အခန်း ၉၂ : ကောင်းကင် အကျဥ်းထောင်
"ကလေးမလေး ... မင်းက ဒီမင်းဆက်က တော်ဝင် မိသားစုဝင် တစ်ယောက်ယောက်ကို သိနေတာလား..." အဘွားအို၏ စူးစမ်းလိုသည့် အသံ ထွက်ပေါ်လာခဲ့သည်။
ထိုအသံကြားမှသာ ချင်းကျောက်ဟာ သူမ၏ တုန်လှုပ်မှုမှ သတိပြန်ဝင်လာခဲ့လေသည်။
သူမ ခေါင်းခါပြီး ပြောလိုက်၏။ "ဒီနာမည်က ကျွန်မ အရင်က သိဖူးတဲ့ လူတစ်ယောက်ရဲ့နာမည်နဲ့ ဆင်တူနေတယ်လို့ ခံစားမိရုံပါ...ဒါပေမဲ့ နာမည်ပဲ တူတာ ဖြစ်မှာပါ... ဒါက တိုက်ဆိုင်မှု တစ်ခုပါ"
"တိုက်ဆိုင်မှု" အဘွားအို ပြုံးပြီး ပြောလိုက်။ "ဒီလောကကြီးမှာ တိုက်ဆိုင်မှုတွေ အများကြီး ရှိပါတယ်... ဒါပေမဲ့ တစ်ခါတစ်လေ... ဖြစ်နိုင်တာက မင်း မျှော်လင့်ထားတဲ့ အတိုင်း ထပ်တူညီနေတာမျိုးလည်း ဖြစ်နေနိုင်တာပဲ"
'ထပ်တူညီနေတာလား....
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....'
သူမ အလွန် စိတ်တိုရသည့် မျက်နှာကို တွေးမိလိုက်သည်နှင့် ချင်းကျောက်၏ မျက်နှာတွင် အထင်သေးသည့် အရိပ်အယောင်တို့ ချက်ချင်း ပေါ်လာခဲ့သည်။
သူမ ပြောလိုက်၏။ "ဒါ မဖြစ်နိုင်ပါဘူး"
"လုံးဝ မဖြစ်နိုင်ဘူး....."
ရယ်စရာပင်။
သူမ ချင်းကျောက်က မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ ပိုင်ရှင်ဖြစ်သလို သူမသာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ ဝင်ရောက်နိုင်တဲ့ သူ ဖြစ်ကာ ဒီနေရာကလည်း သရုပ်ဖော် စနစ်ထဲက မသေမျိုးကျင့်ကြံခြင်း ကမ္ဘာ ဖြစ်လေသည်။
သူမတို့ နှစ်ယောက်စလုံးဟာ လက်တွေ့ကျင့်ကြံခြင်း လောကထဲမှာ ရှိနေကြပေမယ့် ဒီနေရာ၌တော့ မတူချေ။
အဓိက အချက်က... သူမကလွဲရင် တခြားဘယ်သူက ဒီကမ္ဘာထဲ ဝင်ရောက်နိုင်မည်နည်း။
......
ဒါက တိုက်ဆိုင်မှု တစ်ခုပင်....
