အခန်း (၁၉) - ကျန်းအာစိ သေဆုံးသွားပြီလား။
အောက်ခြေမမြင်ရသော ရေကန်နက် ချောက်ကြီး၏ ရေအောက်ပိုင်းတွင်...
ထိုအဝတ်ဖိနပ်မှာ ကျွန်တော့်ခြေထောက်နှင့် တစ်သားတည်း ပေါက်ရောက်နေသည့်အလား ဆိုဒ် (၄၂) ရှိသော ခြေထောက်ကို ဆိုဒ် (၃၉) ဖိနပ်ထဲသို့ အတင်းအဓမ္မ ညှပ်ထားခြင်း ဖြစ်သည်။
၎င်းက လုံးဝ သက်တောင့်သက်သာ မရှိချေ။
ထို့အပြင် ၎င်းက ပိုမို၍ ကျပ်ညပ်လာခဲ့ပြီး နောက်တစ်စက္ကန့်တွင်မူ ဆိုဒ် (၃၈) အထိပင် ဖြစ်သွားခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် ကျွန်တော့်အောက်က ရေမျောကမ်းတင် အလောင်းကောင်ကြီးသည် အမီလိုက်လာခဲ့ပြီး ၎င်း၏အရှေ့တွင် ဖြူဖွေးလှသော လောက်ကောင် ဒါဇင်ပေါင်းများစွာသည် ရေစီးကြောင်းနှင့်အတူ မျောပါလာခဲ့သည်။
၎င်း၏နောက်ကွယ်တွင် တိုက်ရိုက် လိုက်ပါလာသည်မှာ ဟောင်းလောင်းဖြစ်နေသော မျက်တွင်းများနှင့် ဖြူလျော်ဖောင်းပွကာ ပုပ်စော်နံနေသည့် မျက်နှာကြီး ဖြစ်ပြီး ကျွန်တော့်ကို ရူးသွပ်စွာ လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်သည်။
ကျွန်တော့်ခြေထောက်များကို အဝတ်ဖိနပ်က တုတ်နှောင်ထားပြီး၊ ရေမျောကမ်းတင် အလောင်းကောင်ကြီးကလည်း နောက်ကွယ်မှ အမီလိုက်လာနေကာ အဆိုးဝါးဆုံးအရာမှာ ကျွန်တော့်အနေဖြင့် အသက်ကို ထပ်မံ အောင့်မထားနိုင်တော့ခြင်းပင်... ကျွန်တော့်ထံက အောက်ဆီဂျင်များ လုံးဝ ကုန်ဆုံးသွားခဲ့ပြီ။
ကျွန်တော် ယခုလို မျှော်လင့်ချက်မဲ့ပြီး သေတွင်းတွင်ပိတ်မိနေသော အခြေအနေမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ...
ကျွန်တော့်ဘယ်ခြေထောက် အောက်သို့ နစ်မြုပ်သွားစဉ် ရေမျောကမ်းတင် အလောင်းကောင်ကြီးက ကျွန်တော့်ခြေထောက်ကို ထပ်မံ၍ ဖမ်းဆုပ်လိုက်ပြန်သည်။
၎င်းက ကျွန်တော့်ခန္ဓာကိုယ်ကို အင်အားကြီးမားလှသော ခွန်အားဖြင့် အောက်သို့ တရွတ်တိုက် ဆွဲချတော့သည်။
ကျွန်တော့်ထံတွင် ရှိသော တစ်ခုတည်းသော မှော်ဝင်ပစ္စည်းမှာ စိပ်ပုတီးစေ့များ ဖြစ်သော်လည်း ၎င်းတို့က မိုက်မဲကြသူများ မဟုတ်ချေ။ စိပ်ပုတီးစေ့များ၏ အကြိမ်ကြိမ် အထုအနှက်ကို ခံလိမ့်မည်မဟုတ်သလို ကျွန်တော် ထုတ်ယူနေသည်ကိုလည်း ထိုင်ကြည့်နေကြမည် မဟုတ်ပေ။
၎င်းတို့က ကျွန်တော့်အသက်ကိုသာ လိုချင်နေကြခြင်း ဖြစ်သည်။
ကျွန်တော် မှိန်ပျပျ လမင်းရောင် ထင်ဟပ်နေသော ရေမျက်နှာပြင်ကို မော့ကြည့်လိုက်မိသော်လည်း ထိုအလင်းရောင်စွန်းကလေးမှာ ကျွန်တော့်ထံမှ တဖြည်းဖြည်း ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။
၎င်းနှင့်အညီ ကျွန်တော်သည်လည်း ချောက်နက်ကြီးထဲသို့ တရွေ့ရွေ့ ပိုမို နစ်မြုပ်သွားခဲ့ရသည်...
