အခန်း (၁၆) - သေခြင်းတရားဘေးဒုက္ခ ကျရောက်လာခြင်း
အဘွားအိုက နှုတ်ခမ်းကို မဲ့လိုက်ရင်း -
"ဒါ ဘာပစ္စည်းမို့လို့လဲ၊ တို့ရုံတင်နဲ့ ပျက်စီးသွားရတာ"
သူမက နှာမှုတ်ပြီးနောက် ပန်းကန်ခွက်ယောက်များကို ဆေးကြောရန် မီးဖိုချောင်ထဲသို့ သယ်သွားတော့သည်။
ထိုအချိန်တွင် ကျွန်တော်ကတော့ ကျောရိုးတစ်လျှောက် ထိန်းမနိုင်သိမ်းမရ အေးစိမ့်သွားကာ တစ်ကိုယ်လုံး တောင့်တင်းရပ်နေမိသည်။
လျောင်ယန့် ပြောခဲ့ဖူးသည်မှာ ဤစိပ်ပုတီးသည် မကောင်းဆိုးဝါး ရန်သူများရန်မှ ကာကွယ်ပေးနိုင်သည် ဟူ၍ ဖြစ်သည်။
မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်တဲ့ ပုတီးစေ့တွေက အဘွားအို တိုးလိုက်ရုံနဲ့ ပြတ်တောက်သွားရတယ် ဟုတ်လား။
ဒါက တိုက်ဆိုင်မှုလား။ ဒါမှမဟုတ် တစ်ခုခုလား။
ကျွန်တော်ကိုယ်တိုင်လည်း ဒါဟာ မတော်တဆမှုတစ်ခုပဲ ဖြစ်မှာပါဟု တွေးကာ စိတ်ဖြေသိမ့်နေမိသည်။ ဘာပဲပြောပြော ဤစိပ်ပုတီးများက လွန်ခဲ့သည့် အနှစ်လေးဆယ်က ပစ္စည်းတွေ ဖြစ်သောကြောင့် ကြိုးဆွေးပြီး ပြတ်သွားတာ သဘာဝကျပါသည် မဟုတ်လော။
ပုတီးစေ့များကို ကောက်မယူမချင်း ကျွန်တော် တော်တော်လေး တည်ငြိမ်နေသေးသည်။ သို့သော် မြေကြီးပေါ်သို့ ကျသွားသော ပုတီးစေ့တစ်စေ့ကို ကောက်ယူကြည့်လိုက်သည့် အခါတွင်မူ ကျွန်တော့်မျက်လုံးများ ပြာဝေသွားရတော့သည်။
လုံးဝန်းသော ပုတီးစေ့၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းတစ်ခု ထင်ထင်ရှားရှား ရှိနေခဲ့ပြီး အခြားပုတီးစေ့များကို တစ်စေ့ပြီးတစ်စေ့ ကောက်ယူကြည့်လိုက်သည့် အခါတွင်လည်း...
ခြွင်းချက်မရှိ... ပုတီးစေ့တိုင်း၏ အပေါ်တွင် နက်ရှိုင်းသော အက်ကြောင်းတစ်ခုစီ ရှိနေခဲ့ကြသည်။
ဤအရာက တိုက်ဆိုင်မှု သို့မဟုတ် မတော်တဆမှုဟူသော စကားလုံးဖြင့် ရှင်းပြ၍ မရတော့ပေ။
အကယ်၍ ဤစိပ်ပုတီးက အစွမ်းထက်တာ အမှန်ပဲဆိုရင်၊ ၎င်းရဲ့ အာနိသင်က အစစ်အမှန်ပဲဆိုရင်... ထိုအဘွားအိုသည် မကောင်းဆိုးဝါး တစ္ဆေတစ်ကောင် ဖြစ်နေ၍လော။
သို့မဟုတ် သူမသည် ပုတီးစေ့များကို ထိရုံမျှဖြင့် ကြေမွသွားစေနိုင်သည့် အလွန်ကြောက်စရာကောင်းသော တန်ခိုးရှိသည့် အရာတစ်ခု ဖြစ်နေ၍လော။
ကျွန်တော့်လက်မောင်းများတွင် ကြက်သီးမွှေးညင်းများ ထောင်ထလာပြီး ဤအကြောင်းကို တွေးမိရုံနှင့်တင် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်ခြောက်ခြားလာရသည်။
ကျွန်တော် ထိုဘက်ကို ဆက်ပြီး တွေးရန်ပင် မဝံ့ရဲတော့ချေ။
