အခန်း ၉၃ : ချင်းကျောက်နှင့် ချန်ချန်ရွှယ်၏ မထင်မှတ်ပဲတွေ့ဆုံမှု
မဟာဝေ မင်းဆက်၏ နန်းတော်က ကောင်းကင်အကျဉ်းထောင်နှင့် မနီးကပ်ပေ။ ဘာပဲဖြစ်ဖြစ် မင်းဆက် တစ်ခု၏ အဓိကနေရာနှင့် အလွန်နီးကပ်သည့် နေရာတွင် မိစ္ဆာကြီး တစ်စု ရှိနေခြင်းကို ဘယ်သူ လိုလားမည်နည်း။
အကယ်၍ မိစ္ဆာ တစ်ကောင်က မတော်တဆ ထွက်ပေါ်လာလျှင် နန်းတော် အတွက် ကြီးမားသည့် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်ပေသည်။
.............
နေပြည်တော်အတွင်း စည်းမျဉ်းမှာ ရွှေအမြုတေ အဆင့်အောက် မည်သူမျှ ဓားစီးပျံသန်းခွင့် မရှိခြင်း ဖြစ်သော်လည်း…
မင်းသမီး ချန်နင်.... ချန်ချန်ရွှယ်အတွက်မူ မည်သည့် တားဆီးပိတ်ပင်မှုမှ မရှိပေ။
မင်းသမီး တစ်ပါး အနေဖြင့် ဤစည်းမျဉ်းက သူမကို သဘာဝကျကျ မထိန်းချုပ်နိုင်ပေ။ ထို့အပြင် ချန်ချန်ရွှယ်က မဟာဝေ မင်းဆက်၏ မင်းသမီး အများအပြားကြားတွင် အချစ်ခံရဆုံးသူလည်း ဖြစ်လေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင်… ဒီစည်းမျဉ်းကြောင့် အချစ်ခံရဆုံး မင်းသမီး တစ်ပါးကို ဘယ်သူမှ ပြစ်မှားလိုစိတ် ရှိကြမည် မဟုတ်ပေ။
ချန်ချန်ရွှယ်ညာ ကောင်းကင်ယံတွင် ဓားပျံစီးပြီး ပျံသန်းနေခဲ့သည်။
သူမ အောက်ကို ငုံ့ကြည့်လိုက်ရာ နေပြည်တော် အတွင်းရှိ သိပ်သည်းသည့် လူအုပ်ကြီးက ပုရွက်ဆိတ် အုံကြီးတစ်ခုနှင့် တူနေခဲ့သည်။ ထိုနေရာ၌ သာမန်ပြည်သူ အမြောက်အမြားနှင့် ကျင့်ကြံသူ အမြောက်အမြား ရှိနေခဲ့ကြသည်။
မြို့ကို စီမံခန့်ခွဲရာတွင် မည်သည့် နည်းလမ်း အသုံးပြုထားသည်ကို မည်သူမျှ မသိကြသော်လည်း သာမန် ပြည်သူများနှင့် ကျင့်ကြံသူများကို တစ်နေရာတည်းတွင် ဤမျှ သဟဇာတ ဖြစ်စွာ နေထိုင်ခွင့် ပြုထားသည်မှာ တကယ် အံ့သြစရာ ကောင်းလှပေသည်။
ချန်ချန်ရွှယ်၏ ဘေးတွင် မဟာဝေ ဧကရာဇ်မင်းမြတ် ချန်ဖုန်းယင် စေလွှတ်လိုက်သည့် သူမကို အထူး ကာကွယ်ပေးရန် တာဝန်ယူထားသည့် အဘွားအို ရှိနေခဲ့သည်။
အဘွားအို၏ ကျင့်ကြံမှုအဆင့်က ချန်ချန်ရွှယ်ထက် သဘာဝကျကျ အများကြီး ပိုမြင့်မားကာ သူမဟာ ပျံသန်းရန် အတွက် ဓားပျံအား အသုံးပြုရန် မလိုအပ်ခဲ့ပေ။
အဘွားအိုက လေဟာပြင်ပေါ်တွင် ခြေလှမ်းလှမ်းပြီး လေထဲတွင် ပျံသန်းနေခဲ့သည်။ သူမက ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးနှင့် တူနေခဲ့သည်။ သူမဟာလည်း အောက်ဘက်ရှိ လှုပ်ရှားမှုများကို အာရုံစိုက်နေပြီး မည်သည့် အန္တရာယ်မှ မရှိစေရန် စောင့်ကြည့်နေခဲ့သည်။
ရုတ်တရက်ဘအဘွားအို "အယ်"ခနဲ အသံပြုလိုက်သည်။
......
