အခန်း ၂၁ မကောင်းဆိုးဝါး ရောက်လာပြီ။
ကျွန်တော် မျက်မှောင်ကြုတ်လိုက်ပြီး “ကျန့်ချူလေး...အိပ်မက်မက်နေတာလား၊ ဒါမှမဟုတ် တပည့်တော်ကို တမင်သက်သက် နောက်နေတာလား။ တပည့်တော် ဒီတောင်ပေါ်မှာ အသက်လုပြီး ပြေးလာခဲ့ရတာ။ အကြိမ်ကြိမ်လည်း သေလုမတတ် ဖြစ်ခဲ့ရတာကို ကိုရင်လေးက ဘာဖြစ်လို့ တပည့်တော်ကို အထဲကို ရောက်နှင့်နေပြီလို့ ပြောရတာလဲ” ဟု မေးလိုက်သည်။
ရုတ်တရက် တစ်ခုခု မှားယွင်းနေကြောင်း ကျွန်တော် ရိပ်မိသွားသည်။ ကိုရင်လေး ကျန့်ချူရဲ့ မူလသဘာဝကို ကျွန်တော် သိပြီးသားဖြစ်ရာ သူ ကျွန်တော့်ကို ပြန်တွေ့ချိန်တွင် ဤသို့ ပြုမူလိမ့်မည်မဟုတ်ပေ။ အထူးသဖြင့် ကျွန်တော်သည် ယခင်က ချင်းလုံကျောင်းတိုက်မှ ထွက်ပြေးသွားခဲ့ဖူးသည်။
‘သူ ကျွန်တော့်ကို တကယ်ပဲ တွေ့ခဲ့၍ ဖြစ်နိုင်မလား။ ထို 'ကျွန်တော်' က ကျွန်တော့်ထက် တစ်လှမ်း စောနေခဲ့တာလား။’
ကျွန်တော့် မျက်စိသူငယ်အိမ်များ ကျုံ့သွားသည်။ ထိုအဖွားကြီးပဲ ဖြစ်ရမည်။ ထိုအဖွားကြီးက ကျွန်တော့်ရုပ်သွင်အတိုင်း အသွင်ပြောင်းထားခြင်း ဖြစ်သည်။
ကျွန်တော် ကိုရင်လေး ကျန့်ချူ၏ ပုခုံးကို ဆွဲကိုင်ကာ
“တပည်တော်အထဲကို ရောက်နှင့်နေပြီလို့ ကိုရင်လေး ပြောတယ်ဟုတ်လား။ ဘယ်တုန်းကလဲ” ဟု မေးလိုက်သည်။
ကိုရင်လေး ကျန့်ချူသည် တံခါးဝကို ပိတ်ရပ်ထားပြီး တံခါးရွက်များကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆွဲကိုင်ထားကာ အချိန်မရွေး တံခါးပိတ်ပစ်ရန် ပြင်ဆင်နေသည့်ပုံစံဖြင့်
“မင်းက ငါ့မေးခွန်းကို မဖြေရသေးဘူးနော်။ မင်းက ဘယ်သူမို့လို့ ကျန်းအာစိ အသွင် ဖန်တီးထားရတာလဲ။ ကျန်းအာစိ တစ်ယောက်က ချင်းလုံကျောင်းတိုက်ထဲ ဝင်သွားပြီ။ အခု နောက်ထပ် တစ်ယောက် ရောက်လာပြန်ပြီ။ မင်းက ဒီလို လှည့်စားမှုမျိုးနဲ့ ကျောင်းတော်ထဲကို ၀င်လို့ရမယ် ထင်နေတာလား” ဟု ပြန်ပြောသည်။
ကျွန်တော် စိတ်ပူပန်ပြီး အလောတကြီး ဖြစ်နေသဖြင့် “လှည့်စားတာ မဟုတ်ဘူးဟ။ တပည့်တော်ကမှ ကျန်းအာစစိ အစစ်၊ အထဲက တစ်ယောက်က အတု” ဟု ဒေါသနဲ့ပြောလိုက်မိသည်။
