အခန်း (၁၁) မိန်းကလေးတစ်ယောက်
ဆရာတော် လျောင်ယန့်က သေတ္တာရဲ့ အမည်ကို ပြောလိုက်တဲ့အခါ ကျွန်တော့်ရဲ့ အကြည့်တွေက တည်ကြည်လေးနက်သွားရသည်။
ကျွန်တော် ထင်ထားခဲ့တဲ့အတိုင်းပါပဲ။ ဒီသစ်သားသေတ္တာဟာ ဆရာတော်နဲ့ ခွဲခြားလို့မရတဲ့ ဆက်စပ်မှုတစ်ခု ရှိနေခဲ့တာပဲ။
ကျွန်တော်လည်း အခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်း မေးလိုက်မိတယ်။ "ဆရာတော်... ဒီသေတ္တာအကြောင်းကို ဆရာတော် သိနေတာလားခင်ဗျာ"
ဆရာတော် လျောင်ယန့်က သက်ပြင်းချသံ ခပ်သဲ့သဲ့ဖြင့် ပြန်မိန့်သည်။ " သွေးနီရောင် ရန်ရှန်း သေတ္တာအကြောင်းကို ငါက ဘာလို့မသိဘဲ နေရမှာလဲ"
"ဒီသေတ္တာဟာ တစ်ချိန်က လောကကြီးထဲမှာ သွေးချောင်းစီးတဲ့ မုန်တိုင်းတစ်ခုကို လှုပ်ခတ်စေခဲ့ဖူးတယ်။ အိုမင်းပြီး ကွယ်လွန်သွားတဲ့ လူပျိုကြီးတစ်ယောက်ရဲ့ (၀ါ) တံ၊ ဇွဲကြိုးချ အဆုံးစီရင်သွားတဲ့ မုဆိုးမတစ်ယောက်ရဲ့ အိမ်ခေါင်မိုးထုတ်တန်း၊ လင်ကောင်မပေါ်ဘဲ ကလေးကို မွေးဖွားပြီး ကွယ်လွန်သွားတဲ့ မိခင်တစ်ဦးရဲ့ သားအိမ်က သွေးတွေ၊ သားသမီးမရှိဘဲ သေဆုံးသွားတဲ့ မုဆိုးမရဲ့ ခေါင်းတလားသံတွေနဲ့ မွေးရာပါ ကိုယ်အင်္ဂါမစုံလင်သူရဲ့ အရိုးမှုန့်တွေကို ပေါင်းစပ်ပြီး ဒီသေတ္တာကို သေသေချာချာ လုပ်ဆောင်ထားတာ ဖြစ်တယ်"
"သေတ္တာတစ်လုံးတည်းမှာတင် ကြီးမားတဲ့ ကျိန်စာငါးခု စုစည်းနေပြီး ဆိုးဝါးတဲ့ ချို့တဲ့ခြင်းသုံးပါးကိုလည်း ဝှက်ထားတယ်"
"ဒီသေတ္တာဟာ အလွန်တရာ ယုတ်မာညစ်ပတ်ပြီး ကြီးမားတဲ့ တားမြစ်ချက်၊ ကပ်ဘေးကြီးတစ်ခုပဲ။ တစ်ခါက လယ်သမားတစ်ယောက်ဟာ ဒီသေတ္တာကို ရရှိခဲ့ဖူးတယ်။ မိမိရဲ့ ရန်သူပိုင်ဆိုင်တဲ့ အတွင်းပစ္စည်းတစ်ခုခုကို သေတ္တာထဲ ထည့်ထားလိုက်မယ်ဆိုရင် အဲဒီလူကို မုဆိုးမဖြစ်စေတာ၊ အထီးကျန်စေတာ၊ ကိုယ်အင်္ဂါမစုံမလင် ဖြစ်စေတာမျိုးတွေ ခံစားရစေပြီး အဲဒီလူရဲ့ ကံဇာတာနဲ့ အသက်သက်တမ်းတွေကို သုံးစွဲသူဆီ ပြောင်းရွှေ့ပေးနိုင်တယ်"
