အခန်း ၂၂ လွန်ခဲ့သော အနှစ်လေးဆယ်က အမှန်တရား
ချင်းလုံကျောင်းတိုက်၏ နောက်ဖေးရင်ပြင်တွင် မွေးကင်းစကလေးငယ်၏ အော်ဟစ်ငိုကြွေးသံနှင့် ရဟန်းများ၏ ရှိုက်ကြီးတငင် ငိုသံများမှလွဲ၍ ထူးဆန်းပြီး ဖော်ပြရခက်သော တိတ်ဆိတ်မှုမျိုး လွှမ်းမိုးသွားခဲ့သည်။
ရင်ခွင်ထဲ၌ ကလေးငယ်ကို ပွေ့ပိုက်ထားသော အမျိုးသမီးသည် မျက်လုံးများမှ သွေးများ တောက်လျှောက် စိမ့်ထွက်နေလျက် ကျွန်တော့်ကို စိုက်ကြည့်နေသည်။ ထိုခဏ၌ တစ်ကိုယ်လုံး စိမ့်ခနဲ ချမ်းစိမ့်သွားရသည်။ ၎င်းမှာ မှောင်မိုက်နေသော ညလမ်းမထက်တွင် တစ်ယောက်ယောက်၏ စောင့်ကြည့်ခြင်းကို ခံနေရသော်လည်း ထိုသူကို ရှာမတွေ့သည့် ခံစားချက်မျိုးနှင့် တူလှသည်။
ကျွန်တော် တံတွေးကို မျိုချလိုက်ပြီး မိမိ၏ တွေးဆချက်ကို အခြေခံကာ “ဆရာတော်လျှောင်ယန့်က ကွယ်လွန်သွားတာ ကြာပါပြီ။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကတည်းက အဖွားကိုယ်တိုင် သတ်ခဲ့တာ မဟုတ်လား” ဟု ပြောလိုက်သည်။
အမျိုးသမီးက ချက်ချင်းပင် “မဖြစ်နိုင်ဘူး” ဟု တုံ့ပြန်အော်ဟစ်သည်။
ကျွန်တော်က ဆက်လက်၍ “လွန်ခဲ့တဲ့ အနှစ်လေးဆယ်က အဖွားရဲ့ ကိစ္စက မအောင်မြင်ခဲ့ဘူး မဟုတ်လား။ အဖွား ချင်းလုံကျောင်းတိုက်က လူအားလုံးကို သတ်ဖြတ်ခဲ့ပေမဲ့ အဖွားရဲ့ နာကျည်းချက်တွေ မပြေပျောက်ခဲ့ဘူးဆိုတာ အဓိက ကလဲ့စားချေရမယ့်လူက အသက်ရှင်နေသေးလို့ပဲ။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်က ချင်းလုံကျောင်းတိုက်မှာ 'လျှောင်' ဆိုတဲ့ ဘွဲ့အမည်နဲ့ ရဟန်းနှစ်ပါး ရှိခဲ့တယ်၊ အဲဒါက လျှောင်ယန့်နဲ့ လျှောင်ကော်ပဲ။ ဒါပေမဲ့ အဖွားကိုယ်တိုင်လည်း 'လျှောင်' ဘွဲ့နဲ့ ရဟန်းတစ်ပါး သေဆုံးသွားခဲ့တယ်လို့ ပြောခဲ့ဖူးတယ်၊ အဲဒါလည်း အဖွားလက်ချက်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ်လေးဆယ်က အဖွား သတ်ခဲ့တဲ့သူက ဆရာတော်ကြီး လျှောင်ကော် ဖြစ်ပြီး ဆရာတော်ကြီး လျှောင်ယန့် မဟုတ်ဘူးဆိုတာ အဖွား ဘယ်လိုလုပ် သေချာပြောနိုင်မှာလဲ” လို့ မေးခွန်းထုတ်လိုက်သည်။
အမျိုးသမီး၏ အကြည့်များ ရုတ်တရက် ရက်စက်ကြမ်းကြုတ်လာပြီး “ဘာတွေ လျှောက်ပြောနေတာလဲ” ဟု ခြိမ်းခြောက်လေသည်။