ကိုရင်လေး ကျန့်ချူက နှာခေါင်းရှုံ့ကာ “မင်းကိုယ်မင်း ကျန်းအာစိလို့ ပြောပေမဲ့ မင်းရဲ့ ညာဘက်မျက်လုံးက လူမျက်လုံး ဟုတ်လို့လား။ ချင်းလုံကျောင်းတိုက်တော်ကို ဘာကောင်မှ လာပြီး မစော်ကားရဲဘူး။ ငါတို့တွေ ဝိညာဉ်ဘဝ ပြောင်းသွားခဲ့ရင်တောင် မင်းလို မကောင်းဆိုးဝါးမျိုး အထဲကို ကျူးကျော်ဝင်ရောက်တာကို ခွင့်မပြုနိုင်ဘူး။ မြတ်စွာဘုရားက မင်းကို ဖျက်ဆီးပစ်မှာ မကြောက်ဘူးလား” ဟု တွန်းလှန်ပြောဆိုသည်။
ကျွန်တော် ညာဘက်မျက်လုံးကို အုပ်လိုက်ပြီး “မတော်တဆမှုလေး တစ်ခု ဖြစ်သွားလို့ပါ ကိုရင်လေး။ ရှင်းပြဖို့ အချိန်မရှိတော့ဘူး။ ဆရာတော်လျှောင်ယန့် အန္တရာယ်ရှိနေပြီ၊ တပည့်တော်ကို အမြန်ပေးဝင်ပါ” ဟု ဆိုကာ “တပည့်တော်တို့တွေ အတူတူ ညစ်ညမ်းစာအုပ်တွေ ဖတ်ခဲ့ကြတာ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းထဲ အတူတူ ခိုးဝင်ခဲ့ကြတာလေ။ ကိုရင်လေး တပည့်တော်ကြောင့် ဆရာတော်ဘုရား ဆီမှာအပစ်ပေးခံရတာ ကိုတောင် တပည့်တော်ကို မမှတ်မိတော့ဘူးလား” ဟု ဆက်ပြောလိုက်သည်။
ကိုရင်လေး ကျန့်ချူသည် ရုတ်တရက် သတိဝင်လာဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး “ညစ်ညမ်းစာအုပ် ဟုတ်လား။ မဟုတ်ဘူး... မင်းက ညစ်ညမ်းစာအုပ်အကြောင်း ဘယ်လိုလုပ် သိတာလဲ။ မဟုတ်မှလွဲရော... မင်းက တကယ်ပဲ ကျန်းအာစိပဲ။ ဒါဆိုရင် အထဲက တစ်ယောက်က ဘယ်သူလဲ” ဟု ရေရွတ်သည်။
ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး
“ဒုက္ခပါပဲ... အဲဒါ မကောင်းဆိုးဝါးပဲ။ အဲဒီမကောင်းဆိုးဝါးပဲ။ သူက ဘုန်းဘုန်းကြီးကို ရန်ရှာတော့မယ်”
ကျွန်တော့် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး “ဘာပြောလိုက်တယ်... ကိုရင်လေး သူ့ကို သိသလား” ကိုရင်လေး ကျန့်ချူသည် လှည့်၍ အထဲသို့ ပြေးဝင်သွားသဖြင့် ကျွန်တော်လည်း နောက်ကနေ အမြန်လိုက်သွားခဲ့သည်။
သူက ပြေးရင်းလွှားရင်းဖြင့် ပျာပျာသလဲ “သူက အဲဒီမကောင်းဆိုးဝါးပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး သူက လျှောင်ယန့်ရဲ့ အသက်ကို လိုချင်နေခဲ့တာ။ ဒါပေမဲ့ ဒီနေရာက မြင့်မြတ်တဲ့ ဗုဒ္ဓဘာသာနယ်မြေဖြစ်လို့ မကောင်းဆိုးဝါးတွေ လုံးဝ ဝင်လို့မရဘူး။ အထဲကလူက ကိုယ်တိုင် တံခါးဖွင့်ပေးရင်တော့ တစ်မျိုးပေါ့။ သူက မင်းရဲ့ရုပ်သွင်ကို ဖန်တီးပြီး လာတာကို ငါကပဲ တံခါးဖွင့်ပေးမိလိုက်တယ်။ ငါ တကယ်ပဲ တုံးအလွန်းတာပဲ” လို့ဆိုကာ မိမိခေါင်းကို စိတ်ပျက်လက်ပျက် ထုရိုက်နေလေသည်။