"အဲဒီလယ်သမားဟာ သူ့ကို နှိပ်စက်ညှဉ်းပန်းတဲ့ မြေရှင်ကို တော်လှန်ဖို့အတွက် ဒီအနီရောင် ကပ်ဆိုးသွေးစုပ်သေတ္တာကို အသုံးပြုခဲ့တယ်။ သုံးရက်အတွင်းမှာတင် မြေရှင်ဟာ ပထမဆုံး ဇနီးသည် သေဆုံးခဲ့ရပြီး၊ နောက်တော့ မိဘတွေ ကွယ်လွန်ခဲ့ရတယ်၊ ပြီးတော့ သူ့သားက ရေတွင်းထဲ မတော်တဆ ပြုတ်ကျသေဆုံးခဲ့ရသလို မြေရှင်ကိုယ်တိုင်လည်း ခြေထောက်တစ်ဖက် ကျိုးသွားခဲ့ရတယ်"
"အဲဒီနောက်မှာတော့ လယ်သမားရဲ့ ကံဇာတာဟာ ကောင်းကင်ကို ပျံတက်သွားသလို ဖြစ်ခဲ့ရတယ်။ တစ်လမပြည့်ခင်မှာတင် ဘဝက ဇောက်ထိုးပြောင်းလဲသွားပြီး သူကိုယ်တိုင် မြေရှင်ကြီး ဖြစ်လာခဲ့သလို အလားအလာတွေလည်း ပိုကောင်းလာခဲ့တယ်၊ မူရင်းမြေရှင်ကတော့ သိပ်မကြာခင်မှာပဲ သေဆုံးသွားခဲ့ရတယ်"
ဒါကို ကြားလိုက်ရတဲ့အခါ ကျွန်တော့်နှလုံးသားထဲမှာ အေးစိမ့်တဲ့ ခံစားချက်တစ်ခု အလိုလို ဖြစ်ပေါ်လာမိတယ်။ ဒီကောက်ကျစ်တဲ့ သေတ္တာဟာ တကယ်ပဲ အလွန်ကြောက်စရာကောင်းပြီး ယုတ်မာလှတာပဲ။
သူတစ်ပါးရဲ့ ကံဇာတာ၊ ရာထူးနဲ့ အသက်သက်တမ်းကို မိမိဆီ ပြောင်းရွှေ့ယူတာ... လယ်သမားက ဘဝပြောင်းပြီး မြေရှင်ဖြစ်လာတယ်ဆိုတာ မြေရှင်ရဲ့ ကံဇာတာ၊ ရာထူးနဲ့ သက်တမ်းတွေကို လယ်သမားဆီ ပြောင်းလိုက်တာ မဟုတ်ဘူးလား။
ကံဇာတာ၊ ရာထူးနဲ့ သက်တမ်းဆိုတာ အာဏာ၊ ငွေကြေးနဲ့ အသက်ရှည်ခြင်းကလွဲလို့ အခြားမဟုတ်တာမို့ မြေရှင်ဟာ အဲဒီလောက် စောစောစီးစီး သေဆုံးသွားခဲ့ရသည်။
ပြီးတော့ ကျိန်စာငါးခု ဖြစ်တဲ့ ဇနီးမရှိခြင်း၊ မိဘမရှိခြင်း၊ သားသမီးမရှိခြင်း၊ ကိုယ်အင်္ဂါမစုံလင်ခြင်းနဲ့ နောက်ဆုံးမှာ သေဆုံးခြင်းတွေ...