ထိုစဉ် ကျွန်တော့်လည်ပင်း တင်းကြပ်သွားသည်ဟု ခံစားလိုက်ရသည်။ မမြင်ရသော လက်တစ်ဖက်က ကျွန်တော့်လည်ပင်းကို ညှစ်ကာ အပေါ်သို့ ဖြည်းညှင်းစွာ မြှောက်တင်လိုက်သဖြင့် ခဏချင်းအတွင်း မျက်နှာတစ်ခုလုံး ညိုမည်းသွားရသည်။ လည်ပင်းရိုးများမှာလည်း မခံမရပ်နိုင်လောက်အောင် ဖိအားကြောင့် တဂျွတ်ဂျွတ် မြည်လာပြီး နောက်တစ်စက္ကန့်တွင် ကျိုးသွားတော့မည့်အတိုင်း ရှိနေတော့သည်။
ကျွန်တော် အသက်ရှူရန် အလွန်ခက်ခဲနေသော်လည်း အားရှိသမျှ စုစည်းကာ “ကြည့်... ကြည့်လိုက်ဦး... အနောက်က... သချိုင်းတိုင်ကို ကြည့်လိုက်ဦး။ ကမ္ပည်းစာကို သေချာ ဖတ်ကြည့်ဦး” ဟု အော်ဟစ်လိုက်သည်။
အမျိုးသမီး၏ ခန္ဓာကိုယ်က မလှုပ်ရှားသော်လည်း လည်ပင်းကိုမူ လှည့်ကြည့်လိုက်သည်။ ကမ္ပည်းစာပေါ်ရှိ 'လျှောင်ယန့်' ဆိုသည့် စာလုံးများက အပ်များကဲ့သို့ စူးရှနေခဲ့သည်။ သူသည် ခေါင်းကို ချက်ချင်း ပြန်မလှည့်နိုင်ဘဲ ကြည့်နေမိသည်။
ဝူးဝူး... ဝါးဝါး... ရင်ခွင်ထဲမှ ကလေးငယ်မှာမူ ဆက်လက် ငိုကြွေးနေဆဲ ဖြစ်သည်။
သူ အာရုံလွဲသွားသည့်အတွက် ကျွန်တော် လေထဲတွင် တွဲလောင်းဖြစ်နေသေးသော်လည်း လည်ပင်းမှ ဖိအားမှာမူ များစွာ လျော့ပါးသွားခဲ့သည်။
ဤတွေးဆချက်မှာ စွန့်စားရသည့် လောင်းကြေးတစ်ခုပင် ဖြစ်သည်။ ‘ယခင်က ကျွန်တော် ထွက်ပြေးစဉ်က လျှောင်ယန့်သည် မိမိ၏ သချိုင်းဂူရှေ့တွင် ကန်တော့နေသည်ကို မတော်တဆ မြင်တွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် ချင်းလုံကျောင်းတိုက်၏ သမိုင်းကြောင်းကို သိရှိပြီးနောက် ဤဆန်းကြယ်သော အတွေးက ခေါင်းထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ လွန်ခဲ့သော အနှစ်လေးဆယ်က သေဆုံးသွားသူမှာ လျှောင်ကော်မဟုတ်ဘဲ လျှောင်ယန့် ဖြစ်နိုင်ပေသည်။
သို့သော် ရှေ့နောက်မညီသော အချက်မှာ ထိုအမျိုးသမီးက လျှောင်ယန့် မသေသေးကြောင်း အခိုင်အမာ ယုံကြည်နေခြင်း ဖြစ်သဖြင့် ထိုအတွေးမှာ လုံးဝ မဖြစ်နိုင်သကဲ့သို့ ရှိခဲ့သည်။ သို့သော် ယခုအကြိမ် ချင်းလုံကျောင်းတိုက်သို့ ရောက်ရှိလာသောအခါ ထိုအတွေးမှာ ပြန်လည် ဖြစ်နိုင်ခြေ ရှိလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လမ်းခရီးတွင် ကိုရင်လေး ကျန့်ချူကို ဆရာကြီး လျှောင်ယန့်နှင့် လျှောင်ကော်တို့အကြောင်း မေးမြန်းခဲ့ရာ အရေးကြီးသော အချက်အလက်တစ်ခု ရရှိခဲ့သောကြောင့် ဖြစ်သည်။