ထိုအခါမှ ကျွန်တော် သဘောပေါက်သွားပြီး သံသယအားလုံး ရှင်းလင်းသွားတော့သည်။ ထိုအဖွားကြီးသည် လျှောင်ယန့် ချင်းလုံကျောင်းတိုက်တွင် ရှိနေမှန်း မသိခဲ့ခြင်းမဟုတ်ဘဲ အထဲသို့ ဝင်၍မရသဖြင့် အရေးမယူနိုင်ခဲ့ခြင်း သာ ဖြစ်သည်။ ထို့ကြောင့်သာ သူသည် လူသူကင်းမဲ့သော တောတောင်နက်ကြီးထဲတွင် လှည့်လည်သွားလာရင်း လျှောင်ယန့်ကို အမြဲတမ်း စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ယခင်က ချင်းလုံကျောင်းတိုက်အပြင်ဘက်တွင် သူ ပေါ်လာခဲ့ခြင်းမှာ ကျွန်တော့်ကို ကယ်တင်ရန် သက်သက်မဟုတ်ဘဲ တိုက်ခိုက်ရန် အခွင့်အရေး ဖန်တီးခြင်းသာ ဖြစ်သည်။
ထိုအဖွားကြီးသည် မကောင်းဆိုးဝါး ဖြစ်သဖြင့် တစ်ယောက်ယောက်က တံခါးဖွင့်မပေးလျှင် မိမိဘာသာ ဝင်၍မရနိုင်ပေ။ ချင်းလုံကျောင်းတိုက်က ၎င်းကို တံခါးဖွင့်ပေးမည်မဟုတ်သည်မှာ သေချာသော်လည်း အသွင်အပြင်ကို ပြောင်းလဲလိုက်သောအခါ အားလုံး ကွဲပြားသွားခဲ့သည်။
ကျန်းအာစိသည် ချင်းလုံကျောင်းတိုက်သို့ ဝင်ထွက်သွားလာနိုင်ပြီး ကျောင်းတိုက်၏ ယုံကြည်မှုကို ရရှိထားသူ ဖြစ်သည်။ သူသည် ကျွန်တော့်ကို မိမိအိမ်တွင် နေထိုင်ခွင့်ပေးထားပြီး ကျွန်တော့်ရုပ်သွင်ကို အသုံးချကာ ချင်းလုံကျောင်းတိုက်သို့ လာခဲ့ခြင်း ဖြစ်သည်။ လျှောင်ယန့်က ချင်းလုံကျောင်းတိုက်တွင် ညဘက်၌ အပြင်မထွက်ရဟု စည်းကမ်းထုတ်ထားခြင်းမှာ ထိုအဖွားကြီးကို ကာကွယ်ရန်အတွက် ဖြစ်နိုင်သည်။
သူက လျှောင်ယန့်၏ အသက်ကို လိုချင်နေခြင်းသည် ကျွန်တော့်အသက်ကို နုတ်ယူခြင်းနှင့် မခြားနားပေ။ ပြီးတော့ ညဘက်တွင် ကြုံတွေ့ရမည့် သေဘေးဆိုးကလည်း ရှိနေသေးသည်။
ကျွန်တော် ကိုရင်လေး ကျန့်ချူကို “သူ ဘယ်အချိန်က ဝင်သွားတာလဲ” လို့ အော်မေးလိုက်သည်။
ကိုရင်လေး ကျန့်ချူက နောင်တကြီးစွာဖြင့် “လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်က။ လျှောင်ယန့်က တရားအားထုတ်တဲ့ အခန်းထဲမှာ ရှိနေလောက်တယ်” ဟု ပြန်ပြောသည်။
