အခန်း (၁၄) - ကျန်းအာစိ မင်း ဘယ်ပြေးမလို့လဲ
ကျွန်တော် ကိုရင်လေး ကျင့်ချူ၏ အုတ်ဂူဂူဗိမာန်ကို စိုက်ကြည့်ရင်း တစ်ကိုယ်လုံး တောင့်တင်း ခဲယဉ်းသွားရသည်။
ကျွန်တော့်နောက်တွင်တော့ ကိုရင်လေး ကျင့်ချူက ကျွန်တော့်ကို မလွှတ်တမ်း ဆွဲခေါ်နေဆဲဖြစ်ပြီး အတင်းအကျပ် မေးမြန်းနေတော့သည်။
"အာစိ... စကားတစ်ခွန်းလောက် ပြောပါဦး"
"အဲဒီအုတ်ဂူပေါ်မှာ ဘာရေးထားတာလဲ"
"အာစိ... အာစိ"
သူ့လက်၏ ဆွဲအားက တစ်စထက်တစ်စ ပိုမိုပြင်းထန်လာပြီး နောက်ဆုံးတွင် လက်သည်းများက ကျွန်တော့်ကျောပြင်က အသားထဲအထိ စိုက်ဝင်လာတော့သည်။
ထိုအရာက စူးရှသော နာကျင်လှိုင်းများကို တရိပ်ရိပ် တက်လာစေသည်။
တစ်ခုခု မှားယွင်းနေပြီဆိုတာကို ကျွန်တော် အာရုံရလိုက်သဖြင့် ခေါင်းကို လှည့်ကြည့်လိုက်မိသည်။
ကိုရင်လေး ကျင့်ချူ၏ မျက်နှာမှာ စက္ကူဖြူကဲ့သို့ ဖြူလျော်နေပြီး လက်နှစ်ဖက်ဖြင့် ကျွန်တော့်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
သူက ရူးသွပ်သွားသည့်အလား ကျွန်တော့်ကို အဖြေပေးရန် အတင်းအကျပ် တောင်းဆိုနေတော့သည်။
"အာစိ... အုတ်ဂူပေါ်မှာ ဘာရေးထားတာလဲလို့"
"ဒါက ဘယ်သူ့အုတ်ဂူလဲ"
ကျွန်တော် စကားပြောရန် လည်ချောင်းကို လှုပ်ရှားလိုက်သော်လည်း ကိုရင်လေး ကျင့်ချူက ကျွန်တော့်ကို ပိတ်ပင်တားဆီးလိုက်သည်။
ညစ်ပတ်ပေရေပြီး ပျစ်ခဲနေသော သွေးပုပ်များက ကိုရင်လေး ကျင့်ချူ၏ ပါးစပ်ထဲမှ စီးကျလာပြီး ဘယ်အချိန်ကတည်းက စတင်နေသည်မသိ၊ သူ၏ မျက်နှာသွင်ပြင်များကပါ ပုပ်ပွပျက်စီးလာခဲ့ပြီ ဖြစ်သည်။
သူ၏ ရင်ဘတ်တွင်မူ နောက်ကွယ်ရှိ အရာအားလုံးကို အတိုင်းသား ဖောက်မြင်နိုင်လောက်သည့် အပေါက်ကြီးတစ်ပေါက် ဖြစ်နေပြီး အသားစအချို့ ကပ်နေသော အရိုးဖြူကြီးများက ဒဏ်ရာဝတွင် ပေါ်ထွက်နေကာ ၎င်းထံမှ ပျစ်ချွဲသော အရည်များက တစ်စက်စက် ကျဆင်းနေသည်။
"အာ... အာစိ"
ကျွန်တော်လည်း ပျို့အန်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ကိုရင်လေး ကျင့်ချူကို အတင်းတွန်းဖယ်ပစ်လိုက်သည်။
ထို့နောက် အသက်လွတ် အပြေးအလွှား ထွက်ပြေးခဲ့တော့သည်။
ဒီလို ရုန်းရင်းဆန်ခတ် ဖြစ်သွားမှုက လျောင်ယန့်ကိုပါ သိသွားစေခဲ့သည်။
"ကျန်းအာစိ..."