"မင်းသမီး ချန်နင်က ပြန်မကောင်းလာခင် အချိန်အကြာကြီး နေမကောင်း ဖြစ်ခဲ့တယ်လို့ ငါ ကြားတယ်... ဘယ်လို ထူးဆန်းတဲ့ ရောဂါမျိုး ဖြစ်ခဲ့တာလဲ မသိဘူး.... နန်းတော်ထဲက သမားတော်တွေတောင် သူမကို ကုသဖို့ အချိန်အကြာကြီး ယူခဲ့ရတယ်"
အရပ်ရှည်သည့် နေပြည်တော် အစောင့်က အသံလွှင့် နည်းစနစ်ကို ဆက်လက် အသုံးပြုပြီး သူ့လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးနေခဲ့သည်။
သူ့ဘေးနားက အစောင့်က မျက်လုံး လှန်ကြည့်လိုက်သည်။ "ဒါက လွန်ခဲ့တဲ့ နှစ်ဘယ်လောက်က သတင်းလဲ...လွန်ခဲ့တဲ့ (၁၅) နှစ်က ကိစ္စ မဟုတ်ဘူးလား... အဲဒီ အဖြစ်အပျက်က တော်တော်လေး ဟိုးလေးတကျော်ဖြစ်ခဲ့တာဟ... ဒါကြောင့် အရှင်မင်းမြတ်က သိပ်ပျော်လွန်းလို့ အကျဉ်းသား တချို့ကိုတောင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သေးတယ်"
အရပ်ရှည်သည့် အစောင့်က သူ့ခေါင်းကို ကုတ်လိုက်၏။ "ဟုတ်သားပဲ... အဲဒီတုန်းက မင်းသမီး ချန်နင်က အသက် (၁၂) နှစ်ပဲ ရှိသေးတာ....အခု သူမ အသက် (၂၇) နှစ် ရှိနေပြီ"
"စကားမစပ်...မင်းသမီး ချန်နင်က အခုထိ ကြင်ဖော်မတွေ့သေးဘူး မဟုတ်လား"
သူ့ဘေးနားက အစောင့်က ပြောလိုက်သည် - "ဘာလဲ....မင်းက အနူလက်နဲ့ ရွှေခွက်နိုက်ချင်နေတာလား.. မင်းသမီး ချန်နင်ကလည်း ကျင့်ကြံသူ တစ်ယောက်ပဲလေ... မသေမျိုးကျင့်ကြံသူတွေ အနေနဲ့ အသက် (၂၀) ကျော်ထိ အိမ်ထောင်မပြုဘဲ နေတာ ပုံမှန် မဟုတ်ဘူးလား... မင်းပြောနေပုံက အသက် (၅၀) အရွယ် လူပျိုကြီး ဖြစ်တဲ့ မင်းမှာ အိမ်ထောင်ဖက် ရှိနေတဲ့ အတိုင်းပဲ"
"ချီး... ငါတို့က ဒီအတိုင်း စကားပြောနေကြတာလေ..... ဘာလို့ မင်းက ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေရတာလဲဟ"
"..."
သူတို့နှင့် အကွာအဝေး တစ်ခုတွင် ရှိနေသည့် ချင်းကျောက်ဟာ နေပြည်တော်၏ စည်ကားသည့် လမ်းမများထဲတွင် အသံလွှင့် စကားပြောနေသည့် သူတို့ ပြောစကားများကို ကြားနေခဲ့ရသည်။
ချင်းကျောက် ခဏလောက် အေးခဲသွားခဲ့ပြီး သူမအား တုန်လှုပ်သွားစေသည့် နောက်ထပ် သတင်းအချက်အလက် တစ်ခု သူမ စုဆောင်းမိလိုက်ပြန်သည်။
မင်းသမီး ချန်နင်ဟု ခေါ်သော သူက ယခုနှစ် အသက် (၂၇) နှစ် ရှိပြီ ဖြစ်၏။
'(၂၇) နှစ်...'
'သူမနှင့် အသက်ချင်း အတိအကျ တူညီနေသည်လား...'
'ဒါ... သိပ်တိုက်ဆိုင်လွန်းမနေဘူးလား....'
...
မဟာဝေ မင်းဆက်၏ နန်းတော် အတွင်း....