လျှောင်ယန့်နှင့် လျှောင်ကော်တို့သည် အမြွှာညီအစ်ကိုများ ဖြစ်ကြပြီး ရုပ်ချင်း ကိုးဆယ်ရာခိုင်နှုန်းခန့် တူညီကြသည်။ သို့သော် လျှောင်ယန့်နှင့် လျှောင်ကော်တို့သည် စရိုက်သဘာဝနှင့် တရားဓမ္မ ကျင့်ကြံမှုအပိုင်းတွင်မူ များစွာ ကွဲပြားခြားနားကြသည်။ ဤအချက်အလက်အရ ကျွန်တော့်၏ တွေးဆချက်မှာ ဖြစ်နိုင်ခြေ ရှိနေပြီး အဓိကသော့ချက်မှာ လျှောင်ယန့်နှင့် လျှောင်ကော်တို့ ကိုယ်တိုင်ပင် ဖြစ်သည်။ လွန်ခဲ့သော အနှစ်လေးဆယ်က မည်သူ သေဆုံးခဲ့သနည်းဆိုသည်ကို ထိုနှစ်ပါးသာ အသိဆုံး ဖြစ်လိမ့်မည်။’
ဆရာကြီး လျှောင်ယန့်သည် ကျွန်တော့်ကို ကြည့်ကာ သက်ပြင်းချသကဲ့သို့ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းနေသည်။
တဂျောက်ဂျောက်... တဂျွတ်ဂျွတ်... အဖွားကြီး၏ ခေါင်းက စက်ရုပ်တစ်ရုပ်ကဲ့သို့ မော်တာသံများဖြင့် ပြန်လည် လှည့်လာပြီး အလွန်အမင်း ဒေါသထွက်နေသော အသံဖြင့် “အတုတွေ... အားလုံး အတုတွေပဲ။ သူက ဘယ်သူလဲ၊ ပြီးတော့ မင်းကကော ဘယ်သူလဲ” ဟု စူးစူးဝါးဝါး အော်ဟစ်တော့သည်။
နားစည်ကို အပ်ဖြင့် ထိုးဆွသကဲ့သို့ စူးရှသောအသံသည် ဝင်းထဲတွင် ဟိန်းထွက်သွားပြီး ကျွန်တော်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ချခြင်း ခံလိုက်ရသဖြင့် ခေါင်းနှင့် မြေပြင်ဆောင့်မိကာ မူးဝေသွားရသည်။
ဆရာကြီး လျှောင်ယန့်က “ကရုဏာတော်ရှင်” ဟု တည်ငြိမ်စွာ ရွတ်ဆိုလိုက်ပြီး အရာအားလုံးကို လက်ခံလိုက်သည့်နှယ် “ဒီရဟန်းအိုက လျှောင်ယန့်ပါပဲ၊ လျှောင်ယန့်က ငါပါပဲ။ ဒကာမကြီးရဲ့ ကလဲ့စားချေမှုတွေ၊ ဒေါသတရားတွေ အားလုံးကို ငါ လိုလိုလားလား ခံယူပါ့မယ်။ ငါ့ကို ဒီအပြစ်တွေအတွက် ဆေးကြောခွင့်ပြုပါ”
ကျွန်တော် စိတ်ကို အတင်းစုစည်းကာ သတိထားပြီး အမျိုးသမီးကို ကြည့်၍ “သူ မဟုတ်ဘူး” လို့ အော်ပြောလိုက်သည်။ အမျိုးသမီးက ဇွတ်မှိတ်ငြင်းဆန်နေသည်ကို မြင်သောအခါ ကျွန်တော် ကိုရင်လေး ကျန့်ချူကိုသာ “ကိုရင်လေး ဘယ်လောက်အထိ ဆက်ပြီး ဖုံးကွယ်ထားဖို့ ကြံစည်နေတာလဲ။ ချင်းလုံကျောင်းတိုက်တစ်ခုလုံး သရဲကျောင်းတိုက် ဖြစ်သွားတာကို ကိုရင်လေး တကယ်ပဲ ကြည့်နေချင်တာလား။ အဲဒီအကြောင်းအရာတွေကို ကိုရင်သိနေတယ်မလား ” ဟု ငေါက်ငမ်းလိုက်သည်။