အချိန်တိုလေးအတွင်းမှာ မိသားစုဝင် အပြတ်အသတ် သေဆုံးရတဲ့ ခံစားချက်ကို ခံစားရပြီး မိမိကိုယ်တိုင်လည်း ဒုက္ခိတဖြစ်သွားရတာ... ဘယ်သူကများ ဒီလိုနှိပ်စက်မှုကို ခံနိုင်ရည် ရှိမှာလဲ။
ဆရာတော် လျောင်ယန့်က ကျွန်တော့်ကို ပေါ့ပေါ့ပါးပါးပဲ လှမ်းမေးပါတယ်။ "ငါ အခုပြောပြတဲ့ ပုံပြင်အပေါ် မင်း ဘယ်လိုမြင်လဲ"
ကျွန်တော်က ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေလိုက်သည်။ "လယ်သမားရဲ့ တော်လှန်ရုန်းကန်မှုကို ကျွန်တော် ကိုယ်ချင်းစာပေမဲ့ သူ့ရဲ့ လုပ်ရပ်ကိုတော့ သဘောမတူပါဘူးဘုရား။ သူက မြေရှင်ရဲ့ မိသားစုဝင်တွေကို သေကျေပျက်စီးစေခဲ့ပြီး အိမ်ထောင်စုတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့တယ်၊ ပြီးတော့မှ လယ်သမားက မြေရှင်အသစ် ဖြစ်လာခဲ့တာပဲ"
"ဘာမှ ပြောင်းလဲမသွားဘူး၊ မြေရှင်ဆိုတဲ့ လူပဲ ပြောင်းသွားတာ၊ လယ်ကွင်းထဲမှာ အုတ်ဂူအနည်းငယ် ပိုတိုးလာတာပဲ ရှိတယ်။ ဒါဟာ ဘာမှ အဓိပ္ပာယ်မရှိပါဘူး"
ဆရာတော် ရဲ့ မျက်ဝန်းတွေထဲမှာ ပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားပြီး ခေါင်းညိတ်လိုက်သည်။ "မှန်တယ်၊ ဒါဟာ ဘာမှ အဓိပ္ပာယ်မရှိဘူး။ အဲဒါ အနီရောင် ကပ်ဆိုးသေတ္တာရဲ့ သဘာဝပဲ။ ဒီလို ယုတ်မာညစ်ပတ်တဲ့ အရာကို အသုံးပြုတာဟာ ဘာကိုမှ ပြောင်းလဲပစ်လို့ မရဘူး။ သူကိုယ်တိုင်က နိမိတ်မကောင်းတဲ့ အရာမို့လို့ လူတစ်ယောက်ကို တကယ် ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ"
"ဆရာတော်... အဲဒီလယ်သမား နောက်ဆုံး ဘာဖြစ်သွားလဲခင်ဗျာ" "အဲဒီလယ်သမားကတော့... မြေရှင်ထက်တောင် ပိုပြီး သနားစရာကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံတွေ့ခဲ့ရတယ်..."
ဒီသေတ္တာကို ကျွန်တော့်ရင်ခွင်ထဲမှာ အကြိမ်ကြိမ် ပွေ့ပိုက်ထားခဲ့ဖူးတာကို ပြန်တွေးမိပြီး ရင်ထဲမှာ မပြယ်နိုင်တဲ့ ကြောက်စိတ်တွေ ဝင်လာမိသည်။
ဆရာတော်က မတ်တတ်ရပ်လိုက်ပြီး... "အနီရောင် ကပ်ဆိုးသေတ္တာကို သာမန်လူတွေ ဖွင့်လို့မရဘူး၊ ဒါပေမဲ့ ငါ့မှာတော့ နည်းလမ်းရှိမယ်လို့ ထင်တယ်။" "သေတ္တာထဲမှာ အရေးကြီးတဲ့ အရာတစ်ခုခု ရှိနေနိုင်တယ်" "အခု အဲဒီသေတ္တာ ဘယ်မှာလဲ" "တောင်ခြေက မြို့ပေါ်မှာရှိတဲ့ ဟိုတယ်မှာပါဘုရား။ ကျွန်တော့်ရဲ့ အထုပ်အပိုးတွေ အားလုံး အဲဒီမှာ သိမ်းထားခဲ့တယ်"