အကယ်၍ အဘွားအိုက တစ္ဆေတစ်ကောင် ဖြစ်နေလျှင်? ချင်းလုံကျောင်းတော်က တစ္ဆေကျောင်းကြီး ဖြစ်နေလျှင်? သို့ဆိုလျှင် ဤဝမ်မောက်တောင်တစ်ခုလုံးတွင် လူသားရယ်လို့ ရှိပါဦးမည်လော။ ကျွန်တော် ဤကျောက်မြို့တော်တွင် လူသားစစ်စစ် တစ်ယောက်ယောက်နှင့်များ ဆုံတွေ့ခဲ့ဖူးပါရဲ့လား။
များပြားလှသော ကွဲလွဲမှုများ၊ အောက်လမ်းဆန်းကြယ်မှုများနှင့် ဝေခွဲမရမှုများက ကျွန်တော့်ကို ခေါင်းကိုက်ခဲလာစေပြီး ကျွန်တော့်နှလုံးသားထဲရှိ မြင့်မားလှသော သံသယတံတိုင်းကြီးမှာ ဤအခိုက်အတန့်တွင် အခြေခံအုတ်မြစ်ကို မသိမသာ စတင်ချလိုက်ပြီ ဖြစ်သည်။
ငါ ဘယ်သူ့ကို ဆက်ပြီး ယုံကြည်ရဦးမှာလဲ... ကျွန်တော့်နှလုံးသားထဲမှ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိသည်။
အတန်ကြာသော် အဘွားအိုက စောင်အချို့ကို ယူဆောင်လာပေးသည်။
"ရော့... ညဘက်ဆိုရင် အေးတယ်၊ အအေးမိမနေစေနဲ့"
ကျွန်တော် စောင်ကိုလှမ်းယူရင်း သူမကို ကျေးဇူးတင်လိုက်သည်။
ဘာပဲဖြစ်ဖြစ်... အဘွားအိုက လူဖြစ်စေ၊ တစ္ဆေဖြစ်စေ လက်ရှိအချိန်အထိတော့ ကျွန်တော့်ကို ရန်မပြုသေးချေ။
အကယ်၍ သူမက ကျွန်တော့်ကို ရန်မူချင်တာဆိုလျှင် ကျောက်မြို့တော် ကားဂိတ်မှာတင် သူမ သတိမပေးခဲ့ရင် ကျွန်တော် သေနေလောက်ပြီ မဟုတ်ပါလား။
အခုလောလောဆယ်တော့ အိပ်ရေးဝဝအိပ်ပြီး ခေါင်းကို ရှင်းလင်းအောင်ထားတာက ပိုကောင်းပါလိမ့်မည်။
ကျွန်တော် စောင်တစ်ထည်ကို ကုလားထိုင်အရှည်ပေါ်တွင် ခင်းလိုက်ပြီး အခြားတစ်ထည်ကို ခြုံကာ စောင်စွန်းများကို သေချာဖိထားလိုက်သည်။
မှောင်မည်းပြီး အေးစိမ့်လှသော တောတောင်နက်ကြီးထဲတွင် ဤကဲ့သို့သော နွေးထွေးမှုကို ရရှိခြင်းက ရှားပါးလှသော အခွင့်အရေးပင်ဖြစ်သည်။
တောင်ပေါ်ကနေ မနည်းအသက်လုပြေးခဲ့ရသဖြင့် တော်တော်လေး ပင်ပန်းနေပြီ ဖြစ်သော်လည်း ခုနက ဖြစ်ပျက်သွားသောအရာများကြောင့် အိပ်ချင်စိတ်အားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးသွားရသည်။
ကုလားထိုင်ပေါ်တွင် တွန့်ကွေ့နေရင်း ကျွန်တော့်စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေမိသည်။
ကျွန်တော် အိမ်ခေါင်မိုးတန်းက ပင့်ကူအိမ်တွေကို ငေးကြည့်ရင်း ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေရဲ့ ချည်မျှင်တန်းတွေကို စိတ်ထဲကနေ မသိမသာ ပြန်လည်ဆန်းစစ်နေမိသည်။
အရာအားလုံးက ပင့်ကူအိမ်တစ်ခုလိုပင် ပတ်ချာလည်ဝိုင်းနေပြီး အဓိက အချက်အချာကျသော ဗဟိုချက်မကနေ ရုန်းမထွက်နိုင် ဖြစ်နေသည်။
ဗဟိုချက်မ...