တစ်စုံတစ်ယောက်က သူမအကြောင်း ပြောနေသည်ကို ချန်ချန်ရွှယ် မသိသလို ထိုလူ၏ ကိုယ်ပိုင်အမှတ်အသားက တော်တော်လေး ထူးခြားနေသည်ကိုလည်း သူမ မသိပေ။
ဒီအချိန်တွင် ချန်ချန်ရွှယ်ဟာ နက်နဲထူးဆန်းသည့် မျက်နှာဖုံးကို အသက်သွင်းရန် နည်းလမ်းကို ရှာဖွေနေဆဲ ဖြစ်လေသည်။
နက်နဲထူးဆန်းသည့် မျက်နှာဖုံးက တစ်ချိန်က သူမ၏ စိတ်နှလုံး မိစ္ဆာကို မျိုချခဲ့ဖူးပေသည်။
ထို့နောက် နောက်တစ်နေ့တွင် သူမဟာ ထပ်ဆောင်း မှတ်ဉာဏ် တစ်ခု ရရှိခဲ့ပြီး ကျင့်စဉ် တစ်ခုကို သင်ယူနိုင်ခဲ့သည်။ နာမည်တစ်ဝက်လောက်သာ သိရသော်လည်း သူမ သင်ယူနိုင်ခဲ့လေသည်။
ထို့ကြောင့် ဤနက်နဲထူးဆန်းသည့် မျက်နှာဖုံးက သေချာပေါက် အံ့သြဖွယ်ရာ အခွင့်အရေး တစ်ခု ဖြစ်ကြောင်းလည်း ဆိုလို၏။ ဤအခွင့်အရေးကို သူမ ရယူနိုင်စွမ်း ရှိမရှိ ဆိုသည်မှာ သူမအပေါ်တွင်သာ မူတည်နေခဲ့သည်။
ချန်ချန်ရွှယ်ဟာ သူမ၏ စိတ်နှလုံးမိစ္ဆာကို အတင်းအကြပ် ကြီးထွားစေခဲ့သည်။ ဒါက အလွန် အစွန်းရောက်သော နည်းလမ်း ဖြစ်နေပေပြီ။
ဒီလို အစွန်းရောက်သော နည်းလမ်းကို တစ်ကြိမ် လုပ်တာ အဆင်ပြေသော်လည်း အကယ်၍ သူမသာ နောက်တစ်ကြိမ် ထပ်လုပ်လျှင် တကယ် ခံနိုင်ရည် ရှိတော့မည် မဟုတ်ပေ။
ဒါဆိုရင် ဒီမျက်နှာဖုံးကို သူမ ဘယ်လို အသက်သွင်းရမည်နည်း။
သူမ၏ ခန့်မှန်းချက်များအရ စိတ်နှလုံးမိစ္ဆာ ကဲ့သို့သော အရာများက သေချာပေါက် မိစ္ဆာလမ်းစဉ်နှင့် သက်ဆိုင်၏။
၎င်းက ကျင့်ကြံသူများကို မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားစေနိုင်ပြီး ပြင်းထန်သည့် အခြေအနေများတွင် သူတို့ နေရာမှာတင် သေဆုံးသွားနိုင်လေသည်။
အကယ်၍ သူမ စိတ်နှလုံးမိစ္ဆာနှင့် ဆင်တူသည့် အရာတစ်ခုခုကို ရှာဖွေတွေ့ရှိလျှင် နက်နဲထူးဆန်းသည့် မျက်နှာဖုံးက စိတ်နှလုံးမိစ္ဆာနှင့် ဆင်တူသည့် အရာတစ်ခုခုအပေါ် တုံ့ပြန်မှု ရှိနိုင်မည်လော။
၎င်းအား ချန်ချန်ရွှယ် မသိပေ။
သို့သော်... စမ်းကြည့်ရပေမည်။
ဒီလို အရာမျိုး....
မိစ္ဆာတွေဆီမှာ ဒီလိုအရာမျိုး မနည်းမနော ရှိသင့်တယ်လို့ ချန်ချန်ရွှယ် ခံစားလိုက်ရသည်။
ဒါဆို... ဒီမိစ္ဆာတွေကို သူမ ဘယ်မှာ ရှာတွေ့နိုင်မည်နည်း။
မွန်းလွဲပိုင်းတွင် နက်နဲထူးဆန်းသည့် မျက်နှာဖုံးကို ပြန်အသက်သွင်းရန် နည်းလမ်း ရှာဖွေရန် အတွက် ချန်ချန်ရွှယ်ဟာ ချန်ဖုန်းယင်နှင့် အထူး တွေ့ဆုံခဲ့သည်။
သူမ နက်နဲထူးဆန်းသည့် မျက်နှာဖုံး၏ ထူးခြားမှုကို ထုတ်မပြခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ချန်ဖုန်းယင်၏ စရိုက်ကို သူမ ပိုသိသောကြောင့် ဖြစ်၏။ သူမကို ဒီလောက် အန္တရာယ်များသည့် ဝိညာဉ်ပစ္စည်း တစ်ခု သယ်ဆောင်ထားခွင့် မပြုနိုင်ပေ။
"ခမည်းတော်...သမီး ကောင်းကင်အကျဉ်းထောင်ကို သွားချင်တယ်.... မိစ္ဆာကြီး အများအပြားကို နေပြည်တော်ထဲက ကောင်းကင်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားတယ်လို့ သမီး ကြားတယ်"
ချန်ချန်ရွှယ်၏ သရုပ်ဆောင် စွမ်းရည်က ပေါက်ကွဲထွက်လာပြီး သူမမျက်လုံးထဲတွင် စိတ်ဝင်စားမှု အပြည့် ရှိနေခဲ့သည်။ ၎င်းက သူမဟာ အဲဒီ မိစ္ဆာတွေကို သိပ်စူးစမ်းချင်နေသလိုပင်။
ချန်ဖုန်းယင် ကြောင်အသွားခဲ့၏။ "ကောင်းကင်အကျဉ်းထောင်...."