ကျွန်တော်တို့ တရားအားထုတ်သည့် အခန်းဆီသို့ ပြေးသွားရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံမှာ ကျောင်းတိုက်နောက်ဖေးမှ ထွက်ပေါ်လာသော လျှောင်ယန့်၏ အသံ ဖြစ်သည်။
ကျွန်တော်နှင့် ကိုရင်လေး ကျန့်ချူတို့ မျက်နှာပျက်သွားပြီး ထိုနေရာဆီသို့ အပြေးအလွှား သွားခဲ့ကြသည်။ လမ်းခရီးတွင် ထိုသို့ စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်သံများ နောက်ထပ် အကြိမ်အနည်းငယ် ထွက်ပေါ်လာခဲ့သည်။
ကျွန်တော့်နှလုံးသား တင်းကြပ်သွားရသည်။ ကျွန်တော်သည် လျှောင်ယန့်နှင့် အသက်တစ်ခုတည်းအဖြစ် ဆက်နွှယ်နေသဖြင့် သူ သေဆုံးသွားပါက ကျွန်တော်လည်း အဆုံးသတ်သွားပေလိမ့်မည်ဖြစ်သည်။
ကိုရင်လေး ကျန့်ချူမှာ ပို၍ပင် ပျာယာခတ်ကာ နောင်တရနေပြီး လျှောင်ယန့်၏ အော်ဟစ်သံကို ကြားရသောအခါ မျက်လုံးများ နီမြန်းလာခဲ့သည်။ အဖွားကြီးကို ကျောင်းတိုက်ထဲ ပေးဝင်မိခဲ့သည့်အတွက် မိမိကိုယ်ကိုယ် အလွန် အပြစ်တင်နေမှာ သေချာသည်။
ထိုအသံများသည် နောက်ဖေး ဟင်းသီးဟင်းရွက်စိုက်ခင်း၏ အနောက်ဘက်မှ ဆက်တိုက် ထွက်ပေါ်နေခြင်း ဖြစ်သည်။ ကျွန်တော်နှင့် ကိုရင်လေး ကျန့်ချူသည် ထိုနေရာနှင့် အလွန်ရင်းနှီးပြီးသား ဖြစ်ရာ ထိုနေရာမှာ ချင်းလုံကျောင်းတိုက်ရှိ ရဟန်းများ၏ သချိုင်းမြေ ဖြစ်သည်။
ကျွန်တော်တို့ ရောက်ရှိပြီး ကြည့်လိုက်သောအခါ ရင်ထဲ ထိတ်လန့်တုန်လှုပ်သွားရသည်။ သွေးများက မြေပြင်အနှံ့ အောက်ချင်းချင်း နီရဲနေစေခဲ့သည်။ လျှောင်ယန့်သည် မြေပြင်ပေါ်တွင် ဆွေးမြည့်နေသော သစ်ပင်အိုကြီးတစ်ပင်ကဲ့သို့ ဒူးထောက်နေပြီး သူ၏ သင်္ကန်းမှာ မူလကတည်းက နီရဲနေခြင်းလော သို့မဟုတ် သွေးများကြောင့် နီရဲနေခြင်းလော မသဲကွဲတော့ပေ။
သူ့ရှေ့တွင် ရပ်နေသူမှာ အခြားသူမဟုတ်ဘဲ ပန်းရောင် အကျီ ဝတ်ဆင်ထားသော ထိုအဖွားကြီးပင် ဖြစ်သည်။ ယခုအကြိမ်တွင် သူသည် ကျွန်တော့်ရုပ်သွင်ကို အသုံးမပြုတော့ဘဲ မိမိ၏ မူလပုံစံအတိုင်း ရှိနေသည်။
ကိုရင်လေး ကျန့်ချူသည် လျှောင်ယန့်ထံသို့ ပြေးဝင်ကာ ဘုန်းဘုန်းကြီးကို ဖက်ပြီး အော်ဟစ်ငိုကြွေးတော့သည်။ ကျွန်တော်လည်း ဆရာတော်၏ ရှေ့တွင် ရပ်ပြီး အဖွားကြီးကို ရင်ဆိုင်ရန် စိတ်ကို တင်းထားလိုက်သည်။