ကိုရင်လေး ကျန့်ချူမှာ မူလကတည်းက ထိတ်လန့်တုန်လှုပ်ပြီး ယောင်ချာချာ ဖြစ်နေရှာရာ ကျွန်တော့်၏ အော်ဟစ်သံကြောင့် တစ်ကိုယ်လုံး တုန်ရင်သွားခဲ့သည်။ သူ ရုတ်တရက် သတိဝင်လာဟန်ဖြင့် မျက်ရည်များ ဝဲလှည့်လာပြီး စိတ်နှလုံး ထိခိုက်ပူဆွေးမှုများစွာဖြင့် “ဘုန်းဘုန်းကြီး လျှောင်ယန့်က ပျံလွန်တော်မူသွားတာ ကြာပါပြီ။ တောင်းပန်ပါတယ်။ ဘုန်းဘုန်းကြီး လျှောင်ကော်ကိုတော့ ထပ်ပြီး မသတ်ပါနဲ့တော့” ဟု အော်ဟစ်ငိုကြွေးတော့သည်။
ကျွန်တော့် စိတ်ဓာတ်များ တက်ကြွသွားရသည်။ တွေးထားသည့်အတိုင်းပင် ဖြစ်နေခဲ့သည်။ ယခု လျှောင်ယန့်သည် အမှန်တကယ်တော့ လျှောင်ကော်ဖြစ်ပြီး လွန်ခဲ့သော အနှစ်လေးဆယ်က သေဆုံးသွားသူမှာ လျှောင်ယန့်အစစ် ဖြစ်သည်။
လျှောင်ယန့်၏ နဖူးပေါ်တွင် သွေးကြောများ ထောင်တက်လာပြီး အားနည်းသောအသံဖြင့် “ကျန့်..” ဟု တားမြစ်ရန် ပြင်သည်။ သူ တစ်လုံးသာ ပြောရသေးခင်မှာပင် ကျွန်တော်က သူ့ပါးစပ်ကို လှမ်းပိတ်လိုက်သည်။ ဆရာကြီး လျှောင်ယန့်သည် သာမန်လူတစ်ယောက်သာ ဖြစ်ပြီး သွေးများစွာ ဆုံးရှုံးထားသဖြင့် ကျွန်တော့်လက်ကို ရုန်းကန်နိုင်စွမ်း မရှိရှာပေ။
ကျွန်တော် လျှောင်ယန့်ကို ဖိနှိပ်ထားရင်း ကိုရင်လေး ကျန့်ချူကို ဆက်ပြောရန် တိုက်တွန်းလိုက်သည်။ ‘ဤသို့ ပြုလုပ်ခြင်းသည် ဆရာကြီး လျှောင်ယန့်အပေါ် မတရားသကဲ့သို့ ဖြစ်နေသော်လည်း အသက်နှစ်ချောင်းကို ကယ်တင်နိုင်မည် မဟုတ်ပါလား။ ကျွန်တော်သည် အတ္တကြီးသူ ဖြစ်သော်လည်း အသက်ရှင်ချင်ရုံသာ ဖြစ်သည်။’
ကိုရင်လေး ကျန်းချူက ရှိုက်ကြီးတငင်ဖြင့် “လွန်ခဲ့တဲ့ အနှစ်လေးဆယ်က အဲဒီညမှာ ဘုန်းဘုန်းကြီး လျှောင်ကော်က ကျောင်းတိုက်မှာ မရှိခဲ့ဘူး။ အဲဒီအချိန်က ကျောင်းထိုင်ဘုန်းကြီးက ဘုန်းဘုန်းကြီး လျှောင်ယန့်ပဲ ဖြစ်တယ်။ အဲဒီညက အမျိုးသမီးတစ်ဦးက ညဉ့်နက်သန်းခေါင်မှာ လာပြီး အကူအညီတောင်း ငိုယိုခဲ့တယ်။ ကျောင်းတိုက်ထဲက ရဟန်းအများစု ကြားခဲ့ရသလို ငါလည်း ကြားခဲ့ရတယ်။ ငါ တံခါးဖွင့်ပေးဖို့ ပြင်ဆင်ခဲ့ပေမဲ့ မြတ်စွာဘုရားက အသက်တစ်ချောင်းကို ကယ်တင်ခြင်းဟာ ခုနစ်ထပ်စေတီ တည်တာထက် မြတ်တယ်လို့ မိန့်ကြားခဲ့ဖူးတယ်လေ။ ဒါပေမဲ့ ဘုန်းဘုန်းကြီး လျှောင်ယန့်က ငါ့ကို တားဆီးခဲ့တယ်”