နောက်ကွယ်မှ အဆက်မပြတ် ခေါ်ဝေါ်နေသော အသံများကို ဥပေက္ခာပြုကာ ကျွန်တော် ဟင်းသီးဟင်းရွက်စိုက်ခင်းထဲသို့ ကမူးရှူးထိုး ပြေးဝင်ခဲ့သည်။
စောစောကတော့ ကျွန်တော် သံသယဝင်ရုံတင် ရှိသေးသော်လည်း အခုတော့ သေချာသွားခဲ့ပြီ ဖြစ်သည်။
ချင်းလုံကျောင်းတော်က တစ္ဆေကျောင်းတော်ကြီး သက်သက်ပဲ။
ကိုရင်လေး ကျင့်ချူတင် တစ္ဆေဖြစ်နေတာ မဟုတ်ဘူး၊ ဆရာတော်ကပါ တစ္ဆေတစ်ကောင် ဖြစ်နေသည်။
ကိုရင်လေး ကျင့်ချူ၏ အုတ်ဂူအပြင် ကျွန်တော် လျောင်ယန့်၏ အုတ်ဂူကိုပါ မြင်တွေ့ခဲ့ရသည်။
ဒါက လျောင်ယန့်၏ ရှေ့တည့်တည့်တွင် ရှိနေသော အုတ်ဂူပင် ဖြစ်ပြီး သူကိုယ်တိုင်လည်း မိမိကိုယ်ကိုယ်အတွက် အမွှေးတိုင် ထွန်းညှိပူဇော်နေခြင်း ဖြစ်သည်။
ကျွန်တော် စိုက်ခင်းထဲက ထွက်လာသည်နှင့်တစ်ပြိုင်နက် ယိမ်းထိုးလှုပ်ရှားနေသော သံဃာအုပ်စုကြီးနှင့် တည့်တည့်တိုးတော့သည်။
မှေးမှိန်နေသော ဆည်းဆာရိပ်အောက်တွင် သူတို့က မည်းမှောင်နေသော အရိပ်မည်းကြီးများအလား ကျွန်တော့်ထံသို့ ဝိုင်းရံပိတ်ဆို့ကာ နီးကပ်လာကြသည်။
ကျွန်တော် ကျောင်းတော်တံတိုင်းကို လှည့်ကြည့်လိုက်ပြီး အံကိုကြိတ်ကာ ဘေးနားရှိ တံတိုင်းထောင့်စွန်းကို အားပြုလိုက်သည်။
အသည်းအသန် ရုန်းကန်ပြီး တံတိုင်းအပေါ်သို့ တွားဖက်တက်ခဲ့သည်။
ရုတ်တရက် ကျွန်တော့် ခြေကျင်းဝတ်တွင် အေးခနဲ ခံစားလိုက်ရပြီး ၎င်းနှင့်အတူ ပြင်းထန်လှသော ဆွဲအားတစ်ခုက ကျွန်တော့်ကို အောက်သို့ ပြန်လည်ဆွဲချလိုက်တော့သည်။
"ကျန်းအာစိ... မင်း ဘယ်ပြေးမလို့လဲ"
လျောင်ယန့်၏ မှောင်မိုက်သော မျက်နှာကြီးက ကျွန်တော့်နောက်ကွယ်တွင် ပေါ်လာပြီး သူက ကျွန်တော့်ခြေထောက်ကို ဖမ်းဆွဲကာ အောက်သို့ ဆွဲချရန် ကြံစည်နေသည်။
ကျွန်တော်က တံတိုင်းကို အစွမ်းကုန် လှမ်းကိုင်ထားပြီး ဆရာတော်၏ လက်ထဲမှ လွတ်မြောက်ရန် ခြေထောက်ကို အတင်းကန်ကျောက်နေမိသည်။
သို့သော် ဆရာတော်၏ လက်က ကျွန်တော့်ခြေထောက်မှာ ကော်နှင့်ကပ်ထားသည့်အလား ခွာ၍မရဖြစ်နေသည်။
သူ၏ ခွန်အားက ကြောက်စရာကောင်းလောက်အောင် ကြီးမားလှသဖြင့် အကြိမ်အနည်းငယ်မျှ ရုန်းကန်ပြီးနောက် ကျွန်တော့်ခြေထောက်တစ်ဖက် ဆွဲဖြုတ်ခံလိုက်ရတော့မလိုပင် ခံစားလိုက်ရသည်။