အဖွားကြီးက သွားကျိုးကြီးများ ပေါ်အောင် ဖြဲပြုံးကာ “အခု မင်း သိပြီမဟုတ်လား။ ကလေး... ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး။ မင်းက လူဆိုးမဟုတ်ဘူး၊ ငါ မင်းကို မသတ်ချင်ဘူး။ ငါ ဒီနေ့ကို မျှော်လင့်နေခဲ့တာ အနှစ်လေးဆယ် ရှိပြီ။ အဲဒီတုန်းက လူတွေထဲက တစ်ယောက်မှ လွတ်မြောက်မှာ မဟုတ်ဘူး” ဟု ရယ်မောကာ ပြောဆိုသည်။
အဖွားကြီး၏ စကားလုံးများတွင် ကြီးမားသော နာကျည်းချက်များ ပြည့်နှက်နေသည်။ အနှစ်လေးဆယ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ၏ နာကျည်းချက်မှာ အနည်းငယ်မျှ လျော့ပါးမသွားဘဲ လျှောင်ယန့်၏ အသက်ကို အမြဲတမ်း ယူရန် ကြံစည်နေခဲ့ခြင်း ဖြစ်သည်။
‘ဘာတွေ လာပြောနေတာလဲ... လျှောင်ယန့်၏ အသက်သည် ကျွန်တော့်အသက်နှင့် ဆက်စပ်နေတာကို ကျွန်တော်နှင့် ဘာမှမဆိုင်ဘဲ နေပါ့မလား။’
ကျွန်တော် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး “အဖွား... အဖွား သူ့ကို သတ်ချင်ရင် ကျွန်တော့ကို အရင် သတ်လိုက်ပါ” ဟု တည့်တည့် ရင်ဆိုင်ပြောဆိုလိုက်သည်။
အဖွားကြီးက လျှောင်ယန့်ကို အေးစက်စွာ စိုက်ကြည့်ရင်း
“ဒီကောင်တွေက သေသင့်တဲ့ကောင်တွေ။ မိမိကိုယ်ကိုယ် ဆရာကြီးတွေလို့ သမုတ်နေကြပေမဲ့ တကယ်တော့ ကလေးတစ်ယောက်လောက်တောင် အသုံးမကျဘူး။ အဲဒီနေ့က ဘူတာရုံမှာ ငါ မင်းကို ဘာဖြစ်လို့ ကယ်ခဲ့လဲ သိလား” ဟု မေးသည်။
ကျွန်တော် အများကြီး မစဉ်းစားဘဲ အဖြေကို သိရှိလိုက်ပြီး “စေတနာကြောင့်ပါ” ဟု ဖြေလိုက်သည်။
သူ အသက်ရှင်စဉ်က တစ်ကြိမ်တစ်ခါမျှ အကူအညီ မရရှိခဲ့ဖူးသော်လည်း မတော်တဆမှုတစ်ခုတွင် ကျွန်တော်က သူ့ကို ကူညီရန် လက်ကမ်းခဲ့ဖူးသည်။ ‘ဤကိစ္စသည် လွန်ခဲ့သော အနှစ်လေးဆယ်က ဖြစ်ရပ်နှင့် အနည်းငယ် ထပ်တူကျနေပြီး အဖွားကြီး သေဆုံးသည်အထိ တောင့်တခဲ့သော အရာ ဖြစ်ပေလိမ့်မည်. ဖြစ်ပျက်ခဲ့ပြီးသော အရာတွေကို ပြောင်းလဲ၍မရသဖြင့် အချို့သော နေရာများတွင် ဆင်တူယိုးမှား ရှာဖွေကာ အစားထိုး နှစ်သိမ့်နေခြင်း ဖြစ်နိုင်သည်။’