ကျွန်တော် ဝုန်းခနဲ ထထိုင်လိုက်မိသည်။ ကျွန်တော့်စိတ်ကူးထဲက အသေးစိတ်အချက်အလက်တစ်ခုက အရာအားလုံးကို ချိတ်ဆက်မိသွားစေသည်။
ကျွန်တော် မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိရင်း ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသကဲ့သို့ မျက်စိသူငယ်အိမ်များ ပြူးကျယ်သွားရပြီး အသက်ရှူရန်ပင် ခက်ခဲလာရတော့သည်။
ကျွန်တော် ကုလားထိုင်ပေါ်ကနေ လိမ့်ဆင်းကာ အဘွားအို၏ အခန်းထဲသို့ အပြေးအလွှား ဝင်သွားခဲ့သည်။
သူမ၏ အခန်းသည် ပင်မဧည့်ခန်းဆောင်၏ ဘေးဘက်အခန်းငယ်တွင် ရှိပြီး တံခါးကို ဖွင့်လိုက်သည့်အခါ တွေ့လိုက်ရသော မြင်ကွင်းက ကျွန်တော့်သွေးများကို ခဲသွားစေတော့သည်။
ခုတင်ပေါ်တွင် မည်သူမျှ မရှိချေ။ မီးခိုးရောင် အိပ်ရာခင်းများက သေသပ်စွာ ခေါက်ထားလျက်ရှိသည်။
ကျွန်တော် ဧည့်ခန်းထဲတွင် လှဲလျောင်းနေခဲ့ခြင်းဖြစ်ပြီး သူမ မည်သည့်အချိန်တွင် အပြင်သို့ ထွက်သွားခဲ့သည်ကို လုံးဝ သတိမထားမိခဲ့ချေ။
တောက်... ငါ ဒါကို ပိုပြီး စောစော သဘောပေါက်ခဲ့သင့်တာ။ ဒါက သိသာလွန်းနေတာပဲကို!
ကျွန်တော် အခန်းကို စိုက်ကြည့်ရင်း စိတ်ထဲကနေ ကျိန်ဆဲနေမိသည်။
နက်မှောင်လှသော တောတောင်နက်ကြီး၏ သန်းခေါင်ယံအချိန်တွင် သေခါနီးအဘွားအိုတစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားခြင်းက သာမန်ယုတ္တိဗေဒနှင့် လုံးဝ ကိုက်ညီမှုမရှိချေ။
ဖြစ်နိုင်သည်မှာ သူမကို သာမန်လူသားတွေရဲ့ အတွေးအခေါ်နှင့် တိုင်းတာ၍ မရခြင်းပင် ဖြစ်သည်။
ဤ အဘွားအိုသည် လူသားစစ်စစ် လုံးဝ မဟုတ်ပေ။
သူမက လွန်ခဲ့သည့် အနှစ်လေးဆယ်က ကျောင်းတော်က သံဃာအားလုံးကို သတ်ဖြတ်ခဲ့သည့် ရန်ငြိုးကြီးမားလှသော သရဲမကြီးပင် ဖြစ်သည်။
အစကနေ အဆုံးအထိ သူမက မိမိကိုယ်ပိုင်အကြောင်းကို ပြန်ပြောပြနေခဲ့ခြင်းသာ ဖြစ်သည်။
ကျွန်တော် မျက်မှောင်ကြုတ်ကာ တံခါးအပြင်သို့ ဝုန်းခနဲ ပြေးထွက်ခဲ့သည်။ သူမ ဘယ်ကို သွားခဲ့သလဲဆိုတာကို ကျွန်တော် သိနေပြီဟု ထင်မိသည်။
အခုက သန်းခေါင်ယံအချိန် ဖြစ်နေတာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တောင်ပေါ်လမ်းအတိုင်းသာ ဦးတည်ပြေးမိတော့သည်။
ကျွန်တော် ရူးသွပ်သွားခဲ့ပြီ ဖြစ်ကောင်းဖြစ်နိုင်သလို တော်တော်လေးကို သွေးရူးသွေးတန်း ဖြစ်နေခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