သူ မျက်မှောင်ကြုတ်လိုက်ပြီး "အဲဒီလို နေရာမျိုးက ခြောက်ခြားစရာ ကောင်းပြီး ကြောက်စရာ ကောင်းတယ်.... ပြီးတော့ အထဲမှာ အံ့သြစရာ ခွန်အား ရှိတဲ့ တည်ရှိမှုတွေချည်း ရှိနေတာ... သမီးက အဲဒီကို ဘာသွားလုပ်မှာလဲ.... ဒါ့အပြင် မကြာသေးမီက မဟာဝေ နေပြည်တော်က ငြိမ်းချမ်းမှု မရှိဘူး"
ချန်ချန်ရွှယ်ဟာ ကလေးတွေသာ အသုံးပြုသည့် ထိုးစစ်တစ်ခု စတင်လိုက်၏။ သူမဟာ မိဘတွေကို အရုပ်ဝယ်ခိုင်းသည့် ဆိုးသွမ်းသော ကလေးတစ်ယောက်လို ပြုမူလိုက်သည်။
သူမ တကယ်တော့ ဒီလို မလုပ်ချင်ပေ။ ဒီလို လုပ်ရတာ သူမကို အလွန် ရှက်ရွံ့စေပေသည်။
သို့သော်...
မသေမျိုးကျင့်ကြံခြင်းကို နှစ်ပေါင်းများစွာ သရုပ်ဖော်ပြီးနောက် သူမ၏ မျက်နှာာက အရေထူလာခဲ့ပေပြီ။
ဇွဲကောင်းသည့် ချန်ချန်ရွှယ်ကို ကြည့်ပြီး ချန်ဖုန်းယင် ခါးသက်စွာ မရယ်ဘဲ မနေနိုင်တော့ပေ။ "ကောင်းကင်အကျဉ်းထောင် လို နေရာမျိုးကို သွားတာ ဘာအဓိပ္ပာယ် ရှိလို့လဲ... တကယ်ပါပဲ... သမီးက ဒီလောက် အသက်ကြီးနေပြီ... အခုထိ ဆိုးသွမ်းတဲ့ ကလေးတစ်ယောက်လို ပြုမူနေတုန်းပဲ.... အနာဂတ်မှာ ဘယ်သူက သမီးရဲ့ ကြင်ဖော် ဖြစ်ချင်မှာလဲ"
"ကောင်းပြီ... ကောင်းပြီ... သမီး သွားချင်တယ် ဆိုမှတော့ သွားနိုင်ပါတယ်"
"ဒါပေမဲ့..." သူ ထပ်ပြောလိုက်သည် - "သမီးရဲ့ ဘေးကင်းရေးကို ကာကွယ်ပေးဖို့ သမီးအနောက်ကနေ လိုက်ပါစောင့်ရှောက်မယ့် လူတွေ ခမည်းတော် စီစဉ်ပေးမယ်"
...