ရုတ်တရက် အဖွားကြီး၏ မျက်လုံးများမှ သွေးများ စိမ့်ထွက်လာပြီး တစ်ကိုယ်လုံး ပြောင်းလဲသွားခဲ့သည်။ သူ၏ ခြောက်ကပ်နေသော ခန္ဓာကိုယ်သည် တဖြည်းဖြည်း မတ်ထောင်လာကာ ပိန်ချိုင့်နေသော ပါးပြင်များ ပြည့်တင်းလာပြီး ဝမ်းဗိုက်သည်လည်း ပြန်လည် ကြီးထွားလာသည်။
သူသည် လွန်ခဲ့သော အနှစ်လေးဆယ်က အချိန်ဆီသို့ ပြန်ရောက်သွားသည်။ သူ၏ ဝမ်းဗိုက်မှာ မီးဖွားတော့မည့် အမျိုးသမီးတစ်ဦးကဲ့သို့ ကြီးမားနေပြီး အရေပြားပေါ်တွင် သွေးကြောများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
သူက အံကြိတ်ကာ “အဲဒီတုန်းက... သူတို့တွေ ငါ့နဲ့၊ ငါ့ကလေးကို တကယ် ကယ်တင်နိုင်ခဲ့ကြပါလျက်နဲ့။ သူတို့က ငါ့ကို အပြင်မှာ သော့ခတ်ပိတ်ထားပြီး ငါ ငိုယိုအော်ဟစ်နေတာကို လစ်လျူရှုခဲ့ကြတယ်” ဟု ရင်ဖွင့်ငိုကြွေးသည်။
သူ ငိုကြွေးနေစဉ် မျက်ရည်များ ကျဆင်းလာပြီး ခြေထောက်ကြားမှ ရဲရဲနီသော သွေးများ စီးကျလာကာ ခဏချင်းအတွင်း ကျွန်တော့်ခြေဖဝါးအထိ ရောက်ရှိလာသည်။
ဗြုန်းခနဲ... သွေးအိုင်ထဲသို့ လေးလံသော အရာတစ်ခု ပြုတ်ကျသွားသည့်အလား အသံ ကြားလိုက်ရသည်။ ကျွန်တော် သေချာကြည့်လိုက်သောအခါ ဆံပင်မပါဘဲ ကိုယ်လုံးတီးဖြစ်နေသော မွေးကင်းစ ကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုကလေးငယ်သည် ကွေးကွေးလေးဖြစ်နေပြီး လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ငိုကြွေးနေသည်။ သူနှင့် မိခင်ဖြစ်သူကြား ဆက်သွယ်ပေးထားသည့် တစ်ခုတည်းသော အရာမှာ သွေးချင်းချင်းနီနေသော ချက်ကြိုး ဖြစ်သည်။
အဖွားကြီးက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကလေးငယ်ကို ကောက်ယူပွေ့ပိုက်လိုက်ပြီး မိခင်တစ်ဦး၏ နူးညံ့သော အကြည့်ဖြင့် ကလေးငယ်ကို ချော့မြှူကာ အသာအယာ ပုတ်ပေးနေသည်။ သူ၏ အသံမှာလည်း ပို၍ နူးညံ့သွားပြီး “မင်း သိလား... ငါ့ကလေး မွေးဖွားခါစက အရမ်း တက်ကြွပြီး အသက်ရှင်နေသေးတာ။ အသက်ရှိနေသေးတာပါ” ဟု ပြောသည်။
