အခန်း ၉၄ : ကောင်းကင်အကျဥ်းထောင်သို့ ရောက်ရှိခြင်း၊ နှစ်ပေါင်းရာချီ ရှင်သန်ခဲ့သည့် မိစ္ဆာဝူဖာရှန်း
[ကောင်းကင်အကျဉ်းထောင်အတွင်း ချုပ်နှောင်ခံထားရသည့် မိစ္ဆာ အများအပြား ရှိပြီး ဤမိစ္ဆာများတွင် လျှို့ဝှက်ချက် များစွာ ရှိရာ မဟာဝေ မင်းဆက် အနေဖြင့် ဤလျှို့ဝှက်ချက်များကို တူးဖော်ရန် နည်းလမ်း ရှာဖွေဖို့ လိုအပ်သဖြင့် ဤမိစ္ဆာများကို ကွပ်မျက်ခြင်း မပြုသေးပေ။]
[သင် သယ်ဆောင်လာသည့် နက်နဲထူးဆန်းသော မျက်နှာဖုံးက တကယ် အနည်းငယ် တုံ့ပြန်မှု ရှိနေသည်ကို သင် တွေ့ရှိလိုက်ရသည်]
[နက်နဲထူးဆန်းသည့် မျက်နှာဖုံးက ဤမိစ္ဆာများနှင့် နီးကပ်သွားသောအခါ ၎င်းက တကယ် အနည်းငယ် တုန်ခါသွားခဲ့သည်]
'မျှော်လင့်ချက် ရှိတယ်...'
ချန်ချန်ရွှယ်၏ မျက်လုံးများက ချက်ချင်း အရောင်လက်သွားခဲ့သည်။ သူမဟာ နက်နဲထူးဆန်းသည့် မျက်နှာဖုံး၏ လျှို့ဝှက်ချက်နှင့် ပိုပိုပြီး နီးကပ်လာပြီဟု ခံစားလိုက်ရလေသည်။
နက်နဲထူးဆန်းသည့် မျက်နှာဖုံး၏ အစစ်အမှန် လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရန် သိပ်မကြာတော့ဟု သူမ ခံစားလိုက်ရသည်။
ချန်ချန်ရွှယ်၏ ရှေ့တွင် တစ်ချိန်က ရွှေအမြုတေ အဆင့် ရောက်ရှိခဲ့ဖူးသော မိစ္ဆာ တစ်ကောင် ရှိနေခဲ့ပြီး
ကောင်းကင်အကျဉ်းထောင် အတွင်း၌ ပိတ်လှောင်ထားခံခဲ့ရသည်။
ဤအကျဉ်းထောင်သည် အလွန် ကြီးမားပြီး အကျဉ်းထောင်၏ အတွင်းဘက် နံရံများပေါ်တွင် အစီအရင်များ ထွင်းထုထားခဲ့သည်။
အကျဉ်းထောင်၏ တံခါးကိုလည်း အထူးပြုလုပ်ထားသော အနက်ရောင်သံဖြင့် ပြုလုပ်ထားခဲ့သည်။
ထို့အပြင်...
အကျဉ်းထောင်ထဲမှ မိစ္ဆာ၏ တစ်ကိုယ်လုံးကို သံကြိုးများဖြင့် တုပ်နှောင်ထားပြီး ထိုသံကြိုးများက သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းထားသည် အထိပင်။
ထို့ကြောင့် သွေးညှီနံ့တို့က နှာခေါင်းထဲသို့ တိုးဝင်လာရာ ၎င်းက သူမကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။
......
ချန်ချန်ရွှယ်၏ လက်ထဲတွင် စာအုပ်ငယ် တစ်အုပ် ကိုင်ထားခဲ့ပြီး ၎င်းက ကောင်းကင်အကျဉ်းထောင်၏ ထောင်မှူးတစ်ဦးထံမှ တောင်းယူထားခြင်း ဖြစ်၏။ စာအုပ်ငယ်ထဲတွင် ဤနေရာ၌ ချုပ်နှောင်ခံထားရသော မိစ္ဆာများ အကြောင်း သတင်းအချက်အလက်များ ပြည့်နှက်နေခဲ့သည်။
"ဝူဖာရှန်း....အသက် ၆၁၂ နှစ် ရွှေအမြုတေ အဆင့် (၇)၊ မသေမျိုးသတ်ဖြတ်ခြင်း မြင့်မြတ်သော နယ်မြေ၏ မဟာအကြီးအကဲ..."