အဲဒီအချိန်တုန်းက ချင်းလုံဘုရားကျောင်းတော်ကို အချိန်မီ ရှာမတွေ့မှာ စိုးရိမ်ခဲ့ရသလို၊ ဒီသေတ္တာကလည်း မင်္ဂလာရှိတဲ့ ပစ္စည်းမဟုတ်တာကြောင့် ဖြစ်သည်။ ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ မိစ္ဆာစွမ်းအင်တွေ ပြည့်နှက်နေတာမို့လို့ ဒီပစ္စည်းကို အမြဲသယ်ဆောင်ထားတာဟာ သေမင်းကို ဖိတ်ခေါ်နေသလို ဖြစ်နေမှာမို့ တောင်ခြေမှာ ခေတ္တ ထားရစ်ခဲ့ခြင်းသာဖြစ်သည်။
ဆရာတော်က သူ့လက်ကောက်ဝတ်က စိပ်ပုတီးတစ်ကုံးကို ချွတ်လိုက်ပြီး ပရိတ်တရားတော်တွေကို အလေးအနက် ရွတ်ဖတ်ပူဇော်ပေးတော့်သည်။ "မင်းရဲ့ကိုယ်ပေါ်မှာ မကောင်းတဲ့ မိစ္ဆာစွမ်းအင်တွေ အလွန်ပြင်းထန်နေပေမဲ့ နေ့ခင်းဘက်မှာတော့ ဒါဟာ ပြဿနာအကြီးကြီး မဟုတ်သေးပါဘူး" "မင်းရဲ့ သေဘေးဟာ ဒီည သန်းခေါင်ယံ တည့်တည့်မှာ ကျရောက်မှာ ဖြစ်တယ်၊ အဲဒီအချိန်မတိုင်ခင် ကျောင်းတော်ကို ပြန်ရောက်အောင်ပဲ သေချာလုပ်ပါ" "ဒီစိပ်ပုတီးဟာ အမွှေးတိုင်အငွေ့တွေနဲ့ တရားဒေသနာတော်တွေ ကြားမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာမို့ စွမ်းအားတွေ ကိန်းအောင်းနေပြီ ။ ဒါကို ဝတ်ဆင်ထားရင် မင်းရဲ့ မိစ္ဆာစွမ်းအင်တွေကို နှိပ်ကွပ်ပေးနိုင်ပြီး မကောင်းဆိုးဝါးတွေကို မောင်းထုတ်ပေးလိမ့်မယ်"
ကျွန်တော်က စိပ်ပုတီးကို လှမ်းယူပြီး လက်မှာ ဝတ်ဆင်လိုက်သည်။ လက်မောင်းကနေတစ်ဆင့် နွေးထွေးတဲ့ ခံစားချက်တစ်ခု ခန္ဓာကိုယ်အနှံ့ ချက်ချင်း ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံးမှာ ရှိနေတဲ့ မှောင်မိုက်တဲ့ အရှိန်အဝါတွေ လျော့ပါးသွားသလို ခံစားလိုက်ရသည်။
ဒီစိပ်ပုတီး ရှိနေပြီမို့လို့ ကျွန်တော့်ရဲ့ ယုံကြည်မှုတွေ ပြန်လည် နိုးထလာခဲ့သည်။ ဆရာတော် လျောင်ယင်းကို အကျဉ်းရုံး နှုတ်ဆက်ပြီးနောက် တောင်အောက်ကို ချက်ချင်း ဆင်းလာခဲ့သည်။
ဒီအချိန်မှာ ကောင်းကင်ကြီးက လင်းပွင့်နေပြီ ဖြစ်သည်။ ကျွန်တော့်လက်ဖဝါးလေးနဲ့ နေရောင်ကို အသာအယာ ကာကွယ်ရင်း ကြည့်လိုက်တဲ့အခါ လက်ကောက်ဝတ်က စိပ်ပုတီးဟာ နေရောင်အောက်မှာ တောက်ပလို့ နေသည်။
အရာအားလုံးဟာ လမ်းကြောင်းကောင်းတစ်ခုဆီကို ဦးတည်နေပြီ။