‘ကျွန်တော့် မျက်လုံးများ ရွေ့လျားသွားသည်။ သူနှင့် သူ၏ ကလေးသည် ချင်းလုံကျောင်းတိုက် အပြင်ဘက်တွင် သေဆုံးခဲ့ရကြောင်း ယခင်က သူ ပြောပြခဲ့ဖူးသည်။ ထိုစဉ်က မွေးဖွားချိန်၌ ကလေးငယ်မှာ အသက်ရှင်နေသေးပုံရပြီး နောက်ပိုင်းကျမှ မရှင်သန်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ၎င်းမှာ သဘာဝကျလှပါသည်၊ သွေးထွက်လွန်မှု ပြင်းထန်စွာ ခံစားနေရသော လမစေ့ဘဲ မွေးဖွားသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် မွေးကင်းစ ကလေးငယ်ကို မည်သို့ ပြုစုစောင့်ရှောက်နိုင်မည်နည်း။ သူသည် ပထမဆုံးအကြိမ် မိခင်ဖြစ်ဖူးသူလည်း ဖြစ်နိုင်ပေသည်။’
လျှောင်ယန့်သည် တုန်တုန်ချိချိဖြင့် ထထိုင်လိုက်ပြီး ဝမ်းနည်းပူဆွေးသော မျက်လုံးများဖြင့် ကလေးငယ်ကို စိုက်ကြည့်သည်။ သူသည် ကလေးငယ်ကို ထိတွေ့ချင်သော်လည်း လမ်းခုလတ်တွင် ကြောက်ရွံ့စွာဖြင့် လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
နောက်ဆုံးတွင် သူသည် လက်နှစ်ဖက်ကို ပူးကပ်ကာ “ကရုဏာတော်ရှင်... ကရုဏာတော်ရှင်... အပြစ်... အပြစ်တွေပါတကား... ဘယ်လောက်တောင် အပြစ်ကြီးလိုက်သလဲ” ဟု ညည်းတွားရင်း ကလေးငယ်တစ်ဦးကဲ့သို့ ရင်ဘတ်စည်တီး ငိုကြွေးတော့သည်။
ကြွေလွင့်သွားသော မျက်ရည်စက်များ သွေးအိုင်ထဲသို့ လွင့်စင်ကျသွားရာ မည်သူ့သွေး၊ မည်သူ့မျက်ရည်မှန်း မခွဲခြားနိုင်တော့ပေ။ သက်ကြီးရွယ်အိုတစ်ဦး၏ ရှိုက်ကြီးတငင် ငိုသံနှင့် မွေးကင်းစ ကလေးငယ်၏ ငိုသံများ ရောပြွမ်းနေသည်။
ဝူးဝူး... ဝူးဝူး...
ငိုသံများ ရုတ်တရက် ပိုမိုကျယ်လောင်လာသည်။ ကျွန်တော် ပတ်ဝန်းကျင်ကို အနည်းငယ် ဝေ့ကြည့်လိုက်သောအခါ မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိသော လူရိပ်များစွာ အရိပ်ထဲတွင် တန်းစီရပ်နေကြပြီး တံတိုင်းတစ်ခုကဲ့သို့ သော်လည်းကောင်း၊ လက်ချင်းချိတ်ထားသော လူရုပ်ကလေးများကဲ့သို့ သော်လည်းကောင်း တွေ့မြင်လိုက်ရသည်။
၎င်းတို့မှာ ချင်းလုံကျောင်းတိုက်မှ ရဟန်းများဖြစ်ကြောင်း ကျွန်တော် မှတ်မိလိုက်သည်။ ထိုရဟန်းများလည်း ငိုကြွေးနေကြပြီး ရှိုက်သံများတွင် ဝမ်းနည်းပူဆွေးမှု၊ နောင်တရမှုနှင့် နာကျင်မှုများ ပြည့်နှက်နေသည်။ စုပေါင်းရှိုက်ငိုသံများသည် လွန်ခဲ့သော အနှစ်လေးဆယ်က သောကလှိုင်းလုံးကြီးများကို ပြန်လည် ဖော်ကျူးနေသည့်နှယ် ရှိနေသည်။