လျောင်ယန့်က အသံကို နှိမ့်ကာ အော်ဟစ်သည်။
"ကျန်းအာစိ... မြန်မြန်ဆင်းလာစမ်း"
"မင်း အသက်ကို မငဲ့ကွက်တော့ဘူးလား"
ကျွန်တော်ကတော့ အစွမ်းကုန် ရုန်းကန်ရင်း အံကိုကြိတ်ကာ ပြောလိုက်သည်။
"ဒီလူပျိုကြီးက အသက်ရှင်ချင်လွန်းလို့ကို အခုလို ပြေးနေတာကွ"
ဤအချိန်တွင် ကျောင်းတော်က သံဃာများကလည်း ကျွန်တော့်ကို ဝိုင်းအုံလာကြပြီး ရုတ်တရက် လက်များစွာက ကျွန်တော့်ခြေထောက်များကို လာရောက်ဖမ်းဆွဲကြသည်။
သူတို့က ကျွန်တော့်ကို အောက်သို့ တန်းပြီး ဆွဲချတော့မည့်အလားပင်။
"လူလေး... ဖမ်းလိုက်"
ကျွန်တော် မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်နေစဉ်မှာပင် ရင်းနှီးပြီး စိတ်ချရသော အသံတစ်ခု ထွက်ပေါ်လာသည်။
ကားမှတ်တိုင်မှာ ကူညီပေးခဲ့ဖူးသော အဘွားအိုက ကျောင်းတော် အပြင်ဘက်ကို တကယ်ပဲ ရောက်ရှိနေသည်။
သူက မောဟိုက်နေပုံရပြီး တုတ်ကောက်ကို အားပြုရင်း ကျွန်တော့်ထံသို့ ထုပ်ပိုးထားသော အထုပ်တစ်ထုပ် လှမ်းပစ်ပေးလိုက်သည်။
"ယူ... ဒါကိုယူပြီး... သူတို့မျက်နှာတွေကို ပက်ပစ်လိုက်"
ကျွန်တော်လည်း ဆက်ပြီး တောင့်မခံနိုင်တော့ပေ။
အဘွားအိုက တကယ့်ကို ကယ်တင်ရှင်ကြီးဖြစ်ပြီး မျှော်လင့်ချက်ရောင်ခြည်လေး ဖြစ်သည်။
ကျွန်တော် ထိုအရာကို လှမ်းဖမ်းလိုက်ပြီး အထုတ်က ဘာလဲဆိုတာကို တွေးတောနေဖို့ အချိန်မရှိတော့ချေ။
အထုတ်ကို ချက်ချင်း ဖွင့်လိုက်ပြီး ကျွန်တော့်နောက်ကွယ်ရှိ အရာအားလုံးဆီသို့ ကြဲပက်ပစ်လိုက်တော့သည်။
သို့သော် ထိုကြဲပက်လိုက်သည့်အရာမှာ အနီရောင်အမှုန့်ကြမ်းများ ထည့်ထားသော အထုပ်တစ်ထုပ်ဖြစ်ကြောင်း မြင်လိုက်ရပြီး ထဲတွင် သေးငယ်သော အမှုန့်အမှုန်အချို့ကိုပင် တွေ့မြင်နိုင်သည်။
ချင်းလုံကျောင်းတော်က သံဃာတော်များ၏ အရိပ်မည်းကြီးများသည် ထိုအမှုန့်များနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ဒေါသတကြီး အော်ဟစ်မြည်တမ်းရင်း နောက်သို့ ဆုတ်ခွာသွားကြပြီး ဘယ်သူမှ အနားမတိုးဝံ့ကြတော့ချေ။