ကျန်းအာစိ ရေနစ်သေဆုံးသွားပြီလား။
ဝမ်ဝူတောင်၏ သိပ်သည်းလှသော တောနက်ကြီးထဲတွင် အောက်ခြေမမြင်ရသော ချောက်နက်ကြီးတစ်ခုက လမင်းရောင်ကို ဝါးမြိုထားခဲ့ပြီး လှိုင်းထနေသော ရေမျက်နှာပြင်မှာလည်း တဖြည်းဖြည်းချင်း ပြန်လည် တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
ချောက်နက်ကြီး၏ ဘေးပတ်ပတ်လည်ရှိ ချုံပုတ်များထဲတွင် ရုပ်သွင်ပြင်များစွာ ရှိနေခဲ့ကြပြီး အဝေးဆီမှနေ၍ ပိုမိုများပြားလှသော သရဲတစ္ဆေရိပ်များ ဆွဲဆောင်ခြင်း ခံရကာ ရောက်ရှိလာခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် ဆွဲဆောင်ခြင်းခံရကာ ရောက်ရှိလာသော သရဲတစ္ဆေရိပ်များမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ကြသည်။
ချောက်နက်ကြီး၏ အနီးအနားတွင် ရှိနေသော သရဲတစ္ဆေရိပ်များသည် မနာလိုဝန်တိုမှု၊ မုန်းတီးမှု ခံစားချက်များဖြင့် ရေကန်ကြီးဆီသို့ စိုက်ကြည့်နေကြသည်။
ပုပုကွကွနှင့် အရပ်ပုလှသော အဘွားအိုတစ်ယောက် ရောက်ရှိလာခဲ့ပြီး လက်တစ်ဖက်ဖြင့် သူမ၏ မျက်နှာကို အုပ်ထားကာ ဖြူဖွေးသော မီးခိုးငွေ့လှိုင်းများက အခါအားလျော်စွာ ထွက်ပေါ်နေခဲ့သည်။
သူမသည် ယခင်က စိပ်ပုတီးစေ့များ၏ တိုက်ခိုက်ခြင်းကို ခံရသဖြင့် ဒဏ်ရာရရှိထားခဲ့သူ ဖြစ်သည်။
သူမ နောက်ကွယ်မှ ထပ်မံ လိုက်လံ အမီဖမ်းခဲ့သော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့ရဟန်တူသည်။
ထိုအဘွားအိုသည် ချောက်နက်ကြီးကို စူးစိုက်ကြည့်နေခဲ့ပြီး ဒေါသအဟုန်ကြောင့် သွားများပင် တကျိကျိ မြည်နေခဲ့ကာ အံကြိတ်ထားသည့် ကြားမှနေ၍ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာခဲ့တော့သည်။
"တောက်... တောက်... တောက်!!!"
"ဒါက အောင်မြင်သွားတာလား!"
"ဘယ်လိုလုပ်ပြီး အောင်မြင်သွားရတာလဲ။ ဆံခြည်မျှင်တစ်မျှင်စာလေးပဲ လိုတော့တာကို!"
"နောက်နည်းနည်းလေးဆိုရင် ထိုကလေးစုတ်က...!"