တောင်အောက်ဆင်းတဲ့ လမ်းတစ်လျှောက်မှာ ဘာထူးဆန်းတဲ့ အဖြစ်အပျက်နဲ့မှ မကြုံခဲ့ရပါဘူး။ ဒါပေမဲ့ မှတ်ဉာဏ်ကို အမှီပြုပြီး မကောင်းဆိုးဝါး လမ်းမှားပြခြင်းကို ကြုံတွေ့ခဲ့ရတဲ့ နေရာကိုတော့ ပြန်လျှောက်လာခဲ့မိသည်။
ကျွန်တော် ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး အမည်မသိ အရိုးစုအတွက် ကျွန်တော် ကိုယ်တိုင် လုပ်ပေးခဲ့တဲ့ မြေပုံလေးရှေ့မှာ ရပ်လိုက်ပြီး ချင်းလုံဘုရားကျောင်းတော်ကနေ တောင်းခံလာခဲ့တဲ့ အမွှေးတိုင် အနည်းငယ်ကို အင်္ကျီလက်ထဲကနေ ထုတ်လိုက်၍ မီးညှိကာ မြေကြီးထဲ စိုက်ထူပေးလိုက်သည်။ အမွှေးတိုင်တွေက ကျိုးပဲ့နေပေမဲ့ ဒါဟာ ကျွန်တော့်ရဲ့ စေတနာအမှန်ကို ပြသခြင်း ဖြစ်သည်။
အမွှေးတိုင် ထွန်းညှိပူဇော်ပြီးနောက် တောင်အောက်ကို ဆက်ဆင်းလာခဲ့သည်။
မွန်းတည့်ခါနီးအချိန်မှာပဲ မြို့ကလေးဆီကို ပြန်ရောက်လာခဲ့သည်။ ဟိုတယ်ပိုင်ရှင်က ကျွန်တော့်ကို မြင်မြင်ချင်းပဲ လန့်ဖျတ်သွားပြီး... "ဟေး... မင်း ပြန်လာပြီပဲ" "မင်းက ဘယ်လောက်ကြာကြာ နေမလဲဆိုတာ မပြောခဲ့ဘဲ တစ်ရက်စာပဲ ပေးထားတာ။ ငါလည်း မင်းရဲ့အခန်းကို ရှင်းပစ်ရမလားလို့ စိတ်ပူနေတာနဲ့ အတော်ပဲ"
ကျွန်တော်က အားနာနာနဲ့ ပြောလိုက်တယ်။ "တောင်းပန်ပါတယ် ဟိုတယ်ပိုင်ရှင်ခင်ဗျာ၊ မနေ့က ကျွန်တော့်မှာ တကယ့်ကို အရေးကြီးတဲ့ ကိစ္စတွေ ရှိနေလို့ ပြန်မလာနိုင်ခဲ့တာပါ။ အခု ချက်ချင်းပဲ အထုပ်အပိုးတွေ သိမ်းလိုက်ပါ့မယ်"
ကျွန်တော် အခန်းထဲကို ဝင်သွားပြီး သစ်သားသေတ္တာ ရှိနေသေးတာကို အရင်ဆုံး သေချာအောင် စစ်ဆေးလိုက်တယ်၊ ပြီးမှ အိတ်ကို ဆွဲပြီး အပြင်ကို ထွက်လာခဲ့လိုက်သည်။
ဘေးနားက ဟိုတယ်ပိုင်ရှင်က စိတ်ပျက်လက်ပျက်နဲ့ ပြောရှာသည်။ "မင်းတို့လို စုံတွဲလူငယ်တွေကို ငါ တကယ် နားမလည်နိုင်တော့ဘူး။ အခန်းကို ယူထားပြီးတော့ လာမအိပ်ဘဲ အထုပ်အပိုးတွေပဲ ပစ်ထားခဲ့ကြတယ်" "မင်းတို့က အထုပ်အပိုးပဲ အပ်ထားခဲ့ချင်တာလို့ ပြောရင် ငါက အလကား သိမ်းပေးထားမှာပေါ့"
ကျွန်တော်က အရွှန်းဖောက်ပြီး... "ဟိုတယ်ပိုင်ရှင်ကတော့ မှတ်ဉာဏ်တွေ မှားနေပြီထင်တယ်။ ကျွန်တော်က လူပျိုသိုး အခန်းတစ်ယောက်စာပဲ ယူခဲ့တာပါ။ ကျွန်တော် လူပျိုဖြစ်လာတာ ၁၈ နှစ်ရှိပြီ၊ ဘယ်ကနေ ရည်းစား ရှိလာမှာလဲ"
