့သို့ တွားသွားနေသည်ဟု ထင်ရသော အရာများမှာ ထိုတရားစာများပင် ဖြစ်သည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မှောက်ရှိ တရားထိုင်ဖျာပေါ်တွင် တင်ထားသော အရာအချို့က ကျွန်တော့်အာရုံကို ပထမဆုံး ဆွဲဆောင်သွားခဲ့သည်။
ကျွန်တော် အနားသို့ အမြန် တိုးကပ်သွားလိုက်ရာ...
ရုတ်တရက် ကျွန်တော့်မျက်သူငယ်အိမ်များ ပြူးကျယ်သွားပြီး ထိုထူးဆန်းသော ညာဘက်မျက်လုံးမှာလည်း ယခင်က တစ်ခါမျှ မကြုံဖူးလောက်အောင် ပြင်းထန်စွာ ပူလောင်လာခဲ့သည်။
ဒါ... ဒါက...