"သူက တစ်ချိန်က မဟာဝေ မင်းဆက်၏ မြို့တစ်မြို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး လူပေါင်း သိန်းချီ သေဆုံးစေခဲ့သည်"
"သူက တစ်ချိန်က မဟာဝေ မင်းဆက်ရှိ ဂိုဏ်းကြီး ဂိုဏ်းငယ် စုစုပေါင်း (၉) ဂိုဏ်းကို ဖျက်ဆီးခဲ့သည်"
"... သူ၏ ပြစ်မှုက ခွင့်မလွှတ်နိုင်သည့် ပြစ်မှု ဖြစ်ရာ သူ့ကို နှစ်ပေါင်း တစ်သောင်း ချုပ်နှောင်ထားရန် အမိန့်ချမှတ်လိုက်သည်"
"မသေမျိုးသတ်ဖြတ်ခြင်း မြင့်မြတ်သော နယ်မြေ အကြောင်း သတင်းအချက်အလက်များ သူ့ထံမှ ရရှိပြီးပါက သူ့ကို ချက်ချင်း ကွပ်မျက်မည် ဖြစ်သည်"
စာအုပ်ငယ်ပေါ်ရှိ သတင်းအချက်အလက်များကို ကြည့်ပြီး ချန်ချန်ရွှယ် ဆွံ့အမနေဘဲ မနေနိုင်တော့ပေ။
ဤသည်မှာ မဟာဝေ မင်းဆက်၏ ကောင်းကင်အကျဉ်းထောင် အတွင်း သူမ ပထမဆုံး မြင်တွေ့ရသော မိစ္ဆာ ဖြစ်၏။
သို့သော် ပထမဆုံး မိစ္ဆာမှာပင် ဤမျှ ဆိုးရွားသော မှတ်တမ်း ရှိနေလျှင် အခြား မိစ္ဆာများကော ဘယ်လိုနေမည်နည်း။
ဤစာအုပ်ငယ်သည် တော်တော်လေး ထူလေသည်။
အကယ်၍ စာမျက်နှာ တစ်မျက်နှာက မိစ္ဆာ တစ်ကောင်ကို ကိုယ်စားပြုသည် ဆိုပါက ဤစာအုပ်ငယ်တွင် စာမျက်နှာ တစ်ရာကျော် ရှိရာ ဆိုလိုသည်မှာ မဟာဝေ မင်းဆက်၏ ကောင်းကင်အကျဉ်းထောင် အတွင်း၌ ချုပ်နှောင်ခံထားရသော မိစ္ဆာ တစ်ရာကျော် ရှိနေသည် ဟူသော သဘောပင်။
၎င်းက ရယ်စရာကောင်းလောက်အောင် များပြားလွန်းပေသည်။
ထို့ကြောင့် မဟာဝေ မင်းဆက် အတွင်းရှိ ဖရိုဖရဲ ဖြစ်မှုသည် သာမန် မဟုတ်ကြောင်း ချန်ချန်ရွှယ် တွေ့ရှိလိုက်ရသည်။ အနည်းဆုံးတော့ လက်တွေ့ကမ္ဘာမှ မဟာယန် မင်းဆက်ထက် အများကြီး ပိုပြီး ဖရိုဖရဲ ဖြစ်နေခဲ့သည်။
နေပြည်တော်က သီဆိုကခုန်နေသည့် မြင်ကွင်းတစ်ခု အဖြစ် ရှိနေသေးပြီး ကြီးပွားတိုးတက်သော ခေတ်ကာလတစ်ခုတွင် ရှိနေပုံ ရလေသည်။
သို့သော် အမှန်တရားမှာ... မဟာဝေ မင်းဆက်၏ ပြည်နယ် အားလုံးက ပဋိပက္ခ ဖြစ်ပွားနေပြီး ကျင့်ကြံခြင်း ဂိုဏ်း အချို့ဟာလည်း နန်းတော်ကိုပင် ဂရုမစိုက်ကြတော့ပေ။
အချိန်တန်လျှင် တစ်ချိန်က အမှောင်ထဲတွင် ပုန်းအောင်းနေသည့် မိစ္ဆာကျင့်ကြံသူ အချို့ကလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြပေလိမ့်မည်။