သေခြင်းတရားဒုက္ခက ည ၁၂ နာရီမှာ ရောက်လာတော့မှာ ဖြစ်ပြီး ကျွန်တော်ကတော့ သန်းခေါင်ယံအချိန်ကြီး တောင်ပေါ်ကို ပြေးတက်နေမိသည်။
ချင်းလုံကျောင်းတော်ကနေ မနည်းထွက်ပြေးခဲ့ပြီးကာမှ အခုတော့ ကိုယ့်သဘောနဲ့ကိုယ် အဲဒီကျောင်းတော်ဆီ ပြန်ပို့နေမိခြင်း ဖြစ်သည်။
သို့သော်လည်း အရာအားလုံးရဲ့ သော့ချက်က ကျောင်းတော်မှာပဲ ရှိတယ်ဆိုတာ ကျွန်တော့်စိတ်ထဲ အလိုလို သိနေသည်။
ကျွန်တော် ကျောင်းတော်ကို သွားရမည်၊ ၎င်းက ကျွန်တော့်ရဲ့ အသက်ရှင်သေဆုံးခြင်းနှင့် သက်ဆိုင်နေသည်။
အကယ်၍ ကျွန်တော် တစ်လှမ်းတင် နောက်ကျသွားခဲ့ရင် သေခြင်းတရားဘေးဒုက္ခကို ဖြေဖျောက်ဖို့ တကယ်ပဲ မဖြစ်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် အဘွားအိုသည် ဆရာတော် လျောင်ယန့်ကို သတ်ရန် သွားနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။
ထိုအဘွားအိုသည် လွန်ခဲ့သည့် အနှစ်လေးဆယ်က ရန်ငြိုးကြီးမားသော သရဲမ ဖြစ်နေ၍သာ ပုတီးစေ့များကို ထိလိုက်သည်နှင့် ပြတ်တောက်သွားခဲ့ရခြင်း ဖြစ်သည်။
ကျောင်းတော်က သံဃာတော်တွေအားလုံးဟာ သူမရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပြီး ကျောင်းတော်မှာ ကျန်ရစ်ခဲ့တဲ့ တစ္ဆေတွေ ဖြစ်လာခဲ့ကြသည်။ ကိုရင်လေး ကျင့်ချူ နှင့် အခြားသံဃာတွေအားလုံးဟာ တစ္ဆေတွေ ဖြစ်ကြသည်။
ဒါပေမဲ့ တစ္ဆေမဟုတ်တဲ့သူ တစ်ယောက်တော့ ရှိသေးသည်... သူကတော့ လျောင်ယန့် ပဲ ဖြစ်သည်။ သူက လူသား ဖြစ်သည်။
လျောင်ယန့်က နဂါးစိမ်းကျောင်းတော်က အခြားတစ္ဆေသံဃာတွေနဲ့ လုံးဝ မတူညီချေ။ သူ အမွှေးတိုင် ထွန်းညှိပူဇော်ပုံကပင် ပုံမှန်မဟုတ်ခဲ့ချေ။
ဒါ့အပြင် သူက ကျွန်တော့်ကို ဤစိပ်ပုတီး ပေးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ မကောင်းဆိုးဝါး တစ္ဆေတစ်ကောင် ဖြစ်နေလျှင် ဤပုတီးစေ့များသည် သူ့လက်ထဲမှာတင် ကြာလှပြီ ဖြစ်သော ရလဒ်အဖြစ် ပျက်စီးသွားခဲ့ပြီးဖြစ်လိမ့်မည် မဟုတ်ပါလော။
အဘွားအိုက ကျောင်းတော်သည် တစ္ဆေကျောင်းကြီး ဖြစ်ကြောင်း ပထမဆုံးအကြိမ် ပြောပြစဉ်က လွန်ခဲ့သည့် အနှစ်လေးဆယ်က 'လျော' မျိုးဆက်သံဃာတော်တစ်ပါး ဝမ်းနည်းစရာ ကောင်းလောက်အောင် ပျံလွန်တော်မူသွားကြောင်း ပြောခဲ့ဖူးသည်။