လျောင်ယန့်လည်း သူ၏ မျက်နှာကို ကာကွယ်ရင်း နောက်သို့ ဆုတ်သွားခဲ့ရသည်။
ကျွန်တော် ဤအခွင့်အရေးကို အရယူကာ တံတိုင်းပေါ်မှ ခုန်ချလိုက်ပြီး မြေကြီးပေါ်တွင် အကြိမ်အနည်းငယ် လိမ့်သွားပြီးမှ အတင်းလူးလဲထလိုက်သည်။
ဘေးကင်းလွတ်မြောက်သွားရသည့် ဝမ်းသာပီတိက ထိုနာကျင်မှုအနည်းငယ်ထက် များစွာ သာလွန်လှသည်။ ကျွန်တော် မတ်တတ်ထရပ်ပြီး အဘွားအိုနှင့် သွားရောက်ပူးပေါင်းလိုက်သည်။
ကျွန်တော့်၏ ပျာပျာသလဲ ဖြစ်နေသော ပုံစံကို မြင်သောအခါ အဘွားအိုက ကျွန်တော့်ကို မျက်စောင်းထိုးရင်း ဆိုသည်။
"ပျာယာခတ်မနေနဲ့၊ အဲဒီကောင်တွေ အပြင်ကို ထွက်မလာနိုင်ဘူး"
ထို့နောက် အဘွားအိုက ကျွန်တော့်ကို သရော်တော့သည်။
"မင်း တစ္ဆေကျောင်းထဲ ဝင်မိနေပြီလို့ ငါပြောတာကို မင်းက မယုံဘူးမဟုတ်လား"
"ဒီအဘွားကြီးကပဲ မင်းကို ဒုက္ခပေးမယ့်အတိုင်းပဲ"
"မင်းက တစ်ခါ ဝင်ဖူးပြီးတာတောင် ဒုတိယအကြိမ် ထပ်လာရဲသေးတယ်"
"အကယ်၍ ဒီအဘွားကြီးသာ မလာခဲ့ရင် မင်း ဒီနေ့ အပြင်ပြန်ထွက်နိုင်မှာ မဟုတ်ဘူး"
အဘွားအိုက ကျွန်တော့်ကို ယခုလို ဆူပူကြိမ်းမောင်းနေသော်လည်း သူက စေတနာရှေ့ထားသည့် အကြံပြုချက်ကောင်းများဟုသာ ခံစားရသဖြင့် ဝမ်းမြောက်ဝမ်းသာပင် ပြန်ပြောလိုက်သည်။
"အဘွား... အဘွားဆူတာ မှန်ပါတယ်ဗျာ"
အဘွားအိုက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး ကောင်းကင်ယံကို တစ်ချက်ကြည့်ကာ သူ၏ လေသံက ပိုမိုတည်တံ့ လေးနက်သွားသည်။
"အချိန်သိပ်မရှိတော့ဘူး"
"သွားကြစို့၊ မြန်မြန် တောင်အောက်ဆင်းရမယ်"
"မင်းကိုယ်ပေါ်က တစ္ဆေအရှိန်အဝါက တအားပြင်းထန်နေပြီ။ ည ရောက်တာနဲ့ ပရလောကသားတွေက မင်းကို လာရှာကြလိမ့်မယ်"
"ဒီအဘွားကြီးကတော့ မင်းနဲ့အတူ အသေမခံနိုင်ဘူး"
သူက ပြောပြောဆိုဆိုနှင့် တုတ်ကောက်ကို အားပြုကာ ရှေ့ကနေ စတင်ထွက်ခွာသွားသည်။
ထိုသို့ ခြေလှမ်းမမှန်ဘဲ ကုန်းကုန်းကွကွ သွားနေသော ပုံစံကို ကြည့်ရင်း အကယ်၍ ကျွန်တော်တို့သာ ဤအတိုင်း ဆက်လျှောက်နေလျှင် တောင်တစ်ဝက်တင် ညက လုံးဝမှောင်သွားတော့မည်ကို ကျွန်တော် သိလိုက်ရသည်။