၎င်းက မိုးရွာပြီးနောက် မျှစ်များ ပေါက်လာသကဲ့သို့ပင်။
"စီနီယာ... ဝူဖာရှန်း လို့ ခေါ်တဲ့ ဒီမိစ္ဆာမှာ အခု ခုခံနိုင်စွမ်း မရှိတော့ဘူး မဟုတ်လား... အကယ်၍ သာမန်လူ တစ်ယောက် သူ့ရှေ့ သွားရပ်ရင်တောင် အဆင်ပြေမှာလား" ချန်ချန်ရွှယ် ရုတ်တရက် မေးလိုက်၏။
သူမဘေးတွင် ရပ်နေသော အဘွားအို ခေါင်းငြိမ့်လိုက်ပြီး သူမ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။ "ကောင်းကင်အကျဉ်းထောင်ထဲက အကျဉ်းခန်း တိုင်းကို နန်းတော်ထဲက အတော်ဆုံး အစီအရင် ဆရာသခင်တွေက ဖန်တီးထားတာပါ...ဒါ့အပြင် မိစ္ဆာတွေကို ချည်နှောင်ထားတဲ့ အနက်ရောင် သံကြိုးတွေ အားလုံးက အဆင့်မြင့် ဝိညာဉ်ပစ္စည်းတွေပါ"
"ဒီအချိန်မှာ သာမန် ဝိညာဉ်လက်နက် ကိုင်ထားတဲ့ သာမန်လူ တစ်ယောက်တောင် ဒီမိစ္ဆာတွေကို တစ်ကောင်ပြီး တစ်ကောင် သတ်နိုင်ပါတယ်"
ချန်ချန်ရွှယ် ခေါင်းငြိမ့်လိုက်သည်။
သူမ ရုတ်တရက် ပြောလိုက်၏။ "ဒါဆို အကျဉ်းခန်း တံခါး ဖွင့်ပေးပါ... ကျွန်မ အနီးကပ် ကြည့်ချင်လို့"
အဘွားအို ကြောင်အသွားခဲ့သည်။
"အရှင်မင်းသမီး မိစ္ဆာတွေက တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေမယ့်....နောက်ဆုံးတော့..."
"ဖွင့်လိုက်ပါ" ချန်ချန်ရွှယ် သူမစကားကို ဖြတ်ပြောလိုက်ပြီး ဆက်ပြောလိုက်သည်။ "ကျွန်မ အထဲဝင်ပြီး ကြည့်ချင်လို့ပါ"
အဘွားအို တွန့်ဆုတ်နေခဲ့သည် - "ဒါ..."
သို့သော်...
ဒီတစ်ခါ အရှင်မင်းမြတ်၏ အမိန့်မှာ မင်းသမီး ချန်နင် မည်သည့် တောင်းဆိုမှုမျိုး ပြုလုပ်ပါစေ သူမကို ကျေနပ်စေရန် အတတ်နိုင်ဆုံး ကြိုးစားရမည် ဟူ၍ ဖြစ်၏။
ဒါကို တွေးမိတော့ အဘွားအိုဟာ ကောင်းကင်အကျဉ်းထောင်၏ အစောင့်များကို မျှော်လင့်ချက်မဲ့စွာ ခေါ်လိုက်ပြီး အရှင်မင်းမြတ်၏ အမိန့်ပြန်တမ်းကို ထုတ်ပြကာ အကျဉ်းခန်း တံခါးကို ဖွင့်ရန် အမိန့်ပေးလိုက်သည်။
အကျဉ်းထောင် အစောင့်များ အနေဖြင့်လည်း ဧကရာဇ်မင်းမြတ်၏ အမိန့်ပြန်တမ်းကို ဘယ်လိုလုပ် မနာခံဘဲ နေရဲမည်နည်း။ ထို့အပြင် သူတို့ရှေ့က လူသည် မင်းသမီး ဖြစ်ကြောင်း သူတို့ သိထားကြလေသည်။
ထို့ကြောင့် သူတို့ဟာ အကျဉ်းခန်း တံခါးကို အလျင်စလို ဖွင့်ပေးလိုက်ကြသည်။
ချန်ချန်ရွှယ် ဝင်သွားလိုက်သည်။
အကျဉ်းခန်း အတွင်း.....