“ဘုန်းဘုန်းကြီး လျှောင်ယန့်က ပုံမှန်အားဖြင့် တရားဓမ္မနဲ့ အတွေးအခေါ်ပိုင်းမှာ ဘုန်းဘုန်းကြီး လျှောင်ကော်နဲ့ အယူအဆ အလွန်ကွဲလွဲလေ့ရှိတယ်။ သူက ဗုဒ္ဓဘာသာရဲ့ သန့်ရှင်းတဲ့ နယ်မြေမှာ ညဘက် အမျိုးသမီးတွေကို လက်မခံသင့်ဘူးလို့ ယူဆသလို သွေးချင်းချင်းနီနေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို ကျောင်းတိုက်ထဲ ပေးမဝင်နိုင်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်”
ထိုစဉ် အမျိုးသမီးက နှာခေါင်းရှုံ့ကာ ကြားဖြတ်၍ “ငါသာ ကျောင်းတိုက်ထဲမှာ ကလေးမွေးရင် ဗုဒ္ဓဘာသာရဲ့ သန့်ရှင်းတဲ့ မြေညံကို ညစ်ညမ်းစေမယ် မဟုတ်လား။ ချင်းလုံကျောင်းတိုက်က ဆွမ်းပန်းရေချမ်း ကပ်လှူပူဇော်တဲ့နေရာ၊ ကလေးမွေးတဲ့ အိပ်ရာမဟုတ်ဘူး။ ကျောင်းတိုက်ထဲမှာ ကလေးမွေးတယ်ဆိုတဲ့ သတင်းသာ ပျံ့သွားရင် ချင်းလုံကျောင်းတိုက်ရဲ့ သိက္ခာ ဘယ်နား သွားထားမလဲ။ ဒါတွေဟာ သူ ငါ့ကို ငြင်းပယ်ဖို့ သုံးခဲ့တဲ့ စကားလုံးတွေပဲ။ ငါ အသက်ထွက်တဲ့အထိ အဲဒီစကားတွေကို စွဲမြဲစွာ မှတ်မိနေခဲ့တယ်” ဟု နာကျည်းစွာ ပြောဆိုလေသည်။
ကိုရင်လေး ကျန့်ချူမှာ အပြစ်မကင်းစိတ်များဖြင့် ပြည့်နှက်နေပြီး အမျိုးသမီးကို ကြည့်ရန်ပင် သတ္တိမရှိရှာပေ။ အခြားသူများနှင့် နှိုင်းယှဉ်လျှင် သူသည် ထိုဖြစ်ရပ်၏ ဇစ်မြစ်ကို နက်နက်ရှိုင်းရှိုင်း သိရှိထားသူဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုကိုလည်း ပြင်းထန်စွာ ခံစားနေရသူ ဖြစ်သည်။
“ငါတို့တွေ အမျိုးသမီးကို ကျောင်းတိုက်ထဲ ပေးဝင်ဖို့ တံခါးဖွင့်ချင်ခဲ့ကြပေမဲ့ ဘုန်းဘုန်းကြီး လျှောင်ယန့်ရဲ့ အရှိန်အဝါကို မလွန်ဆန်နိုင်ခဲ့ကြဘူး။ သူက ငါ့တို့ကို နှစ်သိမ့်ပြီး အမျိုးသမီးကို ငြင်းပယ်လိုက်ရင် သူ တခြားနေရာမှာ ခိုလှုံရာရှာလိမ့်မယ်၊ ဒါမှမဟုတ် တောင်အောက်ကို ဆင်းသွားလိမ့်မယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ငါတို့ရဲ့ ဒီလိုပြုမူမှုက အဲ့ဒီအမျိုးသမီးကို သေစေလိမ့်မယ်လို့ တကယ်ကို မထင်မှတ်ခဲ့ကြဘူး။ အဲဒီညက ငါတို့တွေ အိပ်လို့တောင် မပျော်ခဲ့ကြဘူး။ အမျိုးသမီးက တံခါးအပြင်ဘက်ကနေ တံခါးခေါက်ပြီး ငိုယိုနေခဲ့တာ၊ ငါတို့ ရင်ထဲမှာလည်း ပြင်းထန်စွာ ခံစားခဲ့ရတယ်”