ထိုအဘွားအို၏ အော်ဟစ်သံနှင့်အတူ ဘေးပတ်ပတ်လည်ရှိ သရဲတစ္ဆေရိပ်များကလည်း တိုးတိုးတိတ်တိတ်ဖြင့် သရဲစကားများကို ရေရွတ်လိုက်ကြသည်။
ယခင်က ၎င်းတို့၏ အကြည့်များမှာ ပြင်းပြပြီး လောဘဇော တက်နေခဲ့ကြသော်လည်း ယခုအခါတွင်မူ မနာလိုဝန်တိုမှုနှင့် မုန်းတီးမှုများသာ ကျန်ရှိတော့သည်။
အပေါ်စီးမှနေ၍ ငုံ့ကြည့်လိုက်ပါက မှောင်မည်းလှသော ရေကန်နက်ကြီးမှာ အောက်ခြေမရှိဘဲ ဝေဝါးမှောင်မိုက်နေခဲ့ပြီး ၎င်းကို ကြည့်ရုံမျှဖြင့် မဖော်ပြနိုင်လောက်သော ထိတ်လန့်ခြောက်ခြားမှုများ နှလုံးသားထဲသို့ ဝင်ရောက်လာစေသည်။
ချောက်နက်ကြီး၏ ရေမျက်နှာပြင်မှာ အလွန် တည်ငြိမ်နေဆဲ ဖြစ်သည်၊ အရာဝတ္ထုပေါင်းများစွာက ၎င်းကို စောင့်ကြည့်နေကြသည့်တိုင်အောင် လှိုင်းကြက်ခွပ်တစ်ခုမျှပင် မလှုပ်ခတ်နိုင်ခဲ့ချေ။
အရာအားလုံးက တည်ငြိမ်နေပြီး ခပ်သိမ်းသော အရာများ တိတ်ဆိတ်နေခဲ့ကာ လူသားမဟုတ်သော ထိုအရာများသာ တိုးတိုးတိတ်တိတ် ရေရွတ်နေကြသည်။
ဒါက မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သလိုမျိုး သရုပ်ဖော်နေခဲ့ခြင်းပင် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ကမ်းပါးပေါ်ရှိ ရုန်းကန်ခဲ့သော အမှတ်အသားများကသာ ရှင်သန်ခွင့်ရရန် စိတ်ကူးယဉ် မျှော်လင့်ချက် ထားရှိခဲ့သော လူငယ်လေးတစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန် ကြိုးစားမှုများကို သက်သေပြနိုင်ပေလိမ့်မည်။ ထိုမျှော်လင့်ချက်က ဘယ်လောက်ပဲ ကြီးမားနေပါစေ၊ နောက်ဆုံးတွင်တော့ ချောက်နက်ကြီးထဲသို့ ဆွဲချခံရမည့် ကံကြမ္မာကနေ မလွတ်မြောက်နိုင်ခဲ့ချေ။
ထိုလူငယ်လေး၏ မလိုလားမှုများ၊ အချည်းနှီးဖြစ်ခဲ့သော လှုပ်ရှားမှုများနှင့် ကြီးမားလှသော မျှော်လင့်ချက်အားလုံးသည် ဤချောက်နက်ကြီးထဲသို့ နစ်မြုပ်သွားခဲ့ရပြီ...
လူသားတစ်ယောက်၏ ရုန်းကန်မှုက ကံကြမ္မာ၏ ဝဲဂယက်ထဲကနေ ဘယ်လိုလုပ်ပြီး ရုန်းထွက်နိုင်ပါမည်နည်း။
ဖြစ်နိုင်သည်မှာ သူသည် မွေးဖွားလာခဲ့သည့် နေ့ကတည်းက သေဆုံးသွားခဲ့သင့်သည်... သို့မဟုတ် ကျွန်တော့်ကို နောက်ထပ် သက်တမ်း (၁၇) နှစ်စာ ထပ်ပေးခဲ့သည့်အတွက် ကောင်းကင်ကြီးကို ကျေးဇူးတင်ရပေလိမ့်မည်။
ပလုံ... ပလုံ... ပလုံ...