နှစ်ပေါင်းရာချီ မျက်လုံးမှိတ်ပြီး အနားယူနေသည့် မိစ္ဆာဟာ မျက်ခွံကို ပင့်တင်လိုက်သည်။ သူ၏ ရက်စက်ကြမ်းကြုတ်သည့် မျက်လုံးတစ်စုံက ရှေ့တည့်တည့်ကို စိုက်ကြည့်လိုက်ပြီး ချန်ချန်ရွှယ် အပေါ် အကြည့် ရပ်တန့်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ချန်ချန်ရွှယ် သူမရင်ထဲ၌ မသက်မသာ ဖြစ်စေသော အကျပ်အတည်း ခံစားချက်တစ်ခုအား ခံစားလိုက်ရသည်။ ၎င်းက နောက်တစ်ခဏတွင် သူမဟာ ခေါင်းဖြတ်ခံရတော့မည့် အတိုင်းပင်။
ရွှေအမြုတေ အဆင့် (၇) မိစ္ဆာ တစ်ကောင် ဖြစ်ရခြင်းနှင့် တကယ် ထိုက်တန်ပေသည်။ ၎င်းက ဘယ်လောက်ကြာအောင် ချုပ်နှောင်ခံထားရလဲ သူမ မသိသော်လည်း ဤမျှ သတ်ဖြတ်လိုစိတ် အရှိန်ဝါတို့ ရှိနေတုန်းပင်။
အကယ်၍ သာမန်လူ တစ်ယောက်သာ သူ့ကို ကြည့်လိုက်ပါက ဖြစ်နိုင်သည်မှာ ကြောက်လွန်းလို့ သေသွားနိုင်လေသည်။
သို့သော် ချန်ချန်ရွှယ်၏ မျက်နှာက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမက လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက ရှေးဟောင်း မိစ္ဆာကို မျက်နှာချင်းဆိုင် မြင်ဖူးမဟုတ်လော.....
ထို့ကြောင့် နှစ်ပေါင်းရာချီ ရှင်သန်ခဲ့သည့် မိစ္ဆာကျင့်ကြံသူ တစ်ဦးက သူမအတွက် ဘာမှ မဟုတ်ပေ။
"ဟား..."
အက်ကွဲသည့်ဘအသံ တစ်သံ ဝူဖာရှန်း အမည်ရှိ မိစ္ဆာ၏ ပါးစပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"မိန်းကလေး မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ငါ့ကို သိပ်ရွံရှာစေတဲ့ အရှိန်ဝါတစ်ခု ရှိနေတယ်... မင်းက မဟာဝေ မင်းဆက်ရဲ့ တော်ဝင် မိသားစုဝင် မဟုတ်လား.... ငါ နောက်ထပ် နှစ် (၁၀၀၀) လောက် ချုပ်နှောင်ခံထားရရင်တောင် ဒီရွံရှာစရာ ကောင်းတဲ့ အရှိန်ဝါကို မေ့မှာ မဟုတ်ဘူး"
"ဘာလဲ...မင်းလိုချင်တာ မရလို့ စိတ်မရှည်တော့ဘူးလား.... မင်း ငါ့ကို သတ်တော့မလို့လား.... ဟီးဟီးဟီး... အဲဒီလို လုပ်မယ် ဆိုရင် ပိုထက်တဲ့ ဓားတစ်ချောင်း ရှာခဲ့တာ အကောင်းဆုံး ဖြစ်လိမ့်မယ်"
"အကယ်၍ မင်း ငါ့ကို ဓားတစ်ချက်တည်းနဲ့ မသတ်နိုင်ရင် မင်း ကြောက်လွန်းလို့ အရူးဖြစ်သွားလိမ့်မယ်"
"ဟီးဟီးဟီး..."
သူ့ပါးစပ်ထဲမှ ထွက်ပေါ်လာသည့် ထူးဆန်းသည့် ရယ်သံများက လူများကို စိတ်မသက်မသာ ဖြစ်သွစေသည်။ သူ့မျက်လုံးထဲမှ ရက်စက်မှုနှင့် ရူးသွပ်မှုက သူဟာ စိတ်ပုံမှန် မဟုတ်ကြောင်း လူများကို ခံစားရစေလေသည်။
ဒါ အမှန်ပင်။
စိတ်ပုံမှန် ဖြစ်နေတဲ့ မိစ္ဆာတစ်ကောင် ဆိုတာ မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ မိစ္ဆာသားရဲ တစ်ကောင်ထက်တောင် ပိုရှားပါးသေးလေသည်။
…