သူမ ကျောင်းတော်အကြောင်း ဒုတိယအကြိမ် ပြောပြသည့်အခါတွင်မူ ဇာတ်လမ်းကို အဆုံးသတ်ပေးခဲ့သည် - ထိုအချိန်က ကျောင်းတော်တွင် 'လျော' မျိုးဆက် သံဃာနှစ်ပါး ရှိခဲ့ပြီး ၎င်းတို့မှာ လျောင်ယန့်နှင့် လျောင်ကော် တို့ ဖြစ်ကြသည်။
အဘွားအို ပြောပုံအရ လွန်ခဲ့သည့် အနှစ်လေးဆယ်က အမျိုးသမီးတစ်ယောက်ဟာ ကျောင်းတော်တစ်ခုလုံးကို တစ်ညတည်းနဲ့ သတ်ဖြတ်ခဲ့သည် ဟု ဆိုရာ ထို "ကျောင်းတော်တစ်ခုလုံး" ဆိုသည့်အထဲတွင် လျောင်ယန့်နှင့် လျောင်ကော် တို့ ပါဝင်နေခဲ့ပါသလော။
ဒါကြောင့် အဘွားအိုသည် လျောင်ယန့် ရှိနေသေးကြောင်း သိလိုက်ရသည့်အခါတွင် အံ့အားသင့်သွားခဲ့ပြီး လှောင်ပြုံးပင် ပြုံးလိုက်ခြင်း ဖြစ်သည်။
အစကတော့ ကျွန်တော်က တစ္ဆေကျောင်းထဲကို မတော်တဆ ဝင်သွားမိလို့ ကျွန်တော့်ကို လှောင်ပြောင်တာ ဒါမှမဟုတ် ကျောင်းတော်ကို စော်ကားတာလို့ပဲ ထင်ခဲ့မိသည်။
ဒါပေမဲ့ တကယ်တမ်းတော့ ထိုသို့မဟုတ်ခဲ့ချေ...
သူမ ကျောင်းတော်အပြင်ဘက်ကို ရောက်လာခဲ့ခြင်းက ကျွန်တော့်ကို ကယ်တင်ဖို့သက်သက် မဟုတ်ဘဲ လျောင်ယန့်ဟာ နဂါးစိမ်းကျောင်းတော်မှာ တကယ်ပဲ ရှိနေသေးကြောင်း အတည်ပြုဖို့ လာခဲ့ခြင်း ဖြစ်သည်။
လျောင်ယန့်သည် ထိုအချိန်က သူမ၏ လက်ချက်ဖြင့် သေဆုံးမသွားခဲ့ဘဲ ကျန်ရစ်ခဲ့ခြင်း ဖြစ်ပြီး နှစ်ပေါင်းလေးဆယ် ကြာပြီးနောက်တွင်တော့ သူမက ထပ်မံပြီး လက်စသတ်ရန် သွားနေခြင်း ဖြစ်သည်။
ကျွန်တော် ကျောင်းတော်သို့ ပြန်ရောက်နေခဲ့သည်မှာ တစ်မွန်းလွဲခင်းနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ရာ သာမန်လူတစ်ယောက်ရဲ့ အရှိန်နှုန်းနှင့်ဆိုလျှင်ပင် သူမ ကျောင်းတော်သို့ ရောက်နေသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။ ရန်ငြိုးကြီးမားသော သရဲမတစ်ကောင်အတွက် ဆိုလျှင်တော့ ပို၍ပင် ပြောစရာမလိုတော့ချေ။
သို့သော် အဘွားအိုသည် စောစောလည်း မပေါ်လာဘဲ၊ နောက်ကျမှလည်း မပေါ်လာဘဲ ကျွန်တော် ကျောင်းတံတိုင်းပေါ် တက်နေပြီး လျောင်ယန့်က ကျွန်တော့်ကို လှမ်းဆွဲထားသည့် အချိန်ကျမှ ကွက်တိ ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အဲဒီအချိန်က လျောင်ယန့်က ကျွန်တော့်ကို လှမ်းခေါ်လိုက်တဲ့ အချိန်ပဲ ဖြစ်သည်။