“နာရီအနည်းငယ် ကြာပြီးနောက်မှာတော့ အသံတွေ တိတ်ဆိတ်သွားခဲ့တယ်။ ငါတို့အားလုံး သူမ ထွက်သွားပြီလို့ ထင်ခဲ့ကြပေမဲ့ နောက်တစ်နေ့ တံခါးဖွင့်လိုက်တဲ့အခါ အဲ့ဒီ အမျိုးသမီးရဲ့ အလောင်းက အထဲကို လဲပြိုကျလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြဘူး။ သူက မွေးဖွားခါစ ကလေးငယ်လေးကို ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားပြီး ငါတို့ တံခါးဖွင့်ချိန်မှာ ကလေးလေးက အသက်မရှူတော့ဘူး။ အဲဒီအချိန်မှာ ငါတို့အားလုံး ဆွံ့အပြီး ထိတ်လန့်သွားခဲ့ကြရတယ်”
“နီရဲနေတဲ့ ကျောင်းတိုက်တံခါးကြီးပေါ်မှာ သူမရဲ့ သွေးစွန်းနေတဲ့ ကုတ်ခြစ်ရာတွေနဲ့ မူလ ဆေးနီရောင်တွေ ဘယ်လိုမှ ခွဲခြားလို့မရအောင် ဖြစ်နေခဲ့တယ်။ ကျိုးပဲ့နေတဲ့ လက်သည်းခွံတွေက တံခါးချပ်ထဲမှာ စိုက်ဝင်နေခဲ့တာ၊ သူ ခံစားခဲ့ရမယ့် နာကျင်မှုကို စင်စစ် တွေးကြည့်လို့တောင် မရနိုင်ဘူး။ အမျိုးသမီးရဲ့ ခန္ဓာကိုယ်အောက်က သွေးတွေက တံခါးရှေ့က ကျောက်လှေကားထစ်တွေကိုပါ နီရဲသွားစေခဲ့တယ်”
“အဲ့ဒီအမျိုးသမီး သေဆုံးရတာက ငါတို့အားလုံးနဲ့ သက်ဆိုင်တယ်။ ဘယ်သူမှ တာဝန်က မလွတ်ကင်းသလို ဘယ်သူမှ အပြစ်ကင်းစင် မနေကြဘူး။ သူမက မီးဖွားရခက်လို့ သေဆုံးခဲ့ရပြီး ငါတို့ကို ဥပဒေအရ အပြစ်ပေးလို့မရရင်တောင် ငါတို့ရဲ့ စိတ်နှလုံးထဲမှာ အပြစ်တရားတွေကို သိနေကြတယ်။ ချင်းလုံကျောင်းတိုက်ကပဲ သူမကို သေစေခဲ့တာ၊ သူမရဲ့ ကလေးကို သေစေခဲ့တာပါ”
“အဲဒီနေ့က အလောင်းကောက်သမားတစ်ယောက်လည်း ဒီအခြေအနေကို မြင်ခဲ့တယ်။ အလောင်းကောက်သမားက အမျိုးသမီးရဲ့ သေဆုံးမှုဟာ ပုံမှန်မဟုတ်မှန်း တစ်ချက်တည်းနဲ့ သိမြင်ပြီး သတိပေးစကားအချို့ ချန်ထားခဲ့တယ်။ နာကျည်းချက်တွေက ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်နေတယ်၊ သေဆုံးပေမဲ့ ရုပ်အလောင်းက တောင့်တင်းမသွားဘူး၊ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှာ မရှိတော့ဘူး၊ သွေးတွေက ကောင်းကင်တစ်ဝက်ကို နီရဲစေလိမ့်မယ်။ ဘာတွေဖြစ်ပျက်ဦးမလဲဆိုတာ ငါ မသိပေမဲ့ မင်းတို့ကျောင်းတိုက်တော့ ကြီးမားတဲ့ ဘေးဒုက္ခနဲ့ ရင်ဆိုင်ရတော့မယ်လို့ ပြောခဲ့တယ်”