ဟိုတယ်ပိုင်ရှင်က မယုံကြည်တဲ့ ပုံစံနဲ့ လက်ကို ယမ်းခါပြီး... "ငါ အခြားအရာတွေကို တွေဝေချင် တွေဝေမယ်၊ ဒါပေမဲ့ နေ့တိုင်း ဝင်ထွက်နေတဲ့ ဧည့်သည်တွေကိုတော့ သေသေချာချာ မှတ်မိတယ်။" "မနေ့က မင်း လူတစ်ယောက်စာ အခန်းယူခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ မင်းတို့က နှစ်ယောက်လေ" "မင်းရဲ့ အနောက်မှာ ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတစ်ယောက် လိုက်လာတာ မဟုတ်ဘူးလား"
ဒီစကားကို ကြားလိုက်ရတဲ့အခါ ကျွန်တော် မရယ်နိုင်တော့ဘဲ အသံကို တင်းမာလိုက်မိသည်။ "ကျွန်တော် ခင်ဗျားကို ဘာပြစ်မှားထားလို့လဲ ဟိုတယ်ပိုင်ရှင်ကြီး။ ဘာလို့ ဧည့်သည်ကို ဒီလို လာခြောက်လှန့်နေရတာလဲ" "မနေ့က ကျွန်တော် တစ်ယောက်တည်း လာတာပါ၊ ဘယ်က မိန်းကလေး ရှိရမှာလဲ"
ဟိုတယ်ပိုင်ရှင်လည်း ပြာပြာသလဲ ဖြစ်သွားပြီး... "ဘယ်သူက မင်းကို ခြောက်လှန့်ဖို့ အချိန်အားနေမှာလဲ" "ငါ မင်းတို့နှစ်ယောက် အခန်းထဲ အတူတူ ဝင်သွားတာကို မျက်စိနဲ့ တပ်အပ် မြင်လိုက်တာ" "ဘယ်သူ လိမ်နေလဲ၊ လိမ်တဲ့သူရဲ့ ဘိုးဘွားအုတ်ဂူ အတူးခံရပါစေ တောက်"
သူက ခဏလောက် စဉ်းစားပြီးနောက် ကျွန်တော့်ကို ထိတ်လန့်တကြားနဲ့ စိုက်ကြည့်လာသည်။ "မနေ့က မင်းတို့ အတူတူ ရောက်လာပြီးတော့ အတူတူ ပြန်ထွက်သွားကြတာလေ" "ဒီနေ့ကျတော့ မင်းက တစ်ယောက်တည်း ပြေးလာပြီး မိန်းကလေး မပါဘူးလို့ ပြောနေတယ် ဟုတ်လား။ ပြီးတော့ မင်းတို့က စုံတွဲမဟုတ်ဘူးလို့ ငြင်းနေသေးတယ်။ မင်း အဲဒီမိန်းကလေးကို တစ်ခုခု လုပ်လိုက်တာတော့ မဟုတ်ပါဘူးနော်" "အဲဒီမိန်းကလေး ဘယ်မှာလဲ" "ဒီလောက် ချောမောလှပတဲ့ မိန်းကလေးက မင်းလို ထူးဆန်းတဲ့ ကောင်နဲ့ ဘယ်လိုလုပ် တွေ့ဆုံသွားရတာလဲ မသိဘူး"
ကျွန်တော့်ရဲ့ မျက်နှာကြွက်သားတွေ ချက်ချင်း တောင့်တင်းသွားပြီး ကျောရိုးတစ်လျှောက် ကြောက်စိတ်တွေ တဖန် ပြန်လည် စိမ့်တက်လာခဲ့ပြန်သည်။
ဟိုတယ်ပိုင်ရှင်ရဲ့ အမူအရာက တကယ် လုပ်ယူထားတာ မဟုတ်ဘူး။ သာမန်လူတစ်ယောက်အနေနဲ့ မိမိကိုယ်ကို ခြောက်လှန့်ဖို့ အကြောင်းပြချက် မရှိသလို၊ သူက သရုပ်ဆောင်ကောင်းတစ်ယောက်လည်း မဟုတ်ဘူး။