ထိုအရာ ဖြစ်ပြီးနောက်မှသာ အဘွားအို ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ယခု အဘွားအို ရုတ်တရက် ပျောက်ဆုံးသွားခြင်းက ကျွန်တော့်ရဲ့ သံသယကို အတည်ပြုပေးလိုက်ပြီ ဖြစ်သည် - အဘွားအိုသည် ကျောင်းတော်သို့ သွားနေခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် အနှစ်လေးဆယ်က ကျောင်းတော်က သံဃာတွေကို သတ်ဖြတ်ခဲ့သည့် ရန်ငြိုးကြီးမားသော သရဲမကြီးသည် နှစ်ပေါင်းလေးဆယ် ကြာပြီးနောက် ကျောင်းတော်သို့ တစ်ခေါက် ပြန်သွားခြင်းက ကောင်းသော ရလဒ် ထွက်လာနိုင်ပါဦးမည်လော။
သူမက လျောင်ယန့်ကို သတ်ရန် သွားနေခြင်း ဖြစ်သည်။
ထိုအချိန်က ဆရာတော် လျောင်ယန့်သည် သူမ သေဆုံးလုနီးပါး ဖြစ်နေတာကို မကူညီဘဲ ဘေးကနေ ရပ်ကြည့်နေခဲ့ခြင်း ဖြစ်ရာ သူမက အခြားသံဃာတွေကိုတောင် သတ်ခဲ့ရင် ဆရာတော် လျောင်ယန့်ကို ဘယ်လိုလုပ်ပြီး ချန်ထားပါမည်နည်း။
ကျွန်တော် ဤတောင်တက်တောင်ဆင်းလမ်းကို အကြိမ်ကြိမ် ဖြတ်သန်းဖူးပြီ ဖြစ်သဖြင့် ယခုလို မှောင်မည်းနေသော အချိန်တွင် လျှောက်လှမ်းရခြင်းက သိပ်ပြီး ခက်ခဲမနေချေ။
သို့သော် ကျွန်တော့်ကို တကယ် စိုးရိမ်စေသည်က လမ်းပျောက်မှာ မဟုတ်ဘဲ လမ်းခုလတ်မှာ ရှိနေမည့် အရာများ ဖြစ်သည်။
သို့သော်လည်း... ကျွန်တော် အကြောက်ဆုံးအရာက တကယ်ပဲ ဖြစ်လာခဲ့တော့သည်။
ကျွန်တော် တောင်လယ်ပိုင်းလောက်သို့ အပြေးရောက်သွားသည့် အခါတွင်တော့... တဖတ်ဖတ်နှင့် ပြေးလွှားနေသော ခြေသံများက ကျွန်တော့်နောက်ကျောဘက်မှ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ဤခြေသံများသည် ကျွန်တော့်ရဲ့ အရှိန်နှုန်းနှင့် အတူတူပင် ဖြစ်သော်လည်း ကျွန်တော့်ခြေသံထက် ပိုမိုကျယ်လောင်နေခဲ့သည်။
ကျွန်တော် နောက်သို့ လှည့်ကြည့်လိုက်ရာ နဖူးပေါ်ရှိ သွေးကြောများမှာ အလိုလို ထောင်ထလာရတော့သည်။
မီးခိုးရောင် အဝတ်ဖိနပ်တစ်စုံက ကျွန်တော့်နောက်ကနေ တကောက်ကောက် လိုက်နေခြင်း ဖြစ်သည်။ ထိုအဝတ်ဖိနပ်များသည် တစ်ယောက်ယောက်က စီးထားသကဲ့သို့ အပေါ်ပိုင်းက ဖောင်းကြွနေပြီး ခြေလှမ်းတိုင်းတွင် နက်ရှိုင်းသော ခြေရာတစ်ခုစီ ကျန်ရစ်ခဲ့သည်။
သတိပြုမိသည်မှာ ဤအဝတ်ဖိနပ်များသည် ပြီးခဲ့သည့်အကြိမ်ကထက် ပိုမိုဟောင်းနွမ်းနေပြီး ခြောက်သွေ့နေသော သွေးကွက်အချို့ ပေကျံနေခဲ့သည်။
တောက်... ဒီမကောင်းဆိုးဝါး သရဲက တစ်ခါပြန်ပေါ်လာပြန်ပြီ။ ကျွန်တော် စိတ်ထဲကနေ ကျိန်ဆဲမိသည်။