ထို့ကြောင့် ကျွန်တော် နောက်ကနေ အမီလိုက်ကာ အဘွားအိုကို ကျောပိုးရန် အစပြုလိုက်သည်။
အဘွားအိုကလည်း လုံးဝ ငြင်းဆန်ခြင်းမရှိသည့်အပြင် ဂုဏ်ယူဝင့်ကြွားစွာပင် ဆိုသေးသည်။
"မင်းမှာ အသိစိတ်ဓာတ်လေးတော့ နည်းနည်း ရှိသေးသားပဲ လူလေး"
"ဒီအဘွားကြီးက အသက်ကြီးတဲ့ အရိုးစုနဲ့ မင်းကို လိုက်ရှာဖို့ တောင်ပေါ်အထိ တက်လာခဲ့ရတာ။ အကယ်၍ မင်းက ငါ့ကို တောင်အောက်အထိ လမ်းလျှောက်ပြန်ခိုင်းရင်တော့ လမ်းတစ်လျှောက်လုံး မင်းကို ဆဲနေမိမှာ"
ကျွန်တော် ရယ်ကျဲကျဲဖြင့်သာ မေးလိုက်မိသည်။
"ဒါပေမဲ့ အဘွား... အဘွားက ချင်းလုံကျောင်းတော် ဘယ်မှာရှိလဲဆိုတာ ဘယ်လိုလုပ် သိတာလဲဟင်"
အဘွားအိုက နှာခေါင်းရှုံ့လိုက်သည်။
"ဒီအဘွားကြီးက ဒီဝမ်မောက်တောင်ပေါ်မှာ နေလာတာ အနှစ်ခုနစ်ဆယ် ရှစ်ဆယ်လောက် ရှိပြီဟေ့။ ဘယ်လို တစ္ဆေမျိုးကိုမှ မမြင်ဖူးဘဲ နေမလဲ"
"ရင်ထဲကစကားကို ပြောရရင်၊ ဒီဝမ်မောက်တောင်ပေါ်မှာ တစ္ဆေကျောင်းတစ်ကျောင်း ရှိနေတယ်ဆိုတာ ငါ အမြဲတမ်း သိနေခဲ့တာ။ ပြီးတော့ နေ့တိုင်းလည်း တရားရွတ်သံတွေကို ကြားနေရတယ်"
"တစ်ခါတလေ လမ်းပျောက်တဲ့ မုဆိုးတွေလည်း အဲဒီတရားရွတ်သံကို ကြားရတတ်တယ်"
"ဒီကောင်တွေက သေသွားတာတောင် အေးအေးမနေဘဲ တရားထိုင်နေကြတုန်းပဲ"
ဘေးကင်းလွတ်မြောက်သွားရသည့် ဝမ်းသာမှုက အနာဂတ်၏ မရေရာမှုများနှင့် အကျပ်အတည်းများကြောင့် လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့ရသည်။
ဟုတ်ပါသည်၊ ကျွန်တော် ချင်းလုံကျောင်းတော်ကနေ လွတ်မြောက်လာခဲ့ပြီ။
သို့သော်လည်း ဒီနေ့ည တစ်ဆယ့်နှစ်နာရီတွင် ရောက်ရှိလာမည့် သေခြင်းတရားကတော့ ပုံမှန်အတိုင်း ရောက်လာဦးမည်သာ ဖြစ်သည်။
အဘိုးက ကျွန်တော့်ကို လျောင်ယန့်ဆရာတော်ကြီးဆီ သွားခိုင်းခဲ့သော်လည်း ချင်းလုံကျောင်းတော်ကြီးက ဤကဲ့သို့ တစ္ဆေခြောက်သည့် အခြေအနေမျိုး ဖြစ်နေလိမ့်မည်ဟု ဘယ်သူက ထင်မှတ်ထားပါ့မလဲ။
အဘွားအိုဆီမှာ ထိုသေခြင်းတရားကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှိနေမလားဟု ကျွန်တော် တွေးတောနေမိသည်။
အန္တရာယ်တွေက ရှေ့မှာ စောင့်ကြိုနေတယ်...