"ဘာဖြစ်လို့လဲ" ချန်ချန်ရွှယ် အံ့သြစွာ မေးလိုက်သည်။ "တစ်ခုခု မှားယွင်းနေတာ သတိထားမိလို့လား"
အဘွားအို ခေါင်းခါလိုက်၏။ "အရှင်မင်းသမီး...ကျွန်မ ဘာအန္တရာယ်မှ မတွေ့ပါဘူး"
"ဒါပေမဲ့..." အဘွားအို စကား ခဏ ရပ်လိုက်ပြီး ဆက်ပြောသည်။ "ကျွန်မ ထူးဆန်းတဲ့ အရာတစ်ခုတော့ မြင်လိုက်တယ်... ယုတ္တိကျကျ ပြောရရင်... ဒီကမ္ဘာမှာ မရှိသင့်တဲ့ အရာပါ... ဖြစ်နိုင်တာက ကျွန်မ အသက်ကြီးသွားလို့ မျက်လုံးမှုန်ပြီး မှားမြင်တာ ဖြစ်မယ်.... ဒါမှမဟုတ် ကျွန်မ မှတ်ဉာဏ် မှားယွင်းပြီး မှားမှတ်မိနေတာ ဖြစ်မယ် သို့မဟုတ် ဒါက တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်.... ကျွန်မ မှတ်ဉာဏ်ထဲက ပုံရိပ်နဲ့ သိပ်တူလွန်းနေလို့ပါ"
ချန်ချန်ရွှယ် ကြောင်အသွားခဲ့သည်။
'ထူးဆန်းတဲ့ အရာတစ်ခု.... ဒီကမ္ဘာမှာ မရှိသင့်တဲ့ အရာ....'
ချန်ချန်ရွှယ် ထပ်မေးလိုက်သည်။ "စီနီယာ.... ဘာလဲ ဆိုတာ မေးလို့ ရမလား"
သူမ ဒီအဘွားအိုကို လေးစားမှု ရှိလေသည်။ ဘာပဲဖြစ်ဖြစ် သူမက သိပ်အသက်ကြီးနေပြီ ဖြစ်ပြီး သူမ၏ ကိုယ်ပိုင် ဘေးကင်းရေးကို တာဝန်ယူထားဖြစ်ပေသည်။
ဒါ့အပြင်...
ချန်ချန်ရွှယ်က ရိုင်းစိုင်းတတ်သည့် လူမျိုး မဟုတ်ပေ။ သူမဟာ လူများနှင့် စကားပြောသည့်အခါ အခြေအနေကို ကောင်းစွာ သုံးသပ်တတ်ပြီး အကြောင်းပြချက် မရှိဘဲ တစ်စုံတစ်ယောက်ကို သူမ ရန်စမည် မဟုတ်ပေ။
အဘွားအို လက်ညှိုးထိုးပြပြီး ပြန်ဖြေလိုက်၏။ "အရှင်မင်းသမီး ဟိုအဖြူရောင် မိစ္ဆာသားရဲ စီးတော်ယာဉ်ကို ကြည့်လိုက်ပါ"
ချန်ချန်ရွှယ် သူမ ညွှန်ပြရာ ဘက်သို့ ကြည့်လိုက်ရာ သူမ အောက်ဘက်ရှိ နေရာတစ်ခုကို ညွှန်ပြနေသည်ကို တွေ့လိုက်ရသည်။
ချန်ချန်ရွှယ်၏ အကြည့်က အချိန်အကြာကြီး ရှာဖွေပြီးနောက်မှသာ ပစ်မှတ်၏ တည်နေရာကို တွေ့ရှိလိုက်ရသည်။
ကံကောင်းသည်မှာ...