ဤအရာက ကျွန်တော့်အသက်ကို အန္တရာယ်ပြုရန် ဤအချိန်ကို ကွက်တိ ရွေးချယ်လာခဲ့ခြင်း ဖြစ်သော်လည်း ကျွန်တော်ကတော့ ဒါကို ပထမဆုံးအကြိမ် ကြုံဖူးသည့် သာမန်လူ မဟုတ်တော့သဖြင့် အားတင်း၍ ဆက်သွားရသည်။
ကျွန်တော် ရည်ရွယ်ချက်ရှိရှိဖြင့် အရှိန်ကို လျှော့ချလိုက်ပြီး ထိုအရာကို အနားသို့ ကပ်လာခွင့်ပေးလိုက်ကာ ကျွန်တော့်နှလုံးခုန်သံမှာလည်း ခြေသံနှင့်အတူ စည်းချက်ကျကျ တုန်ခါနေမိသည်။
ကျွန်တော် စိတ်ထဲကနေ စက္ကန့်အနည်းငယ်လောက် ရေတွက်လိုက်ပြီးနောက် ရုတ်တရက် ဝုန်းခနဲ လှည့်ကာ ပုတီးစေ့တစ်ဆုပ်ကို လှမ်းပစ်ပေါက်လိုက်တော့သည်။
ဤပုတီးစေ့များသည် ဆရာတော် လျောင်ယန့် ပေးခဲ့သော စိပ်ပုတီး ပြတ်တောက်သွားစဉ်က ကောက်ယူထားခဲ့သည့် ပုတီးစေ့များ ဖြစ်ကြသည်။
ချက်ချင်းဆိုသလိုပင် စူးရှပြီး နာကျင်လှသော အော်ဟစ်မြည်တမ်းသံတစ်ခုက နောက်ကွယ်မှ ထွက်ပေါ်လာခဲ့ပြီး ကျွန်တော်လည်း ထိုအခွင့်အရေးကို သုံးကာ အသက်လုပြေးတော့သည်။
ဤစိပ်ပုတီးစေ့များက အသုံးဝင်နေဆဲ ဖြစ်ပုံရသည်၊ အဘယ်ကြောင့်ဆိုသော် ခြေသံများကို ထပ်မံ မကြားရတော့သောကြောင့် ဖြစ်သည်။
သို့သော်လည်း ထိုအဝတ်ဖိနပ်ကြီး မရှိတော့သည့်တိုင်အောင် ကျွန်တော်သည် အခြားအရာတစ်ခုခု၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပုံရသည်။
ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော အရိပ်များစွာသည် တောအုပ်အတွင်း၌ ပေါ်လာခဲ့ကြသည်။ ထိုကောင်များသည် သစ်ပင်များနောက်ကွယ်တွင် ပုန်းကွယ်နေကြပြီး မြေပေါ်တွင် ရပ်နေရင်း ကျွန်တော့်ရဲ့ လှုပ်ရှားမှုနောက်ကို ဖြည်းဖြည်းချင်း လိုက်ပါလာကြသည်။
သူတို့က တရွေ့ရွေ့နှင့် နှေးကွေးနေပုံရသော်လည်း ကျွန်တော့်အနေဖြင့် သူတို့ရဲ့ လိုက်လံဖမ်းဆီးမှုကနေ လုံးဝ ရုန်းမထွက်နိုင် ဖြစ်နေသည်။
ကျွန်တော် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အားကုန်သုံးကာ ရှေ့သို့ ဆက်ပြေးမိတော့သည်။ အသက်ရှူပင် မဝတော့သည့် အချိန်ကျမှ နောက်သို့ လှည့်ကြည့်ရန် အခွင့်အရေး ရလိုက်သည်။
ကျွန်တော့်ပတ်ပတ်လည်ရှိ တစ္ဆေအရိပ်များမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပုံရသည်။
သို့သော်လည်း... ကျွန်တော် ခေါင်းကို အရှေ့သို့ ပြန်လှည့်လိုက်သည့် အခါတွင်တော့ ကျွန်တော် တစ်ကိုယ်လုံး ဆွံ့အ တောင့်တင်းသွားရတော့သည်...