လျှောင်ယန့်သည် မျက်ရည်များကြားမှ လက်ကို မြှောက်လိုက်ရာ သူ့လက်ထဲတွင် ဓားမြှောင်တိုတစ်ချောင်း ပါရှိနေသည်။
ဖွတ်... သူသည် မိမိ၏ ပုခုံးပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို လှီးဖြတ်လိုက်သည်။
ကိုရင်လေး ကျန့်ချူ ၎င်းကို မြင်သောအခါ ပျာယာခတ်သွားပြီး တားဆီးရန် ပြင်သော်လည်း လျှောင်ယန့်၏ အော်ဟစ်ငေါက်ငမ်းမှုကို ခံလိုက်ရကာ “ကျန့်ချူလေး... ဒါ ငါ့ရဲ့ အပြစ်တရားတွေပဲ” ဟု ဆိုသည်။
ထို့နောက် သူက အမျိုးသမီးနှင့် ရင်ခွင်ထဲမှ ကလေးငယ်ကို ကြည့်ကာ “အဲဒီနေ့က မင်း ကျောင်းတိုက်တံခါးကို နှစ်ရာ့သုံးကြိမ် တောက်လျှောက် ခေါက်ခဲ့တယ်။ ငါ အသံတိုင်းကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရတယ်။ အဲဒီတံခါးခေါက်သံတိုင်းဟာ ငါတို့ရဲ့ ထုံထိုင်းမှုနဲ့ ညစ်ထေးတဲ့ အပြစ်တွေအတွက် သတိပေးခေါင်းလောင်းသံတွေပဲ။ ဒီနေ့ ငါ့ကိုယ်ငါ ဒဏ်ရာ နှစ်ရာ့သုံးချက် ပေးမယ်။ ပြီးသွားရင် မင်း ဒီရဟန်းအိုရဲ့ အသက်ကို ယူနိုင်ပြီ” ဟု ပြောသည်။
ထိုအခါမှ လျှောင်ယန့်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအားလုံးမှာ မိမိကိုယ်ကိုယ် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ကျွန်တော် သိရှိလိုက်ရသည်။ ထိုဒဏ်ရာများသည် ခုနစ်ဆယ်၊ ရှစ်ဆယ်မျှမက ရာဂဏန်းနီးပါး ရှိနေသဖြင့် သွေးများစွာ ဆုံးရှုံးနေခဲ့ခြင်း ဖြစ်သည်။ ကြောက်စရာအကောင်းဆုံးမှာ ဆရာတော်သည် ဤမျှ ဒဏ်ရာရနေပါလျက်နှင့် သတိရှိနေဆဲဖြစ်ပြီး မိမိကိုယ်ကိုယ် ထပ်မံ နာကျင်အောင် ပြုလုပ်လိုနေခြင်း ဖြစ်သည်။
ဤအခြေအနေတွင် ကျွန်တော် ဘေးကနေ ဒီအတိုင်း ကြည့်မနေနိုင်တော့ပေ။ ဆရာတော်သည် မိမိကိုယ်ကိုယ် ဒဏ်ရာ နှစ်ရာကျော်အောင် တကယ်လုပ်လျှင် အမျိုးသမီးက သတ်စရာပင်မလိုဘဲ သွေးလွန်ပြီး သေဆုံးသွားပေလိမ့်မည်ဖြစ်သည်။
ကျွန်တော် ဆရာတော်၏ လက်ကို ဆွဲကိုင်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အမျိုးသမီးကို ကြည့်ကာ
“သူက လျှောင်ယန့် လုံးဝ မဟုတ်ဘူး။ လျှောင်ယန့်က လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကတည်းက သေဆုံးသွားခဲ့ပြီ” ဟု အော်ပြောလိုက်တော့သည်။