အဘွားအိုက ဝမ်မောက်တောင်ပေါ်မှာ ကြီးပြင်းလာခဲ့သူမို့ တောင်အကြောင်းကို လက်ဝါးပေါ်တင်ထားသကဲ့သို့ ကောင်းကောင်းသိရှိသည်။
ဘယ်နေရာက သွားရလွယ်ကူပြီး ဘယ်နေရာက အန္တရာယ်များလှသည်ကိုပင် သူက သိနေခဲ့သည်။
ကျွန်တော် အဘွားအိုကို ကျောပိုးပြီး ထူထပ်လှသော တောနက်ထဲမှာ အပြေးအလွှား သွားနေမိသည်။ သူ၏ ကိုယ်အလေးချိန်က တော်တော်လေး ပေါ့ပါးလှသဖြင့် ကျောပိုးထားရသည်မှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို မခံစားရချေ။
တောအုပ်ထဲတွင် ပြေးလွှားနေသည့် ခြေသံ တဖုန်းဖုန်းသာ ထွက်ပေါ်နေတော့သည်။
ရုတ်တရက် အဘွားအိုက သူ့တုတ်ကောက်ဖြင့် ကျွန်တော့်ခြေထောက်ကို ပုတ်လိုက်သည်။
"နေဦး..."
ကျွန်တော် ခြေလှမ်းကို နှေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ အဘွား"
အဘွားအို၏ မျက်နှာပေါ်က တွန့်လိပ်မှုများက တင်းကြပ်သွားသည်။
"ရပ်လိုက်စမ်း၊ လောလောဆယ် လုံးဝ မလှုပ်နဲ့"
ကျွန်တော် ဇဝေဇဝါ ဖြစ်သွားသော်လည်း ရပ်တန့်လိုက်မိသည်။
တဖုန်းဖုန်း... တဖုန်းဖုန်း...
ကျွန်တော် ရပ်တန့်လိုက်ပြီးနောက်တွင်မှ တစ်ခုခု မှားယွင်းနေပြီဆိုတာကို ရိပ်မိလိုက်သည်။
ကျွန်တော်က ရပ်နေတာလေ၊ ဒါဆိုရင် ထိုပြေးလွှားနေသည့် ခြေသံက ဘယ်ကနေ ထွက်ပေါ်နေတာလဲ။
စိတ်အသိအရ ခေါင်းကို လှည့်ကြည့်လိုက်မိရာ၊ ရုတ်တရက် ဦးရေပြားတစ်ခုလုံး ထုံကျင်သွားရတော့သည်။
ညိုမှိုင်းသော ပိတ်စဖိနပ်တစ်စုံက ကျွန်တော့်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသည် မဟုတ်ပါလား။
လူမပါသည့် ဗလာကျင်းနေသော ပိတ်စဖိနပ်တစ်စုံ သက်သက်ပဲ။
မှောင်မိုက်နေသော တောအုပ်ထဲတွင် လူမပါဘဲ ဖိနပ်တစ်စုံတည်းက ပြေးလွှားနေပြီး ခြေလှမ်းတိုင်းက နက်ရှိုင်းသော ခြေရာများကို ချန်ထားခဲ့သည်မှာ ဘယ်လောက်တောင် ထူးဆန်းဆန်းပြားလှသနည်း။
ကျွန်တော် ဤပိတ်စဖိနပ်ကို မှတ်မိသည်။ မနေ့ကတင် ချင်းလုံကျောင်းတော်၏ အဝင်ဝမှာ ဤအရာနှင့် ကြုံတွေ့ခဲ့ဖူးပြီး ထိုစဉ်က ကျွန်တော့်အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