မှန်တစ်ချပ်ကဲ့သို့ တည်ငြိမ်နေသော ချောက်နက်ကြီး၏ ရေမျက်နှာပြင်ပေါ်တွင် ရုတ်တရက် ဖောင်းကြွမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အောက်ခြေမှနေ၍ ရေပူဖောင်းတစ်ခု မျောပါလာခဲ့သည်။
ထိုရေပူဖောင်းမှာ ရှေ့ဆောင်ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်ပြီး ၎င်းနောက်တွင် ရေပူဖောင်း ဒါဇင်ပေါင်းများစွာ ပြိုင်တူ ထွက်ပေါ်လာခဲ့သည်။
အခိုက်အတန့်အတွင်းမှာပင် ချောက်နက်ကြီးသည် အမြင့်ဆုံး အပူရှိန်ရနေသော အိုးတစ်လုံးကဲ့သို့ ပွက်လောရိုက်လာခဲ့ပြီး ရေပူဖောင်းပေါင်းများစွာ ထွက်ပေါ်လာကာ ရေမျက်နှာပြင်၏ တည်ငြိမ်မှုကို ရိုက်ခွဲပစ်လိုက်ပြီး အလျှော့မပေးလိုသော စိတ်ဆန္ဒများကို သွန်းလောင်းလိုက်တော့သည်။
ရေလှိုင်းပေါင်းများစွာ ပေါ်ထွက်လာခြင်းက အရာအားလုံး မပြီးဆုံးသေးကြောင်း သက်သေပြနေခဲ့သည်!
မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော မည်းမှောင်လှသည့် တိမ်တိုက်ကြီးများက ကောင်းကင်ယံကို ကြီးစိုးထားခဲ့ရာ ဤတောနက်ကြီးတစ်ခုလုံးမှာ ညဉ့်မှောင်မိုက်ခြင်းအောက်သို့ လုံးဝ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။
ဝုန်း!
နီရဲလှသော လျှပ်စီးကြောင်းတစ်ခုက မည်းမှောင်လှသော တိမ်တိုက်များကို အခိုက်အတန့်မျှ ဖြတ်သန်းခွဲထွက်သွားခဲ့ပြီး ထိုနီရဲလှသော အလင်းရောင်က ကောင်းကင်ကြီးကို နှစ်ခြမ်းခွဲတော့မည့်အလား ဖြစ်နေကာ မှောင်မိုက်သော တိမ်တိုက်များကလည်း မိုးကုပ်စက်ဝိုင်းတစ်ခုလုံးကို ကြမ်းတမ်းစွာ ဖြတ်သန်း လူးလွန့်လျက် ခပ်သိမ်းသောအရာများကို ထပ်မံ ဝါးမြိုသွားခဲ့ပြန်သည်။
ဝုန်း!
နောက်ထပ် မိုးခြိမ်းသံတစ်ခုက တောင်တန်းများနှင့် တောအုပ်ကြီးကို တုန်လှုပ်သွားစေခဲ့သည်။
မှောင်မိုက်သော တိမ်တိုက်များ ပွင့်ထွက်သွားခဲ့ပြီး နီရဲလှသော ကောင်းကင်လျှပ်စီးကြောင်းကြီး တစ်ခုသည် ကောင်းကင်ယံမှနေ၍ ရေကန်နက် ချောက်ကြီးထဲသို့ တည့်တည့် ကျရောက်သွားခဲ့တော့သည်။
ရေကန်နက် ချောက်ကြီးသည် အခိုက်အတန့်မျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် နောက်တစ်ကြိမ်တွင်တော့ ကောင်းကင်ယံအထိ မြင့်တက်သွားသော ရေလှိုင်းကြီးများနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် မဖော်ပြနိုင်လောက်သော ဆွဲဆောင်မှု... သို့မဟုတ် အရှိန်အဝါ... ခံစားချက်တစ်ခုလုံးသည် ပြိုင်တူ ပေါက်ကွဲထွက်လာခဲ့သည်!
ထိုစွမ်းအင် ပေါက်ကွဲမှုကြီးသည် ပြန့်ကားသွားခဲ့ပြီး ဧရာမ တောင်ကြီးတစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံသွားခဲ့တော့သည်!
ဗြုန်း... ဗြုန်း... ဗြုန်း...