လုံးဝ ဖြူဖွေးနေသည့် မိစ္ဆာသားရဲ စီးတော်ယာဉ်က စည်ကားသည့် လူအုပ်ကြားတွင် တော်တော်လေး ထင်ရှားနေခဲ့သည်။ သို့မဟုတ်ပါက သူမ ရှာဖွေတွေ့ရှိရန် အလွန် ခက်ခဲပေလိမ့်မည်။
လေထဲတွင် ရောက်ရှိနေသည့် ချန်ချန်ရွှယ်ဟာ အောက်ဘက်ရှိ ဈေးတန်းကို ငုံ့ကြည့်လိုက်သည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက ပုရွက်ဆိတ် တစ်ကောင်ထက် အများကြီး ပိုသေးငယ်နေပြီး ကျင့်ကြံသူများ၏ စီးတော်ယာဉ်များသာ အနည်းငယ် ပိုကြီးမားနေခဲ့သည်။
ထိုစီးတော်ယာဉ်များထဲတွင် အထူးခြားဆုံးမှာ သေချာပေါက် အဲဒီ ဖြူဖွေးသန့်စင်နေသည့် မိစ္ဆာသားရဲ ဖြစ်ပေသည်။
ချန်ချန်ရွှယ် မေးလိုက်၏။ "စီနီယာ...ဒီမိစ္ဆာသားရဲနဲ့ ပတ်သက်ပြီး ဘာထူးခြားတာများ ရှိလို့လဲ"
အဘွားအို ပြန်ဖြေလိုက်သည်။ "ဒီအဘွားကြီးက မိစ္ဆာသားရဲတွေနဲ့ ပတ်သက်ရင် ကောင်းကောင်း နားလည်တယ်လို့ ပြောလို့ ရပါတယ်... ဒီအဘွားကြီး အဲဒီ ဖြူဖွေးသန့်စင်နေတဲ့ အထူး မိစ္ဆာသားရဲကို စာအုပ်တစ်အုပ်ထဲမှာပဲ မြင်ဖူးခဲ့တာပါ... ပြီးတော့ အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အနည်းဆုံး လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးရာလောက်ကပါ"
"စာအုပ် အရ ဆိုရင် ဒီမိစ္ဆာသားရဲက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက မျိုးသုဉ်းပျောက်ကွယ်သွားခဲ့တာ ..."
သူမ မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ "ဖြစ်နိုင်တာက ဆင်တူနေတာ ဖြစ်မယ်"
ချန်ချန်ရွှယ် မျက်ခုံးပင့်လိုက်သည်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာဆိုသော စကားလုံးက ကောင်းကင်ထိန်းချုပ် ဂိုဏ်းရှိ မိစ္ဆာချုပ်နှောင် မျှော်စင်အကြောင်း သူမအား တွေးမိသွားစေသည်။
မိစ္ဆာချုပ်နှောင် မျှော်စင်ထဲတွင် ချုပ်နှောင်ခံထားရသည့် ရှေးဟောင်း မိစ္ဆာကလည်း လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက လာခြင်း ဖြစ်လေသည်။
ချန်ချန်ရွှယ်ဟာ တစ်ချိန်က အဲဒီ ရှေးဟောင်း မိစ္ဆာ၏ လက်ချက်ဖြင့် သေဆုံးခဲ့ဖူးသဖြင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမတွင် အလွန် နက်ရှိုင်းသော အမှတ်တရ ရှိနေခဲ့သည်။
လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက ရှေးဟောင်း မိစ္ဆာတောင် ယခုထိ အသက်ရှင်နိုင်သေးရာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက မိစ္ဆာသားရဲများ ယနေ့ခေတ် အထိ ဘာကြောင့် မျိုးမသုဉ်းဘဲ ကျန်ရစ်မနေနိုင်ရမည်နည်း။