အဘွားအိုက ကျိန်ဆဲလိုက်သည်။
"မကောင်းဆိုးဝါးက ငါတို့ကို တွေ့သွားပြီပဲ။ သူက မင်းကို အပိုင်အကွက် ကြံစည်ဖို့ ပစ်မှတ်ထားလိုက်ပြီ ထင်တယ်"
"မင်း ဒီအရာထက် မြန်အောင် ပြေးလို့မလွတ်နိုင်ဘူး။ ငါတို့ သု့ကို အရင်ဆုံး ရှင်းပစ်မှ ရမယ်"
"မင်း အခုချက်ချင်း လျှာဖျားကို ကိုက်လိုက်ပြီး သွေးတစ်ငုံ ငုံထားစမ်း"
"လူတစ်ယောက်ရဲ့ လျှာဖျားကထွက်တဲ့ သွေးက အဖိုဓာတ် အပြည့်ဆုံးပဲ။ ညစ်ပတ်တဲ့အရာတွေကို နှိမ်နင်းတဲ့နေရာမှာ အသုံးဝင်တယ်"
"မင်း ငါ့ညွှန်ကြားချက်ကို သေချာ နားထောင်ရမယ်။ အကယ်၍ မင်းက နေရာလွဲပြီး မှုတ်ထုတ်လိုက်ရင် ငါတို့နှစ်ယောက်စလုံး သေသွားလိမ့်မယ်"
ကျွန်တော် ချက်ချင်းပင် လျှာဖျားကို ကိုက်လိုက်ပြီး စူးရှသော နာကျင်မှုကို အောင့်ခံကာ ဗလုံးဗထွေးဖြင့် ပြန်ပြောလိုက်သည်။
"ရပါတယ် အဘွား"
အဘွားအိုက ခေါင်းလှည့်ကြည့်လိုက်ရာ ပုံမှန်ဆိုလျှင် မှုန်မှိုင်းနေတတ်သော သူ၏ မျက်ဝန်းပြာကြီးများက ဤအချိန်တွင်တော့ ထူးဆန်းစွာ တောက်ပနေသည်။
ထိုပိတ်စဖိနပ်က ကျွန်တော့်ထံသို့ တစ်စထက်တစ်စ ပိုမိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင် အဘွားအိုက စကားဆိုလာသည်။
"စိတ်ထဲကနေ ငါးအထိ ရေတွက်ပြီးတာနဲ့ နောက်ကို လှည့် မှုတ်ထုတ်ပစ်လိုက်"
"မင်း မှုတ်ထုတ်ပြီးတာနဲ့ ဘာကိုမှ ဂရုမစိုက်နဲ့တော့။ နောက်ကွယ်ကနေ ဘယ်လိုအသံပဲ ထွက်ထွက်၊ လုံးဝ လှည့်မကြည့်ဘဲ ခေါင်းစိုက်ပြီးတော့သာ အတင်းပြေးတော့"
ကျွန်တော်က ပါးစပ်ထဲမှာ သွေးကို ငုံထားရင်း ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲကနေ တိုးတိုးလေး စတင်ရေတွက်လိုက်မိသည်။
ငါး... လေး...
ထိုပိတ်စဖိနပ်၏ ခြေသံက တဖြည်းဖြည်းနှင့် တအားနီးကပ်လာပြီး ကျွန်တော့်နောက်ကျော တည့်တည့်တွင် ရောက်နေသည့်အလားပင်ဖြစ်သည်။
တဖုန်းဖုန်း... တဖုန်းဖုန်း...