ငှက်ပေါင်းများစွာသည် ညဉ့်မှောင်မိုက်ကြီး ဖြစ်နေသည့်တိုင်အောင် ထိတ်လန့်တကြား ပျံသန်းသွားခဲ့ကြပြီး သားရဲတိရစ္ဆာန်များသည်လည်း ရန်သူကြီးနှင့် ရင်ဆိုင်နေရသည့်အလား နိုးထလာခဲ့ကြကာ ဤတောင်ကြီးထဲမှ လွတ်မြောက်ရန် ကြိုးစားကြတော့သည်။
ရေကန်နက်ကြီး၏ ဘေးတွင် ရှိနေသော အဘွားအို၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူမ၏ တုန်ရင်နေသော လက်ညှိုးဖြင့် ချောက်နက်ကြီးဆီသို့ လှမ်းညွှန်ပြလိုက်သည်၊ သူမ တစ်စုံတစ်ခုကို ခံစားလိုက်ရဟန်တူသည် သို့မဟုတ် ကြောင်လေးတစ်ကောင်သည် ဧရာမ ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်ကို သတိပြုမိသွားသည့်အလား ထိတ်လန့်သွားခဲ့ရပြီး သူမ၏ ဆံပင်များ အားလုံး ထောင်မတ်သွားခဲ့ကာ သေခြင်းတရားနှင့် ရင်ဆိုင်နေရသလိုမျိုး ဖြစ်နေခဲ့သည်!
ထိုအဘွားအို၏ အော်ဟစ်သံက ထိုနေရာတစ်ခုလုံးတွင် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သော်လည်း ဒီတစ်ခါ အော်ဟစ်သံထဲတွင်တော့ ထိတ်လန့်တကြား ခြောက်ခြားမှုများနှင့် ပြည့်နှက်နေခဲ့သည်။
"ဘာ... ဘာလဲ...!"
"ဒါက ဘာကြီးလဲ!!"
"ဒါက ဘာပစ္စည်းကြီးလဲ!!!"
သူမက အော်ဟစ်ရင်း နောက်သို့ ဆုတ်ခွာသွားခဲ့ပြီး အဘွားအိုတစ်ယောက်နှင့် လုံးဝ မတူတော့ဘဲ မြေကြီးပေါ်တွင် လူးလှိမ့်လျက် တောနက်ကြီးထဲသို့ အလွန် လျင်မြန်စွာ ထွက်ပြေးပုန်းအောင်းသွားခဲ့တော့သည်။
ဘေးပတ်ပတ်လည်ရှိ သရဲတစ္ဆေရိပ်များ၏ ပုံပျက်ပန်းပျက် ခန္ဓာကိုယ်များသည်လည်း ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့ကြပြီး ညဉ့်မှောင်မိုက်ထဲတွင် ပျောက်ကွယ်သွားခဲ့ကြသည်။
ဝမ်ဝူတောင်ထိပ်ပေါ်ရှိ ချင်းလုံကျောင်းတော်...
ကြီးကျယ်ခမ်းနားလှသော ရှေးဟောင်းကျောင်းတော်ကြီး၏ ပင်မဆောင်အတွင်း၌ ဆရာတော် လျောင်ယန့်တစ်ပါးတည်းသာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အရှေ့တွင် ထိုင်နေခဲ့သည်။
ရုတ်တရက်ဆိုသလို လျောင်ယန့်၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့ရပြီး သူက ထိတ်လန့်တကြား အကြည့်များဖြင့် အပြင်ဘက် ရေကန်နက် ချောက်ကြီးရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်မိသည်။
သူ၏ ပြောင်စင်နေသော ဦးခေါင်းပေါ်မှ ချွေးစက်များ စိမ့်ထွက်လာခဲ့ပြီး စိပ်ပုတီးစေ့ကို ဆုပ်ကိုင်ထားသော လက်များကလည်း တုန်ရင်လာခဲ့တော့သည်။
ကျောင်းတော်သို့ သွားရာ လမ်းမထက်တွင် တုတ်ကောက်ကို အားပြုထားသော ကျန်းအာစိသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သူက နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဆန်များ တုန်လှုပ်သွားခဲ့ရပြီး မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူ၏ နှုတ်ခမ်းများ တုန်ရင်လျက် တိုးတိုးတိတ်တိတ် ရေရွတ်လိုက်မိသည်...
"ဘုရားသခင်... အောက်ကနေ ဘာကြီး ထွက်လာတာလဲ..."
"ဒါက ဘာကြီးလဲ!!!"
သူ ထပ်မံ မနေရဲတော့ဘဲ ကျောင်းတော်ရှိရာဆီသို့ အသက်လု ထွက်ပြေးသည့်အလား ခြေလှမ်းများကို ပိုမို လျင်မြန်စွာ လှမ်းလိုက်တော့သည်။