ဒါဆိုရင်... မနေ့က ကျွန်တော့်အနောက်မှာ မိန်းကလေးတစ်ယောက် တကယ် လိုက်လာခဲ့တာပေါ့။ သူက ကျွန်တော်နဲ့အတူ အခန်းထဲကို ဝင်ခဲ့ပြီး ကျွန်တော်နဲ့အတူ ပြန်ထွက်သွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ သူမကို မမြင်ခဲ့ရဘူး... သူက ဘယ်သူလဲ။
ထုံကျင်နေတဲ့ ကြောက်ရွံ့မှုတွေ ဆက်တိုက် တိုးပွားလာနေပေမဲ့ ဒီအချိန်မှာ လက်ကောက်ဝတ်က စိပ်ပုတီးကနေ နွေးထွေးမှုကို ပေးစွမ်းလာသည်။ ဒါဟာ ကျွန်တော့်ရဲ့ စိတ်ကို ကြည်လင်သွားစေပြီး အ၀တ်အစားအိတ်ကို ဆွဲကာ တောင်ပေါ်ကို ချက်ချင်း ပြေးတက်ခဲ့မိသည်။
အခုအချိန်က ကြောက်ရွံ့နေဖို့ ဒါမှမဟုတ် ဝေခွဲမရ ဖြစ်နေဖို့ အချိန်မဟုတ်ဘူး။ ကိုယ့်အသက်ကို ကယ်တင်ဖို့အတွက် ချင်းလုံဘုရားကျောင်းတော်ကို ပြန်ရောက်ဖို့ကသာ အရေးအကြီးဆုံးပဲ။
ဟိုတယ်ပိုင်ရှင်က ကျွန်တော့်ကို တားဆီးဖို့ ကြိုးစားပေမဲ့ မမီတော့ပါဘူး။ သူကတော့ ကျွန်တော့်အနောက်ကနေ လူယုတ်မာ၊ အရူး ဆိုပြီးတော့ပဲ အော်ဟစ်ကျိန်ဆဲ ကျန်ရစ်ခဲ့တော့သည်။
ကျွန်တော် အသက်လုပြီး တောင်ပေါ်ကို ပြေးတက်နေရင်း အိမ်ကို ဖုန်းလှမ်းဆက်လိုက်သည်။ တူ... တူ... တူ... အတော်ကြာမှ ဖုန်းကို ကိုင်သည်။
"အာစိ... မင်း ဘယ်တွေ လျှောက်သွားနေတာလဲ" "မင်းအမေနဲ့ မင်းအစ်မ နှစ်ယောက်စလုံး အိမ်မှာ မေ့လဲနေကြတယ်။ မင်းက ဘယ်ကို ပြေးနေတာလဲ ဒီကောင်စုတ်လေး"
ဒါဟာ သူကြီးနဲ့ သူကြီးသားရဲ့ အသံတွေ ဖြစ်ပြီး အဲဒီဘက်မှာ အသံတွေ အလွန် ဆူညံနေပါသည်။
ကျွန်တော်က မိသားစုဝင်တွေရဲ့ အခြေအနေကို ပိုပြီး စိုးရိမ်ပူပန်သွားပြီး ချက်ချင်း မေးလိုက်သည်။ "ကျွန်တော့် အမေနဲ့ အစ်မ... သူတို့ ဘာဖြစ်သွားတာလဲ"
သူကြီးက ချောင်းအနည်းငယ် ဆိုးပြီး ပြောသည်။ "ငါတို့လည်း မသိဘူး။ ဒေါ်ဆိုင်းက မင်းအမေဆီ လာလည်ရင်း အိမ်ထဲမှာ မင်းအမေနဲ့ အစ်မ မေ့လဲနေတာကို တွေ့ခဲ့တာ" "သူတို့ ဘာတွေ လုပ်နေကြလဲ မသိဘူး၊ ဧည့်ခန်းအလယ်မှာ ခေါင်းတလားကြီး တစ်လုံးကို အသင့်ပြင်ထားပြီး နေရာအနှံ့မှာလည်း သွေးတွေ ချည်းပဲ" "ဒါပေမဲ့ မင်း စိတ်မပူပါနဲ့၊ မင်းအမေနဲ့ အစ်မ ဘာမှမဖြစ်ပါဘူး၊ သိပ်မကြာခင် နိုးလာလိမ့်မယ်"
ကျွန်တော် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိပြီး ဆက်မေးလိုက်တယ်။ "ဒါဆို... အဲဒီ ဝတ်စုံဖြူနဲ့ တာအိုဆရာကော ဘာဖြစ်သွားလဲ"