ဖြစ်နိုင်သည်မှာ ဒီမျိုးနွယ်စုဝင် မိစ္ဆာသားရဲများသာ အဲဒီအချိန်တုန်းက ပုန်းအောင်းနေခဲ့ပြီး ကမ္ဘာလောကကြီးက ရှာမတွေ့ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ထို့ကြောင့် ကမ္ဘာလောကကြီးက ဒီမိစ္ဆာသားရဲများ မျိုးသုဉ်းပျောက်ကွယ်သွားပြီဟု ယူဆခဲ့ကြခြင်း ဖြစ်နိုင်သည်။
ဒီလိုကိစ္စမျိုးက မဖြစ်နိုင်တာ မဟုတ်ပေ။
"စီနီယာ...အောက်ဆင်းပြီး သွားကြည့်ချင်လား" ချန်ချန်ရွှယ် မေးလိုက်၏။ "အကယ်၍ တကယ်ပဲ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ ကတည်းက မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီလို့ ရှေးဟောင်း မှတ်တမ်းတွေထဲမှာ ရေးသားထားတဲ့ မိစ္ဆာသားရဲ ဖြစ်နေရင်... ဖြစ်နိုင်တာက ကျင့်ကြံခြင်း လောကကို တုန်လှုပ်သွားစေလောက်တဲ့ တွေ့ရှိမှု တစ်ခု ဖြစ်လာနိုင်တယ်"
"ကျင့်ကြံသူ တစ်ယောက်ရဲ့ စီးတော်ယာဉ် အနေနဲ့ အသုံးပြုခံထားရတယ် ဆိုတော့ ဆိုလိုတာက ဒီလို မိစ္ဆာသားရဲ အမျိုးအစားက ငါတို့ရှေ့မှာ မြင်နေရတဲ့ တစ်ကောင်တည်း မဟုတ်လောက်ဘူး... ဖြစ်နိုင်တာက မျိုးနွယ်စုတစ်ခုလုံး ရှိနေတာလား... ဒါမှမဟုတ်..."
အဘွားအို အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း သူမ ခေါင်းခါလိုက်သည်။ "အရှင်မင်းသမီး ကောင်းကင်အကျဉ်းထောင်ကို သွားမယ့် ကိစ္စက ပိုအရေးကြီးပါတယ်"
"..."
အောက်ဘက်တွင် မျက်လုံး (၂) စုံက သူမကို ဗြောင်ကျကျ စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသည့် ချင်းကျောက်ဟာ သတိထားဟန်ဖြင့် ကောင်းကင်သို့ မော့မကြည့်ဘဲ မနေနိုင်တော့ပေ။
တစ်စုံတစ်ယောက် သူမကို အာရုံစိုက်နေကြောင်း သတိထားမိလိုက်ပြီး ကောင်းကင်ပေါ်တွင် ပျံသန်းနေသည့် ကျင့်ကြံသူကိုလည်း မြင်တွေ့လိုက်ရသည်။
တိမ်ကင်းစင်နေသည့် ရာသီဥတုတွင် နေပြည်တော် အထက်တွင် ပျံသန်းနေသည့် ကျင့်ကြံသူများက အလွန် ထင်ရှားနေခဲ့သည်။
ကံမကောင်းစွာနဲ့ တစ်ဖက်လူက မြင့်မားစွာ ပျံသန်းနေခဲ့လေသည်။
ချင်းကျောက်၏ ဝိညာဉ်အာရုံက ဒီလောက် အကွာအဝေးကို လွှမ်းခြုံနိုင်စွမ်း မရှိပေ။ သူမ၏ သာမန် မျက်စိဖြင့် ပုရွက်ဆိတ် တစ်ကောင်ထက် သေးငယ်သည့် ပုံရိပ်ကိုသာ မြင်တွေ့နိုင်ပြီး တခြား ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
သူမ၏ အကြည့်က လေထဲရှိ ချန်ချန်ရွှယ်၏ အကြည့်နှင့် ဆုံတွေ့သွားပုံ ရသည်။
ထို့နောက် လေထဲရှိ ပုံရိပ်နှစ်ခု အဝေးသို့ ဆက်လက် ပျံသန်းသွားသည်ကို ချင်းကျောက် မြင်လိုက်ရ၏။