နောက်တစ်နေ့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး ချန်ချန်ရွှယ်ဟာ နန်းတော်မှ ထွက်ခွာရန် အဆင်သင့် ဖြစ်နေခဲ့သည်။
ဒါက သူမဝိညာဉ် မင်းသမီး ချန်နင်၏ ခန္ဓာကိုယ်ထဲ ကူးပြောင်းရောက်ရှိလာပြီးနောက် နန်းတော်မှ ဒုတိယအကြိမ် ထွက်ခွာခြင်း ဖြစ်လေသည်။
ပထမအကြိမ်တုန်းက သူမဟာ နန်းတော်မှ ယာယီ ထွက်ခွာရန် အကြောင်းပြချက် တစ်ခု ရှာပြီး နန်းတော် အပြင်ဘက်ရှိ အမဲလိုက်ကွင်းသို့ သွားခဲ့သည်။
ထို့နောက် သူမဟာ အမဲလိုက်ကွင်းကို ဖျက်ဆီးပစ်ခဲ့သည်။
သူမ၏ ကံဆိုးသည့် တော်ဝင် မောင်နှမများကို သူမ ယာယီ ကာကွယ်ပေးနိုင်ခဲ့သည်။
ဒုတိယအကြိမ်က ဒီနေ့ ဖြစ်ပေသည်။
အခြား မင်းသားများနှင့် မင်းသမီးများက နန်းတော်ထဲတွင် နေရသည်ကို မကြိုက်ကြပေ။ နန်းတော်က ကြီးမားပြီး ကျင့်ကြံခြင်း အရင်းအမြစ် များစွာ ရှိသော်လည်း အထဲတွင် နှစ်ဆယ်ချီ ရာချီ နေရခြင်းက ဘယ်သူ့ကိုမဆို ငြီးငွေ့သွားစေပေလိမ့်မည်။
နန်းတော်ထဲတွင် လုံလောက်အောင် ဘေးကင်းသောကြောင့် ချန်ချန်ရွှယ် တစ်ယောက်သာ နန်းတော်ထဲတွင် နေရသည်ကို နှစ်သက်လေသည်။
ဒီတစ်ခါ နက်နဲထူးဆန်းသည့် မျက်နှာဖုံးကြောင့်သာ မဟုတ်လျှင် သူမ ဒီလို ဆုံးဖြတ်ချက်မျိုး ချမည် မဟုတ်ပေ။
တံခါးပိတ် ကျင့်ကြံခြင်းနှင့် နက်နဲထူးဆန်းသည့် မျက်နှာဖုံး၏ လျှို့ဝှက်ချက်ကို ဖြေရှင်းခြင်းကြားတွင်... ချန်ချန်ရွှယ် နောက်တစ်ခုကို ရွေးချယ်လိုက်၏။
သို့သော် သူမ မဆင်မခြင် ထွက်ခွာမလာခဲ့ပေ။
ချန်ချန်ရွှယ်နှင့်အတူ သိုလှောင်အိတ် (၃) လုံး ပါရှိပြီး တစ်လုံးစီတိုင်းတွင် ပစ္စည်းများ ပြည့်နှက်နေခဲ့သည်။
ဆေးလုံးများ....
ဝိညာဉ် အဆောင်များ....
ဝိညာဉ်ပစ္စည်းများ....
သူမဟာ လိုအပ်မည်ထင်တာအကုန် ယူဆောင်ခဲ့လေသည်။
ထို့အပြင် ဘေးကင်းစေရန် အတွက် သူမ၌ အရန် သိုလှောင်အိတ်တစ်လုံး ရှိသေးလေသည်။ တစ်နည်းအားဖြင့် သူမ၌ သိုလှောင်အိတ် (၅) လုံး ရှိပြီး အားလုံးမှာ အသက်ကယ် ပစ္စည်းများ ဖြစ်ကြသည်။
"အရှင်မင်းသမီး"
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ "အရှင်မင်းမြတ်က ကျွန်မကို ဒီနေရာလာပြီး အရှင်မင်းသမီးကို ကာကွယ်ဖို့ အမိန့်ပေးလိုက်ပါတယ်"
ချန်ချန်ရွှယ် လှည့်ကြည့်လိုက်ရာ သူမအနောက်တွင် ရပ်နေသော အဘွားအို တစ်ဦးကို တွေ့လိုက်ရသည်။
အဘွားအို၏ ကျင့်ကြံမှုကို သူမ ဖောက်ထွင်းမမြင်နိုင်ပေ။
ရွှေအမြုတေ...
မူလဝိညာဉ်.....
'ရွှေအမြုတေ ဖြစ်လောက်လား...'
မူလဝိညာဉ်တော့ မဖြစ်နိုင်လောက်ပေ။ အကြောင်းမှာ မဟာဝေ မင်းဆက်၏ နန်းတော်ထဲတွင် မူလဝိညာဉ် အဆင့် ကျင့်ကြံသူ (၁၀) ယောက်လောက်သာ ရှိတာကြောင့်ပင်။
ထို့နောက် အဘွားအို၏ ကာကွယ်မှု အောက်၌ ချန်ချန်ရွှယ်ဟာ နန်းတော်မှ ထွက်ခွာလာခဲ့ပြီး ကောင်းကင်အကျဉ်းထောင်သို့ သွားရောက်ခဲ့သည်။
...