"ထူးဆန်းတယ်..." ချင်းကျောက် နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။ "နေပြည်တော်ထဲမှာ ငါ့ကို သိတဲ့လူ မရှိသင့်ဘူး မဟုတ်လား... ဘာလို့ သူတို့က ငါ့ကို စိုက်ကြည့်နေသလို ခံစားရတာလဲ"
ဒီအချိန်မှာ အဘွားအို၏ အသံ ထွက်ပေါ်လာသည်။ "ဖြစ်နိုင်တာက သူတို့က မင်းကို စိုက်ကြည့်နေတာ မဟုတ်ဘဲ မင်းရဲ့ အိမ်မွေးသားရဲကို စိုက်ကြည့်နေတာ ဖြစ်မယ်"
ချင်းကျောက် လန့်ဖျပ်သွားခဲ့သည်။ "ဝိုက်တီကိုလား"
အဘွားအို ဆက်ပြောလိုက်သည်။ "သူတို့ အားလုံးက အမျိုးသမီး ကျင့်ကြံသူတွေ ဖြစ်တယ် ဆိုတာ ငါ သတိထားမိတယ်... သူတို့ထဲက တစ်ယောက်က မင်းထက် အများကြီး သန်မာပြီး နောက်တစ်ယောက်က မင်းနဲ့ ဆင်တူတယ်"
"ဒါ မမှန်ဘူး" ချင်းကျောက် ချက်ချင်း တုံ့ပြန်လိုက်သည်။ "အကယ်၍ သူတို့ထဲက တစ်ယောက်က ငါ့လိုပဲ အခြေတည်အဆင့် ဆိုရင် ဘယ်လိုလုပ် ဓားစီးပျံသန်းနိုင်မှာလဲ"
ချင်းကျောက် မျက်မှောင်ကြုတ်လိုက်၏။ "ဖြစ်နိုင်တာက သူမက ပုဂ္ဂိုလ်ကြီး တစ်ယောက်ယောက်လား"
ဒီလို အခွင့်ထူးမျိုး ရှိပြီး နေပြည်တော်ရဲ့ စည်းမျဉ်းတွေကို လစ်လျူရှုနိုင်တာက အဲဒီ ပုဂ္ဂိုလ်ကြီးတွေပဲ လုပ်နိုင်တာပင်။
'ကျင့်ကြံခြင်း မိသားစုကြီး တစ်ခုခုက လူလား.... ဒါမှမဟုတ် ကြီးမားသော ဂိုဏ်းတစ်ခုခုက လူလား....'
'ဒါမှမဟုတ် ဖြစ်နိုင်တာက မဟာဝေ မင်းဆက်ရဲ့ တော်ဝင် မိသားစုလား...'
'မဖြစ်နိုင်ပါဘူး... သူမ နေပြည်တော်ကို ရောက်တာ သိပ်မကြာသေးဘူးလေ... နေပြည်တော်က ပုဂ္ဂိုလ်ကြီးတွေရဲ့ ပစ်မှတ်ထားခြင်း ခံနေရပြီလား...'
'ဒါ ဘယ်လို ရယ်စရာကောင်းတဲ့ ကိစ္စမျိုးလဲ...'
'ဖြစ်နိုင်တာက ဒီတစ်ခါလည်း မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ လုပ်ကြံခံလိုက်ရပြန်ပြီလား....'
ဒီအချက်ကို ချင်းကျောက် သိပြီး မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ သူမ ဘဝကောင်းကောင်း ရတိုင်း သရုပ်ဖော် စနစ်က သူမ အတွက် ဖြေရှင်းလို့ မရနိုင်တဲ့ အကျပ်အတည်းတစ်ခု ရုတ်တရက် စီစဉ်ပေးတတ်ပြီး ၎င်းက သူမကို သီးသန့် ပစ်မှတ်ထားနေသလိုပင်။
ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ချင်းကျောက်မှာ နက်ရှိုင်းတဲ့ အမှတ်တရ ရှိနေခဲ့သည်။
သူမ နားမလည်နိုင်စွာ ရေရွတ်လိုက်၏။
"ငါ အဲဒီအကြည့်ကို အရင်က မြင်ဖူးသလို ခံစားချက်မျိုး အမြဲ ရနေတယ်.... ရွံရှာတဲ့ ခံစားချက်မျိုးပါပဲ"
'ဘာကြောင့်လဲ...'
သူမ အလွန် နားမလည်နိုင် ဖြစ်နေခဲ့သည်။
…